အခန်း (၅၇၉-၅၈၀)
Vol. 37 Ch. 579-580
အခန်း (၅၇၉) အချိန်တန်ပြီ
ကပ်ဘေးအဆင့်သို့ ဝင်ရောက်ခြင်းမှ အပြောင်းအလဲများကို စစ်ဆေးပြီးနောက် ဟန်ရှောင်းသည် လေ့ကျင့်ရေးအခန်းမှ ထွက်မလာမီ သူ၏အဝတ်အစားများကို သပ်ရပ်အောင် ပြုလုပ်လိုက်သည်။
အခြေစိုက်စခန်း၏ စင်္ကြံလမ်းအတိုင်း လျှောက်လာစဉ် အေရိုရှီးယားနှင့် တွေ့၏။
"ရှင် ဘယ်သွားမလို့လဲ"
"အခန်းကို ပြန်မလို့လေ။" အေရိုရှီးယားသည် ဟန်ရှောင်းကို ကျော်ဖြတ်သွားရန် ပြင်ဆင်နေသော်လည်း ရုတ်တရက် ဟန်ရှောင်းဘေးတွင် ရပ်တန့်လိုက်ပြီး ထူးဆန်းသော အကြည့်ဖြင့် သူ့ကို စတင် အနံ့ခံနေသည်။
"ဘာဖြစ်လို့လဲ။ ငါ့ဆီက အနံ့မွှေးနေလို့လား" ထို့နောက် ဟန်ရှောင်းသည် သူ၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။
အေရိုရှီးယားက ခေါင်းခါလိုက်ပြီး ပုံမှန် တည်ငြိမ်နေသော သူမ၏ မျက်နှာပေါ်တွင် မသေချာမှု အရိပ်အယောင်ကို တွေ့မြင်နေရသည်။ သူမသည် ဟန်ရှောင်းကို ဖြတ်ကျော်သွားသောအခါ ဟန်ရှောင်း၏ အရှိန်အဝါနှင့် ပတ်သက်ပြီး ကွဲပြားသော အရာတစ်ခုကို ခံစားလိုက်ရပြီး သူမ၏ အာရုံခံစားမှုများ မှားယွင်းနေသည်ဟု ထင်နေသည်။
"ရှင် ဘယ်လို အပြောင်းအလဲတွေ လုပ်လာတာလဲ" အေရိုရှီးယားသည် ဘယ်သောအခါမှ ကွေ့ဝိုက်မနေဘဲ လိုရင်းကို တည့်တည့်ပြောတတ်သည်။
"အမ်၊ မင်း ခံစားမိတယ်ပေါ့။ ငါ့အင်အားက နောက်တစ်ဆင့်တက်နိုင်သွားပြီး အခု ကပ်ဘေးအဆင့် ရောက်နေပြီလေ။" ဟန်ရှောင်း ဘာမှဖုံးကွယ်ဖို့ အာရုံမစိုက်ခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူ့အရာရှိတွေ နောက်ကျရင် သိလာကြမည်ဖြစ်သည်။
အေရိုရှီးယားက တုံ့ပြန်မှုအဖြစ် ဂရုမစိုက်ဘဲ ခေါင်းညိတ်လိုက်သည်။ သူမအတွက် ဟန်ရှောင်း ဘာလုပ်လုပ် သူ့ကို နည်းနည်းလေးမှ သံသယ၀င်မှာ မဟုတ်ပေ။ ဒါ့အပြင် ဟန်ရှောင်းသည် ကြီးမားသော တိုက်ပွဲကြီးတစ်ခုမှ လွတ်မြောက်လာခဲ့ပြီး သူထိုးဖောက်နိုင်ခဲ့ခြင်းမှာ အလွန် သာမန်ဆန်သောကိစ္စ ဖြစ်သည်။
ဂိမ်းမျက်နှာပြင် မပါရှိသော သူတို့ကဲ့သို့ ကွန်ပျူတာဇာတ်ကောင်များအတွက်၊ တိုက်ပွဲဝင်ခြင်းသည် သူတို့၏ အင်အားကို မြှင့်တင်ရန် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။
ဟန်ရှောင်း ရုတ်တရက် တစ်ခုခုကို တွေးမိပြီး ပြုံးလိုက်သည်။
"သွားဖို့ လောမနေနဲ့ဦး။ မင်းကို လှည့်ကွက်လေးတစ်ခု ပြမယ်။"
သူက အဲဒီလိုပြောပြီးသည်နှင့် ဟန်ရှောင်းက သူ့ရဲ့ [ဖရိုဖရဲ အရာဝတ္ထု - ထုတ်လွှတ်ခြင်း] ကို အသက်သွင်းလိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး မီးခိုးရောင် မြူခိုးအဖြစ် ပြောင်းလဲသွားသည်။
အေရိုရှီးယားက သူမရှေ့က မြူခိုးများကို မျက်လုံးပြူးပြီး အံ့သြတကြီး ကြည့်နေသည်။ ထိုကဲ့သို့သော နယ်မြေ အသွင်ပြောင်းခြင်းသည် သူမ၏ စွမ်းအင်ခန္ဓာကိုယ်နှင့် အလွန်ဆင်တူသည်။ သူမက လက်ကို ဆန့်၍ မြူခိုးများကို ထိလိုက်သော်လည်း သူမ၏လက်တစ်ဖက်လုံးသည် မြူခိုးများကြား ဖြတ်သန်းသွားပြီး ဘာမှမခံစားရပေ။ သူမရှေ့က မီးခိုးရောင် မြူခိုးများသည် သာမန်မြူခိုးများလိုပင်။
ဟွမ်
အေရိုရှီးယားသည် သူမ၏ ခန္ဓာကိုယ်ကို စွမ်းအင်ပုံစံအဖြစ် ပြောင်းလဲပြီး မီးခိုးရောင် မြူခိုးထဲသို့ ဝင်ရောက်သွားသည်။ တောက်ပနေသော ရွှေရောင် စွမ်းအင်ခန္ဓာကိုယ်သည် မီးခိုးရောင် မြူခိုးများနှင့် ရောထွေးနေပြီး သူမ စွမ်းအင်မီးဖို၌ ရှိနေမှသာ ခံစားရမည့် နွေးထွေးသော ခံစားမှုကို ခံစားနိုင်သည်။
အားသွင်းခြင်းအကြောင်း စဉ်းစားလိုက်သည်နှင့် အေရိုရှီးယားသည် မီးခိုးရောင် မြူခိုးများမှ စွမ်းအင်ကို စုပ်ယူရန် မသိစိတ်မှ ကြိုးစားလိုက်သည်။ သို့သော် ဖရိုဖရဲ ခန္ဓာကိုယ်ကို ဟန်ရှောင်း၏ စွမ်းအင်ဖြင့် ထိန်းသိမ်းထားပြီး ဤစွမ်းအင်ကို ဟန်ရှောင်းက ထိန်းချုပ်ထားသည်။ ထို့ကြောင့် အေရိုရှီးယား စုပ်ယူ၍မရနိုင်ပေ။
အေရိုရှီးယား၏ လုပ်ရပ်ကို ခံစားလိုက်ရသဖြင့် ဟန်ရှောင်းသည် အေရိုရှီးယား စုပ်ယူနိုင်ရန် သူ၏စွမ်းအင် အစိတ်အပိုင်း အနည်းငယ်ကို ထုတ်လွှတ်လိုက်သည်။ အေရိုရှီးယားသည် ရုတ်တရက် တဖျပ်ဖျပ်လင်းလက်လာသော တောက်ပသော အလင်းဘောလုံးအဖြစ်သို့ ပြောင်းလဲသွားသည်။ ဖရိုဖရဲ ခန္ဓာကိုယ်မှ စွမ်းအင်ကို စုပ်ယူလိုက်ခြင်းက သူမကို ကြီးစွာသော သက်တောင့်သက်သာ ခံစားမှုကို ရရှိစေပြီး သူမ၏ လူသားပုံစံကို ထိန်းသိမ်းရန်ပင် အာရုံမစိုက်နိုင်တော့ပေ။ အကယ်၍ သူမ၏ စွမ်းအင်ပုံစံတွင် အသံကြိုးများ မရှိခြင်းကြောင့်သာ မဟုတ်ပါက ကျေနပ်နေသည့် ညည်းတွားသံ ထွက်ပေါ်လာနိုင်သည်။
(ဘာတွေလား…)
ကပ်ဘေးအဆင့် စူပါ၏ စွမ်းအင်သည် ပိုမိုသိပ်သည်းပြီး ဟန်ရှောင်း၏ ဗီဇတံဆိပ် ပါရှိသည်။ ထို့ကြောင့် သဘာဝကျကျပင် စွမ်းအင်မီးဖိုနှင့် အလွန်ကွာခြားသည်ဟု ခံစားရသည်။
စွမ်းအင်သည် ဖရိုဖရဲ ခန္ဓာကိုယ်၏ သွေးအမှတ် ဖြစ်ပြီး သူ၏စွမ်းအင် အစိတ်အပိုင်းအနည်းငယ် စုပ်ယူခံလိုက်ရသဖြင့် ဟန်ရှောင်း၏ သွေးအမှတ် ကျဆင်းသွားသည်။ ဟန်ရှောင်းသည် ဖရိုဖရဲ ခန္ဓာကိုယ်ဖြင့် တယ်လီပသီ စာတိုပေးပို့နိုင်ကြောင်း သဘောပေါက်လိုက်သည်၊ သူအံ့အားသင့်သွားကာ အေရိုရှီးယားထံ စာတိုတစ်စောင် ပေးပို့လိုက်သည်။ သူမ၏ စွမ်းအင်အချို့ကိုလည်း မီးခိုးရောင် မြူခိုးထဲသို့ ဖြတ်သန်းစီးဆင်းစေရန် သူမအား တောင်းဆိုလိုက်သည်။ သီအိုရီအရ သူတို့နှစ်ယောက်လုံး စွမ်းအင် ဖလှယ်နိုင်စွမ်း ရှိသင့်သည်။
ရွှေရောင်စွမ်းအင် အလင်းတန်းတစ်ခုသည် မီးခိုးရောင် မြူခိုးထဲသို့ ကူးပြောင်းသွားပြီး သူ၏ ဖရိုဖရဲ ခန္ဓာကိုယ်၏ သွေးအမှတ်သည် နှုတ်ခမ်းသားအထိ ပြည့်သွားသည်။ ဟန်ရှောင်း ရုတ်တရက် အတွေးတစ်ခု ပေါ်လာသည်။ သူ၏ အရည်အချင်းအများစုကို သူ၏ ဖရိုဖရဲ ခန္ဓာကိုယ်ပုံစံတွင် သော့ခတ်ထားသောကြောင့် အေရိုရှီးယားသည် သူ့အတွက် 'ဘက်ထရီ' သာမကဘဲ ရွေ့လျား သွေးအမှတ်ဆေးရည်လည်း ဖြစ်နေသည်။
ထို့နောက် သူသည် အေရိုရှီးယားထံ နောက်ထပ် အတွေးတစ်ခု ပေးပို့လိုက်ပြီး အေရိုရှီးယားသည် မီးခိုးရောင် မြူခိုးများနှင့် ပေါင်းစပ်ရန် ဖရိုဖရဲ ခန္ဓာကိုယ် ပုံစံသို့ ပြောင်းလဲသွားသည်။ မီးခိုးရောင် မြူခိုးများသည် ရွှေရောင် အလင်းရောင်ဖြင့် ချက်ချင်း တောက်ပလာကာ သူတို့နှစ်ဦးသည် သူတို့၏ စွမ်းအင်လွှဲပြောင်းမှု စွမ်းဆောင်ရည်ကို တိုးမြင့်စေသည့် ပိုမိုနက်ရှိုင်းသော ချိတ်ဆက်မှုကို ရရှိနိုင်ခဲ့ကြသည်။ ဤသည်မှာ အေရိုရှီးယား ဖရိုဖရဲ ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်သွားခြင်းနှင့် ဆင်တူသည်။
ခဏလောက် စမ်းသပ်ပြီးနောက် ဟန်ရှောင်းသည် ဖရိုဖရဲ ခန္ဓာကိုယ်ကို ပိတ်လိုက်ပြီး မူလခန္ဓာကိုယ်သို့ ပြန်လည်ပြောင်းလဲလိုက်သည်။ အေရိုရှီးယားလည်း သူ့ခန္ဓာကိုယ်မှ ခွဲထွက်ပြီး သူမ၏ စွမ်းအင်ပုံစံကို ပယ်ဖျက်လိုက်သည်။
"ဒါ ရှင့်ရဲ့ စွမ်းရည်အသစ်လား" အေရိုရှီးယား မမေးဘဲ မနေနိုင်တော့ပေ။ အကြောင်းတစ်ခုခုကြောင့် သူမ၏ လှပသောမျက်နှာသည် အနီရောင်သန်းနေသည်။
"ဟုတ်တယ်၊ ငါ ဟင်းလင်းပြင် စွမ်းရည်တွေ ရထားတယ်။"
ဟန်ရှောင်း၏ အမူအရာသည် အနည်းငယ် ထူးဆန်းနေပြီး ထူးဆန်းသော အရာတစ်ခုခုကို ပြုလုပ်လိုက်မိသလို ခံစားလိုက်ရသည်။
ခေါင်းခါလိုက်ပြီး ဟန်ရှောင်းသည် သူ့ခေါင်းထဲမှ ထူးဆန်းသော အတွေးများအားလုံးကို ဖယ်ရှားလိုက်သည်။ ထို့နောက် သူအခုလေးတင် ခံစားခဲ့ရသည်များကို ပြန်စဉ်းစားကြည့်သည်။ သူ၏ ဖရိုဖရဲ ခန္ဓာကိုယ်သည် စွမ်းအင်ကို ၎င်း၏ အသက်သွေးကြောအဖြစ် ရှိနေသည့် နယ်မြေအမျိုးအစား သက်ရှိပုံစံဖြစ်သောကြောင့် အေရိုရှီးယားနှင့် စမ်းသပ်ကြည့်ခဲ့ခြင်း ဖြစ်သည်။ အဆုံးတွင်တော့ အရာအားလုံးသည် သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်လာပြီး သူတို့ ချိတ်ဆက်ကာ သတိရှိရှိ ဆန္ဒရှိနေသရွေ့ အချင်းချင်း စွမ်းအင် ပို့လွှတ်နိုင်မည်ဖြစ်သည်။
သို့သော် အေရိုရှီးယားသည် စွမ်းအင်စုပ်ယူရန် အစပျိုးလုပ်ဆောင်နိုင်သော်လည်း ဖရိုဖရဲ ခန္ဓာကိုယ်က မလုပ်ဆောင်နိုင်ပေ။ ဖရိုဖရဲ ခန္ဓာကိုယ်သည် ၎င်း၏ ပတ်ဝန်းကျင်မှ စွမ်းအင်ကိုသာ စုပ်ယူနိုင်သည်။ အေရိုရှီးယား၏ အက်စ်ပါစွမ်းရည်တွင် အခြားသော ထူးခြားသည့် အင်္ဂါရပ်တစ်ခု ရှိသည်။ သူမသည် ဖြစ်နိုင်ချေရှိသော ပုံစံအားလုံးနီးပါးတွင် စွမ်းအင်ကို အသုံးပြုနိုင်သည်။
‘ဖရိုဖရဲ လေ့လာသူရဲ့ အရည်အချင်းတွေက ထူးခြားပြီး အသုံးပြုဖို့ နည်းလမ်းတွေ အများကြီး ရှိသင့်တယ်’ ဟန်ရှောင်း ကိုယ့်ဘာသာ တွေးနေမိသည်။
ကပ်ဘေးအဆင့်သို့ ဝင်ရောက်ပြီးနောက် ဟန်ရှောင်းတွင် သူကိုယ်တိုင် ရင်းနှီးကျွမ်းဝင်ရန် လိုအပ်သော စွမ်းရည်သစ်များစွာ ရှိသည်။
ထို့နောက် သူသည် လမ်းမခွဲမီ အေရိုရှီးယားပေါ်သို့ [လေ့လာသူ၏ အမှတ်အသား] ကို ပေါ့ပေါ့ပါးပါး ပစ်ချလိုက်သည်။
လမ်းတစ်လျှောက်တွင် ဟန်ရှောင်းသည် ရစ်ဒါ၏ တောင်းဆိုမှုကို စဉ်းစားနေ၏။ သူက သူ့ကတိကို ပြန်ရုတ်သိမ်းဖို့ အစီအစဉ်မရှိပေ။ ရစ်ဒါ သူ၏မစ်ရှင်ကို ပြီးမြောက်သောအခါ အေရိုရှီးယား သူမ၏အမှတ်တရများကို ပြန်လည်ရရှိရန် သူကူညီပေးမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဟန်ရှောင်းသည် [ပြန်လည်စတင်ခြင်း] ၏ နောက်ဆုံး မစ်ရှင်လိုအပ်ချက်က မည်သို့ဖြစ်လာမည်ကို အနည်းနှင့်အများ ခန့်မှန်းနိုင်ပြီဖြစ်သည်။ သူသည် [ယန္တရားအင်ပါယာ] မှ မန်နီဆန်ကို ရင်ဆိုင်ရန် မလိုကြောင်း သေချာအောင်လုပ်ရမည်။
…
နောက်ရက်အနည်းငယ်အတွင်း ကြေးစားတပ်ဖွဲ့၏ အရာရှိအသီးသီးသည် ဟန်ရှောင်း ကပ်ဘေးအဆင့်သို့ ဝင်ရောက်သွားကြောင်း သိရှိသွားကြသည်။ အေရိုရှီးယား၏ တည်ငြိမ်မှုနှင့် နှိုင်းယှဉ်ပါက သူတို့အားလုံး အံ့အားသင့်သွားကြသည်။
အဲဒါ ကပ်ဘေးအဆင့်လေ
သူတို့ခေါင်းဆောင် ကပ်ဘေးအဆင့်ကို မရောက်ခင်က ကပ်ဘေးအဆင့် စူပါသုံးယောက်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိခဲ့ပြီးပြီ။ ယခု သူသည် ကပ်ဘေးအဆင့် စူပါများ၏ အဆင့်သို့ ဝင်ရောက်သွားပြီဆိုတော့ သူဘယ်လောက် အစွမ်းထက်နေမလဲ။
အံ့အားသင့်ဆုံးလူကတော့ သဘာဝကျကျပင် ဟားလပ်စ် ဖြစ်သည်။ ဟန်ရှောင်း အဆင့် ဘီ သို့ မဝင်ရောက်မီ သူသည် ဘလက်စတား ကြေးစားတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ဟန်ရှောင်း သူ့ကို မည်သို့ အမီလိုက်ခဲ့ကြောင်း၊ ကျော်တက်သွားကြောင်းနှင့် အမီလိုက်နိုင်မည့် မျှော်လင့်ချက်မရှိဘဲ ဖုန်မှုန့်များကြား ချန်ထားခဲ့သည်ကို ကိုယ်တိုင်ကိုယ်ကျ စောင့်ကြည့်ခဲ့ရသည်။
ဟန်ရှောင်းသည် အဆင့် စီ မှ အဆင့် အေ ကို နှစ်အနည်းငယ်အတွင်း ရောက်သွားခဲ့တာလား။
ဟားလပ်စ်သည် အဆင့် ဘီ+ ၏ နယ်နိမိတ်ကိုသာ ထိတွေ့နိုင်သေးသည်။
သူ ဒီလို တိုးတက်မှုနှုန်းမျိုး အရင်က တစ်ခါမှ မကြားဖူးပေ၊ ဟန်ရှောင်းက ဘာတွေစားပြီး ကြီးလာတာလဲ။
ဆေးလ်ဗီးယားက အပျော်ဆုံးပဲ။ လွန်ခဲ့သည့်နှစ်အနည်းငယ်က ကြေးစားစစ်သားများနှင့် အတူနေထိုင်ပြီးနောက် သူမသည် ဘလက်စတား စစ်တပ်ကို သူမ၏ ဒုတိယအိမ်အဖြစ် သတ်မှတ်ထား၏။
နောက်ဆုံးတွင် ဘလက်စတား စစ်တပ်ကို ထောက်ပံ့ပေးရန် ကပ်ဘေးအဆင့် စူပါတစ်ယောက် ရှိလာခဲ့ပြီး ဘလက်စတားသည် သူမ၏ ကိုယ်ပိုင်ဆရာလည်း ဖြစ်သည်။ ထို့ကြောင့် သဘာဝကျကျပင် သူမ အလွန်ဂုဏ်ယူနေမိသည်။
သို့သော် ဘလက်စတား စစ်တပ်မှ အရာရှိများသည် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ဟန်ရှောင်း ယန္တရားပြုပြင်မွမ်းမံရေးအခန်းတွင် သူ့ကိုယ်သူ သော့ခတ်ထားသဖြင့် သူ့ကို သိပ်မတွေ့ခဲ့ရပေ။
အဆင့် အေ သို့ ဝင်ရောက်ခြင်းသည် ဒီဇိုင်းပုံစံ အနည်းငယ်ကို ပေါင်းစပ်ရန်အတွက် ကြိုတင်လိုအပ်ချက်ဖြစ်ပြီး ဟန်ရှောင်းသည် သူ၏ စက်ကိရိယာများကို ထပ်မံ အဆင့်မြှင့်တင်နိုင်သည်။ သူတပ်ဆင်ထားသည့် စက်ကိရိယာ အမျိုးအစားကို ပြောင်းလဲရန် မလိုအပ်သော်လည်း တူညီသော အမျိုးအစား ပိုမိုအားကောင်းသည့် စက်ကိရိယာများကို အသုံးပြုနိုင်သည်။ ဟန်ရှောင်းသည် တိုက်ပွဲအတွင်း စက်အများအပြား ဆုံးရှုံးခဲ့ရပြီး ဤအချိန်သည် သူ၏လက်နက်များ ကွာဟချက်ကို ဖြည့်ဆည်းရန် အကောင်းဆုံးအချိန် ဖြစ်သည်။
ဟင်းလင်းပြင်နဂါး ပျက်စီးသွားပြီဖြစ်ပြီး ကျန်ရစ်သည့် တစ်ခုတည်းသောအရာမှာ အဓိက ကုန်ကြမ်းပစ္စည်းဖြစ်သည့် ဟင်းလင်းပြင်နဂါး အရိုးဖြစ်သည်။ ဟန်ရှောင်းသည် အဆင့်မြင့်သော ဒီဇိုင်းပုံစံအသစ်တစ်ခုကို ပေါင်းစပ်လိုက်ပြီး သူ၏ ကပ်ဘေးအဆင့် အင်အားကို ထိန်းထားနိုင်ရန်အတွက် ပိုမိုအားကောင်းသော တိုက်ပွဲဝင်ဝတ်စုံ အသစ်တစ်ခု တည်ဆောက်ရန် ပြင်ဆင်ထားသည်။
ယန္တရားဝတ်စုံ အသစ်အတွက် အဓိက ကုန်ကြမ်းပစ္စည်း သုံးမျိုး ရှိသည် - ကိုင်းလ်အလွိုင်း၊ PR-909 စူပါ နာနို ပေါ်လီမာ ဖိုက်ဘာ နှင့် သန့်စင်ပြီး အိုဗာဂါ သတ္တု။ ဤအရာများအားလုံးသည် စစ်ဘက်အဆင့် ကုန်ကြမ်းပစ္စည်းများ ဖြစ်ပြီး အလွန်စျေးကြီးသည်။ ထို့အပြင် ဤပစ္စည်းများကို ထိန်းချုပ်ထားသူများမှာ ကြယ်စုတန်းအဆင့် လူမှုအဖွဲ့အစည်းများ ဖြစ်ကြသည်။
ဤပစ္စည်းသုံးမျိုးကို လူမှုအဖွဲ့အစည်းများအကြား အရောင်းအဝယ်ပြုလုပ်ရန် အသုံးပြုသည့် မဟာဗျူဟာမြောက် စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များအဖြစ် သတ်မှတ်ထားပြီး စျေးကွက်တွင် လုံးဝ ရှာမတွေ့နိုင်ပေ။ မှောင်ခိုဈေးကွက်တွင် ပေါ်လာသရွေ့ စက္ကန့်ပိုင်းအတွင်း အမည်မသိ ဝယ်ယူသွားလိမ့်မည်။ ကိုင်းလ်အလွိုင်း တစ်ကီလိုဂရမ်သည် အာကာသယာဉ်ငယ်တစ်စင်းနှင့် ဈေးနှုန်းတူညီမည်ဖြစ်သည်။ ဝယ်လိုအားသာရှိပြီး ရောင်းလိုအားမရှိသော စျေးကွက်ဖြစ်သည်။ ပိုက်ဆံရှိလို့ ဝယ်ချင်ရင်တောင် ဝယ်လို့မရနိုင်ပေ။
သို့သော် ဂလက်စီ လူမှုအဖွဲ့အစည်းတစ်ခု၏ အုပ်စိုးသူအနေဖြင့် ဂိုဒိုရာတွင် ကြယ်စုတန်း အဆင့် လူမှုအဖွဲ့အစည်းများထံမှ ဝယ်ယူထားသော ပစ္စည်းအချို့ ရှိလိမ့်မည်။
သူ သန္ဓေပြောင်းလဲခြင်း အရင်းအမြစ်ကို ရောင်းချနေစဉ် အခြေအနေများထဲမှ တစ်ခုမှာ ဂိုဒိုရာက သူ့အား ဤကန့်သတ်ထားသော ပစ္စည်းများကို ဝယ်ယူခွင့်ပြုရန် ဖြစ်သည်။
သို့သော် ဂိုဒိုရာက သူ၏ အခြေအနေကို သဘောတူသော်လည်း သူတို့ကိုယ်ပိုင် အခြေအနေတစ်ခုကို ထည့်သွင်းခဲ့သည်။ သူ နှစ်စဉ် ဝယ်ယူနိုင်သော ကန့်သတ်ပစ္စည်းများ ပမာဏသည် အကန့်အသတ် ရှိသည်။ ဂိုဒိုရာသည် ကန့်သတ်ပစ္စည်းများ အများအပြားကို ပြင်ပကမ္ဘာသို့ ဝင်ရောက်ခွင့် ပြုမည်မဟုတ်ပေ။
သူ့ ဆက်သွယ်ရေးစက်ကို ထုတ်လိုက်ပြီး ဟန်ရှောင်းသည် ပစ္စည်းများဝယ်ယူရန် နာဂါကင်ကို ဆက်သွယ်ချင်နေသည်။ သို့သော် ဖုန်းချိတ်ဆက်လိုက်သောအခါ နာဂါကင်က ပထမဆုံး စကားပြောမည့်သူ ဖြစ်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
"ဘလက်စတား၊ အချိန်တန်ပြီ" နာဂါကင်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
ဟန်ရှောင်း ထိုစကားကို ကြားလိုက်သောအခါ ပစ္စည်းများ ဝယ်ယူမည့်ကိစ္စကို ဘေးဖယ်ထားလိုက်ပြီး မျက်လုံးများ ကျဉ်းမြောင်းကာ ပြောလိုက်သည်၊ "ဂိုဒိုရာ အဆင်သင့်ဖြစ်ပြီလား"
"ယာဉ်တန်းကို ဖြန့်ကျက်ထားပြီးပြီ၊ အမှောင်ကြယ်ရဲ့ မိခင်ယာဉ်ကြီးတွေ အကုန်လုံး ငါတို့လက်ထဲမှာ ရှိနေပြီ။ ခေါင်းဆောင်က မကြာခင် တိုက်ခိုက်ဖို့ အမိန့်ပေးလိမ့်မယ်။ ဒါက လျှို့ဝှက်မစ်ရှင် တစ်ခု၊ သူ့ရဲ့ ကုဒ်နာမည်က [ဟိုဒယ်လက်စ် စစ်ဆင်ရေး]"
ဤကုဒ်နာမည်သည် ရှေးဟောင်း ဂိုဒိုရန် ဘာသာစကားမှ တိုက်ရိုက်ဘာသာပြန်ထားခြင်းဖြစ်ပြီး 'ရန်သူကို အမြစ်ပါမကျန် ဆွဲနှုတ်ခြင်း' နှင့် 'ပေါင်းပင်များကို အမြစ်ဖြတ်ခြင်း' ဟု အဓိပ္ပာယ်ရသည်။
ဟန်ရှောင်း၏ မျက်နှာသည် လေးနက်နေသည်။ ဂိုဒိုရာကို သတင်းအချက်အလက် ရောင်းချသည့်နေ့မှစ၍ ဤကဲ့သို့နေ့မျိုး ရောက်လာမည်ကို သူသိထားသည်။ ဂိုဒိုရာသည် လက်ရှိတွင် အမှောင်ကြယ်ကို လက်တုံ့ပြန်မှု စတင်နေပြီဖြစ်ပြီး ဤအရာအားလုံးကို သူက ဖြစ်စေခဲ့ခြင်းဖြစ်သည်။
ထိုသို့သော အဖြစ်အပျက်မျိုးသည် သူ၏ အတိတ်ဘဝတွင် မဖြစ်ပွားခဲ့ဖူးပေ။
"ဘလက်စတား၊ ငါတို့ မင်းကို လိုအပ်တယ်" နာဂါကင်က ပြောသည်။
ထိုစကားကို ကြားလိုက်ရသောအခါ ဟန်ရှောင်း အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ကျီစားသော အပြုံးဖြင့် ပြောလိုက်သည်၊ "ဟဲဟဲ၊ သတင်းအချက်အလက် ပေးတာနဲ့ ကိုယ်တိုင်ကိုယ်ကျ တိုက်ပွဲဝင်တာက မတူညီတဲ့ အရာနှစ်ခုဆိုတာ သိထားရမယ်နော်။ ကျွန်တော့်ကို တရားဝင် ငှားရမ်းနေတာလား"
"မင်း ကျေနပ်လောက်မယ့် အခကြေးငွေ ပေးမယ်။ ကောင်းကင်ကြိုးဝိုင်းတပ်ဖွဲ့ လို အကြီးစား ကြေးစားတပ်ဖွဲ့တွေနဲ့ အဆင့်တူ ဖြစ်လိမ့်မယ်။"
ဟန်ရှောင်းသည် ဘာပဲဖြစ်ဖြစ် တိုက်ပွဲဝင်ရန် ရည်ရွယ်ထားပြီး အခကြေးငွေ ကိစ္စကို ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းသာ ဖြစ်သည်။ သို့သော် ဂိုဒိုရာသည် အခြားသော ကြီးမားသည့် ကြေးစားတပ်ဖွဲ့များနှင့် တူညီသော ပမာဏကို ပေးချေရန် ဆန္ဒရှိလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
ဂိုဒိုရာသည် အမှောင်ကြယ်ကို မည်သို့ပင်ဖြစ်စေ ဖယ်ရှားလိုပုံရသည်။
နှစ်ပေါင်းများစွာ သူတို့ကို ဒုက္ခများစွာပေးခဲ့ပြီးနောက် ဂိုဒိုရာသည် အမှောင်ကြယ်ကို လုံးဝ ဒေါသထွက်နေပြီဖြစ်သည်။ သူတို့၏ ဒေါသကို ဖွင့်ထုတ်ရန် ထွက်ပေါက်တစ်ခု ရှိသရွေ့ သူတို့၏ တိုက်ခိုက်မှုသည် နှင်းဖုံးတောင်ကြီး ပြိုကျသည်နှင့် တူလိမ့်မည်။
ပုန်းအောင်းနိုင်စွမ်း မရှိသော အမှောင်ကြယ်သည် အနည်းငယ်မျှ ပြင်ဆင်ထားခြင်းမရှိဘဲ ဂိုဒိုရာ၏ ဒေါသကို ခံစားရတော့မည်။
နှစ်ဖက်စလုံး၏ နှစ်ပေါင်းများစွာ အမုန်းတရားနှင့် ရန်ငြိုးဖွဲ့မှုများကို ဖြေရှင်းရန် အချိန်တန်ပြီဖြစ်သည်။
ဤသည်မှာ ဟန်ရှောင်းအတွက် [ဂိုဒိုရာ၏ မဟာမိတ်] မစ်ရှင်ကို ပြီးမြောက်ရန် အခွင့်အလမ်းတစ်ခု ဖြစ်ပြီး [သွေးသားဆွေမျိုး] မစ်ရှင်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုလည်း ဖြစ်နိုင်သည်။
ဆက်သွယ်ရေးစက်ကို ချလိုက်ပြီး ဟန်ရှောင်း မေးစေ့ကို ပွတ်သပ်ကာ ဟားလပ်စ်ကို ခေါ်လိုက်သည်။
"အဘိုးကြီးဟား၊ ငါတို့ လုပ်စရာအလုပ်တစ်ခု ရှိတယ်။ ကြေးစားစစ်သားတွေ အကုန်လုံးကို စုစည်းပြီး ထွက်ခွာဖို့ ပြင်ဆင်လိုက်။"
"လူသားမဟုတ်သူ အသစ်တွေရောလား"
"ဟုတ်တယ်၊ အားလုံးပဲ။"
ဟန်ရှောင်း တစ်ချက်ပြုံးလိုက်သည်။
ဤစကြဝဠာတွင်း တိုက်ပွဲသည် ကစားသမားများကို ဂလက်စီထဲသို့ ခေါ်ဆောင်သွားရန် သူ့အတွက် အခွင့်အရေးတစ်ခု ဖြစ်လာလိမ့်မည်။ သိပ်မဆိုးလှပေ။
ဘလက်စတား စစ်တပ်နှင့် ပတ်သက်ပြီး ဂလက်စီကို အမြင်သစ်တစ်ခုရစေဖို့ အချိန်တန်လေပြီ။
စာစဉ် (၃၇)၊ အခန်း (၅၇၉) ပြီး၏။
လင်းဆက်
+++++
အခန်း (၅၈၀) ထွက်ခွာခြင်း
ညနေဆည်းဆာ ရောက်လာလေပြီ။
တိမ်တိုက်များသည် မီးလောင်ကျွမ်းနေသကဲ့သို့ ရှိနေကာ ပြန်လည်တည်ဆောက်နေသော ခိုလှုံရေးစခန်းကို အဝါဖျော့ရောင် သုတ်လိမ်းထားသည်။ အခြေစိုက်စခန်းအထက်တွင် ကြေးစားစစ်သင်္ဘောများ ဆိုက်ကပ်ထားသဖြင့် မြေပြင်ပေါ်ရှိလူများကို မော့ကြည့်စေပြီး၊ သူတို့၏မျက်လုံးများထဲတွင် အားကျမှုနှင့် လေးစားမှုများ ပေါ်လာစေသည်။
လွန်ခဲ့သည့် လအနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သော အရာများသည် ရေပင်လယ်ဂြိုလ်သားများ၏ ကမ္ဘာ့အမြင်ကို လုံးဝ ပြောင်းလဲသွားစေခဲ့သည်။ အိပ်မက်တစ်ခုလိုပင်၊ နောက်တစ်နေ့ မနက် အိပ်ရာနိုးပြီး ထိုနေ့က ဖြစ်ပျက်ခဲ့သမျှကို ပြန်သတိရမိသောအခါ မှင်သက်နေသကဲ့သို့ ခံစားရသည်။ သူတို့ အသိပြန်ဝင်လာဖို့ အချိန်တစ်ခု အမြဲယူရသည်။
လေပေါ်တွင် ရပ်နားထားသော အာကာသယာဉ်များသည် ဤဂြိုလ် ခေတ်သစ်တစ်ခုသို့ ဝင်ရောက်လာပြီဖြစ်ကြောင်း အမြဲသတိပေးနေသည့်နဖူးစည်းတစ်ခုနှင့် တူသည်။ ၎င်းသည် 'ခေတ်ဟောင်း' မှ 'ခေတ်သစ်' သို့ အာဏာပြောင်းလဲခြင်းအကြောင်း မဟုတ်ဘဲ အတားအဆီးများ ပြိုပျက်သွားခြင်း၏ ရလဒ်အနေဖြင့် အသစ်စက်စက် ခေတ်တစ်ခုဖြစ်ပြီး သူတို့ကို ကြယ်တာရာများဆီသို့ အမှန်တကယ် ဆက်သွယ်ပေးထားသည်။
ရေပင်လယ်ဂြိုလ်တွင် နေထိုင်သူများ၏ အမြင်တွင် လွန်ခဲ့သည့် လအနည်းငယ်က သူတို့၏ ပုံစံဟောင်းများနှင့် အယူဝါဒများအားလုံးကို ဖြိုဖျက်ကာ ပြိုင်ဘက်ကင်းသော အပြောင်းအလဲများကို ဖော်ဆောင်ပေးခဲ့သည်။ သို့သော် ဂလက်စီမှ လာသူများ၏ အမြင်တွင် ၎င်းသည် ကမ္ဘာ့အမြင်သစ်တစ်ခုနှင့် နှစ်ခြင်းခံခဲ့ရသော နောက်ထပ် ဒေသခံဂြိုလ်တစ်ခုမျှသာ ဖြစ်သည်။ ဘလက်စတား ကြေးစားတပ်ဖွဲ့များအတွက်မူ ဤအရာသည် နောက်ထပ်မစ်ရှင်တစ်ခုမျှသာ ဖြစ်သည်။
ကစားသမားများ၏ အမြင်တွင် ရေပင်လယ်ဂြိုလ်တွင် ဖြစ်ပျက်နေသမျှ အရာအားလုံးသည် နောက်ထပ် ဇာတ်ကြောင်း အဖြစ်အပျက်တစ်ခုသာ ဖြစ်သည်။
ကစားသမားများသည် မည်သည့်အချိန်တွင် အာကာသထဲသို့ အမှန်တကယ် ခြေချနိုင်မည်ကို ပိုမိုစိတ်ဝင်စားနေကြသည်။
အချက်အလက်အားလုံးသည် ဘလက်စတား စစ်တပ်အား သူတို့ကို အာကာသထဲသို့ လမ်းပြမည့် အဖွဲ့အစည်း ဖြစ်ကြောင်း ညွှန်ပြနေသည်။ ထို့အပြင်၊ ၎င်းသည် အလားအလာကောင်းသော တိုးတက်မှုနှင့် အကျိုးခံစားခွင့်များစွာကို ပြသသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ကစားသမား ထောင်ပေါင်းများစွာသည် ဘလက်စတား စစ်တပ်သို့ ဝင်ရောက်ခဲ့ပြီးဖြစ်သည်။ ကစားသမားများသည် နေ့စဉ် စမ်းသပ်မှုကို ဖြေဆိုအောင်မြင်နေကြဆဲ ဖြစ်သည်။
အခြေစိုက်စခန်း၏ ရင်ပြင်တွင် ဟားလပ်စ်၏ ခေါ်ဆိုမှုကြောင့် ကစားသမားများ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြပြီး လှုပ်ရှားနေသော ခေါင်းများကို မြင်နေရသည်။
ဟန်ရှောင်း ပြန်ရောက်လာစဉ်က သူ၏မိန့်ခွန်းအတွက် ယန္တရားပလ္လင်တစ်ခု ထုတ်ယူခဲ့သည်။ ၎င်းကို သူ၏ စွမ်းအားပြသရန် အသုံးပြုခဲ့သည်။ ကစားသမားများအားလုံး သူ့ကို မြင်နိုင်စေရန်အတွက် သူသည် ရင်ပြင်အလယ်တွင် လွင့်မျောနေခဲ့သည်။
ယခု သူတို့ ထွက်ခွာတော့မည်ဖြစ်ရာ ကစားသမားများ၏ စိတ်ထဲတွင် သူ၏ပုံရိပ်ကို မြှင့်တင်ရန်အတွက် ရေပင်လယ်ဂြိုလ်ပေါ်ရှိ ဇာတ်ကြောင်းကို အဆုံးသတ်ရန် မိန့်ခွန်းပြောရန် စီစဉ်ထားသည်။ တစ်ချိန်တည်းမှာပင် ကစားသမားများ၏ မျှော်လင့်ချက်များကို တိုးမြင့်လာစေရန် အဆင့်သစ်တစ်ခုအကြောင်း ဖွင့်ဟရန် စီစဉ်ထားသည်။ လုပ်ငန်းစဉ်တစ်ခုလုံးကို ပိုမိုပြီးပြည့်စုံစေမည်ဟု သူ ခံစားရသည်။
သူ တွေးထားသည့်အတိုင်း ဟန်ရှောင်း စကားပြောလိုက်သည်။
"လွန်ခဲ့တဲ့ လအနည်းငယ်က ရေပင်လယ်ဂြိုလ်ကို သူ့ရဲ့ ကပ်ဘေးကို ကျော်လွှားနိုင်ဖို့ ကူညီပေးမယ်ဆိုတဲ့ ကျွန်တော့်ကတိကို ဖြည့်ဆည်းပေးဖို့ ပြန်လာခဲ့တယ်။ အခု ကတိအတိုင်း ပြီးမြောက်ပါပြီ။ ကပ်ဘေး ပြေလည်သွားပြီး ရန်သူတွေ ဆုတ်ခွာသွားပြီ။ ဒီနေ့ ကျွန်တော် ထွက်ခွာမယ့်နေ့ပဲ။"
ယခုအခါ ဗီဇပြောင်းလဲခြင်း ဘေးအန္တရာယ်ကို သူဖြေရှင်းပေးခဲ့ပြီး ရေပင်လယ်ဂြိုလ်၏ လူမှုအဖွဲ့အစည်း အသက်ရှင်ကျန်ရစ်ခဲ့သဖြင့် သက်ရှိသန်းပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပြီး သူတို့၏ ဘေးကင်းမှုကို အာမခံပေးနိုင်ခဲ့သည်။
သူ့အတိတ်နှင့် ယှဉ်လျှင် ဤရလဒ်က ပိုကောင်းနေသည်။
ဂလက်စီတွင် သူ၏ခရီးကို ဆက်လက်လုပ်ဆောင်ရန် အချိန်တန်ပြီဖြစ်ပြီး ရှေ့မှ ကစားသမားများသည် ထိုသို့လုပ်ဆောင်ရန် အကောင်းဆုံး စစ်သည်များ ဖြစ်လာလိမ့်မည်။
သူမျှော်လင့်ထားသည့်အတိုင်း ကစားသမားများအားလုံး စိတ်လှုပ်ရှားလာကြပြီး မျက်လုံးများ အရောင်လက်လာသည်။
ငါတို့ နောက်ဆုံးတော့ ကြယ်တာရာများဆီ ခြေချနိုင်ပြီ။ ပန်းတွေ ညှိုးနွမ်းလုနီးပါးအထိ ငါတို့ စောင့်နေခဲ့ရတာ။
ရှိနေသူတိုင်းကို ကြည့်ရင်း ဟန်ရှောင်း ဆက်ပြောလိုက်သည်။
"ဘလက်စတား စစ်တပ်က ကျွန်တော့်နောက်ကို လိုက်လာပါလိမ့်မယ်။ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း မင်းတို့ သောင်းနဲ့ချီပြီး စမ်းသပ်မှု အောင်မြင်ခဲ့ပြီးတော့ ကျွန်တော့်အဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့တယ်။ လာမယ့်တိုက်ပွဲတွေမှာ ကျွန်တော် မင်းတို့နဲ့ ပူးပေါင်းပြီး ဂလက်စီမှာ ကျွန်တော်တို့အတွက် နေရာတစ်ခု ထွင်းထုမယ်။
"မဝင်ရသေးတဲ့သူတွေအတွက် မင်းတို့ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော် ရေပင်လယ်ဂြိုလ်မှာ အခြေစိုက်စခန်းတစ်ခု တည်ထောင်ထားပြီးပါပြီ။ မင်းတို့ဆန္ဒရှိတဲ့ အချိန်မရွေး ဝင်ရောက်လျှောက်ထားနိုင်ပြီး ဘယ်သူဘဲဖြစ်ဖြစ် စမ်းသပ်မှု အောင်မြင်သရွေ့ ဘလက်စတား စစ်တပ်က အားကောင်းတဲ့သူကို ကြိုဆိုပါလိမ့်မယ်။ သင့်ကို ဂလက်စီရှိ ကျွန်တော်တို့ရဲ့ အခြေစိုက်စခန်းဆီ ခေါ်ဆောင်ပြီး တရားဝင်အဖွဲ့ဝင်တစ်ဦး ဖြစ်လာစေမည့် လူသစ်စုဆောင်းမှုများကို အချိန်မရွေး ကြိုဆိုရန် အသင့်အနေအထားရှိတဲ့ အာကာသယာဉ်တွေ ရှိနေပါလိမ့်မယ်။"
သူ့လူသစ်စုဆောင်းခြင်း၏ ရည်ရွယ်ချက်သည် ကစားသမားများအတွက်သာ မဟုတ်ပေ။ ရေပင်လယ်ဂြိုလ်မှ သာမန်အရပ်သားများပင် ပါဝင်နိုင်သည်။ အဆုံးတွင်တော့ ပိုမိုမြင့်မားသော အဆင့်တစ်ခုကို မျှော်မှန်းနေသူများ အမြဲရှိနေမည်ဖြစ်သည်။
အဖွဲ့အစည်းရှိ ကစားသမား ထောင်ပေါင်းများစွာသည် ပျော်ရွှင်သည့် အမူအရာများကို ထုတ်ဖော်ပြသကြသည်။ အမှန်စင်စစ် ဘလက်စတား စစ်တပ်သို့ ဝင်ရောက်မှသာ ဂလက်စီသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ ရွေးချယ်မှုများသည် ပထမအသုတ် ကြယ်တာရာ စူးစမ်းရှာဖွေသူများကို ရွေးချယ်ရန်သာ ဖြစ်သည်။ ဤသည်မှာ သူ၏အဖွဲ့အစည်းတွင် ရှိနေခြင်း၏ အကြီးမားဆုံး အကျိုးကျေးဇူးဖြစ်ပြီး သူတို့ ရှေ့ရောက်နေမည် ဖြစ်သည်။
အခြားကစားသမားများသည် အနည်းငယ် စိတ်ဓာတ်ကျနေသော်လည်း ၎င်းကို ကျော်လွှားရန် နည်းလမ်းမရှိပေ။ ရွေးချယ်မှုတွင် အနိုင်ရလောက်အောင် စွမ်းရည်နိမ့်ကျရမယ်လို့ ဘယ်သူက ပြောလို့လဲ။ ဒါပေမယ့် သူတို့ သိပ်မကောင်းသလို ခံစားနေစရာ မလိုပေ။ ကြယ်တာရာများဆီသို့ ထွက်ခွာရန် ပထမအသုတ်ဖြစ်ခွင့် မရရှိခဲ့သော်လည်း ဘလက်စတားသည် နောက်ထပ် ဝင်ခွင့်များအတွက် လမ်းကြောင်းတစ်ခု ချန်ထားခဲ့သည်။ စမ်းသပ်မှုကို ဆက်တိုက် ဖြေဆိုနေသရွေ့ ဒုတိယအသုတ် သို့မဟုတ် တတိယအသုတ်သို့ ဝင်ရောက်ရန် အခွင့်အလမ်း ရှိလိမ့်မည်။
ထို့အပြင် ရေပင်လယ်ဂြိုလ်သည် ယခုအခါ ဘေးအန္တရာယ်အလွန် ပြန်လည်တည်ဆောက်ရေးအတွက် လူအင်အား အမြောက်အမြား လိုအပ်နေပြီး ကျန်ရှိနေခြင်းသည် အကျိုးအမြတ်များစွာ ရရှိမည်ဟု ဆိုလိုသည်။
လက်ရှိတွင် ဘလက်စတားနှင့် ပူးပေါင်းခြင်းသည် ကြယ်တာရာများဆီသို့ ခရီးသွားရန် ကုန်ကျစရိတ် အသက်သာဆုံး နည်းလမ်းဖြစ်သည်။
ထို့အပြင် ကစားသမားအများစု၏ အမြင်တွင် ဘလက်စတားနှင့် ပူးပေါင်းခြင်းသည် အလားအလာရှိသော ပင်မဇာတ်ကြောင်းကို လိုက်နေခြင်းနှင့်တူကြောင်း ပြသနေသည့် အရိပ်အမြွက်များစွာ ရှိနေသည်။
တစ်နည်းဆိုရသော် ၎င်းသည် ကြယ်တာရာ စူးစမ်းရှာဖွေရေး ဇာတ်လမ်းကြောင်းကို ဖွင့်ရန် သူတို့အတွက် ကြိုတင်လိုအပ်ချက် ဖြစ်သည်။
ဤအချက်တွင် ဟန်ရှောင်း၏ စကားများက အလှည့်အပြောင်းတစ်ခု ဖြစ်စေခဲ့သည်။
"ဘလက်စတား စစ်တပ်ရဲ့ အရွယ်အစားက အဆများစွာ ကျယ်ပြန့်လာတယ်။ ကျွန်တော်တို့ရဲ့ ပထမဆုံး အကြီးစား အလုပ်ခန့်အပ်မှုကို လက်ခံရရှိထားပါတယ်။ အဲဒါက စစ်ပွဲမှာ ပါဝင်ဖို့ပဲ။ ဒါက ကျွန်တော်တို့ရဲ့ စစ်တပ်ကို တိုးချဲ့ပြီးနောက် ပထမဆုံး တိုက်ပွဲဖြစ်ပြီး စကြဝဠာကို ကျွန်တော်တို့ရဲ့ အင်အားကို မြင်တွေ့ခွင့် ပေးလိုက်တာပဲ။"
သူစကားပြောနေစဉ် ဂိမ်းမျက်နှာပြင်မှတစ်ဆင့် ကစားသမားများထံ အဖွဲ့အစည်းမစ်ရှင် တစ်ခု ပေးပို့လိုက်သည်။ ကစားသမား သောင်းနှင့်ချီ၍ အကြောင်းကြားချက်ကို တပြိုင်နက် လက်ခံရရှိခဲ့သည်။
သင်သည် အဖွဲ့အစည်းမစ်ရှင် [ဘလက်စတား စစ်တပ် - ပထမဆုံး တိုက်ပွဲ] ကို အစပျိုးလိုက်ပြီ။
ဤသည်မှာ ဘလက်စတား စစ်တပ်အတွက် ပထမဆုံး အကြီးစား မစ်ရှင်ဖြစ်သည်။ ကြယ်တာရာများဆီတွင် စစ်ပွဲတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး စစ်တပ်နှင့်အတူ တိုက်ခိုက်သူများကို အဖွဲ့အစည်း အလေးပေးမှု ၅၀၀ ချီးမြှင့်မည်ဖြစ်သည်။
သူပေးနိုင်သော ဆုလာဘ်များသည် အကန့်အသတ်ရှိသဖြင့် ဟန်ရှောင်းသည် အလေးပေးမှုနှင့် သက်ဆိုင်သည့် ဆုလာဘ်ကို ထုတ်ပေးရန်သာ ရွေးချယ်ခဲ့သည်။ သို့သော် ဤသည်မှာ ပထမဆုံးမစ်ရှင်သာဖြစ်ပြီး ဂိုဒိုရန်တပ်ဖွဲ့များနှင့် တွေ့ဆုံသောအခါတွင် တရားဝင် စစ်ပွဲအလုပ်ခန့်အပ်မှု မစ်ရှင်တစ်ခုကို သဘာဝကျကျ ရရှိလိမ့်မည်ဖြစ်သည်။
ထိုအချိန်တွင် ကစားသမားများသည် သူမှတစ်ဆင့် မစ်ရှင်ခွဲများကို အစပျိုးနိုင်ပြီး အတွေ့အကြုံနှင့် ငွေကြေးဆုလာဘ်များကို ရရှိမည်ဖြစ်သည်။ ၎င်းသည် စစ်မှန်သော ကြီးမားသည့် အကျိုးခံစားခွင့် ဖြစ်လိမ့်မည်။
ဤသည်မှာ ကြေးစားတပ်ဖွဲ့ မော်ဒယ်ကို ကျင့်သုံးသည့် ဟန်ရှောင်း၏ မူလရည်ရွယ်ချက်လည်း ဖြစ်သည်။ သူ၏ ကိုယ်ပိုင်ဆုလာဘ် ခွဲတမ်း မလုံလောက်သောကြောင့် သူ၏အဖွဲ့အစည်းကို အရင်းအမြစ်များ ထောက်ပံ့ရန် အလုပ်ရှင်၏ တာဝန်များကို ငှားရမ်းမည်ဖြစ်သည်။ အခြေခံအားဖြင့် သူသည် လူ့စွမ်းအားအရင်းအမြစ် ကြားခံ သို့မဟုတ် ပွဲစားတစ်ဦးနှင့် တူသည်။
ပထမအသုတ် ကစားသမားများသာ စစ်ပွဲအတွက် အချိန်မီ ရောက်ရှိမည်ဖြစ်သည်။
"ငါတို့ ကြယ်တာရာဒေသထဲ ဝင်လိုက်တာနဲ့ တိုက်ပွဲတစ်ခု ရှိနေပြီ။ ဒါက ပျော်စရာကောင်းတာပဲ"
"ထူးခြားတဲ့ တိုက်ဆိုင်မှုပဲ။"
လူအုပ်ကြီးသည် စိတ်လှုပ်ရှားမှုများ ပေါက်ကွဲကာ အကြိတ်အနယ် ဆွေးနွေးနေကြတော့သည်။
ဟန်ရှောင်း နောက်ဆုံးတွင် ဧရိယာတစ်ခုလုံးကို စစ်ဆေးလိုက်သည်။
သူ့ဘေးမှာ ရပ်နေသည့် ဘန်းနက်က ဟန်ရှောင်းကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ သူသည် ခိုလှုံရေးစခန်းကို ဆက်လက်စီမံခန့်ခွဲရန် ထိုနေရာတွင် နေရန် ဆုံးဖြတ်ခဲ့သည်။
ဟီလာနှင့် အော်ရိုရာတို့အတွက်မူ သူတို့သည် ရေပင်လယ်ဂြိုလ်မှ ထွက်ခွာရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ဤဖြစ်ရပ်ပြီးနောက် ဟန်ရှောင်းသည် သူတို့ကို နောက်ထပ်သင်ယူလေ့လာမှုများအတွက် မျောလွင့်နဂါးကျွန်းသို့ ပို့ဆောင်ပေးမည်ဖြစ်သည်။ ထို့ကြောင့် သူတို့ အတူတကွ ထွက်ခွာကြမည်ဖြစ်သည်။ ညီအစ်မနှစ်ယောက်မှာ ခရီးဆောင်အိတ် မပါဘဲ သူတို့ကိုယ်ပေါ်ရှိသည့် အရာများသာ ပါသည်။
ရီရယ့်ချင်းသည်လည်း ဂလက်စီကို ကြည့်ရှုရန် ဘလက်စတားနှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် သူမက ကွဲပြား၏။ သူမသည် ဆေးဖက်ဝင် ပါဝင်ပစ္စည်းများ သေတ္တာ ရာပေါင်းများစွာကို ယူဆောင်လာခဲ့ပြီး၊ သင်တန်းပြီးဆုံးသွားသော မရဏခေါင်းလောင်းကျွန်းမှ အကျဉ်းသားအုပ်စုက သူတို့ကို သယ်ဆောင်ရန် ကူညီပေးနေသည်။ သူတို့သည် သေတ္တာများကြားတွင် လုံးဝနီးပါး နစ်မြုပ်နေကြသည်။
ဟန်ရှောင်း ခဏလောက် ရပ်ပြီးမှ အသံကျယ်ကျယ် ပြောလိုက်သည်။
"ကဲ၊ ငါတို့ ထွက်ခွာကြစို့"
အပေါ်မှ ရပ်တံ့ထားသော အာကာသယာဉ်များသည် ဖြည်းညှင်းစွာ နိမ့်ဆင်းလာပြီး လူသွားလမ်းကို ဖွင့်လိုက်သည်။
သောင်းနှင့်ချီသော ကစားသမား ကြေးစားစစ်သားများသည် သွေးများ ဆူပွက်လျက် အာကာသယာဉ်ပေါ်သို့ တက်သွားကြသည်။
ကလပ်များနှင့် ပရော်ဖက်ရှင်နယ် ကစားသမားအားလုံးနီးပါး ထွက်ခွာမည့် ပထမအသုတ် ကစားသမားများထဲတွင် ပါဝင်သည်။ သူတို့သည် သူတို့ကိုယ်သူတို့ တိတ်တိတ်လေး အားပေးနေကြသည်။ မင်းတို့ကောင်တွေ ဒီဂြိုလ်ပေါ်မှာ သဲရဲတိုက်တွေ ဆောက်နေတုန်း ငါတို့က အာကာသကို စူးစမ်းဖို့ ထွက်သွားပြီကွ။
အရာရှိများသည် မဟူရာအလင်း လျှို့ဝှက်ယာဉ်ပေါ်သို့ တက်ပြီး ဟန်ရှောင်းက နောက်ဆုံးမှ တက်သွားသည်။
မဟူရာအလင်း လျှို့ဝှက်ယာဉ် ဦးဆောင်မှုဖြင့် အပေါက်များ ပိတ်သွားသည်နှင့် တပြိုင်နက် အာကာသယာဉ် နှစ်ဆယ်ခန့်သည် ကစားသမား သောင်းနှင့်ချီ ခေါ်ဆောင်ကာ အာကာသထဲသို့ ပျောက်ကွယ်သွားကြသည်။ နေရောင်ခြည်၏ နောက်ဆုံးရောင်ခြည်များသည် အာကာသယာဉ်များနှင့်အတူ ပျောက်ကွယ်သွားပြီး ညနေဆည်းဆာ ကုန်ဆုံးခြင်းနှင့် ညရောက်ရှိခြင်းကို အချက်ပြနေသည်။
ဂြိုလ်ပေါ်ရှိ လူများသည် ခေါင်းမော့ကာ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ယာဉ်တန်းကို ကြည့်နေကြသည်။
"ဘလက်စတား..."
မရေမတွက်နိုင်သော လူများ၏ စိတ်ခံစားမှုများ ပြင်းထန်စွာ လှုပ်ရှားနေကြသည်။
ဒဏ္ဍာရီလာ ထွက်ခွာမှုတစ်ခုကို မြင်တွေ့ခဲ့ရသကဲ့သို့ ဖြစ်နေသည်။
…
နာဂါကင်၏ အာကာသယာဉ်သည် လေထုအပြင်ဘက်တွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေသည်။ သူတို့သည် ဘလက်စတား ကြေးစားတပ်ဖွဲ့ကို အခြား ကြေးစားတပ်ဖွဲ့များနှင့် ပူးပေါင်းရန် ခေါ်ဆောင်သွားမည်ဖြစ်ပြီး ရက်အနည်းငယ် ကြာမည်ဖြစ်သည်။
ဤသည်မှာ ကစားသမားအများစု ဂလက်စီထဲသို့ ဝင်ရောက်ခြင်း ပထမဆုံးအကြိမ်ဖြစ်ပြီး သူတို့သည် အလွန်စိတ်လှုပ်ရှားနေကြသည်။ စကြဝဠာတွင်း ဆက်သွယ်ရေးစက်များမှတဆင့် သူတို့သည် ဂလက်စီ၏ ဖွဲ့စည်းပုံအကြောင်း လေ့လာနေကြသည်။ အာကာသယာဉ်တွင် လုံလောက်သော အဆောက်အဦများ တည်ဆောက်ထားသောကြောင့် ကစားသမားများသည် ဓါးရူးနှင့် အခြားသူများ ယခင်က ပြုလုပ်ခဲ့သော လုပ်ရပ်များကို ထပ်ခါတလဲလဲ လုပ်ဆောင်ရင်း အရာအားလုံးနှင့် ရင်းနှီးအောင် လုပ်ဆောင်နေကြသည်။
သို့သော် ဖိုရမ်များတွင် ဤအဖြစ်အပျက်သည် ဟိုးလေးတကျော် ဖြစ်နေ၏။ ကြယ်တာရာဒေသများသို့ ရောက်ရှိလာသော ပထမဆုံး ကစားသမားအသုတ်သည် ကြီးမားသော ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့ပြီး နိုင်ငံခြားကစားသမား အများအပြားသည် သတင်းကို လာရောက်ကြည့်ရှုကြကာ စူးစမ်းလိုစိတ်နှင့် မနာလိုဖြစ်နေကြသည်။
ဤကစားသမားအုပ်စုသည် ဟန်ရှောင်း၏ အစီအစဉ်များတွင် အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ကစားသမားများကို ဂလက်စီထဲသို့ ကြိုတင်ခေါ်ဆောင်လာခြင်းဖြင့် သူတို့ကို သူတို့၏ကိုယ်ပိုင် အင်အားစုများ လျင်မြန်စွာ ဖွံ့ဖြိုးလာစေပြီး သူ၏အိတ်ကပ်များကို ပိုမိုကြွယ်ဝစေမည်ဖြစ်သည်။ ဂိုဒိုရန် စစ်ပွဲမစ်ရှင်သည် ကစားသမားများအား ကြေးစားယန္တရားလုပ်ငန်းနှင့် ဂလက်စီကို သိမ်းပိုက်ထားသော အင်အားစုများကို နားလည်စေရန် အခွင့်အလမ်းတစ်ခု ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဘလက်စတား စစ်တပ်၏ စွမ်းရည်သည် သူနှင့်ပတ်သက်သည့် အထင်အမြင်ကို ပြန်လည်ဆန်းသစ်စေပြီး သူ၏ဂုဏ်သတင်းကို မြှင့်တင်နိုင်မည်ဖြစ်သည်။
ဘလက်စတား စစ်တပ်သည် ယခင်က အသေးစား ကြေးစားတပ်ဖွဲ့ မဟုတ်တော့ဘဲ အကြီးစား စစ်တပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။ သူတို့၏ ဂုဏ်သတင်း ပျံ့နှံ့နေသရွေ့ မစ်ရှင်များသည် မပြတ်မလပ် စီးဆင်းနေလိမ့်မည်။
ဤပထမဆုံးတိုက်ပွဲသည် ကစားသမားများအား ကြယ်တာရာစစ်ပွဲများ၏ ကစားဟန်နှင့် ရင်းနှီးစေလိမ့်မည်။
…
ရက်အနည်းငယ် ကုန်လွန်သွားပြီးနောက် ဘလက်စတား စစ်တပ်၏ အာကာသယာဉ်များအပြင် နာဂါကင်သည် တွေ့ဆုံရာနေရာသို့ ရောက်ရှိလာသည်။ ကြေးစားတပ်ဖွဲ့၏ ပေါင်းစပ်ယာဉ်တန်းသည် စကြဝဠာကိုဖြတ်ကာ ဖြည်းညှင်းစွာ ရွေ့လျားနေသည်ကို စောင့်ကြည့်နေသည်။
ဟန်ရှောင်း၏ အာကာသယာဉ်ကို နေရာချပေးပြီး ချက်ချင်းပင် ဆက်သွယ်ရေး တောင်းဆိုချက်တစ်ခု ရရှိခဲ့သည်။ တစ်ဖက်လူမှာ ကောင်းကင်ကြိုးဝိုင်းတပ်ဖွဲ့ တပ်မှူး ဂူရဲဂျာ ဖြစ်သည်။ သူတို့နှစ်ဦးသည် ယခင်က အကြိမ်များစွာ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးပြီး သူတို့၏ ဆက်ဆံရေးမှာ သိပ်မဆိုးလှပေ။
"ဘလက်စတား၊ မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ" သံမဏိစုတ်တံများနှင့်တူသော မုတ်ဆိတ်မွှေးများ အပြည့်ပါရှိသည့် ဂူရဲဂျာက အံ့သြသောလေသံဖြင့် မေးလိုက်သည်။
"ဂိုဒိုရာက စစ်ပွဲမှာ ပါဝင်ဖို့ ကျွန်တော့်ကို ငှားထားလို့လေ။" ဟန်ရှောင်း ရယ်မောလိုက်သည်။
"ဟားဟား၊ မင်းက ကြားလူအနေနဲ့ပဲ ဆောင်ရွက်တယ်လို့ ငါထင်နေတာ။ မင်း ကိုယ်တိုင်ကိုယ်ကျ လာမယ်လို့ တွေးတောင်မတွေးမိဘူး။ ငါတို့ ဘေးချင်းယှဉ်ပြီး တိုက်ခိုက်ရတော့မယ့်ပုံပဲ။"
ဂူရဲဂျာက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရွှေတံခါးဂြိုလ်ပေါ်ရှိ သူတို့၏ နောက်ဆုံးမစ်ရှင်သည် ဟန်ရှောင်းက အမှောင်ထဲတွင် ကူညီခဲ့သောကြောင့် အောင်မြင်ခဲ့သည်။ ဤကျေးဇူးကို သူသတိရသည်။
ဟန်ရှောင်းက တုံ့ပြန်မှုအဖြစ် ပခုံးတွန့်လိုက်သည်။ "ဂိုဒိုရာက ကုန်ကျစရိတ် တတ်နိုင်လို့ ကျွန်တော် ဒီရောက်နေတာ။"
"ဟုတ်တယ်။ မင်း မကြာသေးခင်က ဂိုဒိုရာနဲ့ တော်တော်ရင်းနှီးလာတယ်။ ဒီမဟာဗျူဟာ စစ်ဆင်ရေးက ဘာလဲဆိုတာ မင်းသိလား" ဂူရဲဂျာက မေးသည်။
ဂိုဒိုရာသည် မည်သည့် သတင်းအချက်အလက်မှ မပေါက်ကြားစေရန် တားဆီးထားပြီး ကြေးစားတပ်ဖွဲ့များကိုသာ အသင့်အနေအထားတွင် ထားရှိထားသည်။ ဤသည်မှာ အမှောင်ကြယ်ကို လုံးဝ ထိုးစစ်ဆင်ခြင်းဖြစ်ကြောင်း သူတို့ ထုတ်ဖော်မပြောခဲ့သဖြင့် ထိုနေရာရှိ ကြေးစားစစ်သားများအားလုံး အမှောင်ထဲတွင် ရှိနေကြသည်။
"ဂိုဒိုရာက မင်းတို့ကို မပြောပြတော့ ကျွန်တော်လည်း ပြောလို့မရဘူး။ အဲဒါ လျှို့ဝှက်ချက်ပဲ။"
"ဟား၊ မင်း သူတို့နဲ့ တကယ်ပဲ ရင်းနှီးတဲ့ဆက်ဆံရေး ရှိတာပဲ။" ဂူရဲဂျာက ဆက်မမေးတော့ဘဲ ခေါင်းစဉ်ပြောင်းလိုက်သည်။ "ကပ္ပတိန်တွေ အကုန်လုံး လောလောဆယ် ကောင်းကင်ကြိုးဝိုင်းမှာ အစည်းအဝေး လုပ်နေပြီး တာဝန်တွေ ခွဲဝေပေးနေတယ်။ မင်း အချိန်ကိုက် ရောက်လာတာပဲ။"
"အင်း၊ ဒါဆို ကျွန်တော် အခုပဲ သွားလိုက်မယ်။"
ဆက်သွယ်ရေးစက်ကို ချလိုက်ပြီးနောက် ဟန်ရှောင်းသည် ကောင်းကင်ကြိုးဝိုင်းတပ်ဖွဲ့သို့ ဦးတည်သည့် အစီအရင်ထဲသို့ ဝင်ရောက်ရန် မဟူရာအလင်း လျှို့ဝှက်ယာဉ်ကို မောင်းနှင်လိုက်သည်။ ကောင်းကင်ကြိုးဝိုင်းသည် တောင်တစ်လုံးနှင့်တူအောင် တည်ဆောက်ထားသော အထင်ကရ ယာဉ်တစ်စင်းဖြစ်သည်။
အာကာသယာဉ်များကို ဆိုက်ကပ်ပြီးနောက် ဟန်ရှောင်းသည် သူ၏အရာရှိများကို ဦးဆောင်ကာ ကောင်းကင်ကြိုးဝိုင်းပေါ်သို့ တက်ရောက်ခဲ့သည်။ သူတို့ကို နှုတ်ဆက်ရန် ဝင်ပေါက်တွင် တပ်စွဲထားသော ကောင်းကင်ကြိုးဝိုင်းတပ်ဖွဲ့မှ ကြေးစားစစ်သားများ ရှိနေပြီးဖြစ်ကာ ခန်းမကြီးထဲသို့ ခေါ်ဆောင်သွားကြသည်။
ခန်းမကြီးသည် ကျယ်ဝန်းပြီး အလယ်တွင် စက်ဝိုင်းပုံ ဆိုဖာတစ်ခု ထားရှိသည်။ တပ်မှူးချုပ် တစ်ဒါဇင်ခန့်သည် နေရာတစ်ခုစီယူကာ ဆိုဖာပေါ်တွင် ထိုင်နေကြသည်။ သူတို့၏ သက်ဆိုင်ရာ အရာရှိများသည် သူတို့၏ အဖွဲ့ခေါင်းဆောင်များ၏ နောက်တွင် နေကြသည်။
ဟန်ရှောင်း ခန်းမကြီးထဲသို့ ဝင်လိုက်သည်နှင့် လူတိုင်း လှည့်ကြည့်လာကြသည်။
အော်ရိုရာသည် ဟီလာ၏ အဝတ်အစားများကို ဆွဲကာ ဂရုတစိုက် တီးတိုးပြောလိုက်သည်၊ "အစ်မ၊ ဒီလူတွေအားလုံးရဲ့ အသက်စွမ်းအားက တကယ်ကြီးမားတာပဲ။"
ရှိနေသော ကြေးစားစစ်သားများသည် ကြယ်စနစ်များနှင့် ကြယ်ဇုန်အသီးသီးမှ လာကြပြီး အားလုံးသည် သူတို့၏ သက်ဆိုင်ရာ ဒေသများတွင် ထူးချွန်သူများ ဖြစ်ကြသည်။
ဥပမာအားဖြင့် ကောင်းကင်ကြိုးဝိုင်းတပ်ဖွဲ့တွင် ဂူရဲဂျာနှင့် အခြား ကပ်ဘေးအဆင့် စူပါတစ်ဦး ရှိပြီး အခြားသော တပ်မှူးများအားလုံးသည်လည်း ကပ်ဘေးအဆင့်တွင် ရှိနေကြသည်။ ထို့အပြင် သူတို့နှင့်အတူ လိုက်ပါရန် ရွေးချယ်ခံရသော အရာရှိများသည်လည်း အားလုံး သန်မာကြသည်။ ဤအရာကို အင်အားကြီးသူများ စုစည်းမှုအဖြစ် ဖော်ပြနိုင်သည်။
ဟီလာ၏ မျက်နှာထားမှာ လေးနက်နေသည်။ ထိုကြေးစားစစ်သားများ၏ အကြည့်များသည် သူမကို ကြီးမားသော ဖိအားများ ပေးနေပြီး ရှိနေသူတိုင်း သူမကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်သကဲ့သို့ ဖြစ်နေသည်။
သို့သော် ဤအချိန်တွင် တပ်မှူးချုပ်အချို့က ပြုံးပြပြီး စိတ်အားထက်သန်စွာ နှုတ်ဆက်ကြသည်။ လေထု ငြိမ်သက်သွားသည်။
"အဲဒါ... အဲဒါ ဘလက်စတားပဲ!"
"မင်းကို မတွေ့တာတောင် ကြာပြီ။"
"အစ်ကို၊ လာ၊ ငါ့ဘေးမှာ လာထိုင်။"
ထိုနေရာရှိ တပ်မှူးအနည်းဆုံး ထက်ဝက်ခန့်သည် ဟန်ရှောင်းနှင့် ဆက်ဆံရေးရှိကြသည် သို့မဟုတ် ယခင်က သူနှင့်အတူ လက်တွဲလုပ်ကိုင်ဖူးသူများ ဖြစ်သောကြောင့် သူနှင့် ရင်းနှီးကြသည်။
ဟန်ရှောင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေပြီး သူတို့ကို တစ်ယောက်ချင်းစီတိုင်း ပြန်လည်ဖြေကြားနေသည်။
အင်အားကြီးမားသော မဟာမိတ်များကြားတွင် တည်ရှိနေသဖြင့် သူ ပိုမို လုံခြုံသည်ဟု ခံစားရသည်။
ဟားလပ်စ်နှင့် ကျန်သူများလည်း သူတို့သိသော ကြေးစားစစ်သားများကို စတင်နှုတ်ဆက်ကြသည်။ ညီအစ်မနှစ်ယောက်က ဘယ်သူ့ကိုမှ မသိတဲ့အတွက် စကားတစ်ခွန်းမှ မပြောကြပေ။
ဟီလာက ကြေးစားစစ်သားအုပ်စုကို တိတ်တဆိတ် စေ့စေ့စပ်စပ် ကြည့်နေသည်။
ဒီလူတွေအားလုံးက ဟန်ရှောင်းနဲ့ တန်းတူတွေလား။ သူတို့ကြည့်ရတာ ကြောက်စရာကောင်းလိုက်တာ။
ဟန်ရှောင်း ဆိုဖာဆီသို့ လျှောက်လာစဉ် ကုဒ်အမည် 'မရဏကမ္ဘာအတောင်ပံ' ဟုခေါ်သော တပ်မှူးတစ်ဦးသည် နေရာရွှေ့လိုက်ပြီး သူမဘေးရှိ ထိုင်ခုံကို ပုတ်ကာ ဝင်ထိုင်ရန် လက်ဟန်ပြလိုက်သည်။
ဟန်ရှောင်း ထိုင်ခါနီးတွင် အရပ်ပုသော တပ်မှူးတစ်ဦး ပါးစပ်ဟလိုက်ပြီး သူ့လေသံက ကြမ်းတမ်းနေသည်။
"ဘလက်စတား၊ မင်းရဲ့ ကြေးစားတပ်ဖွဲ့ထဲမှာ လူနည်းနည်းလေးနဲ့ မင်း ဒီကို အပျော်လာတာလား"
ရှိနေသူတိုင်း၏ ရယ်မောသံများ ရုတ်တရက် ရပ်တန့်သွားသည်။
ဟန်ရှောင်း ခဏလောက် ရပ်တန့်ပြီးမှ လှမ်းကြည့်လိုက်သည်။ စကားပြောသူသည် သူ့အတွက် သူစိမ်းဖြစ်ပြီး သူတို့ အရင်က အတူတူ အလုပ်မလုပ်ဖူးပေ။ ဖြစ်နိုင်တာကတော့ သူ့ကို တခြား ကြေးစားတပ်ဖွဲ့တစ်ခုက ခေါ်လာခြင်း ဖြစ်နိုင်သည်။
သူက ဘယ်သူလဲ။
မှန်ပါသည်၊ သူ့ကိုယ်ပိုင် တိုးချဲ့မှုက မကြာသေးခင်ကမှ ဖြစ်ပျက်ခဲ့သဖြင့် ကြေးစားစစ်သား မဟာမိတ်ထံတွင် ယခုမှ စာရင်းသွင်းလိုက်ခြင်းဖြစ်သည်။ သတင်း မပျံ့နှံ့သေးပေ။
ဟန်ရှောင်း အခုမှ နားလည်သွားသည်။
ဆိုလိုတာက အဲဒီ ကြီးမားတဲ့ ကြေးစားတပ်ဖွဲ့တွေရဲ့ မျက်လုံးထဲမှာ သူက အဖွဲ့ဝင် တစ်ရာကျော်လောက်ပဲ ရှိတဲ့ အသေးစား အဖွဲ့တစ်ခုပဲ ရှိသေးတာကိုး။
စာစဉ် (၃၇)၊ အခန်း (၅၈၀) ပြီး၏။ စာစဉ် (၃၇) ပြီး၏။
လင်းဆက်
+++++