စစ်မှန်သောခန္ဓာကိုယ် ရောက်ရှိလာခြင်း။
Vol. 58 Ch. 689
ရီပိုဟန် စကားများသည် ကြမ်းတမ်းသည်။ နောက်ကွယ်ရှိအဓိပ္ပာယ်များသည် ရှတျန်ချီနှင့် တုရုံကို စိတ်မသက်မသာဖြစ်စေပြီး သူတို့ အကြည့်များ အေးစက်သွား၏။
“ မင်း ဘယ်လိုပြောရဲလဲ ... တာအိုမိတ်ဆွေကို ချက်ချင်း တောင်းပန်ပါ။ ”
ရီတျန်ချီမှ အော်ငေါက်လိုက်သည်။ ရီပိုဟန်က၊
“ အဖေ ... ငါအမှန်အတိုင်းပြောနေတာ။ ”
-ဟု ခေါင်းမာစွာ ပြန်ပြော၏။
တစ်ဖက်တွင် ရီတျန်ချီမျက်နှာသည် မည်းမှောင်သွားပြီး ဆက်ပြောရန်ပြင်စဉ် စုရီက အေးစက်စွာဖြင့်၊
“ မင်းအမှန်အတိုင်း ပြောရဲတဲ့အတွက် မနေ့ညက မင်းရဲ့ အကြံအစည်ကို ... အဖေဆီ ဘာလို့မပြောရတာလဲ။ ”
-ဟု မေးမြန်းလိုက်၏။
“ မင်းဘာကို ဆိုလိုတာလဲ။ ”
“ ငါဘာကို ဆိုလိုတာလဲ မင်းသိပါတယ် လုပ်ဝံ့ရင် မင်းတာဝန်ယူရဲရမယ် နောင်တရဖို့ မင်းကိုအခွင့်အရေးပေးနေတယ် မင်းကိုယ်တိုင် ပြောပါ ... မဟုတ်ရင် မင်းအတွက် အခွင့်အရေးမရှိဘူး။ ”
စုရီက ကြိမ်ကုလားထိုင်ကို ပေါ့ပေါ့ဆဆထုတ်ယူကာ လက်ရန်းဘေးတွင် ထိုင်ချလျက် ကြည့်နေခဲ့သည်။
ထိုမြင်ကွင်းကြောင့် ရီတျန်ချီသည် သူ့သားကို မျက်မှောင်ကြုတ်လျက် ကြည့်ပြီး သံသယဝင်လာ၏။
“ မနေ့ညက မင်းဘာလုပ်ခဲ့လဲ။ ”
ရီပိုဟန်ခမျာ ကြီးမားသောဖိအားကို ခံစားလိုက်ရကာ သူ့အမူအရာ မသေချာမရေရာ ဖြစ်လာ၏။
“ အဖေ၊ အရင်က ငါပြောခဲ့တာကို မှတ်မိသေးလား ဘာပဲဖြစ်ဖြစ် အဖေနဲ့ ဦးလေး ရုံကို ... ဘယ်တော့မှ အန္တရာယ် မဖြစ်စေရဘူးဆိုတာ။ ”
ရီတျန်ချီမှ တစ်စုံတစ်ရာကို သဘောပေါက်သွားကာ သူ့မျက်နှာမည်းမှောင် လာတော့၏။
“ မင်းကို ငါမေးနေတယ် မနေ့ညက ဘာလုပ်လိုက်တာလဲ။ ”
သူ့အဖေ၏ ပြင်းစွာသောဒေါသကြောင့် ရီပိုဟန်တစ်ယောက် လန့်သွားပြီး သူ့မျက်နှာ ဖြူဖျော့သွား၏။ သူ့အဖေ ဤမျှဒေါသထွက်နေ သည်ကို သူ့တသက် မတွေ့ဖူးချေ။ သို့သော် အံကြိတ်ကာ၊
“ မနေ့ညက သွေးနတ်ဆိုးဂိုဏ်းက ရှန့်တျန်းနဲ့ ဆုံတွေ့ခဲ့တာကို ငါဝန်ခံပါတယ် ဒါပေမယ့် သူမနဲ့ ဆွေးနွေးခဲ့တာက ငါတို့ရဲ့ အကျိုးအတွက်ပဲ အဖေ။ ”
-ဟု ပြောကြားသည်။
ထိုစကားကြောင့် ရီတျန်ချီ အမူအရာ လုံးဝပြောင်းလဲသွားကာ ဒေါသများကြောင့် မျက်နှာမည်းပြာသွား၏။
“ တိရစ္ဆာန်ကောင် ... မင်း ငါ့ရန်သူနဲ့ပူးပေါင်းဖို့ ဘယ်လောက်သတ္တိရှိလဲ။ ”
“ ဖြန်း ... ။ ”
ပြင်းထန်သော ပါးရိုက်ချက်သည် ရီပိုဟန် မျက်နှာပေါ်သို့ ကျရောက်သွားပြီး မြေပြင်ပေါ် လဲကျသွားစေသည်။ ပါးပြင်ရောင်ရမ်းလာကာ သွေးများပါးစပ်မှ စီးထွက်လာ၏။
“ သခင် ... ကျေးဇူးပြုပြီး စိတ်အေးအေးထားပြီး သခင်လေး ဇာတ်လမ်း တစ်ခုလုံးကို ပြီးအောင် ရှင်းပြပါရစေ။ ”
တုရုံမှ အလျင်အမြန် ဖျောင်းဖျရန် ကြိုးစားလာ၏။ ရီတျန်ချီက အံကြိတ်ပြီး အသက်ပြင်းပြင်းရှူကာ၊
“ ဘာပြောစရာရှိသေးလဲ အခု မင်းကိုယ်တိုင်မြင်ပြီမဟုတ်လား အနက်ဝတ် အမျိုးသမီးက ငါတို့ဆီလာတဲ့ သွေးနတ်ဆိုး မိသားစုဝင်တစ်ယောက်ပဲ။”
-ဟု ပြောကြားလိုက်သည်။
“ အဲဒီ အနက်ဝတ် အမျိုးသမီးနဲ့ ... သူ့အဖွဲ့ဟာ ငါတို့နောက်ကို လိုက်လာနိုင်တာ ဘာကြောင့်လဲလို့ တွေးနေခဲ့တာ ...
... ငါတို့ရဲ့ခရီးစဉ်ကို ဘယ်သူမှ မသိနိုင်ဘူးပေါ့ အခုတော့ ... နောက်ကွယ်မှာ ဒီလူမိုက်ရှိနေတာပဲ။ ”
ရီပိုဟန်က သူ့နှုတ်ခမ်းထောင့်စွန်းမှ သွေးများကို သုတ်လိုက်ကာ ခေါင်းမာနေ သေး၏။
“ အဖေ ... ငါကျိန်ဆိုပါတယ် ဒါကို ငါတို့အကျိုးအတွက် လုပ်ခဲ့တာပါ သစ္စာဖောက် လုံးဝမဟုတ်ပါဘူး ...
... ကောင်းကင်မြို့တော်မှာရှိတဲ့ မြေတစ္ဆေမျိုးနွယ်စုရဲ့ အဓိကမျိုးရိုးက အရမ်း အမြင်ကျဉ်းတယ်လို့ မိန်းကလေးရှန့်တျန်းက ပြောခဲ့ဖူးပါတယ် ...
... အဲဒီတံဆိပ်ကို ယူသွားရင်တောင် အဖေ့ကိုသူတို့တွေ အန္တရာယ်ဖြစ်စေလိမ့်မယ် ဒါကြောင့် ဒီအရှုပ်အထွေးမှာ မပါဝင်ဖို့ အဖေ့ကို အကြိမ်ကြိမ်သတိပေးခဲ့တယ် ဒါပေမယ့် အဖေနားမထောင်ဘူး။ ”
ထိုစကားကြောင့် ရီတျန်ချီက မျက်လုံးများ ပြူးကျယ်သွား၏။
“ ဒါဆို မင်းဒီကိစ္စကိုဖြေရှင်းဖို့ ... အဲဒီခွေးမဆီဆက်သွယ်ခဲ့တာလား။ ”
ရီပိုဟန်မှ ခေါင်းယမ်းသည်။
“ ဖေဖေ၊ မင်းနားလည်မှု လွဲနေတာ ... မနေ့ညက မိန်းကလေး ရှန့်တျန်းက ရတနာကို ငါတို့လွှဲပေးသရွေ့ ငါတို့အတွက် အခက်အခဲတွေ မပေးတဲ့အပြင် နောက်ထပ် ကတိတစ်ခုလည်း ပေးခဲ့ပါသေးတယ် ... ။ ”
“ ဘာကတိလဲ ... ။ ”
ရီပိုဟန်မှ ရှက်ရွံ့စွာ ခေါင်းငုံ့သွားပြီး၊
“ ငါ ... မိန်းကလေးရှန့်တျန်းကို သဘောကျတယ်၊ သူလည်း သဘောကျတယ် အနာဂတ်မှာ ငါတို့တာအိုအဖော် ဖြစ်လာ လိမ့်မယ်လို့ ပြောတယ် ... ။ ”
ထိုစကားကိုပြောချိန်တွင် နာကျင်မှုများ ခံစားလာရပြီး သူ့အကြည့်က စုရီထံကျဆင်း သွားလေသည်။ မုန်းတီးမှုအပြည့်ဖြင့်၊
“ ဒါပေမယ့် ဒီလူက ငါတို့အိမ်မက်ကို ဖျက်ဆီးလိုက်ပြီး ... မိန်းကလေးရှန့်တျန်းကို သတ်ပစ်လိုက်တယ်။ ”
-ဟု ပြောကြားလိုက်၏။
“ မင်း ... အဟွတ် အဟွတ် ... ။ ”
ထိုစကားကြားချိန်၌ ရီတျန်ချီ၏ အမြင်အာရုံသည် ဒေါသကြောင့်မှုန်ဝါးသွားကာ သွေးချောင်းဆိုးလာ၏။
“ သခင်၊ ကျေးဇူးပြုပြီး စိတ်လျှော့ပါ။ ”
“ အဖေ၊ ငါပြောခဲ့သမျှ အမှန်တွေပါ ကောင်းကင်ကို တိုင်တည်နိုင်ပါတယ် ဒါတွေ အားလုံး အဖေနဲ့ဦးလေးရုံ ဘေးကင်းဖို့ပါ။ ”
ရီပိုင်ဟန်မှ ရှင်းပြလေ ရီတျန်ချီအတွက် အသက်ရှူကြပ်သွားလေဖြစ်၏။ သားဖြစ်သူ၏ အမူအရာသည် နှလုံးသားများ ပေါက်ကွဲမတတ် ဒေါသဖြစ်စေသည်။
ဘေးတွင် ဤအရာအားလုံးကို မြင်တွေ့နေရသော စုရီသည် သူ့ရင်တွင်း၌ ခေါင်းခါရုံမှတပါး မကူညီနိုင်ချေ။ ရီပိုဟန်သည် ရည်ရွယ်ချက်ကောင်းသော်လည်း မိုက်မဲ နေသေးသည်။
တစ်စုံတစ်ဦး၏ ကြိုးကိုင်ခြယ်လှယ်ခြင်း ခံနေရသည့် လူမိုက်တစ်ယောက်မျှသာ ပေပင်။ သနားစရာကောင်းလှ၏။
သူသည်သာ ဤသို့သောသားကို မွေးထားမိသော် အရမ်းဒေါသထွက်ပြီး သွေးအန် မည်မှာ သဘာဝပေပင်။
“ တာအိုမိတ်ဆွေ၊ ငါ့မိသားစုကို ထိန်းကျောင်းတာ ညံ့လွန်းပါတယ် ... ဒါကို မင်းမြင်ခဲ့ရလို့ စိတ်မကောင်းပါဘူး ငါမင်းကို အနှောင့်အယှက်ဖြစ်ခဲ့ရင် ခွင့်လွှတ်ပါ။ ”
အဆုံး၌ ရီတျန်ချီသည် သက်ပြင်းချပြီး စုရီထံဦးညွှတ်ကာ ခါးသီးမှုများ ဖြစ်ပေါ်လာ၏။ စုရီက လက်ဝှေ့ယမ်းလျက်၊
“ မင်းရဲ့သားက လူယုတ်မာ မဟုတ်ပါဘူး မိုက်မဲနေတာပါ။ ”
-ဟု နှစ်သိမ့်လိုက်သည်။
ဤစကားများသည် ရီပိုဟန်ကို ဒေါသဖြစ်လာစေသည်။ ထိုကြောင့် စုရီက သူ့ထံမျက်ခုံးပင့်ကြည့်ကာ၊
“ မင်း မယုံဘူးလား ... ဒါဆို အဲဒီအမျိုးသမီးအကြောင်း မင်းသိလား။ ”
-ဟု မေးမြန်းလိုက်၏။
“ ဟမ့် ... မင်းဘာကို ဆိုလိုတာလဲ။ ”
“ ခုနသေဆုံးသွားခဲ့တာ အမျိုးသမီးဟာ ကိုယ်ပွားတစ်ယောက်ပဲ ဆိုတာကို မင်းသိလား။ ”
“ ဒါ … ။ ”
ရီပိုဟန်မှ စကားမဆိုနိုင်တော့ချေ။ စုရီတစ်ယောက် သနားစရာမျက်လုံးများဖြင့် ပြန်ကြည့်လိုက်ပြီး၊
“ မင်း သူ့အကြောင်း ဘာမှမသိတာတောင် မင်းမှာ စိတ်အားထက်သန်မှု အပြည့်ရှိနေတယ် သူမရဲ့ တာအိုအဖော် ဖြစ်လာနိုင်တယ်ဆိုတဲ့ ကတိကို မင်းယုံနေတာလား။ ”
-ဟု ထပ်မံမေးမြန်း၏။
ရီပိုဟန်အမူအရာသည် သိသိသာသာ ပြောင်းသွားကာ ပြန်လည် ငြင်းခုံတော့မည့် အချိန်တွင် စုရီက လက်ပြလိုက်၏။
“ ခဏစောင့် ... ဒီအမျိုးသမီးရဲ့ ပုံစံအမှန်က မကြာခင် ရောက်လာတော့မယ်။ ”
ထိုစကားကြားသောအခါ ရီတျန်ချီနှင့် တုရုံက ထိတ်လန့်သွားသည်။ သို့သော်ရီပိုဟန်မှ လုံးဝစိတ်မပျက်ဘဲ၊
“ မင်းပြောသလို ... မိန်းကလေး ရှန့်တျန်းသာ အသက်ရှင်နေသေးရင် တကယ် အကောင်းဆုံးပဲ။ ”
-ဟု ပြောကြားလိုက်သည်။
စုရီက မထိန်းနိုင်ဘဲ ခေါင်းယမ်းလိုက်၏။ ဤကလေးသည် ရှင်းရှင်းလင်းလင်း လှည့်စား ခံနေရချေပြီ။ ထို့နောက် မျက်ခုံးပင့်ကာ၊
“ သူ ... ရောက်လာပြီ။ ”
-ဟု ရေရွတ်လိုက်၏။
အဝေးတွင် ကြည်လင်နေသော ကောင်းကင်သည် ရုတ်တရက် ကြက်သွေးရောင် ပြောင်းလဲလျက် တရွေ့ရွေ့တိုးကပ်လာသည်။
“ ဝှစ် ... ။ ”
များမကြာခင် လွှမ်းခြုံထားသော ကြက်သွေးရောင် မီးလျှံများဖြင့် ချောမောသော မိန်းကလေးတစ်ယောက် ဆင်းသက်လာ၏။
ဤအခိုက်တွင် တောင်နှင့် မြစ်များ တုန်ခါလျက် အရာခပ်သိမ်း မှေးမှိန်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါသည် လေဟာနယ်ကို အက်ကွဲစေ၏။
“ ဧကရာဇ် ... ။ ”
ကျန်ရှိနေသည့် လူအနည်းငယ်သည် လုံးဝထိတ်လန့်ကုန်ကာ ရတနာသင်္ဘောပေါ်မှ ချင်ချင်းထွက်ပြေးတော့သည်။
ရီတျန်ချီနှင့် တုရုံက မောဟိုက်သွား၏။ ရီပိုဟန်သည်သာ အံ့သြသွားသည်။ ဤသည်မှာ အမှန်ပင် သူအိပ်မက်မက်နေခဲ့သည့် မိန်းကလေးရှန့်တျန်းပေပင်။
သို့သော် ယခုအချိန်တွင် သူမသည် အဆင့်အတန်းမြင့်မားလှပြီး တန်ခိုးကြီးကာ အကြည့်များ သူစိမ်းဆန်နေ၏။
နဖူးပေါ်ရှိ ရွှေရောင်အမှတ်အသားသည် မီးလျှံကဲ့သို့ တောက်ပလျက် ခြေလှမ်းတိုင်းတွင် ကမ္ဘာကြီးကို ဖိနှိပ်ချုပ်ချယ်သော သွေးနီရောင် အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားစေသည်။
“ မိန်းကလေးရှန့်တျန်း မင်းတကယ် အသက်ရှင်နေသေးတာပဲ။ ”
ထိုစကားကြောင့် ရီတျန်ချီမှသူ့သားကို သတ်ပစ်ချင်သွားသည်။ ဤအခြေအနေတွင် မည်သူမဆို တစ်ခုခုမှားနေမှန်း သိနိုင်၏။ ယခုမူ ဤလူမိုက်သည် မိုက်မဲနေတုန်းပေပင်။
အဝေးတစ်နေရာတွင် အနက်ရောင် ဝတ်စုံဝတ် အမျိုးသမီးက ရုတ်တရက် ရပ်တန့် သွားတော့၏။
သူမ၏အကြည့်များသည် ရီပိုဟန်ကို လျစ်လျူရှုကာ ကုလားထိုင်ပေါ်ရှိ စုရီထံပါးသို့ စိုက်ကြည့်နေသည်။
“ ငါတို့ ပြန်တွေ့ကြပြီနော်။ ”
သူမ၏အသံသည် အေးခဲနေပြီး ကြီးမားသောဖိအားကို ဖြာထွက်နေစေသည်။ စုရီက ပြုံးလျက် ရီပိုဟန်ထံ လက်ညှိုး ထိုးပြလိုက်၏။
“ မင်းက သူ့ရဲ့တာအိုအဖော် ဖြစ်လာလိမ့်မယ်လို့ ကတိပေးခဲ့တာလား အခု မင်းရဲ့စကားကို လိုက်နာသေးသလား။ ”
ထိုမေးခွန်းကြောင့် ရီပိုဟန်ခမျာ အံ့အားသင့်သွားပြီး သူ့မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့် တောက်ပလာကာ မက်မောမှုများထင်ဟပ်လာ၏။
အနက်ရောင်ဝတ်စုံဝတ် မိန်းကလေးသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ၊
“ သခင်လေး ... မင်းက သေခါနီးအချိန်မှာတောင် ငါ့ကိုဒီလိုလူမိုက်နဲ့လှောင်ပြောင်ချင်နေတာလား။ ”
“ လူမိုက်လား။ ”
စုရီက ပြုံးလျက် မျက်ခုံးပင့်သွားသည်။ ထိုတုန့်ပြန်မှုက ရီပိုဟန်ကို ထုံထိုင်းသွားစေပြီး၊
“ မိန်းကလေးရှန့်တျန်း မင်းဘယ်လို ပြောလိုက်တာလဲ။
-ဟု ပြန်၍မေးမြန်းလိုက်၏။
“ လူမိုက် မင်းမရှက်ဘူးလား။ ”
“ ဖြောင်း ... ။ ”
ရီတျန်ချီက သူ့သားကို ဇုတ်ပိုးအုပ်ချလိုက်ကာ သတိလစ်စေသည်။ ဤမြင်ကွင်းသည် ရှက်စရာကောင်းချေပြီ။ မြေကြီးထဲ တိုးဝင်ပျောက်ကွယ်သွားချင်၏။
စုရီက မတ်တပ်ထရပ်လျက် ကြိမ်ကုလားထိုင်ကိုဖယ်ကာ အနက်ရောင် ဝတ်စုံဝတ် အမျိုးသမီးထံ ပြန်ကြည့်သည်။
“ မင်းရဲ့ကတိကို ... မင်းဘယ်လို ပြန်ရုတ်သိမ်းရတာလဲ ... ဒီနေ့မင်းတို့ကြားက ဒီအိမ်ထောင်ရေးကို အဆင်ပြေအောင် ငါလုပ်ပေးမယ်။ ”
ရီတျန်ချီနှင့် တုရုံတို့နှစ်ယောက် အံ့အားသင့်သွား၏။ ဤလူငယ်သည် ဧကရာဇ် တစ်ပါးကိုပင် ဟာသလုပ်နေသေးသည်။
“ ဟုတ်လား ဒါဆို ငါတကယ် ကြည့်ချင်မိတယ်။ ”
အနက်ရောင် ဝတ်စုံဝတ်ထားသော အမျိုးသမီးက အေးစက်ပြီးကြောက်မက်ဖွယ် အကြည့်ဖြင့် တုန့်ပြန်၏။ ထို့နောက် လေထဲ ရုတ်ချည်းလှမ်းဆွဲလိုက်သည်။
သွေးနီရောင် လက်ဖဝါးကြီးသည် လေထုအလယ်ထွက်ပေါ်လာကာ ထူးခြားပြီး လေးနက်သော နိယာမများဖြင့် ပြည့်နှက်လာခဲ့၏။
“ ဝုန်း ... ။ ”
ရာဂဏန်းမျှ ရှည်လျားသော တိမ်တိုက်မျှော်စင်ရတနာသင်္ဘောကြီးတစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို သည်းမခံနိုင်တော့ဘဲ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားသည်။
ဤလက်ဖဝါးရိုက်ချက်သည် စုရီကို ရည်ရွယ်သော်လည်း ရီတျန်ချီနှင့် တုရုံတို့အပေါ် ဖိအားများ ခံစားရစေ၏။
သူတို့၏ ခန္ဓာကိုယ်များသည် ထောင်ကျနေသကဲ့သို့ တောင့်တင်းလာကာ အမူအရာများ ချက်ချင်းပြောင်းသွားသည်။
“ ရွှပ် ... ။ ”
ထိုစဉ် ရှင်းလင်းပြတ်သားသော ဓားမြည်သံ ရုတ်တရက်ထွက်ပေါ်လာကာ ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
“ ဘန်း ... ။ ”
စုရီ၏ ဦးခေါင်းအထက် ဆယ်မိုင်ဧရိယာအတွင်း ဖုံးလွှမ်းထားသော သွေးနီရောင်လက်ဖဝါးပေါ်တွင် ပြတ်ရှရာတစ်ခု ပေါ်လာပြီး ပေါက်ကွဲသွားသည်။
ပို၍ ကြောက်စရာကောင်းသည်မှာ ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားသော ကြောက်မက်ဖွယ် ဧကရာဇ်ဖိအားသည်လည်း ပျက်ပြယ်သွားခြင်းဖြစ်၏။
“ ဟမ့် ... ။ ”
ခပ်လှမ်းလှမ်းတွင် အနက်ရောင် ဝတ်စုံဝတ်ထားသည့် အမျိုးသမီး၏မျက်လုံး၌ အံ့အားသင့်မှု ပြသလာသည်။
ထိုသို့သော ကြောက်မက်ဖွယ်ရာ ပြိုင်ဘက်ကင်းဓားတန်ခိုးသည် ဝိညာဉ်တာအို နယ်ပယ်မှ လူငယ်တစ်ဦးတွင် မည်သို့ ပိုင်ဆိုင် နေသနည်း။ အဓိပ္ပါယ်မရှိချေ။
***