← Chapters

ဘိုးဘေးတံဆိပ် လေးပါး ... ။

Vol. 58 Ch. 691

ဘိုးဘေးတံဆိပ် လေးပါး ... ။

Vol. 58 Ch. 691

ကမ္ဘာကြီး ပျက်သုဉ်းသွားစေမည့် မြင်ကွင်းတစ်ခုပေပင်။ မီးလောင်နေသော မြေပြင်ပေါ်တွင် ဖုန်မှုန့်နှင့် အခိုးအငွေ့များ ရစ်ပတ်နေဆဲဖြစ်သည်။

တိမ်လွှာမျှော်စင်ရတနာသင်္ဘောမှာမူ တိုက်ပွဲမစတင်ခင်ပင် အပိုင်းပိုင်းကွဲသွားခဲ့ပြီ ဖြစ်သည်။

စွမ်းအင်အကြွင်းအကျန်လှိုင်များ ပျက်ပြယ်သွားသောအခါ ဧကရာဇ်တစ်ပါး၏ လည်ပင်းကို ဆုပ်ကိုင်ထားသည့် လူငယ် တစ်ဦးကို မြင်လိုက်ရ၏။

ရီတျန်ချီနှင့် တုရုံတို့သည် အဝေးမှ ကြည့်နေစဉ် ထိတ်လန့်သွားပြီး အသက်ရှူရန် မေ့လျော့သွားသည်။

သမိုင်းတွင် မကြုံစဖူးသော ဤတိုက်ပွဲကြီးသည် နောက်ဆုံးအခိုက်အတန့်၌ ပြီးဆုံးသွားခဲ့ပြီဖြစ်၏။ သို့တိုင် ရလာဒ်သည် ရင်မောစရာပေပင်။

“ နင် ... နင်ဘယ်​သူလဲ။ ”

အနက်ရောင် ဝတ်စုံဝတ် အမျိုးသမီးသည် မျက်နှာဖြူဖျော့သွားကာ မေးသည်။ ဧကရာဇ် ဖြစ်သည့်သူမသည် မရဏကမ္ဘာ၌ လူအများ၏ လေးစားကြည်ညိုခြင်း ခံခဲ့ရ၏။ သို့သော်လည်း ယခုအခါတွင် ကြက်ကလေးတစ်ကောင်ကဲ့သို့ လည်ပင်းကို ဆုပ်ကိုင်ခြင်းခံထားရသည်။

ဤအခြေအနေသည် သူမကို စိတ်ပျက်လက်ပျက်ဖြင့် ပြောမပြနိုင်အောင် အရှက်ကွဲသွားစေ၏။

“ ငါဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး ဒါပေမယ့် မင်းရဲ့အသက်နဲ့သေခြင်းဟာ ... ငါ့ လက်ထဲမှာရှိတယ်။ ”

ထို့နောက် ကောင်းကင်မိစ္ဆာဓားကို သိမ်းဆည်းလျက် ရီတျန်ချီထံ ​လှည့်ကြည့်ပြီး၊

“ လာ ... ငါမင်းကို မေးစရာရှိတယ်။ ”

-ဟု ဆိုလိုက်တော့သည်။

ရီတျန်းချီနှင့်တုရုံသည် အိပ်မက်မှ နိုးကြားလာသကဲ့သို့ အကြည့်ချင်းဖလှယ်ကာ ခေါင်းညိတ်လိုက်ကြ၏။

တိုက်ပွဲနှင့် မိုင်သုံးရာအကွာတွင် လှပသောရှုခင်းများရှိသည်။ ရေကန်ဘေးတွင် စိမ်းစိုနေသောကျူပင်များသည် လေအဝှေ့၌ တလှုပ်လှုပ်တရွရွဖြစ်နေ၏။

လေတိုက်သံများ၊ ငှက်အော်သံများ၊ ထိုကျူပင်လှုပ်ခါသံများနှင့် ရေလှိုင်းပုတ်သံများ ရောနှောကာ လှပလွန်းသောမြင်ကွင်းကို ထောက်ပံ့ပေးနေသည်။

စုရီက ရေကန်ဘေးတွင် ကုလားထိုင် တစ်လုံးဖြင့်ထိုင်ကာ နေရောင်ခြည်အောက်၌ သက်တောင့်သက်သာ ဝိုင်သောက်နေ၏။

သူ့ဘေးတွင် အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးသည် မြေပြင်ပေါ်၌ ခွေခွေလေး ငြိမ်သက်နေ၏။ သူမဆံပင်များ ကွဲအက်နေပြီး ခန္ဓာကိုယ်သည် သွေးများဖြင့် စွန်းထင်းနေကာ စိတ်ဆင်းရဲစရာအသွင် ဖြစ်နေသည်။

ရီတျန်ချီနှင့် တုရုံက တစ်ဖက်တွင် ရပ်နေကာ အမူအရာများသည် ကြောက်ရွံ့မှုကို ဖော်ပြထား၏။ ရီပိုဟန်သည် မြေပြင်၌ သတိလစ်နေဆဲပေပင်။

“ မြွေတစ္ဆေမျိုးရိုး ဘာဖြစ်သွားတာလဲ။ ”

စုရီက စမေးသည်။ ရီတျန်ချီသည် ခဏမျှတုန့်ဆိုင်းလျက် အဖြစ်အပျက်များကို အသေးစိတ်ပြန်ပြောပြ၏။

အခြေအနေသည် စုရီသင်္ဘောပေါ်၌ ကြားခဲ့ရသည့် သတင်းများအတိုင်းပေပင်။ မီးပုံးပွဲတော်ညတွင် ယင်-ယန်လမ်းသည် ပြောင်းလဲမှုအချို့ ဖြစ်ပေါ်လာ၏။

ထို့ကြောင့် ငှက်မွှေးဝိညာဉ်ဧကရာဇ် ရီယုသည် အဆိုပါနယ်မြေအတွင်း ပိတ်မိနေ ချေပြီ။ သူမသည် ရီမျိုးနွယ်ခေါင်းဆောင်ဖြစ်ရာ အကျိုးဆက်အနေဖြင့် မျိုးနွယ်စုသည် ပရမ်းပတာအခြေအနေသို့ ဆိုက်ရောက်သွား၏။

မြွေတစ္ဆေမျိုးရိုးသည် မရဏကမ္ဘာ၌ တော်ဝင်မျိုးနွယ်ကိုးခုအနက်မှ တစ်ခုအနေဖြင့် မိသားစုဝင်တစ်သောင်းကျော်ရှိသည်။

မကြာသေးမီက အကိုင်းအခက်တစ်ခုမှ အကြီးအကဲတစ်ဦးသည် မျိုးနွယ်စုခေါင်းဆောင် အသစ်ကို ရွေးချယ်ရန် အဆိုပြုခဲ့၏။

ဤသည်မှာ ကြီးမားသောအငြင်းပွားမှုကို ဖြစ်စေခဲ့သည်။ မိသားစု အဖွဲ့ဝင်အများစုသည် ထိုအဆိုပြုချက်ကို ချက်ချင်းအတည်ပြု၏။

ပင်မမျိုးနွယ်ဝင်များသည်သာ ယင်းကို တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြလေသည်။ ထို့ကြောင့် တတိယအကြီးအကဲ ရီသွမ့်ဟဲသည် အခွဲမိသားစုသုံးခု၏ မိသားစုခေါင်းဆောင်နှင့် အရေးကြီးပုဂ္ဂိုလ်များကို ခေါ်ယူထား၏။

မြွေတစ္ဆေမျိုးဆက်၏ စည်းမျဉ်းစည်းကမ်းအရ မျိုးနွယ်စုခေါင်းဆောင် အသစ်ကို ရွေးချယ်ရန်အတွက် ဘိုးဘေးတံဆိပ် လေးခုဆုံနေရပေမည်။

ထိုတံဆိပ်သည် အဓိကမျိုးရိုးနှင့် အခွဲမိသားစုကြီးသုံးခုတွင် ထားရှိပေးထား၏။ ရီယုသည် သူ့ဘိုးဘေးတံဆိပ်ကို တတိယ အကြီးအကဲထံ အပ်နှင်းခဲ့သည်။

ယင်းကြောင့် ယင်-ယန်လမ်း ပျက်စီးသွားကြောင်းကြားချိန်၌ တတိယ အကြီးအကဲသည် ခေါင်းဆောင်အသစ် ရွေးချယ်ရန် ကြံရွယ်လာခြင်းဖြစ်၏။

ပထမနှင့် တတိယ အကိုင်းအခက်များသည်လည်း သူ့သဘောကို ထောက်ခံကြသည်။ ဒုတိယအကိုင်းအခက်၏ ခေါင်းဆောင်ဖြစ်သော ရီတျန်ချီသာလျှင် ဆန့်ကျင်နေခြင်းဖြစ်၏။

ရီတျန်ချီသည် ဧကရာဇ်ဘုံသို့ မရောက်သေးသော်လည်း ဒုတိယအခွဲမိသားစု ခေါင်းဆောင်တစ်ပါးဖြစ်သဖြင့် အရေးပါ နေသေးသည်။

ထို့ကြောင့် သူသည် ခေါင်းဆောင်ရီသည် ယာယီပိတ်မိနေခြင်းမျှသာဖြစ်ပြီး မျိုးနွယ်စု ခေါင်းဆောင်အသစ်ရွေးချယ်ရန် မလုပ်ဆောင်သင့် သေးကြောင်း အတိအလင်းကြေငြာခဲ့သည်။

“ ဒါကြောင့်ပဲ ... အခြားမျိုးနွယ်စု အကြီးအကဲတွေက မကြာသေးမီက ငါ့ဆီကို စာရေးပြီး စိတ်ပြောင်းဖို့ တိုက်တွန်းခဲ့တယ် ...

... တချို့ကတော့ ငါ ... ဒီလိုဆက်ပြီး ဆန့်ကျင်နေရင် ... အနှေးနဲ့အမြန် အပြစ်ပေး ခံရလိမ့်မယ်လို့ သတိပေးလာတယ် ...

... ဒီအတွက် စိတ်မပြောင်းရင် နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံနိုင်ရည် ရှိရမယ်လို့ တတိယအကြီးအကဲ ကိုယ်တိုင်က စာပို့လာတယ်။ ”

ထို့နောက် ရီတျန်ချီသည် သက်ပြင်းချလိုက်ပြီး ဝမ်းနည်းကြေကွဲမှု အရိပ်အမြွက်များ ပေါ်လာသည်။

“ အမှောင်မြို့တော်ရဲ့ ... အပြောင်းအလဲတစ်ခုက ငါတို့မျိုးနွယ်စုအပေါ် ဒီလောက်အထိ ဖြစ်သွားအောင် လုပ်နိုင်မယ် ဆိုတာ ငါတကယ် စိတ်ကူးကြည့်လို့မရဘူး ... ။ ”

ထိုစကားကို ကြားသောအခါ စုရီက၊

“ ဒီကိစ္စက လေးနက်မှုရှိရမယ် ... မျိုးနွယ်စုခေါင်းဆောင်အသစ် ရွေးချယ်ဖို့ပဲ မဖြစ်နိုင်ဘူး ... ဒီလောက် မရိုးရှင်းဘူး။ ”

-ဟု မှတ်ချက်ပေးသည်။

“ မှန်ပါတယ် ငါ့မှာလည်း ဒီလိုသံသယ ရှိနေပေမယ့် အကြောင်းရင်းကို ရှင်းမပြနိုင်ခဲ့ဘူး အဲဒါကြောင့် ဘိုးဘေးတံဆိပ်ကို ယူပြီးလာဖို့ ဆုံးဖြတ်ခဲ့တာပါ ...

... ကောင်းကင်မြို့ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး ရီမိသားစုရဲ့ ပင်မအဆက်အနွယ် အကြီးအကဲတွေနဲ့တွေ့ဆုံပြီး ဒီကိစ္စကို ...

... မေးမြန်းရမယ် ဒီအစည်းအဝေးကို တက်ရောက်ခြင်းမရှိခဲ့ရင် ... အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တိုင်း ထောက်ခံခြင်းပဲ။ ”

“ ဒါက မင်းအတွက် အန္တရာယ်များတယ် လမ်းတစ်လျှောက်မှာ မင်းအဖမ်းခံရနိုင်တယ်။ ”

“ ငါကြိုတင်မျှော်လင့်ထားပါတယ် ... ဒါကြောင့်လမ်းမှာ ကြားဖြတ်ဖမ်းဆီးခံရမှာကို ကြောက်လို့ ... ကောင်းကင်မြို့တော်ကိုသွားတဲ့ တည်နေရာရွေ့ပြောင်းအစီရင်ကို မသုံးတာ ...

... ဒါပေမယ့် ဒီမှာ ငါတို့ရဲ့နေရာကို ပေါက်ကြားစေတဲ့ ငါ့ရဲ့သားမိုက်တစ်ယောက် ရှိနေလိမ့်မယ်လို့ ... ငါဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး ... ။ ”

ဤစကားကို ဆိုနေချိန်တွင် ရှက်ရွံ့ဝမ်းနည်းသွားတော့၏။

“ တတိယ အကြီးအကဲက ... ဒါကို နောက်ကွယ်ကနေ ထိန်းချုပ်နေတယ်လို့ မင်းထင်လား။ ”

စုရီမေးခွန်းကြောင့် ရီတျန်ချီမှ ခဏမျှတိတ်ဆိတ်သွားပြီး၊

“ ဖြစ်နိုင်ပါတယ်။ ”

-ဟု မရေမရာဖြေသည်။

မျိုးနွယ်စုကြီးတစ်ခု အတွင်းရှိ ကိစ္စရပ်များသည် ရှုပ်ထွေးပြီး အပြင်လူမဆိုနှင့် ရီတျန်ချီကဲ့သို့သော မိသားစုဝင်တစ်ယောက် ပင်လျှင် အကြောင်းရင်းကို မသိနိုင်ချေ။

ထို့ကြောင့် စုရီက ဆက်မမေးတော့ဘဲ အနက်ဝတ်မိန်းကလေးထံ ပြန်ကြည့်လိုက်၏။

“ မင်းက ... ဧကရာဇ်တစ်ပါး ဖြစ်နေတာတောင် ဘာလို့မြွေတစ္ဆေမျိုးရိုးရဲ့ အရေးမှာ လုပ်ဆောင်ပေးနေရတာလဲ။ ”

အနက်ဝတ် မိန်းကလေးသည် စုရီမေးခွန်းကြောင့် လှောင်ပြုံးဖြင့်၊

“ မြွေတစ္ဆေမျိုးရိုးက ငါ့ကိုထိန်းချုပ်ဖို့ အရည်အချင်း မပြည့်မီသေးပါဘူး။ ”

-ဟု တုန့်ပြန်ပြောကြားလာ၏။

“ ဒါဆို ဘယ်သူလဲ ... ။ ”

စုရီက အံ့အားသင့်စွာ မေးမြန်းသည်။ အနက်ရောင်ဝတ် မိန်းကလေးမှ အနည်းငယ် တိတ်ဆိတ်နေပြီးနောက်၊

“ မင်းဘယ်သူလဲဆိုတာ ငါမသိပေမယ့် မြွေတစ္ဆေမျိုးရိုးရဲ့အရေးကိစ္စက အရမ်းရှုပ်ထွေး နေပါတယ် မင်းကို မပါဝင်ဖို့ငါအကြံပေးတယ်၊ မဟုတ်ရင် အဆုံးသတ်က ...

... မင်းအတွက် သေချာပေါက် သေစေလိမ့်မယ် ဒါမင်းကို ခြိမ်းခြောက်နေတာ မဟုတ်ဘူး အမှန်တရားပါ။ ”

-ဟု ပြောကြားလိုက်သည်။

ရီတျန်ချီနှင့် တုရုံသည် ချက်ချင်း အေးစက်သွား၏။ ဤသို့သော သတိပေးချက် ထုတ်ပြန်ရန် သွေးငှက်မိစ္ဆာမျိုးနွယ်မှ ဧကရာဇ် တစ်ပါးသည် မည်သည့်လေးနက်သော ကိစ္စရပ်များကို သိရှိနေသနည်း။

“ ငါ့မေးခွန်းကိုပဲ ဖြေပါ။ ”

သို့သော် စုရီက သူမ သတိပေးချက်ကို ဂရုမစိုက်ချေ။ အနက်ဝတ်စုံဝတ် အမျိုးသမီးက ခေတ္တမျှတိတ်ဆိတ်သွားကာ၊

“ မှန်ပါတယ် ... ငါ့လိုရှုံးနိမ့်သွားတဲ့ တစ်စုံတစ်ယောက်ရဲ့ သတိပေးချက်တွေက ဘယ်အသုံးဝင်နိုင်မလဲ မင်းပါဝင်ဖို့ ဆန္ဒရှိနေရင်တော့ ငါပြောပြမယ် ...

... ဒီနေ့ ငါ့ရဲ့စွက်ဖက်မှုက ရွှမ်ကြွယ် မဟာမိတ်ခေါင်းဆောင် ပင်းမိုရဲ့စတုတ္ထတပည့် ကျန့်ယင်လျူရဲ့ အမိန့်ကြောင့်ပဲ။ ”

“ ကျန့်ယင်လျူ ... ။ ”

စုရီမှ မျက်ခုံးပင့်လိုက်၏။ လွန်ခဲ့သော နှစ်ပေါင်း(၃၆၀)တွင် ပင်းမိုသည် သူ့တပည့်(၆) ယောက်ကို အဓိကဂိုဏ်းကြီးများမှ ကျွမ်းကျင်သူ အချို့ဖြင့် မရဏကမ္ဘာသို့ ပို့ဆောင်ထားသည်။

သူတို့အနက်မှ သတ္တမမြောက်တပည့် ထောင်ချင်းယန်သည် ကောင်းကင်မိစ္ဆာဂိုဏ်း၌ တပ်စွဲကာ စတုတ္ထတပည့်သည် မြွေတစ္ဆေ မျိုးရိုးတွင် နေထိုင်၏။

သူတို့အားလုံး၏ ရည်ရွယ်ချက်သည် စုရီသတင်းအချက်အလက်များ စုဆောင်းရန်ဖြစ် လေသည်။ ယခု ကျန့်ယင်လျူသည် ခေါင်းဆောင်အသစ် ရွေးချယ်ခြင်းကို ထောက်ခံကြောင်း သံသယဖြစ်ဖွယ်မရှိချေ။ မြွေတစ္ဆေမျိုးနွယ်အတွင်း မငြိမ်သက်မှု၏ သော့ချက်ကို အကြမ်းဖျင်း မြင်လာနိုင်၏။

ချက်ချင်း ငြိမ်သက်သွားသော စုရီအသွင်ကြောင့် အနက်ဝတ်မိန်းကလေးက၊

“ ဒီပဋိပက္ခမှာ ပါဝင်ခြင်းက မြွေတစ္ဆေမျိုးနွယ်စုကို စော်ကားတာထက် ပိုတာ မင်းသိပုံရတယ် ... ဒီလိုအကျိုးဆက်တွေကို မင်းလိုချင်နေတာ သံသယဝင်စရာပါပဲ။ ”

-ဟု လှောင်ပြုံးဖြင့် ပြောကြားလာ၏။ ထိုအချိန်၌ စုရီသည် သတိဝင်လာကာ၊

“ မင်းမှားနေပြီ ... ငါ့ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က ကျန့်ယင်လျူကိုရှာဖို့လည်း တစိတ်တဒေသ ပါဝင်နေတယ်။ ”

-ဟု ပြောကြားလိုက်သည်။

“ နင် ... ။ ”

အနက်ဝတ် မိန်းကလေးခမျာ မယုံနိုင်ကြည်နိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်သွားတော့၏။

***

All Chapters