← Chapters

ကောင်းကင်မြို့တော်ဆီသို့ ... ။

Vol. 58 Ch. 692

ကောင်းကင်မြို့တော်ဆီသို့ ... ။

Vol. 58 Ch. 692

ရီတျန်ချွယ်နှင့် တုရုံတို့အမြင်တွင် ဤစုရီသည် နားမလည်နိုင်ဖွယ်ကောင်းသော ခွန်အားကိုပိုင်ဆိုင်ထားသည့် ခရီးသည် တစ်ဦးမျှသာဖြစ်သည်။

သို့သော်ထိုလူငယ်သည် မြွေတစ္ဆေမျိုးရိုးသို့ ဦးတည်ကာ ကျန့်ယင်လျူကို ရှာဖွေလိုကြောင်း ကြားချိန်၌ စိတ်ရှုပ်ထွေးကုန်ကြတော့၏။

မမျှော်လင့်ထားချေ။ မည့်သည့် အရေးအတွက် မြေတစ္ဆေမျိုးနွယ်ထံ ဦးတည်နေ သနည်း။

“ မင်း ... ကျန့်ယင်လျူကို ရင်ဆိုင်ဖို့လား။ ”

အနက်ဝတ်အမျိုးသမီးက သိသိသာသာ အံ့သြသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

“ သူ့မှာ အဲဒီလိုအရည်အချင်းမရှိပါဘူး။ ”

ကြိမ်ကုလားထိုင်ပေါ်တွင် လဲလျောင်းနေသော စုရီမှ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေ၏။ အနက်ဝတ်အမျိုးသမီးသည် လုံးဝတိတ်ဆိတ်သွားချေပြီ။

ကျန့်ယင်လျူကဲ့သို့သော ပင်းမို၏ တပည့်တစ်ဦးသည် အထောက်အထားဖြင့်ပင် မရဏကမ္ဘာကို ချုပ်ကိုင်နိုင်သည်။

သည့်ပြင် ကျန့်ယင်လျူကိုယ်တိုင် အလယ်အလတ်အဆင့် ရွှမ်ကျောက်ဧကရာဇ် ဖြစ်၏။ ခေတ်ပြိုင် ဧကရာဇ်များကြားတွင် ဤကဲ့သို့သော တစ်စုံတစ်ဦးကို မည်သူသည် ဆန့်ကျင်ဝံ့မည်နည်း။

နတ်ဓားရှင် ရွှမ်ကြွယ်တစ်ယောက် သေဆုံးသွားလျှင်ပင် ရွှမ်ကြွယ်မဟာမိတ်သည် အင်အားစုတိုင်းကို ခြိမ်းခြောက်နိုင်သေး၏။

ယခုမူ ကျန့်ယင်လျူသည် သူ့ကို ဆန့်ကျင်ရန် အရည်အချင်း မပြည့်မီကြောင်း ဝိညာဉ်တာအိုနယ်ပယ်မှ လူငယ်တစ်ယောက်က ပြောကြားနေချေပြီ။

ရုတ်တရက် စုရီက သတိရလာပြီး၊

“ မင်းရဲ့သားက ... ဒီမိန်းကလေးကို စွဲလန်းနေတယ် သူ့တာအိုလက်တွဲဖော်အဖြစ် ရည်ရွယ်ထားပုံပဲ ... မင်းသဘောတူလား ငါသိချင်တယ်။ ”

“ ဒါ ... ။ ”

ထိုမေးခွန်းကြောင့် ရီတျန်ချီခမျာ အံ့အားသင့်သွားလေသည်။ စုရီသည် ထိုကိစ္စကို အလေးအနက်ထားနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။

အနက်ရောင် ဝတ်စုံဝတ်ထားသော အမျိုးသမီးသည် ထုံထိုင်းသွားကာ မသက်မသာ အမူအရာဖြင့်၊

“ နင် ... ငါ့ကို သတ်ချင်ရင် ခေါင်းဖြတ်လိုက်ရုံနဲ့ ပြီးမြောက်ပါလိမ့်မယ် ... ဘာလို့ ငါ့ကိုဒီလိုစော်ကားနေရတာလဲ။ ”

-ဟု မေးမြန်း၏။ စုရီက သူမကို ပြန်ကြည့်သည်။

“ ရီပိုဟန်က နည်းနည်းလေး မိုက်မဲနေပေမယ့် မင်းကိုလေးလေးနက်နက် ကတိပေးခဲ့တာပါ ဒါကို ...

... ဘာလို့ စော်ကားတယ်လို့ ... မြင်နေရတာလဲ မင်းကိုယ်မင်း ဧကရာဇ်မို့လို့ အခြားသူတွေကို နှိမ့်ချချင်နေတာလား။ ”

အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးက တုန်လှုပ်သွားပြီး အလင်းနှင့် အမှောင်ကြား အမူအရာ ပြောင်းသွား၏။

“ ငါဒီလိုပဲ ပြောလိုက်တာပါ ... အဲဒါကို အလေးအနက် မထားသင့်ဘူး။ ”

“ လူတစ်ယောက်ရဲ့ နှလုံးသားကို လှည့်စားတဲ့အပေါ် ... အလေးအနက်မထားနဲ့လို့ မင်းပြောချင်နေတာလား။ ”

ဤတစ်ကြိမ်တွင် အနက်ဝတ် အမျိုးသမီးသည် ကျောရိုးများ အေးစက်သွား၏။ အဆုံး၌ သက်ပြင်းချကာ၊

“ ငါ့အသက်ကို ခွင့်လွှတ်ရင် ငါ့အမှားတွေအတွက် ဖြေဖျောက်ဖို့ အားလုံးကို ငါလုပ်ပေးနိုင်ပါတယ်။ ”

-ဟု ဝန်ခံလိုက်တော့သည်။

“ ဒါဆို ... မင်းရဲ့လက်ကျန်ဘဝမှာ ရီပိုဟန်ရဲ့ဇနီးအဖြစ် အသက်ဆက်ရှင်ပါ။ ”

“ နင် ... ။ ”

ဤတောင်းဆိုမှုသည် အနက်ဝတ် အမျိုးသမီးကို စကားမပြောနိုင်တော့ချေ။ သူမက စိတ်ပျက်လက်ပျက်နှင့်၊

“ ဒါဆို ... ငါ့ကိုသတ်ပါ။ ”

-ဟု တောင်းဆိုလိုက်၏။

စုရီက ရီတျန်ချီဘက် လှည့်ကြည့်ကာ၊

“ မင်းရဲ့သား နိုးလာတဲ့အခါမှာ ... အခုဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြလိုက်ပါ သူ သေချာပေါက် နောင်တရသွားလိမ့်မယ် ...

... ပြီးတော့ မင်းငါ့ကိုယုံရင် ဘိုးဘေးတံဆိပ်ပေးပါ မင်းဆန္ဒမရှိရင်လည်း ဖြစ်တယ် နောက်ဆုံးတော့ မင်းရဲ့မြွေတစ္ဆေ မျိုးရိုးဆီ ငါခရီးထွက်ရလိမ့်မယ်။ ”

ထို့နောက်တွင် စုရီသည် ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာ ကျောဆန့်ချလိုက်ပြီး ပြာလဲ့လဲ့ရေကန်ထံ ငေးကြည့်ကာ စောင့်ဆိုင်းနေခဲ့သည်။

“ တာအိုမိတ်ဆွေ ငါမေးပါရစေ ... မင်းကမိတ်ဆွေလား ... ရန်သူလား ... ။ ”

“ ငါလည်း မင်းလိုပါပဲ ... မင်းရဲ့ မျိုးနွယ်စုခေါင်းဆောင်အသစ် ရွေးချယ်တာကို ဆန့်ကျင်တယ်။ ”

ထိုစကားကြားချိန်၌ ရီတျန်ချီတစ်ယောက် အသက်ပြင်းပြင်းရှူပြီး တုရုံထံလှည့်ကြည့်ကာ၊

“ တုရုံ ... တာအိုမိတ်ဆွေကို တံဆိပ်ပေးလိုက်ပါ။ ”

-ဟု ပြောကြားလိုက်သည်။ တုရုံက ခေါင်းညိတ်ပြီး ကျောက်စိမ်းသေတ္တာတစ်လုံး ထုတ်ကာ စုရီထံပေးအပ်လိုက်၏။

စုရီက ကျောက်စိမ်းသေတ္တာကို ဖွင့်ကြည့်လိုက်ရာ မြွေပုံသဏ္ဌာန်မီးခွက်ငယ် တစ်ခုဖြစ်နေသည်။

“ ဒီတံဆိပ်မှာ တားမြစ်ဝင်္ကပါရေးထားတယ် တခြားရည်ရွယ်ချက်ရှိနိုင်မလား။ ”

စုရီက မေးသည်။

“ မျိုးနွယ်စုရဲ့ သားစဉ်မြေးဆက် မှာကြားချက်တွေအရတော့ မျိုးနွယ်စုအတွက် ဖြတ်မကျော်နိုင်တဲ့ အကျပ်အတည်းနဲ့ ကြုံလာရတဲ့အခါ တံဆိပ်လေးခုကို ...

... စုစည်းနိုင်သရွေ့တော့ ဘေးကင်းရာကို ‌ရွေ့ပြောင်းပေးနိုင်ပါတယ် တခြားအသုံးဝင်တာ ရှိ၊မရှိတော့ မသိဘူး။ ”

စုရီမှ ဆက်မမေးတော့ဘဲ ကျောက်စိမ်းသေတ္တာကို သိမ်းဆည်းကာ ကုလားထိုင်ပေါ်မှ မတ်တပ်ရပ်ပြီး၊

“ မင်းရဲ့မြွေတစ္ဆေမျိုးရိုး ပြဿနာကို ဖြေရှင်းပြီးရင် ဒီတံဆိပ်ငါပြန်ပေးမယ်။ ”

-ဟု ကတိပေးလိုက်၏။

“ မင်းကတော့ ... ။ ”

ထို့နောက် အနက်ဝတ်မိန်းကလေးထံ ငုံ့ကြည့်ကာ၊

“ မင်းကိုသတ်လိုက်တာက နှမျောစရာပဲ။ ”

-ဟု မှတ်ချက်ပေး၏။

အနက်ဝတ် အမျိုးသမီးသည် မျှော်လင့်ချက်အလင်းရောင်များ မြင်လိုက်ရ သကဲ့သို့ မျက်လုံးများ တဖျပ်ဖျပ်ခတ်လာပြီး၊

“ ကျေးဇူးပြုပြီး ကရုဏာပြပါ ... စီနီယာ။ ”

-ဟု တောင်းပန်လိုက်သည်။

“ ကောင်းကင်မြို့တော်ကိုရောက်ရင် မင်းရဲ့အပြစ်တွေဖြေဖို့ အခွင့်အရေးပေးမယ်။ ”

စကားဆုံးသည်နှင့် စုရီလက်ညှိုးမှ စွမ်းအင်အလင်းတစ်စက် ပြေးထွက်သွားကာ အမျိုးသမီးကို ထိမှန်သတိလစ်သွားစေ၏။

“ သွားရအောင် ... ။ ”

စုရီသည် အဝေးသို့လှမ်းကြည့်ကာ လျှောက်လှမ်း ထွက်သွားသည်။ ရီတျန်ချီနှင့် တုရုံသည် အချင်းချင်း ပြန်လှည့်ကြည့်ကာ သတိလစ်နေသောလူနှစ်ယောက်ကို ခေါ်ဆောင်လျက် လိုက်ပါလာ၏။

နှစ်ရက်အကြာ ညနေဆည်းဆာတွင် ကောင်းကင်မြို့တော်၏ မြင့်မားသောမြို့ရိုးကြီး မြင်လာရလေသည်။

စုရီက လက်နှစ်ဖက်နောက်ပို့ကာ အဝေးမှနေပြီး ရှေးဟောင်းမြို့ထံငေးကြည့်၏။ သူ့မြင်ကွင်းထဲ မိန်းကလေးတစ်ယောက်၏ ပုံရိပ် ထင်ရှားလာသည်။

ထိုမိန်းကလေးသည် ကွေးညွတ်သော မျက်ခုံး၊ ကြာပန်းသရဖူနှင့် ကြိုးကြာငှက်မွေး အင်္ကျီကို ၀တ်ဆင်ထားသည်။

ကြာပန်းမီးပုံးကို ကိုင်ဆောင်လျက် သူမအလှသည် ရှုမငြီးစဖွယ်ပေပင်။ အတန်ကြာ ပြီးနောက် စုရီက ခေါင်းခါလိုက်သည်။

“ တာအိုမိတ်ဆွေ ... ငါ့မျိုးရိုးကို ဘယ်တော့လာဖို့ အစီအစဉ်ရှိလဲ။ ”

ရီတျန်ချီက ဘေးမှနေပြီးမေးသည်။

“ အချိန်တန်ရင် ... ။ ”

စုရီမှ ပြန်ဖြေသည်။ သူသည် နောက်ထပ် အချက်အလက်များကို စုဆောင်းလိုသေးသည်။ ထို့နောက် ရီတျန်ချီထံ လှည့်ကြည့်ကာ၊

“ မင်းသတိထားရမယ်။ ”

-ဟု သတိပေးလိုက်၏။

“ စိတ်မပူနဲ့ တာအိုမိတ်ဆွေ ... ငါ့ကိုမြွေတစ္ဆေမျိုးနွယ်ထဲမှာ ဘယ်သူမှ မသတ်ဝံ့ပါဘူး။ ”

“ မင်းကို မသတ်နိုင်ရင်တောင် မင်းကိုရာဇ၀တ်သားအဖြစ် ချုပ်နှောင်ထားနိုင် ပါသေးတယ်။ ”

ထိုစကားကြောင့် ရီတျန်ချွယ်၏ မျက်လုံးများအနည်းငယ် မှေးစင်းသွားကာ အသက်ပြင်းပြင်းရှူလျက်၊

“ ငါ့ကို ပိတ်လှောင်ထားရင်တောင် ခေါင်းဆောင်အသစ်ရွေးချယ်ပွဲကို ဘယ်တော့မှ ထောက်ခံမှာ မဟုတ်ဘူး။ ”

“ ကောင်းပြီ ... ဒီရက်တွေမှာ ငါကံကောင်းခြင်းတိမ်လွှာမျှော်စင်မှာ ရှိနေမယ် မင်းဒုက္ခတစ်ခုခုကြုံရင် ငါ့ဆီလာလို့ရတယ်။ ”

ရီတျန်ချီသည် ဘိုးဘေးတံဆိပ်ကို သူစိမ်းတစ်ယောက်ဖြစ်သည့်သူ့ထံ အပ်နှင်းခဲ့ပြီး ယုံကြည်ခြင်းလက္ခဏာပြသထားသည်။ ထိုယုံကြည်မှုကို တန်ဖိုးထားရပေမည်။

ပြီးနောက် စုရီသည် မြို့ထဲသို့ လျှောက်လှမ်းသွားကာ လူအုပ်ထဲလျင်မြန်စွာ ပျောက်ကွယ်သွားတော့၏။

“ သခင် ... ဘိုးဘေးတံဆိပ်ကို အဲဒီကောင်လေးဆီ အပ်လိုက်တာ တကယ် အဆင်ပြေရဲ့လား။ ”

တုရုံမှ တိုးညှင်းသောအသံဖြင့် မေးသည်။ ရီတျန်ချီသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး၊

“ တာအိုစုသာ မရှိရင် ... ငါတို့ ကောင်းကင်မြို့တော်ကို အသက်ရှင်လျက် ရောက်နိုင်ပါ့မလား။ ”

-ဟု ပြန်မေး၏။

တုရုံတစ်ယောက် အံ့အားသင့် သွားလေသည်။ ထိုစဉ်ရီတျန်ချွယ်သည် မြို့ထဲ စတင်လျှောက်လှမ်းနေပြီဖြစ်၏။ ထို့ကြောင့် စကားမဆိုတော့ဘဲ အပြေးလိုက်ပါ သွားတော့သည်။

***

All Chapters