← Chapters

ငါ အကူအညီလိုတယ် ... ။

Vol. 58 Ch. 695

ငါ အကူအညီလိုတယ် ... ။

Vol. 58 Ch. 695

ထိုစဉ်က အလယ်အလတ် ရွှမ်ယုဧကရာဇ်အဆင့်ဖြင့် လုံးလုံးလျားလျား ရှုံးနိမ့်ပြီးနောက် သူ့နှလုံးသားထဲ ဖျောက်ဖျက် မရနိုင်သော အရိပ်တစ်ခုပေါ်လာခဲ့သည်။

အကျိုးဆက်အနေဖြင့် ကျင့်ကြံမှုသည် နှစ်ပေါင်း (၃၆,၀၀၀)ကျော်ကြာ ရပ်တန့်သွား၏။ ထိုအရိပ်ကနေ လွတ်မြောက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မအောင်မြင်ချေ။

“ မင်း ... ငါ့ကိုသတ်ချင်လား။ ”

စုရီက မေးသည်။ သားသတ်သမားအိုကြီးက မသေချာမရေရာဖြင့် တုန်ခါသွားပြီး၊

“ မှန်တယ် ... ငါမင်းကိုသတ်ချင်တယ်။ ”

“ စိတ်မပူပါနဲ့ ... ဒီအခွင့်အရေး ဘယ်တော့မှရလာမှာ မဟုတ်ဘူး ဒါပေမယ့် မင်းရဲ့လွတ်လပ်ခွင့်ကို ငါပေးမယ်လို့ ကတိ ပေးထားတာမို့ ငါ့စကားကို ဖျက်မှာမဟုတ်ဘူး။ ”

“ ဟမ့် ... မင်းကတိတည်မယ်ဆိုတာ ငါသိတယ် မဟုတ်ရင် ငါဒီမှာနှစ်ပေါင်းများစွာ ဘယ်လိုဖြုန်းတီးပစ်နိုင်မှာလဲ။ ”

သူ့အသံတွင်း ဖုံးကွယ်မထားနိုင်သော နာကြည်းမှုများဖြင့် ပြည့်နှက်နေသည်။ စုရီက ဝိုင်ပုလင်းကို ကောက်ကိုင်လိုက်ပြီး သူ့အတွက် တစ်ခွက်ငှဲ့ကာ၊

“ ကောင်းပြီ ... မင်းရဲ့ စိတ်ပျက်စရာကောင်းတဲ့ အချိန်တွေကို ဖြေဖျောက်ဖို့ အလုပ်လုပ်ရအောင်။ ”

-ဟု ပြောကြား၏။

“ အနှစ်သုံးသောင်းခြောက်ထောင် အတွင်းမှာ ငါဘယ်သူ့ကိုမှမသတ်ဘဲ ... ဒီမှာ ဘယ်လိုနေထိုင်ခဲ့ရလဲ မင်းသိလား ... ။ ”

သို့သော် သားသတ်သမားကြီးသည် စကားမပြောတော့ဘဲ အဆုံး၌ သူ့အမူအရာ ပြန်၍တည်ငြိမ်လာပြီး၊

“ ပြော၊ အဲဒါ ဘာကိစ္စလဲ။ ”

-ဟု အေးစက်စွာ မေးသည်။

“ အခုမှပဲ မင်းမြင်လိုက်ပါတယ် မြွေတစ္ဆေမျိုးရိုးမှာ ကမောက်ကမ ဖြစ်နေပြီ ... ။ ”

“ ဟမ့် ... ရီယုကိုပဲ ကာကွယ်ပေးဖို့ ငါသဘောတူခဲ့တာပါ သူမမိသားစုကိစ္စတွေကို ငါစွက်ဖက်မှာမဟုတ်ဘူး။ ”

စုရီသည် ဤကိစ္စအတွက် သူ့အပေါ် အပြစ်ရှာမည်ကို စိုးရိမ်သဖြင့် ရှန့်တျန်းချွယ်မှ ကြိုပြီး ရှင်းပြလိုက်သည်။

ဤဖြေရှင်းချက်အရ ရှန့်တျန်းချွယ်တွင် စုရီထားရှိခဲ့သော စိတ်ပိုင်းဆိုင်ရာအရိပ်သည် မည်မျှနက်နဲကြောင်း ပြသ​နေ၏။

“ မင်းမှားတယ်လို့ ငါမပြောပါဘူး။ ”

စုရီက ပြုံးလျက် ပြေသည်။ သို့မှသာ ရှန့်တျန်းချွယ်သည် စိတ်သက်သာရာရသွားပြီး အေးစက်မာကျောသော အမူအရာမှာ သိသိသာသာ ပျော့ပြောင်းသွား၏။

“ ဒါဆို ... ငါ သက်သာရာရပြီ။ ”

“ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် မြွေတစ္ဆေမျိုးရိုးရဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှုကို ဖြေရှင်းဖို့ ငါအကူတစ်ယောက်လိုတယ်။ ”

ထို့နောက် စုရီက ရှန့်တျန်းချွယ်ကို ကြည့်လိုက်ပြီး၊

“ မင်း ... ကူညီဖို့ ဆန္ဒရှိလား။ ”

-ဟု တိုက်ရိုက်မေး၏။

ရှန့်တျန်းချွယ်က တစ်စုံတစ်ခုကို သဘောမပေါက်သကဲ့သို့ စုရီထံပြန်ကြည့်ကာ၊

“ ဘီလူးအိုကြီး ... မင်းရဲ့အစွမ်းအစနဲ့ မြွေတစ္ဆေမျိုးရိုးတစ်ခုလုံး ချေမှုန်းချင်ရင်တောင် မခက်ပါဘူး ... ဘာလို့ ငါ့အကူအညီကို ရုတ်တရက် လိုအပ်လာရတာလဲ ... ။ ”

-ဟု မေးမြန်း၏။ စုရီက ခေါင်းညိတ်လိုက်ပြီး၊

“ မင်းမြင်တဲ့အတိုင်း ငါက အရင်ခွန်အားနဲ့ ဝေးကွာနေသေးတယ်။ ”

-ဟု တုန့်ပြန်သည်။

“ ဟမ့် ... ဒါဆို ... မင်းကို လက်​ညှိုးတစ်ချောင်းတည်းနဲ့ ငါသတ်​နိုင်​ပြီ။ ”

“ ဒါဆို ... မင်းဘာလို့ မစမ်းကြည့်တာလဲ။ ”

စုရီက ကြောက်ရွံ့ခြင်းမရှိဘဲ တည်ငြိမ်စွာစိန်ခေါ်လိုက်၏။ ရှန့်တျန်းချွယ်ခမျာ မသေချာမရေရာမှုများဖြင့် တုံ့ဆိုင်းသွားသည်။

ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူတိုင်းသည် သူ့ကဲ့သို့ ဧကရာဇ်တစ်ပါး ရှေ့တွင် တုန်လှုပ်နေပေလိမ့်မည်။ သို့သော် ဤလူငယ်သည် မတူချေ။

အမူအရာနှင့် အကြည့်များတွင် သိမ်မွေ့သော လှည့်စားမှုအရိပ်အယောင်များပင် ရှိနေသေးသည်။ ထို့ကြောင့် အသက်ပြင်းပြင်း ရှူကာ၊

“ နာကျည်းခြင်းပင်လယ်မှာတုန်းက မင်းအခုလိုပဲပျော့ညံ့ဟန်ဆောင်ပြီး ဆူဖြိုးနေတဲ့ သိုးတစ်ကောင်အဖြစ် ဟန်ဆောင်ခဲ့တယ် ...

... ဒါပေမယ့် နောက်ဆုံးမှာတော့ ငါဘာဖြစ်သွားလဲ ... မင်းလိုလူယုတ်မာကြီးရဲ့ လုယက်တာ ခံလိုက်ရတယ် ...

... ငါ့ဘဏ္ဍာတွေအားလုံးကို ဆုံးရှုံး ခဲ့ရရုံတင်မကဘူး ငါ့နှလုံးသားမှာ နတ်ဆိုးကိုပါ ထားရစ်ခဲ့တယ်။ ”

ထို့နောက် စကားခေတ္တရပ်ပြီး၊

“ မင်းထင်နေလား ... မင်းရဲ့ ဒီလိုလှည့်ကွက်တွေက ငါ့အပေါ်အခုထိအောင် အလုပ်ဖြစ်နေလိမ့်ဦးမယ်လို့ ... ။ ”

-ဟု မေးမြန်းလိုက်၏။ တစ်ဆက်တည်းမှာပင် ဒေါသတကြီးဖြင့် ဝိုင်အိုးကို မော့သောက်တော့သည်။

“ ငါ့မှာ တကယ်ပဲ ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံမှုပဲရှိတယ် ... မဟုတ်ရင် မင်းဆီလာပြီး ဒီလိုအကူအညီတောင်းမှာ မဟုတ်ဘူး။ ”

စုရီမှ တည်ငြိမ်စွာ ဝန်ခံလိုက်၏။ သို့သော် ရှန့်တျန်းချွယ်သည် အရယ်ရဆုံးသော ပြက်လုံး ကြားသွားသကဲ့သို့ ရယ်မောလာသည်။

“ ဟားဟားဟား ... ဝိညာဉ်တာအိုနယ်ပယ်ဆိုရင်တောင် မင်းလို ကောက်ကျစ်တဲ့ ဘီလူးအိုကြီးက ဒီကမ္ဘာရဲ့ ...

... ဧကရာဇ်တွေထက် သာလွန် နေမယ်ဆိုတာ ငါသိပါတယ် ... ငါရှန့်တျန်းချွယ် သိသိကြီးနဲ့ သေခြင်းတရားကို ဘယ်တော့မှ မတောင်းဆိုဘူး ... ဒီလိုမိုက်မဲမှုမျိုး ဒုတိယ အကြိမ်မရှိစေရဘူး။ ”

စုရီမှ ငြင်းခုန်ရန် ပျင်းရိသွား၏။

“ ကောင်းပြီ ... မြွေတစ္ဆေမျိုးရိုးရဲ့ ရုန်းရင်းဆန်ခတ်မှုကို ဖြေရှင်းပြီးရင် မင်းရဲ့ နှလုံးသားထဲက ကြိုးကို ငါဖြေရှင်းပေးမယ်။ ”

ရှန့်တျန်းချွယ် တစ်ယောက် စိတ်လှုပ်ရှားလာ၏။ အချိန်အတော်ကြာ ပြီးနောက် ဝိုင်ခွက်ကို ပြန်ကြည့်လျက်၊

“ ကောင်းပြီ ... ။ ”

-ဟုဆိုကာ တစ်ကျိုက်တည်း မော့သောက်ချလိုက်သည်။

နှစ်ပေါင်း (၃၆,၀၀၀)ကြာ ဖိနှိပ်ခြင်းခံထားရသော ခါးသီးမှုအတွင်းမှသည် အဆုံး၌ လွတ်မြောက်တော့မည်ဖြစ်၏။

ထိုညတွင် မြွေတစ္ဆေမျိုးနွယ်စု နေထိုင်ရာ ရှေးဟောင်းနန်းတော်တစ်ခုအတွင်း တတိယ အကြီးအကဲရီသွမ့်ဟဲထိုင်နေသည်။

သူ့မျက်နှာသည် အေးစက်နီရဲကာ တစ်ဖက်တွင် ထိုင်နေသော ရီတျန်ချီထံသို့ စိုက်ကြည့်လျက်၊

“ ဒါဆို ... ဘိုးဘေးတံဆိပ်ကို ... အပြင်လူတစ်ယောက်ဆီ မင်းတကယ်ပဲ အပ်ထားခဲ့တာလား။ ”

-ဟု မေးမြန်းလိုက်၏။

သူသည် မြွေတစ္ဆေမျိုးနွယ်စု၌ တတိယအကြီးအကဲဖြစ်ပြီး ရွှမ်ကျောက်အဆင့် ပြီးပြည့်စုံမှုကို ပိုင်ဆိုင်ထားသည်။ ရွှမ်ယုအဆင့် ဝင်ရောက်ရန် အခွင့်အရေးတစ်ခုသာလို၏။

“ မှန်ပါတယ် ... ။ ”

ရီတျန်ချီက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်၏။ မြွေတစ္ဆေမျိုးနွယ်သို့ ရောက်ရှိပြီးနောက် တတိယအကြီးအကဲသည် သူ့ကိုဆင့်ခေါ်ကာ တွေ့ဆုံနေခြင်းပေပင်။

“ ဘန်း ... ။ ”

ရီသွမ့်ဟဲက သူ့လက်ကို စားပွဲပေါ် ရိုက်ချလိုက်ကာ၊

“ ရီတျန်ချီ ... မင်းက အရမ်းလွန်သွားပြီ ဘိုးဘေးတံဆိပ်ဟာ ငါတို့မျိုးနွယ်ရဲ့ ရှေးဟောင်း ပစ္စည်းပဲ ... မင်းတခြားသူကို ဘယ်လိုများ လွယ်လွယ်ပေးအပ်နိုင်ရတာလဲ။ ”

-ဟု အော်ဟစ်လေသည်။

သူ့အသံသည် ခန်းမကိုတုန်လှုပ်စေကာ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက် သည်လည်း တရိပ်ရိပ်တိုးလာ၏။

တစ်ဖက်တွင် ရီတျန်ချီတစ်ယောက် ဖိအားများသိသိသာသာတိုးလာသည်။ အသက် ရှူရပင် ခက်ခဲလာ၏။

“ ဘိုးဘေးရီယု ပိတ်မိနေတဲ့ ကိစ္စကို စုံစမ်းဖို့အတွက် မဟာအကြီးအကဲ သွားနေတာ မဟုတ်လား ... မျိုးနွယ်စုခေါင်းဆောင်အသစ်ကို အခုရွေးချယ်ဖို့ မလိုသေးဘူး ထင်ပါတယ်။ ”

သို့တိုင် ရီတျန်ချီသည် တည်ငြိမ်စွာဖြင့် တုန့်ပြန်လေသည်။ ရီသွမ်ဟဲခမျာ မျက်နှာပို၍ အေးစက်လာတော့၏။

“ ဘိုးဘေးတံဆိပ် ... အခုဘယ်သူ့ဆီမှာထားခဲ့လဲ ငါ့ကိုပြောပါ။ ”

“ ငါ့မှာ ပြောစရာမရှိဘူး။ ”

ရီတျန်ချီမှ စကားပြောရန် ပျင်းလာသဖြင့်ထရပ်ကာ လှည့်ထွက်သွားသည်။ သို့သော် တတိယအကြီးအကဲမှ ခွင့်မပြုချေ။

“ မင်း ... မပြောရင် ဒီနေ့ အပြင်ထွက်ခွင့်မရှိဘူး။ ”

“ ဝုန်း ... ။ ”

ရုတ်တရက် တံခါးပိတ်သွားကာ ခန်းမပတ်ပတ်လည်တွင် ချမှတ်ထားသော ဝင်္ကပါ အသက်ဝင်လာ၏။ ရီတျန်ချီက မျက်ခုံးပင့်လျက် အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။

“ အခု ... ငါမင်းနဲ့တွေ့ဖို့လာတာ မိသားစုရဲ့အကြီးအကဲတွေ အားလုံးသိနေတယ် ငါတစ်ခုခုဖြစ်ရင် မင်းကိုယ်တိုင်ရှင်းပြဖို့ ခက်လိမ့်မယ် မဟုတ်လား။ ”

“ ဟမ့် ... ဘိုးဘေးတံဆိပ်ကို အပြင်လူတစ်ယောက်ဆီ ပေးလိုက်တာဟာ မျိုးနွယ်စုစည်းမျဉ်းကို ဖောက်ဖျက်တာပါပဲ ငါမင်းကို ပိတ်လှောင်ထားရင်တောင် ဘယ်သူအပြစ်တင်ဝံ့သလဲ။ ”

ထိုစကားကြောင့် ရီတျန်ချီက သက်ပြင်းချလိုက်လေသည်။ ကောင်းကင်မြို့သို့ ရောက်ရှိလာသောအခါ စုရီသတိပေးချက်သည် ရှေ့ဖြစ်ဟောကိန်းတစ်ခု ဖြစ်လာခဲ့၏။

ကံကောင်းသည်မှာ မြွေတစ္ဆေမျိုးရိုးတွင် မိသားစုအချင်းချင်း တိုက်ခိုက်သတ်ဖြတ်ခြင်းကို တားမြစ်ထားသည်။

ထို့ကြောင့် တစ်ဖက်လူလုပ်နိုင်သည်မှာ အကြောင်းပြချက်ရှာပြီး ဖမ်းဆီးထားရန်ဖြစ်၏။ ရီတျန်ချီက ခန်းမအတွင်း ပြန်ထိုင်လိုက်ပြီး၊

“ မင်းငါ့ကို ပိတ်ထားရင်တောင် ​ဘိုးဘေးတံဆိပ်အကြောင်းကို ငါထုတ်ပြောမှာ မဟုတ်ဘူး။ ”

-ဟု ပြတ်သားစွာ ငြင်းဆန်လိုက်၏။

“ ဟမ့် ... မင်းစကားမပြောရင် တခြားတစ်ယောက် ပြောလာအောင်လုပ်မယ် အစောင့်တွေ သူ့ကိုကြည့်ထားပါ။ ”

စကားဆု့းသည်နှင့် ရှန့်တျန်းချွယ်က ခန်းမအတွင်းမှထွက်ခွာ၏။ တစ်ယောက်တည်း ကျန်ရစ်ခဲ့သော ရီတျန်ချီခမျာ မျက်နှာပျက်ယွင်း သွားတော့သည်။

သူ့အတွက် ပြဿနာမရှိသော်လည်း တုရုံနှင့်ရီပိုဟန်တို့ထံမှ ဘိုးဘေးတံဆိပ်နှင့် ပတ်သက်သည့် အချက်အလက်များ ပေါက်ကြားနိုင်ပေမည်။

ထိုညတွင် အခွဲမိသားစုခေါင်းတောင် ရီတျန်ချီသည် ဘိုးဘေးတံဆိပ်ကို ပြင်ပလူထံ အပ်နှင်းလိုက်သဖြင့် အကျဉ်းချခံထားရသည့် သတင်းပျံ့နှံ့သွားပြီး အကြီးအကျယ် ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။

“ ကောင်လေး မကြောက်ပါနဲ့ ... အဲဒါက စိတ်ဝိညာဉ်ရှာဖွေမှုတစ်ခုပဲ အဖြေကိုသိရတာနဲ့ မင်းကို လွှတ်ပေးမှာပါ။ ”

ရီသွမ့်ဟဲက ရီပိုဟန်ကိုကြည့်ကာ ညင်သာစွာပြောကြားလိုက်သည်။ ရီပိုဟန်ခမျာ မျက်နှာသည် ဖြူဖျော့လာပြီး တုန်တုန် ယင်ယင်ဖြင့်၊

“ ဘိုးဘေး၊ ငါ … ။ ”

-ဟူ၍ စကားမပြီးဆုံးမီ နာကျင်စွာ ညည်းတွားကာ သတိလစ်သွားတော့သည်။

အချိန်အတော်ကြာပြီးနောက် ရီသွမ်ဟဲသည်နတ်အာရုံကို ဆုတ်ခွာလိုက်ကာ အနည်းငယ်တွန့်ဆုတ်လာ၏။

စုရီ၊ ကံကောင်းခြင်း တိမ်လွှာ မျှော်စင် တည်းခိုခန်း။ ဤသည်မှာ ရီပိုဟန်မှတ်ဉာဏ်ထဲ ရရှိသော အချက်အလက်ပေပင်။

အခြားအချက်အလက်များ မရှိချေ။ အကြောင်းပြချက်သည် ရိုးရှင်း၏။ ရီပိုဟန်သည် ရတနာသင်္ဘောပေါ်တွင် သတိလစ်သွားသဖြင့် ကျန်အရာများကို မသိခြင်းဖြစ်သည်။

ယင်းကြောင့် ရီသွမ့်ဟဲသည် ကျောက်စိမ်းရောင် ဝတ်လုံဝတ် လူငယ်ကို စုရီဟုခေါ်ကြောင်းနှင့် တည်ခိုခန်းသို့ သွားကြောင်းသာ သိရှိခဲ့၏။

သို့သော် တည်းခိုခန်းသည် ပြဿနာဖြစ်၏။ ကောင်းကင်မြို့တော်၌ ထိုတည်းခိုခန်းပိုင်ရှင်မှာ သာမန်မဟုတ်ချေ။ ထို့ကြောင့် တွေဝေနေရာမှ တုရုံထံလှည့်အကြည့်တွင် ရုတ်တရက် စိတ်ကူးရသွားတော့သည်။၊

“ မင်း ... အခုတည်းခိုခန်းကို သွားပါ။ ”

***

All Chapters