← Chapters

ဝိညာဉ်စည်းတံဆိပ်

Vol. 1 Ch. 191

ဝိညာဉ်စည်းတံဆိပ်

Vol. 1 Ch. 191

"ဝှစ်"

စိတ်ဝိညာဉ် မျောလွင့် ခရီးသည်  ဒုတိယအဆင့် လူတစ်ဦးသည် ကြောက်လန့် နေသော မျက်လုံးများနှင့် တောထဲတွင် ပြေးလွှား နေခဲ့သည်။ သူ့အမြန်နှုန်းသည် ဂိတ်ဆုံးသို့ ရောက်နေပြီ ဖြစ်လေသည်။ သူ့နောက်မှ ပြေးလိုက်လာသော ကြောက်စရာ အမြန်နှုန်းနှင့် ပုံရိပ်အား သတိပြုမိ လိုက်သောအခါ ချက်ချင်း ရပ်တန့်လိုက်ပြီး လက်နှစ်ဖက် မြောက်၍ မြေပေါ် ဒူးထောက် ထိုင်ချလိုက်သည်။ သူသည် လက်နက်ကိုပါ မြေပေါ် ပစ်ချလိုက်ပြီး အော်ပြော လိုက်သည်။

"ငါ အရှုံးပေးတယ် ... ငါ့တံဆိပ်ပြားရော၊ ငါ့မှာ ရှိတာတွေ အားလုံးရော ပေးပါ့မယ် ... ဒီသခင်လေးက ငါ့အသက်ကို ချမ်းသာပေးဖို့ပဲ တောင်းဆိုပါတယ်"

"အာ"

ကျန်းရီသည် ငွေလ ဝံပုလွေကြီးကို စီး၍ လျင်မြန်စွာ ရောက်ရှိ လာခဲ့သည်။ သူသည် ထိုမြင်ကွင်းအား မြင်လိုက်ရသော အခါ ဆွံ့အ သွားရလေသည်။ သူသည် ထိုလူအားလည်း အထင်အမြင် သေးသွားခဲ့သည်။ သူတောင် နိုင်ငံအဆင့် ပြိုင်ပွဲကို ဝင်ပြိုင်ရန် ဆုံးဖြတ်ပြီးချိန် ကတည်းက သေရမည် ဆိုလျှင်တောင် လက်ခံရန် ပြင်ဆင်ထားပြီး ဖြစ်သည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်က ဘယ်လိုလုပ်ပြီး ဒီလောက် သူရဲဘော ကြောင်တာလဲ ... သူက အရှုံးပေးရုံတင် မဟုတ်ဘူး၊ ဒူးပါ ထောက်လိုက် သေးတယ်။

သူသည် လူသတ်လိုက်ပြီ ဆိုပါက ညှာတာပေးခြင်း မရှိတတ်ပေ။ သူသည် ဤလူ၏ အပြုအမူအပေါ် အထင်အမြင် သေးသည်မှ တစ်ပါး တခြား မည်သည့် ခံစားချက်မှ မရှိပေ။ သူသည် တစ်ခဏ ရပ်တန့် နေလိုက်ပြီး  သူ၏ နတ်ဘုရား သတ်ဖြတ်ခြင်း လေးသည် ရန်သူအား သတ်ဖြတ်ရန် တလက်လက် တောက်ပ လာတော့သည်။ မီးဝိညာဉ် ပုလဲသည်လည်း မီးတောက်များ ထုတ်လွှတ်ရန် အဆင်သင့် ဖြစ်နေခဲ့ပေပြီ။ ထိုလူ မူမမှန်သော အရာတစ်ခုခု လုပ်လာသည်နှင့် ချက်ချင်း ပြာကျ သွားပေလိမ့်မည်။

ကျန်းရီသည် ထိုလူ မခုခံသည့် အပြင် အတွင်းအားလည်း ထုတ်ဖော် လာခြင်း မရှိ ဖြစ်လာမည်ကို မမျှော်လင့်ထား မိပေ။ သူသည် မြေပြင်ပေါ်တွင်သာ ဝပ်တွားနေပြီး ညှာတာ ပေးပါရန် တောင်းပန် နေလေသည်။

"အရှင် ... ကျွန်တော့်ကို မ ... မသတ်ပါနဲ့ … ကျွန်တော့်မှာ အသက်ရှစ်ဆယ်ကျော် အမေအိုကြီးနဲ့ ကလေးငယ်လေးတွေ ရှိပါတယ် ... အရှင် ကျွန်တော့်ကို သတ်ရင် သူတို့ သေချာပေါက် ကျွန်တော့် ရန်သူတွေရဲ့ တုံ့ပြန်မှုကို ခံစားရမှာ ..."

"ရွှစ်"

နတ်ဘုရား သတ်ဖြတ်ခြင်းမြား ထွက်ပေါ် သွားခဲ့သော်လည်း ကျန်းရီသည် ပွတ်ကာ သီကာလေး လွှဲပစ် လိုက်နိုင်သည်။ မြားသည် ထိုလူ၏ နားရွက်နားမှ ကပ်ဖြတ် သွားခဲ့ပြီး ဘေးရှိ သစ်ပင်ကြီးကို သွားစိုက်လေသည်။ ထိုလူသည် မျက်နှာများ ဖြူဖျော့နေသည် အထိ ထိတ်လန့်သွားကာ သူ့ကိုယ်သည် တဆတ်ဆတ် တုန်ယင် နေလေသည်။

ကျန်းရီ တွေဝေ နေခဲ့သည်။ သူ ဤလူအား သတ်လိုက်လျှင် သူ့အသိစိတ်သည် ဘယ်သော အခါမှ စိတ်သက်သာရာ ရလိမ့်မည် မဟုတ်ချေ။ သူလွှတ်ပေး လိုက်လျှင်လည်း သူရှိနေသော နေရာ ပေါက်ကြား သွားမည်ကို စိုးရိမ်နေသည်။ သူအတော်လေး အကျပ်ရိုက်လျက် ရှိသည်။

"အရှင်"

ထိုလူသည် ကျန်းရီ၏ မျက်လုံးများသည် စဉ်းစား နေသည့်ဟန် ကျဉ်းမြောင်း နေသည်ကို တွေ့လိုက်သော အခါ ချက်ချင်း တွားသွား၍ ပြောလိုက်သည်။

"အရှင် ... ကျွန်တော့်ကို မသတ်လိုက်ပါနဲ့ ... ကျွန်တော့်ကို ရန်သူတွေက ချောက်တွန်းပြီး ဂိုဏ်းက သေသွားအောင်လို့ ဒီကို အတင်းအကျပ် လွှတ်လိုက်ပါတယ် ... ကျွန်တော့်ကို မသတ်ရင် ကျွန်တော် အစေခံလည်း လုပ်ပေးနိုင်ပါတယ် … အရှင့်ကို ကူညီ လူသတ်ပြီး အမှတ်တွေ စုဆောင်း ပေးလို့ရတယ် ... နိုင်ငံအဆင့် ပြိုင်ပွဲ ပြီးတဲ့အခါ အရှင်က ကျွန်တော့်ကို ပြန်ပြီး လွတ်လပ်ခွင့်ပဲ ပေးပါ"

"အစေခံ ဟုတ်လား"

ကျန်းရီ စိတ်ဝင် စားသွားခဲ့သည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် ဒုတိယ အဆင့် တစ်ယောက်အား အစေခံ အဖြစ် ရလိုက်ခြင်းသည် သိပ်မဆိုးပေ။ အန္တရာယ် ရှိသော အချိန်များ တွေ့ကြုံရလျှင် ကျန်းရီသည် သူ့ကို သုံး၍ ရန်သူများကို ပိတ်ဆို့နိုင်သည်။ သူနှင့်အတူ ပူးပေါင်း လိုက်လျှင် ရန်သူများကို တိုက်ခိုက်ရန် ပိုမို လွယ်ကူသွားပြီ ဖြစ်လေသည်။

"ဟမ့်"

မကြာခင်တွင် ကျန်းရီ တစ်ခုခုကို တွေးမိ သွားခဲ့သည်။ သူသာ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် တစ်ယောက်ကို သူ့အနားတွင် ခေါ်ထားလျှင် တစ်လလုံးလုံး ကောင်းကောင်း မအိပ်နိုင်ပဲ ထိုလူကို တစ်ချိန်လုံး သတိထား နေရလိမ့်မည်။ သို့မဟုတ်ပါက သူအိပ်နေချိန် ထိုလူ ချောင်းမြောင်း တိုက်ခိုက် လာလျှင် ဘာမှပင် သိလိုက်မည် မဟုတ်ဘဲ သူသေသွား ပေလိမ့်မည်။

"အရှင် ... ဘာမှ မလုပ်ပါနဲ့ဦး ... ကျွန်တော်ပြောတာ အရင် နားထောင်ပါ"

ကျန်းရီ၏ နှာမှုတ်သံကို ကြားလိုက်ရပြီး မျက်လုံးများထဲမှ အေးစက်သော အငွေ့အသက် တို့ကို မြင်လိုက်သော အခါ ထိုသူသည် ကျန်းရီ စိတ်ပူနေသည့် အရာကို ချက်ချင်း နားလည် သွားခဲ့သည်။ သူသည် ကျန်းရီ တစ်ခုခု လုပ်လိုက်မည်ကို စိုးရိမ်သွားပြီး ချက်ချင်း ခေါင်းညွှတ် လိုက်သည်။

"ကျွန်တော် အရှင့်ကို ဝိညာဉ် စည်းတံဆိပ် ပေးထားနိုင်ပါတယ် … ဝိညာဉ် စည်းတံဆိပ် အရှင့်လက်ထဲ ရှိနေသရွေ့ အရှင်သေရင် ကျွန်တော်လည်း သေရမယ် ... ဒါကြောင့် ကျွန်တော်ဘာမှ လှည့်စား အကောက်ကြံရဲမှာ မဟုတ်ပါဘူး ... နိုင်ငံအဆင့် ပြိုင်ပွဲ ပြီးသွားတဲ့ အခါ ကျွန်တော့်ရဲ့ ဝိညာဉ် စည်းတံဆိပ်ကို ပြန်ပေးပြီး လွတ်လပ်ခွင့် ပေးဖို့ပဲ ကျွန်တော့်ဘက်က တောင်းဆိုပါတယ်"

"ဝိညာဉ် စည်းတံဆိပ်"

ကျန်းရီ၏ မျက်လုံးများ တောက်ပ သွားခဲ့သည်။ သူသည် ထိုအကြောင်းကို ကြားဖူး နေခဲ့သော်လည်း သေချာ မသိသေးပေ။

၎င်းသည် အားကောင်းသော စိတ်ဝိညာဉ် ကျင့်ကြံသူ တစ်ယောက်သည် သိုင်းသမား တစ်ယောက်၏ ဝိညာဉ် အပိုင်းအစနှင့် ဝိညာဉ် စည်းတံဆိပ် လုပ်နိုင်သည့် မကောင်းသော မှော်နက် ကျင့်စဉ် တစ်ခုဟု ဆိုကြသည်။ ထိုသူသည် တစ်သက်တာလုံး  ဝိညာဉ် စည်းတံဆိပ် ပိုင်ဆိုင်သူ၏ အစေခံ လုပ်ရ ပေလိမ့်မည်။ အစေခံသည် သခင်အား မကြောင်းကြံရန် ကြိုးစားလျှင် ဝိညာဉ် စည်းတံဆိပ် အစီအရင် ကျိုးပျက်သွားပြီး အစေခံ ချက်ချင်း သေဆုံး သွားပေလိမ့်မည်။ ဤလူသည် မကောင်းဆိုးဝါး ကျင့်စဉ်ကို နားလည်နေရုံ သာမက သူ့ဝိညာဉ်ကိုပင် ဝိညာဉ် စည်းတံဆိပ် အစီအရင် လုပ်ပေးဦးမည်ဟု ကျန်းရီ မထင်ထားခဲ့ပေ။

"ကောင်းပြီ"

ကျန်းရီ တစ်ခဏ စဉ်းစားလိုက်ပြီးမှ ပြောလိုက်သည်။

"ဒါဆို မင်းရဲ့ ဝိညာဉ် စည်းတံဆိပ် အစီအရင်ကို လုပ်တော့လေ ... တစ်ခုခု လုပ်ဖို့ ကြိုးစားလာရင် အကျိုးဆက်ကို မင်းသိသွား စေရမယ်"

"ကျေးဇူး တင်ပါတယ် ... သခင်"

စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် လူသည် ထပ်မံ အရိုအသေ ပေးလိုက်ပြီး တင်ပျဉ်ခွေ ထိုင်ချ လိုက်သည်။

သူ့စိတ်ဝိညာဉ်မှ အလင်းတန်းများ တောက်ပ လာခဲ့ပြီး စိတ်ဝိညာဉ်ဆီမှ အရိပ်တစ်စ ထွက်ပေါ် လာခဲ့သည်။ နောက်ဆုံးတွင် အရိပ်မှသည် လက်သန်းခန့် အရွယ်အစား ရှိသည့် အနက်ရောင် သင်္ကေတ ပါသော တံဆိပ်ပြား တစ်ခုအဖြစ် ပြောင်းလဲ သွားခဲ့လေသည်။

"သခင် ... ဒါက ကျွန်တော့်ရဲ့ ဝိညာဉ် စည်းတံဆိပ်ပါ ... ဒါကို ဖျက်ဆီး လိုက်မယ် ဆိုရင် ကျွန်တော် ချက်ချင်း သေသွား ပါလိမ့်မယ် ... ဒီနေ့ကစပြီး ကျွန်တော်က အရှင့်ရဲ့ အစေခံ ဖြစ်သွားပါပြီ"

မြေပြင်ပေါ်တွင် ဒူးထောက် နေသော သူသည် လက်နှစ်ဖက်နှင့် ဝိညာဉ် စည်းတံဆိပ်ကို ကမ်းပေး လာခဲ့ပြီး တောင်းပန်သော အမူအရာနှင့် ဆိုလာခဲ့သည်။

"ဒါပေမဲ့ ... သခင်က ကတိတည် ပြီးတော့ နိုင်ငံအဆင့် ပြိုင်ပွဲ ပြီးရင် ကျွန်တော့်ကို လွှတ်ပေးရပါမယ်"

"ဒီကိုပေး"

ထိုလူသည် ဝိညာဉ် စည်းတံဆိပ် ပစ်ပေး လိုက်သောကြောင့် ကျန်းရီ ခေါင်းအသာ ညိတ်လိုက်သည်။ ကျန်းရီသည် လက်တစ်ဖက်နှင့် စည်းတံဆိပ်အား ဖမ်းယူလိုက်ပြီး  ထိုလူအား အကဲခတ် နေလိုက်သည်။ ကျန်းရီ၏ ကျန်လက်တစ်ဖက်သည် နတ်ဘုရား သတ်ဖြတ်ခြင်း လေးအား ကိုင်ဆောင်ထားပြီး ထိုလူ တစ်ခုခု မူမမှန်ပါလျှင် သတ်ပစ်ရန် ပြင်ဆင် ထားလိုက်သည်။

ထိုလူသည် သူ့ကိုယ်သူ ကျန်းရီ၏ ပြိုင်ဘက် မဟုတ်ကြောင်း သိထား၍ ထင်သည်၊ အစမှ အဆုံးတိုင် လှုပ်ရှားခြင်း မပြုခဲ့သောကြောင့် ကျန်းရီ၏ လူသတ်ငွေ့များ သိသိသာသာ အားနည်း သွားခဲ့သည်။ ကျန်းရီ ဝိညာဉ် စည်းတံဆိပ်အား ဖမ်းဆုပ်မိသော ခဏတွင် အခြေအနေ ပြောင်းလဲ သွားခဲ့သည်။

ဝိညာဉ် စည်းတံဆိပ်သည် အလင်းတစ်ချက် တောက်ပ လာခဲ့ပြီး ကျန်းရီ၏ လက်တွင်းမှ ပျောက်ကွယ် သွားခဲ့သည်။ မကောင်းသော စွမ်းအင်များသည် ကျန်းရီ၏ ကိုယ်ထဲသို့ စီးဝင်လာခဲ့ပြီး စိတ်ဝိညာဉ်ဆီ သို့ပါ လျှပ်စီး အလျင်နှင့် တိုးဝင် သွားခဲ့သည်။

"ငါလှည့်စား ခံလိုက်ရပြီ"

ကျန်းရီ၏ ကိုယ်သည် တုန်ယင် သွားခဲ့ပြီး နတ်ဘုရား သတ်ဖြတ်ခြင်း မြားအား ချက်ချင်း ပစ်လွှစ်လိုက်သည်။ သို့သော် ဒူးထောက် နေသော စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်လူသည် ဘေးသို့ လျှပ်စီး အလျင်နှင့် လှိမ့်ချကာ အလွယ်တကူ ရှောင်တိမ်း လိုက်သည်။ သူသည် သူပစ်ချခဲ့သော ဆေဘာ ဓားရှည်ကြီးအား ပြန်ကောက် လိုက်ပြီး ခုန်ထ လာခဲ့သည်။ သူသည် ကောက်ကျစ်သော အပြုံးတစ်ခု ပြုံးပြ လာခဲ့ပြီး လှောင်သံနှင့် စကား ဆိုလာခဲ့သည်။

"အရူး ... ဝိညာဉ် စည်းတံဆိပ်က ရွှေရောင်ရှိတယ် ... မင်းမသိဘူး မဟုတ်လား ... ဟား ... ဟား ... ဟား ... မင်းငါ့ရဲ့ ဝိညာဉ် ဖျက်ဆီး ကျင့်စဉ်ကို ခံစား ကြည့်လိုက်စမ်းပါ လိမ်လိမ်မာမာလေး သေလိုက် ... မင်းရဲ့ ရတနာတွေက အခု ငါ့အပိုင် ဖြစ်သွားပြီ"

"ဝှစ်"

သူသည် လေပြင်းအလား ပြေးဝင် လာခဲ့သည်။ ထိုလူသည် အတွင်းအား များကို ထုတ်ဖော်ခြင်း မပြုဘဲ အရက်စက်ဆုံး နည်းလမ်းကို သုံးလာခဲ့သည်။ သူသည် ဆေဘာ ဓားရှည်ကြီးကို လွှဲကာ ကျန်းရီကို ခုတ်ပိုင်းလာခဲ့သည်။

"အား ..."

ထိုအချိန်တွင် ကျန်းရီသည် ခေါင်းကို လက်နှစ်ဖက်ဖြင့် ကိုင်၍ ငွေလ ဝံပုလွေထက်မှ ပြုတ်ကျ သွားခဲ့သည်။ ငွေလ ဝံပုလွေကြီးသည် ဉာဏ်ရည် နိမ့်ပါးရာ ကျန်းရီ၏ အမိန့်ပေးမှု မရှိဘဲ တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။ ၎င်းသည် မတုန်မလှုပ် ရပ်၍သာ ကျန်းရီ ဓားဖြင့် အခုတ် ခံရသည်အား ကြည့်နေ လေသည်။

"သေစမ်း"

စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် လူကြီးသည် တလက်လက် တောက်ပ နေသော ဆေဘာဓားကြီးကို ကိုင်၍ ခုန်ဝင် လာခဲ့သည်။ သူအော်ဟစ် လိုက်ချိန်တွင် ကျန်းရီ၏ လက်ထဲမှ မီးဝိညာဉ် ပုလဲအား တပ်မက်သော မျက်လုံး အစုံနှင့် စိုက်ကြည့် နေခဲ့သည်။

ထိုအချိန်တွင် ကျန်းရီ၏ ကိုယ်ပေါ်မှ ဝိညာဉ်သားရဲ အဆောင်ရော၊ မီးဝိညာဉ် ပုလဲပါ တောက်ပ လာခဲ့သည်။ ငွေလ ဝံပုလွေကြီး ပျောက်ကွယ် သွားသော ခဏတွင် မီးဝိညာဉ် ပုလဲတွင်းမှ မီးတောက်များ ပေါ်ထွက်လာခဲ့ပြီး စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်မှ လူကြီးအား ဝါးမျို သွားခဲ့လေသည်။

"ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ထိုလူကြီးသည် အံ့အားသင့်လျက် နှင့်ပင် ပြာဖြစ်သည် အထိ လောင်ကျွမ်း ခံရ လိုက်လေသည်။ သေဆုံးသွားသည် အထိ သူ့မျက်လုံးများ ထဲတွင် ရှုပ်ထွေးမှုများ ရှိနေခဲ့သည်။ ထိုကောင်လေးသည် သူ့နတ်ဆိုး ကျင့်စဉ်၏ ထိန်းချုပ်မှုအောက် ရောက်သွား ခဲ့သော်လည်း အဘယ့်ကြောင့် အချိန်တိုလေး အတွင်း လွတ်မြောက် သွားရပါသနည်း။

"ဟူး ..."

ကျန်းရီ၏ အမူအရာ ပြန်လည် တည်ငြိမ် သွားခဲ့လေပြီ။ မီးဝိညာဉ်ပုလဲ ကမ္ဘာ့မီးလျှံ များအား ပြန်လည် စုပ်ယူ ပြီးချိန်တွင် သူ သက်ပြင်းရှည် တစ်ချက် ချလိုက်သည်။  သူလှည့်စား ခံလိုက်ရသည်၊ သူကား တုံးအ နေဆဲသာ ...

ထိုလူ ကောင်းကောင်း ဟန်ဆောင် နိုင်မည်ဟု ကျန်းရီ မထင်ထားခဲ့ပေ။ ကျန်းရီသည် နတ်ဘုရား သတ်ဖြတ်ခြင်း မြားဖြင့် ထိုလူအား သတ်မိလုနီးနီး ဖြစ်ခဲ့သည်။ သို့သော် ထိုလူသည် တစ်ချက်လေးတောင် မလှုပ်ရှားပါပဲနှင့် သူရဲဘော ကြောင်သူ အလား ဟန်ဆောင်ကာ ကျန်းရီကို အချိန်အတော်ကြာ လှည့်စား နိုင်ခဲ့သည်။ ထိုလူ၏ လှည့်စားမှု အောင်မြင် ခဲ့ပေသည်။ သေရေးရှင်ရေး အခြေအနေတွင် သူ့စိတ်ဝိညာဉ်ကို ကာကွယ် ပေးသော မီးဝိညာဉ် ပုလဲသာ မရှိလျှင် ကျန်းရီမှာ အလောင်း တစ်လောင်း ဖြစ်နေ လောက်ပေပြီ။ အရမ်း အန္တရာယ်များတယ်။

ကျန်းရီသည် နှုတ်ခမ်း ကိုက်လိုက်ပြီး ဤဖြစ်ရပ်အား သင်ခန်းစာ ယူကာ ဆင်ခြင် တွေးတော နေလိုက်သည်။ သူသည် နောက်နောင် မည်သည့် အခြေအနေ ဖြစ်စေ သနားညှာတာ နေတော့မည် မဟုတ်ပေ။ 'ရန်သူကို ကြင်နာခြင်းသည် မိမိကိုယ်ကို ရက်စက်လိုက်ခြင်း ဖြစ်သည်' ထိုဆိုရိုး စကားသည် သွေးထွက်အောင် မှန်လှပေသည်။

"ကိလိ ... ကိလိ"

ကောင်းကင်ထက်မှ ငှက်အော်သံသည် ကျန်းရီအား သတိ ဝင်လာစေသည်။ သူခေါင်းမော့ ကြည့်လိုက်သော အခါ ငှက်ကြီး တစ်ကောင်သည် ကောင်းကင်တွင် လှည့်လည် ပျံသန်း နေလေသည်။ သူ့မျက်လုံးများတွင် သံသယ အရိပ်အယောင်များ ဖြတ်ပြေး သွားခဲ့သည်။

ရွှေကျင်းရှီ လွင်ပြင်က နတ်ဆိုးသားရဲ ကင်းမဲ့ နယ်မြေ မဟုတ်ဘူးလား။ ဘာလို့ ငှက်အမျိုးအစား နတ်ဆိုး သားရဲက ကောင်းကင်မှာ ရှိနေတာလဲ။ တစ်ခုခု မူမမှန်ဘူး။

ကျန်းရီသည် အလျင်အမြန် သဘောပေါက်သွားကာ မြေပေါ်မှ တံဆိပ်ပြားကို ကောက်ယူ လိုက်သည်။ ထို့နောက် သူသည် ငွေလ ဝံပုလွေကြီးကို ဆင့်ခေါ်၍ ပြေးတော့သည်။

ဤရွှေကျင်းရှီ လွင်ပြင်တွင် နတ်ဆိုးသားရဲ တစ်ကောင် တစ်မြီးမှ မရှိသည်မှာ အသေအချာ။ ထို့ကြောင့် အနှီငှက်ကြီးသည် ရန်သူကို ခြေရာခံရန် ကျန်းစွန်းဂိုဏ်းမှ မွေးထားသော ဝိညာဉ် သားရဲတစ်ကောင် ဖြစ်ပေလိမ့်မည်။ ထိုငှက်ကြီး စောစောက အော်မြည် လိုက်ခြင်းမှာ ကျန်းစွန်းဂိုဏ်းအား ကျန်းရီ ရှိနေသော နေရာကို ရှာတွေ့ပြီ ဖြစ်ကြောင်း အသိပေး လိုက်ခြင်း ဖြစ်သည်မှာ သေချာ နေတော့သည်။

***

All Chapters