အခန်း (၅၇၁-၅၇၂)
Vol. 37 Ch. 571-572
အခန်း (၅၇၁) ဒီကောင်က ပိုးဟပ်လား
တစ်ချိန်တည်းမှာပင်၊ နိုင်ငံ၆နိုင်ငံသည် အမှောင်ကြယ် အာကာသယာဉ်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ဟန်ရှောင်း၏ အကာအကွယ်မရှိဘဲ မြို့များသည် ဗုံးများဖြင့် ဖျက်ဆီးခြင်းခံရကာ လမ်းမပေါ်တွင် မီးလောင်ကျွမ်းနေသော အလောင်းများ နေရာတိုင်း၌ ရှိနေသည်။
တင့်ကားများက ကောင်းကင်ရှိ အာကာသယာဉ်များဆီသို့ ပစ်ခတ်လိုက်သည်၊ အမြောက်ဆံများသည် အာကာသယာဉ်၏ စွမ်းအင်အကာအကွယ်များကို ထိမှန်သွားသည့်အတွက် မီးခိုးမည်းများ ထွက်ပေါ်လာသည်။ သို့သော်လည်း သံချပ်ကာဖောက်သည့်ကျည်သည် ကြယ်တာရာနည်းပညာဖြင့် ပြုလုပ်ထားသော ဒိုင်းကို မဖောက်နိုင်ဘဲ လှိုင်းဂယက်အနည်းငယ်သာ ဖြစ်စေသည်။ အမှောင်ကြယ် အာကာသယာဉ်များသည် ထိခိုက်မှုမရှိဘဲ ဗုံးကြဲတိုက်ခိုက်သည့်နေရာ၌ မီးခိုးလုံးကြီးများကိုသာ ချန်ထားခဲ့သည်။
ထို့နောက် ပြန်လှည့်လာပြီး တင့်ကားများကို တိုက်ရိုက်ပစ်ခတ်ကြသည်။
လေဆာအမြောက်များသည် တင့်ကားများ၏ သံချပ်ကာများကို အားစိုက်ထုတ်စရာမလိုဘဲ ထိုးဖောက်သွားကာ အတွင်းပိုင်းမှနေ၍ ဖြိုခွဲပစ်လိုက်သည်။ တင့်ကားများသည် လျင်မြန်စွာ ပျက်စီးသွား၏။
နှစ်ဖက်စလုံး၏ လူမှုအဖွဲ့အစည်း အဆင့်အတန်း ကွာခြားချက်မှာ ကြီးမားလွန်းသည်။ နိုင်ငံ၆နိုင်ငံတွင် ခုခံရန် နည်းလမ်းမရှိပေ။
သို့သော် တိုက်လေယာဉ်များသည် အမှောင်ကြယ် အာကာသယာဉ်များကို ဆက်လက် တိုက်ခိုက်နေသည်။ ပျက်စီးဆုံးရှုံးသွားသည့်တိုင် မည်သည့်လေယာဉ်မှ ဆုတ်ခွာရန် ရွေးချယ်ခြင်း မရှိပေ။ သူတို့သည် ဤတစ်ဖက်သတ် တိုက်ပွဲတွင် မီးတောက်ဆီသို့ ပျံသန်းနေသော ပိုးဖလံများနှင့် တူသည်။
အာကာသယာဉ်၏ ကာကွယ်ရေးကို ချိုးဖျက်ရန် မဖြစ်နိုင်မှန်း သိသော်လည်း လေယာဉ်များသည် ၎င်းတို့၏ အသေခံတိုက်ခိုက်မှုများကို ခေါင်းမာမာဖြင့် ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။
ဂြိုလ်သားများသည် ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးလိုကြသောကြောင့် ထွက်ပြေးခြင်းသည် မည်သည့်အကျိုးမှ ရှိမည်မဟုတ်ပေ။ သူတို့အတွက် ဆုတ်ခွာစရာလမ်းမရှိပေ၊ ဤဘေးအန္တရာယ်သည် ရေပင်လယ်ဂြိုလ် လူမျိုးများ၏ ဇွဲလုံ့လကို နိုးထစေခဲ့ပုံရသည်။ နိုင်ငံ၆နိုင်ငံသည် ၎င်းတို့၏ မွေးရပ်မြေကို နောက်ဆုံးထွက်သက်အထိ စောင့်ရှောက်မည်ဟု ကျိန်ဆိုထားကြသည်။
လှည်းကို ရပ်တန့်ဖို့ ကြိုးစားနေတဲ့ ပုရစ်တစ်ကောင်နဲ့ တူတယ်ဆိုတာ သူတို့သိရင်တောင် အားနည်းပေမယ့် ခုခံဖို့ သူတို့ရဲ့ အင်အားတွေကို အားကုန်ထုတ်နေကြလိမ့်မည်။
နိုင်ငံ၆နိုင်ငံ၏ အထက်အရာရှိများသည် အမှောင်ကြယ်က မြို့ကို ဖျက်ဆီးနေပြီး ထိခိုက်သေဆုံးမှုနှုန်း မြင့်တက်နေသည်ကို ကြည့်ကာ ဝမ်းနည်းပူဆွေးနေကြရသည်။
ခေတ်ဟောင်းသည် ကသောင်းကနင်းနိုင်သော အချိန်ဖြစ်ပြီး စစ်ပွဲပေါင်း မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့ရသောကြောင့် လူတိုင်းက ၎င်းကို ကျင့်သားရနေကြပြီဖြစ်သည်။ သို့ရာတွင်၊ သူတို့သည် ယခုအခါ ရန်သူကို ထိခိုက်စေမည့် နည်းလမ်းမရှိဘဲ သေဆုံးစေခဲ့ရသဖြင့် သူတို့၏ စစ်သားများ၏ အသက်ကို စတေးပစ်နေရသည်။ ဤသည်မှာ ပထမဆုံးအကြိမ် အချည်းနှီး ခုခံမှု ဖြစ်သည်။
နိုင်ငံ၆နိုင်ငံ၏ အထက်အရာရှိများ အားလုံးသည် ရေကန်ကဲ့သို့ တည်ငြိမ်သော အမူအရာများ ရှိသော်လည်း သူတို့၏ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသဖြင့် လက်ဆစ်များ ဖြူသွား၏။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း၊ နောက်ကျကျန်ခဲ့သော လူ့အဖွဲ့အစည်းတစ်ခုဖြစ်ခြင်း၏ ဝမ်းနည်းမှုကို သူတို့ အဆက်မပြတ် ခံစားခဲ့ရသည်။ အရွယ်ရောက်ပြီးသူတွေ ဝိုင်းကန်ကျောက်တာခံနေရသည့် ကလေးတစ်ယောက်လိုပင်။
ထိုအချိန်တွင် ခိုလှုံရေးစခန်းက စစ်ကူများ ရောက်လာသည်။ ကစားသမားအများအပြားကိုလည်း ခေါ်ဆောင်လာ၏။ ရန်သူများ၏ အာကာသယာဉ်များသည် အင်အားဖြည့်တင်းမှုများထက် သာလွန်နေသော်လည်း အစိတ်အပိုင်းတစ်ခုကို အောင်မြင်စွာ တားဆီးနိုင်ခဲ့ပြီး နိုင်ငံ၆နိုင်ငံ မျိုးသုဉ်းမည့်အန္တရာယ်ကို အနည်းငယ် လျော့ပါးသွားစေသည်။
"ဘလက်စတားရဲ့ လူတွေ ရောက်လာပြီ" အထက်အရာရှိများ၏ တင်းတင်းဆုပ်ထားသော လက်သီးများ အနည်းငယ် လျော့သွားသည်။
ကျေးဇူးတင်စရာကောင်းလိုက်တာ... ငါတို့လို အားနည်းပြီး နောက်ကျကျန်နေတဲ့ ဂြိုလ်မှာ ဘလက်စတားလို လူတစ်ယောက် ရှိနေပါသေးတယ်။
သူ့ရှိနေလို့သာ ငါတို့မှာ လက်တုံ့ပြန်နိုင်တဲ့ အင်အားတစ်ချို့ရှိနေတာ။
...
ခိုလှုံရေးစခန်း အထက်တွင် အမှောင်ကြယ် အာကာသယာဉ်များ အများအပြား ရှိနေသည်။ သူတို့သည် ခိုလှုံရေးစခန်း၏ အကာအကွယ်ဒိုင်းလွှာပေါ်သို့ ကျည်ဆန်မိုးများ ရွာချနေကြသည်။ တုန်ခါမှုနှင့် အသံဗလံများကို အဆက်မပြတ် ခံစားနေရသည်။ နာဂါကင်၏ တပ်ဖွဲ့များသည် အာကာသယာဉ်များကို အဆက်မပြတ် နှောင့်ယှက်နေသဖြင့် အကာအကွယ်ဒိုင်းကို ချိုးဖျက်ရန် သေချာအာရုံစိုက်နိုင်ခြင်း မရှိတော့ပေ။
အထူးသဖြင့် လေထုထဲတွင်ရှိသော အာကာသယာဉ်များကို ကိုင်တွယ်ရန် အခြားနည်းလမ်းများ မလိုအပ်သည့် နာဂါကင်အတွက် ဖြစ်သည်။ သူ့ခန္ဓာကိုယ်မှ မီးတောက်များသည် အာကာသယာဉ်၏ စွမ်းအင်ဒိုင်းကို ချိုးဖျက်နိုင်ပြီး လက်သီးအနည်းငယ် ထိုးနှက်ခြင်းသည် သင်္ဘောတစ်စင်းလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်ပေလိမ့်မည်။
သူသည် ဟန်ရှောင်းရှိနေသည့် စစ်မြေပြင်ကို အဆက်မပြတ် လှမ်းကြည့်ကာ တချိန်လုံး စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ရှိနေသည်။ သူသည် ဒီဂူလစ်ရှ်နှင့် အဖွဲ့ ပေါ်လာသည်ကို သတိပြုမိပြီး ထိုအခါမှသာ သူတို့၏ပစ်မှတ်မှာ ဘလက်စတားဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
နာဂါကင်သည် ပြန်လှည့်ပြီး ဟန်ရှောင်းအား အကူအညီပေးလိုသော်လည်း နောက်ဆုံးတွင် အကူအညီ မလိုအပ်ကြောင်း ဆက်သွယ်ရေးစက်မှတစ်ဆင့် အသိပေးခဲ့သည်။ ဘလက်စတား ကိုယ်တိုင်က ကပ်ဘေးအဆင့် စူပါသုံးဦးကို ကိုင်တွယ်မည်ဖြစ်ပြီး နာဂါကင်က အာကာသယာဉ်များကို တိုက်ခိုက်ရန် တာဝန်ယူမည်ဖြစ်သည်။
‘ဒီကောင် ရူးနေပြီ။’
ဟန်ရှောင်းက ကပ်ဘေးအဆင့် စူပါသုံးယောက်နဲ့ ဘယ်လို ရင်ဆိုင်ရမလဲဆိုတာကို နာဂါကင် မတွေးချင်တော့ပေ။ တကယ်လို့ သူသာဆိုရင် သေဒဏ်ချမှတ်ခံရတာနဲ့ တူလိမ့်မည်။
သူဆက်ပြီး မကိုင်တွယ်နိုင်တော့ပါက သေချာပေါက် လှမ်းခေါ်မည်ဟု ဟန်ရှောင်းက ပြောပြီးမှသာ နာဂါကင်သည် သူ့ကို အားဖြည့်ကူညီပေးမည့် အတွေးများကို ဖယ်ထားလိုက်သည်။ သူသည် အထက်အရာရှိများနှင့် ဘလက်စတား၏ ဆက်ဆံမှုများကို အကြိမ်အနည်းငယ် ကြည့်ရှုခဲ့ပြီး ဤကြေးစားစစ်သားသည် အလွန်လက်တွေ့ကျကြောင်း သိရှိခဲ့သည်။
သူသည် မွန်မြတ်သော အကြောင်းပြချက်တစ်ခုအတွက် မိမိကိုယ်ကို မည်သည့်အခါမျှ စတေးမည်မဟုတ်ဘဲ သူ၏အစီအစဉ်ကို မလုပ်ဆောင်မီ အာမခံချက်အချို့ ရှိနေမည်ဖြစ်သည်။ ထို့ကြောင့် ဟန်ရှောင်းက ထိုသုံးဦးကို မည်သို့ကိုင်တွယ်မည်ကို မသိသော်လည်း သူ၏စိုးရိမ်မှုကို ထိန်းချုပ်နိုင်သွားသည်။
အကာအကွယ်ဒိုင်းအတွင်းတွင် နေထိုင်သူအများအပြားသည် အချိန်မရွေး ကွဲကြေသွားနိုင်သည့် သူတို့၏ခေါင်းပေါ်ရှိ ဒိုင်းလွှာကို ကြောက်ရွံ့တုန်လှုပ်သော အမူအရာဖြင့် ကြည့်နေကြသည်။ ဒါက သူတို့ရဲ့ နောက်ဆုံး ခံစစ်စည်းပင်။ လူတိုင်း ကြောက်လန့်တုန်လှုပ်ကာ မရပ်မနား ဆုတောင်းနေကြတယ်။
အမှောင်ကြယ် အာကာသယာဉ်များ၏ အစိတ်အပိုင်းတစ်ခုသည် ရုတ်တရက် ပွင့်လာပြီး မြေပြင်တပ်ဖွဲ့များကို လွှတ်ထုတ်ကာ အကာအကွယ်ဒိုင်းကို ကျော်လွှားပြီး မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။ သောင်းနှင့်ချီသော ကစားသမားများသည် သတ်ဖြတ်ရန် ချက်ချင်း ပြေးလာကြပြီး ဝင်ရောက်လာသော တပ်ဖွဲ့များသည် ကျောက်စရစ်ခဲများကဲ့သို့ ကစားသမားပင်လယ်ထဲတွင် နစ်မြုပ်သွားကြသည်။
သောင်းနှင့်ချီသော စူပါများ၊ အားလုံးသည် မသေနိုင်သော သူများဖြစ်ကြပြီး ဤကဲ့သို့သော တိုက်ခိုက်ရေးစွမ်းရည်သည် အမှောင်ကြယ်ကို မြေပြင်တိုက်ခိုက်မှုများ မလုပ်ဆောင်နိုင်တော့ဘဲ ကြောက်လန့်သွားစေသည်။ အမှောင်ကြယ်၏ မြေပြင်တိုက်ခိုက်ရေးသမားများ အားလုံးသည် အာကာသယာဉ်များ၏ တံခါးများကို ဖက်ထားကြပြီး ဆင်းရန် ငြင်းဆန်နေကြသည်။
‘သောက်ကျိုးနည်း၊ လေထဲမှာနေရတာ ဘယ်လောက်ကောင်းလဲ။ ငါ့ကိုယ်ငါ သေတွင်းပို့မှာ မဟုတ်ဘူး။’
အမှောင်ကြယ်တပ်ဖွဲ့များသည် ထိုမသေနိုင်သောသူများကို ကိုင်တွယ်ဖြေရှင်းရန် စိတ်မဝင်စားနိုင်ဘဲ မြို့ကို သိမ်းပိုက်ရန်သာ အာရုံစိုက်နေသည်။ ကစားသမားအနည်းငယ်သာ လေကြောင်းတိုက်ပွဲတွင် တိုက်ခိုက်ရန် အာကာသယာဉ်များထဲသို့ ဝင်ရောက်ခွင့်ရသောကြောင့် အများစုမှာ ထိုမြင်ကွင်းကို ကြည့်ရန် လည်ပင်းကို မိုးပေါ်မော့ထားရုံသာ တတ်နိုင်ကြသည်။ ပျင်းရိငြီးငွေ့နေသော လူအချို့သည် သူတို့၏ မှတ်တမ်းတင်ခြင်း လုပ်ဆောင်ချက်များကို စတင်အသုံးပြုနေပြီဖြစ်သည်။
သို့သော်၊ ထိုလူများသည် လုပ်စရာတစ်ခုခုကို အမြန်ရှာတွေ့သွားပြီး ဟန်ရှောင်းပါဝင်နေသည့် ကမ္ဘာမြေတုန်လှုပ်ဖွယ်ရာ စစ်မြေပြင်ကို လေ့လာရန် သူတို့၏ခေါင်းများကို လှည့်လိုက်ကြသည်။
...
ဘုန်း
ဒီဂူလစ်ရှ်သည် G-1 သံမဏိတပ်မတော် စစ်သည်များ၏ တာဝါဒိုင်းများထဲမှ တစ်ခုကို လက်သီးဖြင့် ထိုးလိုက်သည်။ 'စစ်သည်တော်' အင်အားသည် အပြင်သို့ ဖြာထွက်သွားပြီး ပတ်ဝန်းကျင်ရှိ ယန္တရားစစ်သည်တော်များလည်း ထိခိုက်မှုတွင် ပါဝင်သွားကာ ပေါက်ကွဲသွားသည်။
ထိုအတောအတွင်း၊ တယ်ရီသည် အချင်း မီတာတစ်ရာကျော်အတွင်း သတ်ဖြတ်နိုင်သော ဂျင်တစ်ခုကဲ့သို့ လည်ပတ်နေသည်။ သူ့နယ်ပယ်ထဲ ဝင်လာသော ယန္တရားစစ်သားများအားလုံး အပိုင်းပိုင်း ပြတ်တောက်ကုန်သည်။
ပစ်ခတ်အားကို ဖိနှိပ်ရန် အခြားအဖော်နှစ်ဦးနှင့်အတူ အမ်ဘာ၏ အနက်ရောင်စီးကြောင်းသည် ၎င်း၏ သတ်ဖြတ်နိုင်စွမ်းကို နောက်ဆုံးတွင် ပြသလာသည်။ အနက်ရောင်စီးကြောင်းသည် ဆူနာမီလှိုင်းလုံးကြီးကဲ့သို့ ဖြတ်ကျော်ကာ လမ်းကြောင်းရှိ အရာအားလုံးကို မျိုချလိုက်သည်။ သူတစ်ယောက်တည်း စက်ယန္တရား နှစ်ထောင်ကျော်ကို ဖျက်ဆီးပစ်လိုက်သည်။
ကပ်ဘေးအဆင့် စူပါသုံးဦး၏ တိုက်ခိုက်မှုတွင် ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးနိုင်စွမ်း ပါရှိသည်။ ယန္တရားတပ်မတော်ရှိ စက်ကိရိယာ အရေအတွက်သည် အချိန်တိုအတွင်း သုံးပုံတစ်ပုံ လျော့ကျသွားသည်။ ဆုံးရှုံးမှုက ကြီးမားလွန်း၏။
‘ငါ့ရဲ့ လက်ရှိ ယန္တရားတပ်မတော်ကို သုံးပြီး ကပ်ဘေးအဆင့် သုံးယောက်ကို တိုက်တာက နည်းနည်းတော့ အတင်းအကြပ် လုပ်သလို ဖြစ်နေတယ်။’ ဟန်ရှောင်းသည် လေးနက်သော အမူအရာ ရှိနေသည်။
သို့သော် ထိုဆုံးရှုံးမှုများသည် သူ၏ မျှော်လင့်ချက်များ အတွင်းတွင် ရှိနေဆဲဖြစ်သည်။ ကပ်ဘေးအဆင့်ကို ကိုင်တွယ်ရန် မလွယ်ကူပေ။ သူ၏ လက်ရှိ စက်များ၏ စွမ်းဆောင်ရည်ဖြင့် ကပ်ဘေးအဆင့်၏ စွမ်းအင်ကို သုညအထိ မလျှော့ချနိုင်မီ သောင်းနှင့်ချီ၍ စတေးခဲ့ရသည်။ ပြိုင်ဘက်တွေမှာ ဘယ်လို စွမ်းရည်မျိုး ရှိလဲ ဆိုတာကိုလည်း သူ ကြည့်ရဦးမည်ဖြစ်သည်။ အန်နွာကဲ့သို့သော ဧရိယာကျယ်တိုက်ခိုက်မှု ကျွမ်းကျင်သူဆိုလျှင် အခက်အခဲ မြင့်တက်လာလိမ့်မည်။
ကျေးဇူးတင်စရာမှာ၊ အမ်ဘာ၏စွမ်းရည်သည် ကာဗွန်အခြေခံ သက်ရှိပုံစံများကို ဆန့်ကျင်ရန် ပိုသင့်တော်သည်။ တိုက်စစ်နှင့် ခံစစ် နှစ်မျိုးစလုံးကို တတ်နိုင်သော်လည်း စွမ်းအင်သုံးစွဲမှု ကြီးမားသည်။ ဒီဂူလစ်ရှ်သည် 'စစ်သည်တော်' တစ်ဦးဖြစ်ပြီး သူ၏ တစ်ကိုယ်တော် ပစ်မှတ်ထား တိုက်ခိုက်မှုသည် ရူးသွပ်လောက်အောင် မြင့်မားသော်လည်း ဧရိယာကျယ်တိုက်ခိုက်မှု ကင်းမဲ့နေသည်။ 'တိုက်ခိုက်ရေးယန္တရားပညာရှင်' အနေဖြင့် တယ်ရီသည်လည်း အတူတူပင်။ ထို့ကြောင့်၊ ယန္တရားတပ်မတော်သည် သူတို့သုံးဦး သူ့ထံ မရောက်ရှိနိုင်မီ အချိန်ပိုဆွဲထားနိုင်၏။
သို့သော် ဟန်ရှောင်းသည် အဝိုင်းမခံရမီ ခဏတာသာ ရှောင်တိမ်းနိုင်ခဲ့သည်။ အနီးကပ် အကွာအဝေးတွင် သူသည် ခံစစ်အခြေအနေသို့ ကျရောက်နေဆဲဖြစ်သည်။
ဒီဂူလစ်ရှ်နှင့် တယ်ရီတို့သည် အနီးကပ်တိုက်ပွဲများတွင် ကောင်းမွန်ကြပြီး သူတို့၏ တိုက်ခိုက်မှုသည် မုန်တိုင်းတစ်ခုလိုဖြစ်သည်။ ဟန်ရှောင်း ခုခံကာကွယ်ရုံသာ တတ်နိုင်သည်။ သူ၏ စွမ်းအင်ဒိုင်းသည် အဆက်မပြတ် ကျိုးပဲ့နေပြီး ပျံဝဲလွန်းပြန်ဒိုင်းသည်လည်း နှစ်ပိုင်းပြတ်သွားသည်။ သူ၏ ကြီးမားသော ယန္တရားလက်ကြီးများသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြီး သူ၏ ယန္တရားဝတ်စုံ၏ မာကျောမှုကိုသာ အားကိုးနေရကာ သူ၏ သွေးအမှတ်သည် ဖြည်းညှင်းစွာ လျော့နည်းလာသည်။
သူ့ယန္တရားတပ်မတော်ကို မီးမိုးရွာချဖို့ အမိန့်ပေးတိုင်း အမ်ဘာက သူ့အနက်ရောင်စီးကြောင်းကို ထိန်းချုပ်ကာ ပစ်ခတ်မှုကို ကာကွယ်ပေးထာပြီး အသင်းဖော်များကို ဟန်ရှောင်းအား တိုက်ခိုက်ရာတွင် အာရုံစိုက်ခွင့်ပြုထားသည်။
အနက်ရောင်စီးကြောင်းသည် အပြင်ဘက်ရှိ တပ်မတော်နှင့် အတွင်းဘက်ရှိ ဟန်ရှောင်းကို ပိုင်းခြားထားသည်။ ယန္တရားတပ်မတော်သည် ဟန်ရှောင်းကို ကူညီရန် အတွင်းသို့ အပြေးအလွှား ဝင်ရောက်ချင်သော်လည်း အားလုံးကို အမ်ဘာက တွန်းလှန်ထား၏။ သူတို့၏ အရေအတွက် လျော့နည်းသွားသောကြောင့် အမ်ဘာအပေါ် ဖိအားများသည်လည်း ပိုမိုအားနည်းသွားပြီး ယခုအခါတွင် ဟန်ရှောင်းကို ရံဖန်ရံခါ ပစ်ခတ်ရန် စွမ်းအင်ရှိလာသည်။
သစ္စာစောင့်သိသူ ရှစ်ယောက်သာ ဟန်ရှောင်းဘေးတွင် အဆက်မပြတ် စောင့်ကြပ်နေသည်။ သူတို့က တိုက်ပွဲတွင် ကူညီပေးသော်လည်း တစ်ယောက်ပြီးတစ်ယောက် ပျက်စီးသွားကြသည်။ သစ္စာစောင့်သိသူ များသည် လက်ရွေးစင် စက်ကိရိယာများဖြစ်ကြပြီး ဟန်ရှောင်းမှ ပေးသော ယန္တရားဆုလာဘ်များအောက်တွင် ၎င်းတို့သည် အဆင့် ဘီ စူပါတစ်ဦးကို တစ်ယောက်တည်း တိုက်ခိုက်နိုင်စွမ်းရှိသည်။ ဒါပေမယ့် ဤတစ်ကြိမ်တွင် ပြိုင်ဘက်က ကပ်ဘေးအဆင့် ဖြစ်ပြီး ၃ယောက်တောင် ရှိနေသည်။
ဘန်း!
နောက်ဆုံး သစ္စာစောင့်သိသူကို ဒီဂူလစ်ရှ်က ရက်ရက်စက်စက် ကန်ထုတ်လိုက်ပြီး ၎င်း၏ ယန္တရားအစိတ်အပိုင်းများသည် အူများကဲ့သို့ ထွက်ကျလာသည်။ ယင်းနောက်တွင် ဒီဂူလစ်ရှ်က ၎င်း၏ခေါင်းကို ဖမ်းဆွဲကာ ဆွဲဖြုတ်လိုက်ပြီး ၎င်း၏ပတ်ဝန်းကျင်ကို မော်တာဆီများဖြင့် ဖြန်းပက်လိုက်သည်။ လည်ပင်းမှာ မီးပွားထွက်နေတဲ့ ဝါယာကြိုးအချို့ ကျန်နေသေးသည်။
"မင်းမှာ ဘာကျန်သေးလဲ၊ အကုန်ခေါ်ထုတ်လိုက်စမ်း" ဒီဂူလစ်ရှ်သည် သစ္စာစောင့်သိသူ၏ ခေါင်းကို လွှင့်ပစ်လိုက်ပြီး မာန်မာနထောင်လွှားစွာ ပြောလိုက်သည်။
သစ္စာစောင့်သိသူ ရှစ်ယောက်စလုံး ပြိုလဲသွားပြီး ဟန်ရှောင်းသည် မြေကြီးပေါ်တွင် ဒူးထောက်ကာ မရပ်မနား ချောင်းဆိုးနေသည်။ သူ၏ ယန္တရားဝတ်စုံသည် အတော်လေး ပျက်စီးနေပြီး မီးပွားများ ထွက်နေသည်။
သူ့ပတ်ဝန်းကျင်တွင် အမ်ဘာ၏ ထိန်းချုပ်မှုမှတစ်ဆင့် သူ၏ ယန္တရားတပ်မတော်အားလုံးကို ပိတ်ဆို့ထားသည့် အနက်ရောင်စီးကြောင်း ရှိသည်။
ဟန်ရှောင်းသည် သူ၏ အခြေအနေကို စစ်ဆေးရင်း အသက်ရှူလိုက်သည်။ သူ့သွေးအမှတ်သည် ၈၂ ရာခိုင်နှုန်းတွင် ရှိနေသေးပြီး သူ့စွမ်းအင်က အပြည့်ပြန်ဖြစ်သွားပြီ။ သို့သော်၊ သူ၏ ယန္တရားဝတ်စုံသည် ပျက်စီးမှုကို အတော်လေးခံနိုင်ရည်ရှိခဲ့ပြီး ယခုအခါ ၈ ရာခိုင်နှုန်း သာ ကျန်တော့သည်။ ၎င်း၏စွမ်းရည် [မဖျက်ဆီးနိုင်သော တောင့်တင်းမှု] မှာ အသက်ဝင်လာသည်။ ၎င်းက သူ့ကို ခုခံစွမ်းအားအချို့ ပေးစွမ်းနိုင်သော်လည်း [စွမ်းအင်စုပ်ယူမှု] ကို အသက်သွင်းရန်အတွက် သူ၏ခန္ဓာကိုယ် ထိခိုက်မှုရှိရန် လိုအပ်နေသေးသည်။
ဟင်းလင်းပြင်နဂါး ယန္တရားဝတ်စုံသည် ကောင်းမွန်သော ကိရိယာတစ်ခုဖြစ်ပြီး ၎င်းကို အချိန်အတော်ကြာ အသုံးပြုခဲ့ပြီး အဆင့်တက်လှမ်းခြင်းနှင့်အတူ လိုက်လျောညီထွေရှိနေသည်။ ဟန်ရှောင်းသည် ဤယန္တရားဝတ်စုံကို မဆုံးရှုံးလိုပေ၊ ၎င်း၏ကြာရှည်ခံမှု ကျဆင်းသွားသည်ကို မြင်လိုက်ရသဖြင့် ဝတ်စုံကို အမြန်သိမ်းဆည်းလိုက်ပြီး ကပ်ဘေးအဆင့် သုံးဦးအား သူ၏ခန္ဓာကိုယ်ကို ထုတ်ဖော်ပြသလိုက်သည်။
ထိုအခါမှသာ သူတို့သုံးယောက်သည် သူ့မျက်နှာကို နောက်ဆုံးတွင် မြင်လိုက်ရသည်။
"နောက်ဆုံးတော့ မင်းရဲ့ လိပ်ခွံထဲကနေ ထွက်လာဖို့ ဆန္ဒရှိနေပြီပေါ့" အမ်ဘာ၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်။
ယန္တရားပညာရှင်တစ်ဦးသည် သူ၏ ယန္တရားဝတ်စုံကို စွန့်လွှတ်ပြီး သူ၏ ခန္ဓာကိုယ်အစစ်ကို ထုတ်ဖော်လိုက်သည်နှင့်၊ ဆိုလိုသည်မှာ သူသည် ပြန်လမ်းမရှိသော လမ်းကိုလျှောက်ရန် တွန်းအားပေးခံရခြင်း ဖြစ်သည်။
"အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောနေတာ ရပ်လိုက်။ မြန်မြန်သတ်လိုက်" တယ်ရီက သတ္တုအပိုင်းအစများကို လှုပ်ခါလိုက်ပြီး စွမ်းအင်အပြည့်ရှိသော ဓားသွားအဖြစ် ပြောင်းလဲလိုက်ကာ စိတ်မရှည်သည့်ပုံ ပေါက်နေသည်။
ဤအချိန်၌ ဟန်ရှောင်း ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ သူ့အမူအရာသည် ထိတ်လန့်ခြင်း မရှိဘဲ သူ၏ တည်ငြိမ်မှုကြောင့် အမှောင်ကြယ်မှ သုံးယောက်ကို မျက်မှောင်ကြုတ်သွားစေသည်။
"အပျော်မစောပါနဲ့ဦး။ တိုက်ပွဲက အခုမှ စတာ"
စကားပြောရင်း ဟန်ရှောင်း ခြေကို စောင့်နင်းလိုက်သည်။
ဟွမ်!
အဆုံးမဲ့ ယန္တရားစွမ်းအားသည် ပင့်ကူအိမ်ကြီးတစ်ခုကဲ့သို့ သူ၏ခြေထောက်များမှ ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားသည်။ အနက်ရောင်စီးကြောင်းကို အလွယ်တကူ ကျော်ဖြတ်ကာ စစ်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။
အကျိုးအပဲ့များနှင့် ကျိုးပဲ့နေသော အစိတ်အပိုင်းများ အားလုံးသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ ကျယ်လောင်သော ဆူညံသံများဖြင့် မြည်ဟီးနေသည်။
နောက်တစ်ခဏချင်းတွင်၊ မရေမတွက်နိုင်သော သတ္တုအပိုင်းအစများသည် လေထဲသို့ ပျံတက်သွားပြီး ပုံပျက်နေသော အပိုင်းအစများသည် ယန္တရားစွမ်းအားမှတစ်ဆင့် ၎င်းတို့၏ မူလပုံစံများကို ပြန်လည်ရရှိသွားသည်။ ၎င်းတို့ကို မူလ ယန္တရားစစ်သည်တော်များအဖြစ် လျင်မြန်စွာ ပြန်လည်တည်ဆောက်လိုက်သည်။ ယန္တရားတပ်မတော်၏ ပျက်စီးသွားသော အစိတ်အပိုင်းများ ပြန်လည်ရောက်ရှိလာသည်။
အနက်ရောင်စီးကြောင်းအတွင်း၊ သစ္စာစောင့်သိသူ ရှစ်ယောက်သည် နောက်တစ်ကြိမ် မတ်တပ်ရပ်ကာ ၎င်းတို့ထဲမှ တစ်ကောင်သည် လွင့်ပစ်ခံထားရသော ခေါင်းကို ပြန်လည်ရယူပြီး ၎င်း၏ခေါင်းပေါ်တွင် ပြန်လည်တပ်ဆင်လိုက်သည်။ ‘ကလစ်’
[စွန့်ပစ်ပစ္စည်း ပြုပြင်မွမ်းမံခြင်း]
ပျက်စီးသွားသော စက်များအားလုံးကို တဖန်ပြန်လည် ပြုပြင်လိုက်သည်။
ပြန်လည်ပြုပြင်ထားသော သစ္စာစောင့်သိသူ ရှစ်စုံကို ကြည့်ရင်း ဒီဂူလစ်ရှ်နှင့် အခြားသူများ အမူအရာ ပျက်သွားကြသည်။
"ဒီကောင့်မှာ လှည့်ကွက်တွေ အများကြီးပဲ" တယ်ရီ နှာခေါင်းရှုံ့လိုက်သည်။
"အလကားပါပဲ။ သူ့ရဲ့ ယန္တရားဝတ်စုံမပါဘဲ သူက အသေကောင်ပဲ" ဒီဂူလစ်ရှ်က ဒေါသတကြီး ပြန်ပြောသည်။
အမ်ဘာ အေးစက်စွာ စိုက်ကြည့်နေသည်။ ယန္တရားတပ်မတော်၏ လက်ရှိအင်အားကို ပြန်လည်ရရှိခဲ့ပြီး သူ့အပေါ် ဖိအားများ သိသိသာသာ တိုးလာသည်။ သူသည် ဟန်ရှောင်းကို ဆက်လက်တိုက်ခိုက်ရန် မတတ်နိုင်တော့ဘဲ ယန္တရားတပ်မတော်ကို ခုခံရန်သာ အာရုံစိုက်ထားရတော့သည်။
ဟန်ရှောင်း၏ မျက်နှာ ဖြူဖျော့သွားသည်။ ကြီးမားသော အတိုင်းအတာဖြင့် [စွန့်ပစ်ပစ္စည်း ပြုပြင်မွမ်းမံခြင်း] ကို အသုံးပြုခြင်းသည် သူ၏ စွမ်းအင်အဆင့်များအပေါ် အလွန်အမင်း ဝန်ပိစေ၏။ သူ၏ ပြည့်နေသော စွမ်းအင်တန်းသည် ဤအခိုက်အတန့်လေးအတွင်း ထက်ဝက်ခန့် လျော့ကျသွားပြီဖြစ်သည်။
ဤကျွမ်းကျင်မှု၏ သုံးစွဲမှုသည် လွှမ်းခြုံမှုဧရိယာနှင့် စက်အရေအတွက် နှစ်ခုလုံးအပေါ် မူတည်သည်။ ယန္တရားပညာရှင်၏ အဆင့်တိုးလာသည်နှင့်အမျှ [စွန့်ပစ်ပစ္စည်း ပြုပြင်မွမ်းမံခြင်း] ကုန်ကျစရိတ်သည် သဘာဝကျကျ သက်သာလာမည်ဖြစ်သည်။
ဘုန်း!
နောက်တစ်စက္ကန့်တွင်၊ ဒီဂူလစ်ရှ်နှင့် တယ်ရီတို့သည် ရှေ့သို့ တစ်ဖန်ပြန်လည် တိုးဝင်လာပြီး တိုက်ပွဲကို ပြန်လည်စတင်ကာ မုန်တိုင်းအင်အားဖြင့် တိုက်ခိုက်ခဲ့ကြသည်။
လက်သီးတစ်ချက်က ဟန်ရှောင်း၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်ခဲ့ပြီး သတ္တုအလွိုင်းဓားသည် သူ့အသားပေါ်တွင် ဒဏ်ရာများ တစ်ခုပြီးတစ်ခု ရရှိအောင် ခုတ်ပိုင်းလိုက်သည်။
သူ့ ယန္တရားဝတ်စုံမပါဘဲ၊ ဟန်ရှောင်းသည် ပို၍ပင် ခံစစ်အနေအထား ဖြစ်လာသည်။ သူသည် ပြင်းထန်သော ထိုးနှက်ချက်များကို အဆက်မပြတ် ခံခဲ့ရပြီး သွေးများ အန်ထွက်လာသည်။ သူအကြံကုန်သွားပုံရသည်။ ကပ်ဘေးအဆင့် စူပါများ၏ တိုက်ခိုက်မှုများသည် အစွမ်းထက်ပြီး၊ သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သောအခါတွင်၊ ၎င်းတို့သည် တစ်စက္ကန့်လျှင် ထိခိုက်မှု ထောင်ပေါင်းများစွာကို ဖြစ်ပေါ်စေသည်။
သို့သော် သူ့ကို အချိန်အကြာကြီး ရိုက်နှက်ပြီးနောက် ဒီဂူလစ်ရှ်သည် တစ်ခုခုလွဲမှားနေကြောင်း နောက်ဆုံးတွင် သတိပြုမိသွားသည်။
‘နေပါဦး’
‘ဒီကောင် သွေးတွေ အများကြီး အန်ထုတ်ပြီးပြီ။ သူ ဘယ်လိုလုပ်ပြီး တက်ကြွနေသေးတာလဲ။’
အကယ်၍ ဒီဂူလစ်ရှ်သာ ဟန်ရှောင်း၏ အင်တာဖေ့စ်ကို မြင်နိုင်လျှင် သူ၏ ကျန်းမာရေးနှင့် စွမ်းအင်ဘားများသည် အတက်အကျ အဆက်မပြတ် ရွေ့လျားနေသည်ကို တွေ့မြင်ရလိမ့်မည်။ အနီရောင် တက်လာသောအခါ အပြာရောင် ကျဆင်းသွားပြီး၊ အနီရောင် ကျသွားသောအခါ အပြာရောင် တက်လာသည်။ ကြောက်စရာကောင်းနေသော်လည်း စုစုပေါင်း သွေးအမှတ် ပမာဏမှာ တစ်ဝက်အောက် ဘယ်တော့မှ မကျဆင်းသွားပေ။
ဟန်ရှောင်းသည် စုတ်ပြတ်သတ်ပြီး ဒဏ်ရာအပြင်းအထန်ရနေပုံပေါ်သော်လည်း လက်တွေ့တွင်မူ ထိတ်လန့်ခြင်းမရှိဘဲ ခွေးအိုကြီးတစ်ကောင်ကဲ့သို့ တည်ငြိမ်နေသည်။
စက္ကန့်တိုင်းတွင် သူသည် ပျက်စီးဆုံးရှုံးမှု ထောင်ပေါင်းများစွာကို ခံယူခဲ့ပြီး ရူးသွပ်သော ပျက်စီးဆုံးရှုံးမှုများဖြင့် သူ၏ စွမ်းအင်ဘားတန်းသည် အလားတူပင် ရူးသွပ်စွာ တက်လာသည်။ ဒီဂူလစ်ရှ်နှင့် တယ်ရီတို့သည် ကြီးမားသော သတ်ဖြတ်နိုင်စွမ်းရှိသော်လည်း၊ ဟန်ရှောင်း၏ အတွေးဖြင့် အမိန့်ပေးမှုများ၏ အရှိန်ကို လိုက်မမီနိုင်ပေ။
ဟန်ရှောင်း တိတ်တဆိတ် စိတ်သက်သာရာ ရသွားသည်။ ဤသို့ ကိုယ်တွေ့စမ်းသပ်မှုပြီးနောက်၊ နောက်ဆုံးတွင် သူ၏ အသက်ဓာတ်၏ ခိုင်မာမှုကို ရှာဖွေတွေ့ရှိသွား၏။ သူကြိုတင်ပြင်ဆင်ထားသော အော်ရိုရာ ဇာတ်ကောင် ဆင့်ခေါ်ကတ်ကိုပင် အသုံးပြုရန် မလိုအပ်တော့ပေ။
[အလယ်အလတ်အဆင့် ဆဲလ်ပွားများခြင်း ထိန်းချုပ်မှု]
[စွမ်းအင် စုပ်ယူမှု]
ဤပုံသွင်းခြင်းစွမ်းရည် နှစ်ခုက အလွန်စွမ်းအားကြီးလွန်းသည်။
‘သက်တော်ရာကျော် ရှည်ပါစေ သူငယ်ချင်းကြီး ဖေဒင်…’
သေလောက်သည့် အန္တရာယ်မရှိသော်လည်း ရိုက်နှက်ခံရသည့် နာကျင်မှုကို ခံစားနေရဆဲဖြစ်သည်။ သို့သော်၊ မျိုးနွယ်စုဆင့်ကဲပြောင်းလဲမှု ပြုလုပ်စဉ် သူခံစားခဲ့ရသည့် နာကျင်မှုနှင့် နှိုင်းယှဉ်ပါက ၎င်းသည် ယားယံခြင်းကို ကုတ်နေသကဲ့သို့၊ အနှိပ်ခံနေရသလိုပင်။
ဒီဂူလစ်ရှ်သည် သူ့ကို နေ့တစ်ဝက်လောက် ရိုက်နှက်ခဲ့ပြီးနောက်၊ သူ၏ အမူအရာများသည် ရက်စက်ကြမ်းကြုတ်မှုမှ အံ့ဩခြင်းသို့၊ အံ့သြခြင်းမှ တုန်လှုပ်ခြင်းသို့၊ နောက်ဆုံးတွင် တုန်လှုပ်ခြင်းမှ ကြောင်အမ်းအမ်း ဖြစ်ခြင်းသို့ အဆက်မပြတ် ပြောင်းလဲနေသည်။
ဘလက်စတား သွေးအန်အောင် ဘယ်လောက်ပဲ အားကုန်သုံးနေပါစေ၊ တစ်ဖက်လူဆီမှာ ပြင်းထန်တဲ့ ဒဏ်ရာလက္ခဏာ မတွေ့ရဘူး။ သူက ပြေးနိုင်၊ ခုန်နိုင်၊ ပါးစပ်ဖွင့်ပြီး အမှိုက်စကားတွေ ပြောနိုင်သေးသည်။
ဒီဂူလစ်ရှ်သာမက တယ်ရီလည်း ကြောင်အမ်းသွားသည်။
ဘာကြီးလဲကွာ။ ဒီကောင်က အရမ်းဆိုးလွန်းတယ်။
သူက ပိုးဟပ်များလား။ ဘာလို့မသေတာလဲ။
ဘန်း!
နောက်ထပ် ထိုးနှက်ချက်တစ်ခု ရောက်လာပြီး ဟန်ရှောင်း ပြန်လွင့်သွားကာ မြေကြီးပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားပြီး တွင်းပေါက်တစ်ခု ဖြစ်ပေါ်လာသည်။ သို့သော် ဒီဂူလစ်ရှ်နှင့် တယ်ရီတို့သည် ဆက်လက် တိုက်ခိုက်ခြင်း မရှိပေ။ အဲဒီအစား၊ သူတို့ဟာ ဟန်ရှောင်းကို တကယ်တိုက်ခိုက်နေတာ ဟုတ်မဟုတ် သံသယဖြစ်ကာ နောက်ဆုတ်နေကြသည်။
"ဟေ။ ငါတို့ ဘာလို့ မတိုက်တော့တာလဲ"
ပါးစပ်ထောင့်ရှိ သွေးများကို သုတ်ရင်း ဟန်ရှောင်း တဖန် ပြန်မတ်တပ်ရပ်လိုက်သည်။ သူ့အဝတ်အစားတွေမှာ သွေးစွန်းနေပြီး ခန္ဓာကိုယ်ပေါ်က ဖုန်မှုန့်တွေကို သုတ်ပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်၊ သူ့တစ်ကိုယ်လုံး အားအင်တွေ ပြည့်နေသလိုပင်။
"ပြီးပြီလား။ ငါ သက်တောင့်သက်သာ မဖြစ်သေးဘူး။ ဒီထက်ပိုပြီး အားစိုက်လိုက်ပါဦး။ မင်းတို့ကောင်တွေ နို့မသောက်ဘူးလား"
အမ်ဘာ၏ မျက်လုံးသူငယ်အိမ် ကျဉ်းမြောင်းသွားကာ မယုံကြည်နိုင်သော အမူအရာ ဖြစ်ပေါ်လာသည်။ မျောလွင့်နဂါးကျွန်းပေါ်တွင် ဟန်ရှောင်းနှင့် ပထမဆုံး တိုက်ခိုက်ခဲ့စဉ်က အတိတ်ကို သူအမှတ်ရခဲ့သည်။ ဟန်ရှောင်းသည် ၎င်း၏ မယုံနိုင်စရာ ကုသနိုင်စွမ်းကို ပြသခဲ့ပြီး နောက်ဆုံးတွင် သူ့ကို ဆုတ်ခွာသွားအောင် တွန်းအားပေးခဲ့သည်။
ထိုအချိန်တွင်၊ အမ်ဘာသည် ဟန်ရှောင်း၏ စွမ်းရည်တွင် အကန့်အသတ် ရှိမည်မှာ သေချာသည်ဟု ထင်ခဲ့သည်။ အနည်းဆုံးတော့ သေစေနိုင်လောက်အောင် လုံလောက်နေသမျှ ကာလပတ်လုံး သူ့ကို သုတ်သင်ရန် လုံလောက်ပေလိမ့်မည်ဟု အဲဒီတုန်းက သူထင်ခဲ့သည်။
သို့သော် ဟန်ရှောင်းသည် ကပ်ဘေးအဆင့် စူပါနှစ်ခု၏ တိုက်ခိုက်မှုများကို ခုခံရန် သူ၏ ခန္ဓာကိုယ်သက်သက်ကိုသာ အသုံးပြုခဲ့ပြီး ကမ္ဘာမြေကြီး ညီညာသွားသည်အထိ ဖြစ်ခဲ့သော်လည်း သူသည် ကျန်းမာသန်စွမ်းနေဆဲဖြစ်သည်။
ဒီအခိုက်အတန့်မှာ အမ်ဘာ စတင်ယိမ်းယိုင်လာသည်။
‘သူအစကတည်းက မှားခဲ့တာများလား၊ ဒီကောင်ရဲ့ ပြန်လည်ကောင်းမွန်လာနိုင်စွမ်းက အကန့်အသတ်မရှိဘူးလား။’
‘ဒါဆို သူက... အသတ်မခံရနိုင်တဲ့ မသေနိုင်တဲ့ လူထူးလူဆန်းလား။’
သူတို့သုံးယောက် ထိတ်လန့်တကြား စိုက်ကြည့်နေစဉ် အဝေးမှ တပ်ဖွဲ့ဝင် သောင်းနှင့်ချီ ချီတက်လာသကဲ့သို့ ခြေသံများ ထွက်ပေါ်လာသည်။ မြေကြီးပင် တုန်ခါစပြုလာသည်။
သောင်းနှင့်ချီသော ကစားသမားများသည် ဟန်ရှောင်းဆီသို့ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာသည်ကိုသာ သူတို့ မြင်လိုက်ရသည်။ သူတို့သည် ဝေဟင်ရှိ အာကာသယာဉ်များကို မတိုက်ခိုက်နိုင်သောကြောင့် အပျော်လာရောက် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ကြသည်။
သူတို့အားလုံးသည် အဆင့်နိမ့် စူပါများဖြစ်ကြသော်လည်း၊ ၁၀,၀၀၀ ကျော်ရှိပြီး အများစုမှာ အဆင့် ၆၀ အမှတ်အသားကို ကျော်ဖြတ်ကာ သူတို့၏ ပထမဆုံး မျိုးနွယ်စုဆင့်ကဲပြောင်းလဲမှုကို အောင်မြင်ပြီးသားဖြစ်သောကြောင့် ကခုန်နေသော နတ်ဆိုးအုပ်စုအဖြစ် သတ်မှတ်နိုင်သည်။
"သေချင်နေကြတာပဲ။ ငါဒီအဖွဲ့ကို ကိုင်တွယ်လိုက်မယ်။ မင်းတို့က ဘလက်စတားကို ဖယ်ရှားဖို့ အကြံတစ်ခု စဉ်းစားလိုက်"
အမ်ဘာသည် သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုကို ထိန်းထားပြီး မျက်လုံးများ အေးစက်စက် တောက်ပနေသည်။ အဖွဲ့တစ်ခုလုံးကို ချေမှုန်းဖို့ သူ့ရဲ့စွမ်းရည်ကို အသုံးပြုဖို့ ပြင်ဆင်နေ၏။
‘အကြံလား။ သူတို့မှာ ဘယ်လို အကြံမျိုးတွေ ရှိနိုင်မှာလဲ။’
ဒီဂူလစ်ရှ်သည် သွားများကို ကြိတ်ကာ နောက်ဆုံးတွင် သူ၏ ဆက်သွယ်ရေးစက်ကိုဖွင့်ပြီး မိခင်ယာဉ်ထံ အမိန့်ပေးလိုက်သည်။
"မိခင်ယာဉ်ရဲ့ ပင်မရောင်ခြည်အမြောက်ကို အသက်သွင်းလိုက်"
"လူကြီးမင်း၊ ဘယ်နေရာကို ချိန်ရမလဲ"
"အဲဒီ သောက်ကျိုးနည်း ဘလက်စတားကို ပစ်လိုက်"
မနီးမဝေးတွင်၊ ဟန်ရှောင်း၏ ပြုံးဖြဲနေမှုသည် ရုတ်တရက် အေးခဲသွားသည်။
ဒီတစ်ခါတော့ သူ မိခင်ယာဉ်နဲ့ တိုက်မိပြီ။
စာစဉ် (၃၇)၊ အခန်း (၅၇၁) ပြီး၏။
လင်းဆက်
+++++
အခန်း (၅၇၂) ပင်မအမြောက်ရဲ့ ပစ်ချက်ကို ခံနိုင်ရည်ရှိမှာလား။ (၁)
မိခင်ယာဉ်ရဲ့ ပင်မရောင်ခြည်အမြောက်။
ထိုအခါမှသာ ဟန်ရှောင်း ထိတ်လန့်စပြုလာသည်။ ပင်မအမြောက်၏ သေစေနိုင်စွမ်းသည် သင်္ဘော၏ဘေးတွင် တပ်ဆင်ထားသော လေဆာအမြောက်များထက် များစွာသာလွန်သည်။ ဤအမှောင်ကြယ် မိခင်ယာဉ်၏ အရွယ်အစားအပေါ် အခြေခံ၍ ဂြိုလ်ဆီသို့ တစ်ချက်ပစ်လိုက်ရုံဖြင့် ကျုံးမြောင်းကြီးတစ်ခု ဖြစ်ပေါ်လာနိုင်သည်။ သူ့ကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဒါကိုသုံးခြင်းသည် ခြင်တစ်ကောင်ကို သတ်ဖို့ အမြောက်ကို သုံးနေသလိုပင်။
‘ငါစောစောက ဒီဂူလစ်ရှ် အပေါ် သိပ်ရက်စက်လွန်းနေခဲ့တာလား။’ ဟန်ရှောင်း ပြန်မစဉ်းစားဘဲ မနေနိုင်ခဲ့ပေ။
ဒီအကြောင်းကို သူသိခဲ့ရင် စောစောစီးစီး ပိုသတိထားပြီး ဒုက္ခရောက်နေသလို အော်ဟစ်ကာ ဒဏ်ရာအပြင်းအထန်ရသွားသလို ဟန်ဆောင်ခဲ့မှာ ဖြစ်သည်။ အနည်းဆုံးတော့ အဲဒါက သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို လေးစားမှု ပြသရာ ရောက်၏။ သူတို့ကို လှောင်ပြောင်သရော်ခြင်းအားဖြင့် သူသည် သူတို့၏မာနကို နင်းချေမိခဲ့သည်။
အခြားတစ်ဖက်က ကပ်ဘေးအဆင့် ဖြစ်သည်။ သူတို့က ဘယ်လိုလုပ်ပြီး မျက်နှာမပြဘဲ နေနိုင်မှာလဲ။
ပင်မအမြောက် ပေါက်ကွဲမှုက သူ့ကို ဘယ်လောက်အထိ ထိခိုက်စေမည်မှန်း ဟန်ရှောင်း မသိပေ။ သူသည် သင့်လျော်သော တိုက်ပွဲများမှတဆင့် သူ၏ ခန္ဓာကိုယ်သက်သက်၏ ခံနိုင်ရည်ကို သက်သေပြခဲ့သော်လည်း၊ မိခင်ယာဉ်၏ ပင်မအမြောက်မှ ပေါက်ကွဲမှုကို ထိပ်တိုက်တွေ့ခြင်းမှာမူ အခြားကိစ္စတစ်ခုဖြစ်သည်။
လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခြင်း၏ ပြိုင်ဘက်သည် ပေါက်ကွဲမှုဒဏ် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုဖြစ်သည်။ ဥပမာအားဖြင့်၊ အေးမီစ်သည် မျောလွင့်နဂါးကျွန်း တစ်ခုလုံးကို အကြောင်းပြချက်မရှိဘဲ ယူပြီး တိုက်ခိုက်မှုအဖြစ် ပစ်ပေါက်လိုက်ပါက၊ ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုသည် ပြန်လည်ကောင်းမွန်လာမှုနှုန်းထက် များစွာကျော်လွန်သွားမည်ဖြစ်သည်။ သူသေချာပေါက် သေသွားလိမ့်မည်။
မိခင်ယာဉ်၏ ပင်မအမြောက်သည် ထိခိုက်ပျက်စီးမှု မြင့်မားသော အမျိုးအစားတွင် ပါဝင်သည်။ ဂြိုလ်ဖျက်သင်္ဘောနှင့် နှိုင်းယှဉ်၍ မရနိုင်သော်လည်း၊ ၎င်း၏ သတ်ဖြတ်နိုင်စွမ်းသည် ကပ်ဘေးအဆင့်တစ်ယောက်သာ ခန္ဓာကိုယ်သက်သက်ဖြင့် ခုခံပါက တစ်စစီ ပြိုကွဲသွားစေနိုင်သည်။ ကံကောင်းလျှင် မီးလောင်ကျွမ်းနေသည့် အသားစ အနည်းငယ် ကျန်ရှိနေနိုင်သည်။
ထို့ကြောင့် လူမိုက်သာလျှင် ငုတ်တုတ်ထိုင်ပြီး အမြောက်ပေါက်ကွဲမှုကို ငြိမ်ခံပေလိမ့်မည်။
ဟန်ရှောင်းသည် စကားတစ်ခွန်းမျှမပြောဘဲ သူ၏ ဟင်းလင်းပြင်နဂါး ယန္တရားဝတ်စုံကို ချက်ချင်းဝတ်ဆင်ကာ ကောင်းကင်သို့ ပျံတက်သွားသည်။
မဟူရာအလင်း လျှို့ဝှက်ယာဉ်သည် ဟန်ရှောင်းကို ခေါ်ဆောင်သွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
"ဒီမှာနေစမ်း" အမ်ဘာသည် ကစားသမားများထံမှ သူ၏အာရုံကို လွှဲလိုက်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဟန်ရှောင်းကို ဖမ်းရန် အနက်ရောင်စီးကြောင်း ထွက်ပေါ်လာသည်။
သို့သော် အနက်ရောင်စီးကြောင်း၏ အရှိန်သည် ဟင်းလင်းပြင်နဂါး ယန္တရားဝတ်စုံ၏ အမြင့်ဆုံးအရှိန်နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။
ယခုအချိန်တွင်၊ ဒီဂူလစ်ရှ်၏ ခေါင်းတွင် သွေးကြောများစွာ ထွက်ပေါ်လာပြီး ခြေထောက်များကို ကွေးကာ၊ သူ့ပတ်ဝန်းကျင် မီတာတစ်ရာ အချင်းဝက်အတွင်း မြေကြီးကို နင်းချေဖျက်ဆီးလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူသည် ဟန်ရှောင်း၏ ခေါင်းပေါ်၌ ပေါ်လာပြီး လည်ပတ်နေသော ဝဲကတော့တစ်ခု သူ့လက်သီးတဝိုက်တွင် စုဝေးသွားသည်။ အတွင်းမှ တောက်ပသော အလင်းတန်းတစ်ခု ဖြာထွက်နေသည်ကို မြင်နိုင်သည်။ အဲဒါက ဟန်ရှောင်း အကြိမ်ကြိမ် ခံစားဖူးသည့် 'စစ်သည်တော်' စွမ်းရည်တစ်ခုဖြစ်သည်။
ဟန်ရှောင်းသည် လက်နှစ်ဖက်ကို မြှောက်လိုက်ရုံသာ အချိန်ရပြီး တောက်ပသော လက်သီးသည် သူ၏ ယှက်ထားသော လက်နှစ်ဖက်၏ တည့်တည့် အလယ်ဗဟိုကို ထိမှန်သွားသည်။
ဘန်း!
ကောင်းကင်က ခရမ်းရောင်နေအဖြစ် ပေါက်ကွဲသွားသလိုပင်။
ပြင်းထန်သော ထိုးနှက်ချက်တစ်ခုသည် ဟန်ရှောင်းထံသို့ ရောက်ရှိလာပြီး လေထဲတွင် ရှိနေသဖြင့် ထိခိုက်မှုကို လွှဲပြောင်းရန် နည်းလမ်းမရှိပေ။ သူ့အမြင်အာရုံ ဝေဝါးသွားပြီး မဟူရာအလင်း လျှို့ဝှက်ယာဉ်သည် သူ့ဆီမှ လျင်မြန်စွာ ရွေ့လျားသွားသည်ကိုသာ မြင်လိုက်ရပြီးနောက် သူ့ကျောမှ ပြင်းထန်သော ထိခိုက်မှုတစ်ခု ဖြစ်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး မြေကြီးပေါ် ရိုက်ခတ်သွားပြီး အပျက်အစီးတွေက သူ့ကို ဖုံးလွှမ်းသွားသည်။ သူ့အမြင်အာရုံထဲတွင် ကောင်းကင်ကို သေးငယ်သော အပေါက်လေးမှသာ မြင်ရတော့သည်။
ဤပေါက်ကွဲမှုကောင်းသော လက်သီးသည် ဟန်ရှောင်းကို ကောင်းကင်မှ မြေကြီးထဲသို့ တည့်တည့် တွန်းပို့လိုက်သည်။
သူ့လက်မောင်းများ အားနည်းကာ နာကျင်မှုများဖြင့် ပြည့်နှက်နေပြီး အင်တာဖေ့စ်တွင် [ကျိုးပဲ့ခြင်း] အခြေအနေကို ပြသနေသည်။ ကပ်ဘေးအဆင့် ‘စစ်သည်တော်’ ၏ လက်သီးအင်အားသည် မည်မျှ ထူးကဲကြောင်း ဟန်ရှောင်း တိတ်တဆိတ် ညည်းတွားနေ၏၊ သူ၏ ဒဏ်ရာများကို လျင်မြန်စွာ ကုသနိုင်စေရန် ဆဲလ်ပွားများခြင်း တိုးမြှင့်ဖို့ သူ၏စွမ်းအင်ကို တွန်းတင်လိုက်သည်။
ကျိုးသွားသော အရိုးများကို ကြွက်သားများ ကျုံ့ကာ နေရာကျအောင် ပြန်လုပ်လိုက်ပြီး ဆဲလ်များ တိုးပွားလာသည်နှင့်အမျှ မျက်စိတစ်မှိတ်အတွင်း အရိုးများ ဆက်သွားသည်။
ဆဲလ်ပွားများခြင်းသည် ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းကိုမဆို ပျက်စီးမှုကို ပြုပြင်ပေးနိုင်သည်။ သတိရှိရှိ ပြုပြင်ထားသရွေ့၊ ကျိုးသွားခြင်း သို့မဟုတ် မသန်မစွမ်းဖြစ်ခြင်းကဲ့သို့သော အနုတ်လက္ခဏာ အခြေအနေများကို သွေးအမှတ် ပြန်လည်ရရှိနေစဉ် ပြန်လည်သက်သာလာမည်ဖြစ်သည်။ ဒါက သူအရိုက်ခံရစဉ်က ဟန်ရှောင်း ရှာဖွေတွေ့ရှိခဲ့သည့် ဘေးထွက်ဆုလာဘ်တစ်ခုဖြစ်သည်၊ မဟုတ်လျှင် အခုချိန်မှာ သူ့အရိုးတွေ အားလုံး ကျိုးကုန်ပြီဖြစ်သည်။
ဒုန်း! ဒုန်း!
သူ အသက်မရှူနိုင်မီတွင်၊ ဒီဂူလစ်ရှ်က မြေကြီးကို တိုက်ရိုက်ရိုက်ခွဲလိုက်သဖြင့် သူ့ခေါင်းပေါ်ရှိ အပျက်အစီးများ ပွင့်ထွက်သွားသည်။ လက်သီးများ မြေကြီးကို အဆက်မပြတ် ရိုက်နှက်နေသဖြင့် သူသည် လူသားမြေထိုးစက်နှင့် တူသည်။
ဟန်ရှောင်းသည် အရှင်လတ်လတ် မြေမြှုပ်မခံချင်သောကြောင့် ပြုတ်ကျလာသော အပျက်အစီးများကို ဖယ်ထုတ်ကာ ပျံသန်းထွက်ခွာသွားသည်။ သို့သော် အမ်ဘာ၏ အနက်ရောင်စီးကြောင်းသည် ထိုအချိန်တွင် ရှေ့သို့ တိုးလာပြီး သူ့ကို ခေတ္တ ပိတ်ဆို့ထားသည်။
"မိပြီ!"
ဒီဂူလစ်ရှ်သည် ခြေလှမ်းကျဲကြီးများဖြင့် ပြေးလာကာ ဝက်ဝံတစ်ကောင် ဖက်ထားသလို ဟန်ရှောင်း၏ ခါးကို ဖမ်းဆွဲလိုက်သည်။ သူ၏အနေအထားကို လျင်မြန်စွာ ပြောင်းကာ ဟန်ရှောင်း၏နောက်သို့ ရောက်သွားသည်။ ဟန်ရှောင်း၏ လှုပ်ရှားမှုများကို ဖိနှိပ်ရန် သူ၏ခွန်အားကို အသုံးပြုပြီး လက်များကို သော့ခတ်ထားလိုက်သည်။
အင်အားချင်း နှိုင်းယှဉ်ကြည့်လျှင် ဟန်ရှောင်းသည် ကပ်ဘေးအဆင့် ‘စစ်သည်တော်’ နှင့် လုံးဝ ယှဉ်နိုင်သူ မဟုတ်သောကြောင့်၊ သူနှင့် လုံးဝ မကခုန်ချင်ပေ။
ရွှစ်!
ထိုအချိန်တွင် တယ်ရီသည်လည်း အခွင့်အရေးယူလိုက်သည်။ သတ္တုအပိုင်းအစများစွာ ရှည်ထွက်လာပြီး ဟန်ရှောင်း၏ မျက်လုံး၊ လည်ချောင်း၊ နှလုံးနှင့် အခြားအရေးကြီးသော နေရာများကို ထိုးဖောက်ဝင်ရောက်လာသည်။
ကလန်!
သစ္စာစောင့်သိသူ နှစ်ကောင်သည် သတ္တုများ တရစပ် ဝင်ရောက်လာခြင်းမှ ဟန်ရှောင်းကို ကာကွယ်ပေးနေသည်။ [စွန့်ပစ်ပစ္စည်း ပြုပြင်မွမ်းမံခြင်း] ကို သူအသုံးပြုတိုင်း စက်ပစ္စည်းများ၏ အရည်အသွေးသည် အဆင့်တစ်ခု လျော့ကျသွားမည်ဖြစ်သည်။ ထို့ကြောင့်၊ သစ္စာစောင့်သိသူ များသည် ပျားအုံများအဖြစ် ထိုးဖောက်မခံရမီ သတ္တုကျည်အများအပြားကို ပိတ်ဆို့နိုင်ခြင်း မရှိပေ။ သို့သော် သူတို့သည် ဟန်ရှောင်းအတွက် အဖိုးတန်အချိန်အချို့ကို ဆွဲထားပေးနိုင်ခဲ့သည်။
ဟန်ရှောင်းသည် တယ်ရီထံမှ တိုက်ခိုက်မှုကို ရှောင်ရှားရန် ကောင်းကင်သို့ တက်သွားချိန်တွင် ဒီဂူလစ်ရှ်ကို သူနှင့်အတူ ခေါ်ဆောင်သွားကာ သူ၏ ယန္တရားဝတ်စုံ တွန်းကန်အားမော်ဂျူးကို အပြည့်အဝ လုပ်ဆောင်လိုက်သည်။
နှစ်ကြိမ်တိုင်တိုင် ရုန်းကန်ပြီးသည့်တိုင် ဟန်ရှောင်းသည် ဒီဂူလစ်ရှ်၏ ထိန်းချုပ်မှုမှ ရုန်းမထွက်နိုင်သေးပေ။ ထို့ကြောင့် သူသည် နည်းလမ်းကို ပြောင်းလိုက်၏။ ယန္တရားဝတ်စုံ၏ ခြေထောက်များ ရုတ်တရက် ကွဲထွက်သွားပြီး ဟန်ရှောင်းသည် ဝတ်စုံမှ လျှောကျကာ အလွယ်တကူ လွတ်မြောက်သွားသည်။ တစ်ချိန်တည်းမှာပင်၊ ယန္တရားစွမ်းအားကို အသုံးပြု၍ ဟင်းလင်းပြင်နဂါး ယန္တရားဝတ်စုံကို တစ်စစီဖြုတ်လိုက်ပြီး သူ့ကိုယ်တွင် ပြန်လည် ဝတ်ဆင်လိုက်သည်။
ဒီဂူလစ်ရှ်သည် လေကိုဖက်လျက် ကျန်ရစ်ခဲ့ပြီး ချက်ချင်းပင် မြေကြီးပေါ်သို့ ပြန်ကျသွားသည်။
မိခင်ယာဉ် ပင်မအမြောက်၏ ခြိမ်းခြောက်မှုသည် သူ့နှလုံးသားကို ဆွဲဆုပ်ထားသလိုဖြစ်နေပြီး တစ်စက္ကန့် နှောင့်နှေးတိုင်းတွင် ဟန်ရှောင်းသည် အန္တရာယ် နောက်တစ်ဆင့် တိုးလာသည်ကို ခံစားလိုက်ရသည်။ သို့သော်၊ ဒီဂူလစ်ရှ်နှင့် တယ်ရီတို့က သူ့ကို စောင့်ကြည့်နေသဖြင့် ကောင်းကင်သို့ ပျံသန်းရန် ကြိုးစားတိုင်း ပိတ်ဆို့ခံရလိမ့်မည်။
မဟူရာအလင်း လျှို့ဝှက်ယာဉ်သည် သူ့ခေါင်းပေါ်တွင်သာ ပျံဝဲနိုင်ပြီး ကပ်ဘေးအဆင့် စူပါများနှင့် အရမ်းနီးကပ်ဖို့ မဝံ့ရဲပေ။ အကယ်၍ အနီးကပ်လာလျှင် စုတ်ဖြဲခံရလိမ့်မည်။
တိုက်ပွဲအတွက် အချိန်သည် ငါးမိနစ် ကျော်လွန်သွားပြီဖြစ်ပြီး သူ၏ [ဗွိုက် ခရီးသွားခြင်း] ကို ပြန်သုံး၍ရပြီဖြစ်သည်။ ဟန်ရှောင်းသည် သူ၏ အာကာသယာဉ်ဆီသို့ ပြေးရန် ထိုကျွမ်းကျင်မှုကို အသုံးပြုလိုသော်လည်း ဗွိုက် ခရီးသွားခြင်း အခြေအနေသို့ ရောက်ရှိသည်နှင့် တပြိုင်နက်၊ သူသည် မည်သည့်အရာကိုမျှ ထိခိုက်အောင် မလုပ်နိုင်ဘဲ အရာဝတ္ထုတိုင်းကို ဖြတ်ကျော်သွားမည်ဖြစ်သည်။ သူ၏ ယန္တရားဝတ်စုံပင်လျှင် အသုံးမဝင်တော့ဘဲ သူ၏ ယန္တရားစွမ်းအားကို အသုံးပြု၍သာ မျောလွင့်နေနိုင်မည်ဖြစ်သည်။ [ဗွိုက် ခရီးသွားခြင်း] မှ ပေးသောကြာချိန်သည် အာကာသယာဉ်ထဲသို့ ကိုယ်တိုင် ပျံသန်းရန် မလုံလောက်ပေ။
‘အခြေအနေက သိပ်မကောင်းဘူး...’
ဟန်ရှောင်းသည် သူ့နှလုံးသားထဲတွင် အကူအညီမဲ့နေသည့် ခံစားချက်ကို ခံစားလိုက်ရပြီး သောင်းနှင့်ချီသော ကစားသမားများဆီသို့ အပြေးအလွှား လှည့်သွားလိုက်သည်။
ထို 'ခြေလျင်စစ်သည်' များသည် ကပ်ဘေးအဆင့် စူပါသုံးယောက်ကို နှောင့်နှေးစေခြင်းဖြင့် အချိန်အနည်းငယ် ဝယ်နိုင်သရွေ့ သူသည် စစ်မြေပြင်မှ လွတ်မြောက်နိုင်မည်ဖြစ်သည်။ 'စစ်သားတွေကို အခွင့်ကောင်းတစ်ခုမှာ အသုံးပြုဖို့ ရက်ပေါင်း ထောင်ချီ လေ့ကျင့်ပေးတယ်' ဆိုတဲ့ ဆိုရိုးစကားက မှန်တယ်။
အမ်ဘာက လက်ချောင်းတွေကို အကြိမ်အနည်းငယ် တောက်လိုက်တယ်။
ဖပ် ဖပ် ဖပ်...
သောင်းနှင့်ချီသော ကစားသမားများသည် ၎င်းတို့၏ သွေးအမှတ် ၀ အထိ လျော့ကျသွားသည်ကို မြင်လိုက်ရပြီး အဖြူရောင်အမှုန်များအဖြစ်သို့ ပြောင်းလဲသွားကာ ပြန်လည်ရှင်သန်ရန် စေလွှတ်ခံလိုက်ရသည်။
အမ်ဘာ၏စွမ်းရည်သည် အလွန်အစွမ်းထက်လှသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် စစ်မှန်သောထိခိုက်မှုကို ခုခံနိုင်စွမ်းမရှိပါက၊ သူတို့သည် သူ့ထက် အားနည်းနေသရွေ့၊ သူ့ကို တိုက်ခိုက်ရန် အရည်အချင်းမပြည့်မီပေ။ ကိန်းဂဏန်းများက သူ့အတွက် ဘာမှ အဓိပ္ပါယ်မရှိပေ၊ ထို့ကြောင့် သူ့ကို အမှောင်ကြယ်၏ သတ်ဖြတ်ခြင်းစက်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ သူသည် မျက်စိတစ်မှိတ်အတွင်း သန်းပေါင်းများစွာကို မပင်မပန်း သတ်ဖြတ်နိုင်သည်။
...
သောင်းနှင့်ချီသော ကစားသမားများသည် ရင်ပြင်တွင် တပြိုင်နက် ပြန်လည်ရှင်သန်လာပြီး ထိုနေရာ၌ အံ့အားသင့်သွားကြသည်။
"သောက်ကျိုးနည်း၊ ငါ ဒီအတိုင်း သေသွားတာ!"
"ကာဗွန် ကွဲထွက်ခြင်းလား။ စစ်မှန်သော ထိခိုက်မှုလား။ ဒီဘော့စ်က ကြမ်းထော်နေတာပဲ"
"ငါ ဒီကနေ သွားတော့မယ်။ ဘလက်စတားရဲ့ စစ်မြေပြင်က ငါတို့ ဘာမှလုပ်လို့ရတဲ့နေရာ မဟုတ်ဘူးဆိုတာ အသိသာကြီး"
"အဲဒါက ဇာတ်ကြောင်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ငါတို့ကို သတ်နေတာ"
ဇာတ်ကြောင်းအရ သတ်ဖြတ်မှုသည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး ကစားသမားအများစုက ၎င်းကို ယုံကြည်ကာ လှုပ်ရှားမှုများတွင် ပါဝင်ရန် မသွားကြတော့ပေ။ ဂိမ်းထဲတွင်၊ သူတို့သည် ခြောက်ရက်လျှင် ဆယ်ကြိမ်သာ သေဆုံးနိုင်သောကြောင့် ကစားသမားများသည် ဤကဲ့သို့သော အဓိပ္ပါယ်မရှိသော ဇာတ်ကွက်တစ်ခုတွင် သူတို့၏ အကန့်အသတ်ရှိသော သေဆုံးမှုများကို အသုံးမပြုချင်ကြပေ။ ထို့ကြောင့် သူတို့သည် လည်ပင်းကို ဆန့်ထုတ်ကာ ဟန်ရှောင်း၏ တိုက်ပွဲကို ကြည့်ရန် ရွေးချယ်လိုက်ကြသည်။
သူတို့ ဇာတ်ကွက်တစ်ခုကို ကြည့်ရတာ ပထမဆုံးအကြိမ်လည်း မဟုတ်ပေ။ ဗားရှင်း ၁.၀ ကာလတွင် နိုင်ငံ၆နိုင်ငံသည် ဂျာမီနယ်အဖွဲ့အစည်းနှင့် စစ်ပွဲဆင်နွှဲခဲ့သည့်အပြင် စောစောပိုင်းက ဗီဇပြောင်းလဲမှု ရင်းမြစ်ကို ဖြေရှင်းခဲ့ခြင်းသည် ကစားသမားများအတွက် ပြင်ဆင်ပြီးသားဖြစ်သည်... ပြန်စဉ်းစားကြည့်လျှင်၊ ရေပင်လယ်ဂြိုလ်တွင် ဇာတ်လမ်းဇာတ်ကွက် အတော်များများ ရှိနေပုံရသည်။
လူတိုင်းသည် ဤအချိန်သည် ဘလက်စတား၏ ကိုယ်ပိုင်ဇာတ်ကြောင်းတစ်ခုဟု ခံစားရပြီး ဇာတ်ကွက်၏ ဖွံ့ဖြိုးတိုးတက်မှုကို သိချင်နေကြသည်။
ကစားသမားများ၏ အမြင်တွင် ရေပင်လယ်ဂြိုလ်သည် ဤကဲ့သို့သော အကျပ်အတည်းနှင့် ကြုံတွေ့ရစေရန်၊ ၎င်းသည် ဇာတ်ကွက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သင့်သည့် အစပျိုးဂြိုလ်မှ ထွက်ခွာတော့မည့် အကူးအပြောင်းကို ညွှန်ပြနေသည်။
လမ်းပြအဖွဲ့၏ ခေါင်းဆောင်အနေဖြင့် ဘလက်စတားသည် ကာလကြာရှည်စွာ သူတို့၏ခေါင်းဆောင် ဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့်၊ ကစားသမားအများအပြားသည် ဘလက်စတားသည် ဤပွဲ၌ ထွန်းလင်းတောက်ပနိုင်ပြီး ပို၍နက်ရှိုင်းသော အထင်ကြီးမှုကို ချန်ထားနိုင်သည်ဟု ယူဆကြသည်။ သို့သော်လည်း မည်သို့ အမှန်တကယ် ဖြစ်လာမည်ကို ကြိုတင်မခန့်မှန်းနိုင်ကြပေ။
...
သောင်းနှင့်ချီသော ကစားသမားများ ဖုတ်ဖတ်ခါ ထွက်ခွာသွားသည်ကို မြင်လိုက်ရသဖြင့် ဟန်ရှောင်းသည် နှုတ်ခမ်းထောင့်များ တွန့်သွားသည်ကို မရပ်တန့်နိုင်ပေ။
‘ကျွတ်၊ ဒီကစားသမားအုပ်စုကို အားကိုးလို့မရတော့ဘူး ထင်တယ်။ သူတို့နဲ့ ကပ်ဘေးအဆင့် စူပါတွေကြား ကွာဟချက်က ကြီးလွန်းတယ်။’
ဒီဂူလစ်ရှ်နှင့် အခြားနှစ်ဦးသည် ဟန်ရှောင်းကို တြိဂံပုံသဏ္ဍာန်ဖြင့် ဝိုင်းထားသော်လည်း အကွာအဝေးတစ်ခုကို ထိန်းထားကာ သူ့ထံသို့ နီးကပ်သွားခြင်း မရှိပေ။
သူတို့သုံးယောက်သည် ဟန်ရှောင်းကို ထွက်ပြေးခွင့် မပြုချင်သော်လည်း သူနှင့်အတူ အမြောက်ပေါက်ကွဲမှုကို မခံချင်ကြပေ။ အမြောက်ပေါက်ကွဲမှုသည် သူငယ်ချင်းနှင့် ရန်သူကြား ခွဲခြားနေမည် မဟုတ်ပေ။
"ရစ်ဒါ၊ မိခင်ယာဉ်အမြောက် ပစ်ခတ်တာကို တားဖို့ နည်းလမ်းရှိလား" ဟန်ရှောင်းသည် သူ၏ဆက်သွယ်ရေးစက်ထဲသို့ တိုးတိုးလေး မေးလိုက်သည်။
"ကျွန်တော့်မှာ လုပ်စရာ နည်းလမ်းမရှိဘူး။ ကျွန်တော် နောက်ထပ် မိခင်ယာဉ်တစ်စင်းထဲကို စိမ့်ဝင်သွားပြီး အခြေအနေကို စစ်ဆေးဖို့ပဲ ကူညီပေးနိုင်တယ်... အို၊ မဟုတ်သေးဘူး၊ ပင်မအမြောက်ကို အားသွင်းတာ ပြီးသွားပြီ၊ ပစ်မှတ်ကို သော့ခတ်ပြီးပြီ။ မင်းမှာ ၈.၆ စက္ကန့်လောက်ပဲ ကျန်တော့တယ်"
"ငါ ပေါက်ကွဲမှုကို ရှောင်လို့မရဘူး ထင်တယ်။ ဟုတ်ပြီလေ၊ သွားတာပေါ့။ ငါ ဒါကို ခံနိုင်တယ်..."
ဟန်ရှောင်းသည် မိမိကိုယ်ကို ကြိုးစားလှုံ့ဆော်လိုက်ရသည်။ သူသည် ချုံ့ထားသော ဘောလုံးအနည်းငယ်ကို ပစ်လိုက်ရာ အလွိုင်းအဖုံးများအဖြစ် ကျယ်ပြန့်သွားသည်။ ဤသည်မှာ အကာအကွယ်အတွက် အသုံးပြုနိုင်သော သယ်ဆောင်ရလွယ်ကူသော နည်းဗျူဟာ ကာကွယ်ရေးခံတပ်ဖြစ်သည်။ အလွန်အကြမ်းခံခြင်းမှတပါး အခြားအကျိုးသက်ရောက်မှု မရှိပေ။
ယင်းနောက်တွင် ယန္တရားစစ်သားများသည် ဟန်ရှောင်းအပေါ်သို့ ကပ်သွားကြပြီး သယ်ဆောင်ရလွယ်ကူသော ကာကွယ်ရေးခံတပ်၏အပေါ်တွင် ၎င်းတို့၏ ခန္ဓာကိုယ်များကို ဒိုင်းများအဖြစ် အသုံးပြုလိုက်ကြသည်။ သူတို့၏ကိုယ်ပိုင် ဒိုင်းများကို အသက်သွင်းပြီး ကောင်းကင်ကို မျက်နှာမူထားကြသည်။
ဒီဂူလစ်ရှ်နှင့် အခြားသူများသည် အမြောက်၏ ပေါက်ကွဲမှု သက်ရောက်သည့်နေရာအတွင်း ဝင်ရောက်ရန် ဆန္ဒမရှိကြဘဲ ဘလက်စတား မလွတ်မြောက်သရွေ့ မျက်ကွယ်ပြုထားမည်ဖြစ်သည်။ ထို့ကြောင့် သူတို့ပြန်လှည့်ပြီး သူတို့ပတ်ဝန်းကျင်ရှိ ယန္တရားတပ်မတော်ကို တိုက်ခိုက်လေသည်။ ကာကွယ်ရေးခံတပ်သို့ ရောက်ရှိရန် သူတို့သုံးဦးကို ဖြတ်ကျော်သွားသည်မှာ အနည်းငယ်မျှသာ ရှိသော်လည်း ကာကွယ်ရေးလိုင်းသည် အဆက်မပြတ် ပိုထူလာသည်။
ကျန်ရှိသော လွန်းပြန်ယာဉ်များနှင့် ယန္တရားလက်များလည်း ကောင်းကင်သို့ ပျံတက်သွားပြီး ၎င်းတို့၏ ဒိုင်းများကို အသက်သွင်းလိုက်သည်။
ဟန်ရှောင်းသည် ကာကွယ်ရေးအတွက် သူ၏ စက်ယန္တရားအားလုံးနီးပါးကို ထုတ်လွှတ်လိုက်ပြီး ၎င်းတို့ မည်မျှ ကာကွယ်နိုင်သည်ကို သူမသိပေ။ ထို့ကြောင့်၊ သူသည် သူ၏ သွေးအမှတ်ကို အများဆုံး ပြန်လည်ရယူပြီး သူ၏စွမ်းအင်ကို စုစည်းကာ အော်ရိုရာ၏ ဇာတ်ကောင် ဆင့်ခေါ်ကတ်ကို အသုံးပြုရန် အဆင်သင့်ဖြစ်နေသည်။
ထိုအချိန်တွင် ယန္တရားတပ်မတော်ကို ပိတ်ဆို့ထားသည့် ဒီဂူလစ်ရှ်သည် မိခင်ယာဉ်ထံမှ အကြောင်းကြားစာကို လက်ခံရရှိခဲ့သည်။ သူတို့သုံးယောက်သည် ချက်ချင်းပင် သူတို့၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး ဝေးရာသို့ ဆုတ်ခွာသွားကြသည်။
"ကိစ္စပြီးသွားပြီ။ ဘလက်စတား ဒါကို ရှောင်လို့ မရဘူး!"
ဒီဂူလစ်ရှ်သည် ကျေနပ်သောအပြုံးကို ဖော်ပြသည်။ ပင်မအမြောက်ကို သော့ခတ်ပြီး ဘလက်စတားကို ထိမှန်စေရန်အတွက် ဟန်ရှောင်းကို လိုက်ဖမ်းပြီး ထွက်ပြေးခြင်းမှ ပိတ်ဆို့ထားခြင်းဖြစ်သည်။ ဒါက သူ့ကိုသတ်ဖို့ ဖြစ်နိုင်ခြေအရှိဆုံး နည်းလမ်းပင်။
ထိုအချိန်တွင်၊ ကာကွယ်ရေးခံတပ်အတွင်း၌၊ ဟန်ရှောင်းသည် သူ၏သတိထားမှုကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်ပြီး ဂျာမီနယ်အဖွဲ့အစည်းခေါင်းဆောင်အတွက် သူရရှိထားသော ကျွမ်းကျင်မှု [ပြန်ကန်ခြင်း - ဆူး] ကို အသက်သွင်းလိုက်သည်။ ဤကျွမ်းကျင်မှုသည် လာမည့်တိုက်ခိုက်မှုမှ ရရှိသော ပျက်စီးဆုံးရှုံးမှု၏ ၃၀ရာခိုင်နှုန်းကို ပြန်ကန်သွားစေမည်ဖြစ်သည်။
"လာနေပြီ"
စာစဉ် (၃၇)၊ အခန်း (၅၇၂) ပြီး၏။
လင်းဆက်
+++++