← Chapters

လေလံပွဲ၏အမြင့်ဆုံးစျေး

Vol. 4 Ch. 56

လေလံပွဲ၏အမြင့်ဆုံးစျေး

Vol. 4 Ch. 56

လေလံခန်းမထဲမှလူတိုင်း စိတ်လှုပ်ရှားသွားကြသည်။

ဘယ်လောက်တောင် ခမ်းနားကြီးကျယ်လှသည့် မြင်ကွင်းမျိုးလဲ...။

ဤသို့ လေလံယှဉ်ပြိုင်မှုအရှိန်အဟုန်က တကယ့်ကို ရှားရှားပါးပါး မြင်တွေ့ရသည့် ဖြစ်ရပ်သာပင်။

လေလံစခေါ်ကတည်းက ရွှေဒင်္ဂါးငါးသောင်းဖြင့် စျေးခေါ်လိုက်ခြင်းက သာမန်ကိစ္စမဟုတ်ပေ။ ထို့အတူ တစ်ကြိမ်တည်းဖြင့် ရွှေဒင်္ဂါးတစ်သောင်းတိတိ စျေးထပ်မြှင့်လိုက်ခြင်းက လူအများစုကို ပိုပြီးတုန်လှုပ်သွားစေသည်။

ခွန်းကာမြို့ မိုင်တစ်ထောင်ပတ်လည်တွင် ရွှေဒင်္ဂါးတစ်သောင်းကို လွှင့်ပစ်သည့်ပမာ အသုံးပြုနိုင်သည့် အင်အားကြီးအုပ်စု အနည်းငယ်သာ ရှိသည်။

ပြီးတော့ ထိုအင်အားကြီးအုပ်စုများထဲတွင် မည်သူက ပန်းပဲပညာရှင်တစ်ယောက်ငှားထားသည်လဲ လူတိုင်းသိရှိသည်။

သို့ဖြစ်ရာ ယခုယှဉ်ပြိုင်နေသည့် လေလံဆွဲသူနှစ်ယောက်က မည်သူမည်ဝါဖြစ်ကြောင်း ခန်းမထဲမှလူအားလုံး ရိပ်မိကြလေ၏။

“အပင်မြင့်လေ လေတိုက်လေ” ဆိုသော ဆိုရိုးစကားရှိပေသည်။

ခုန်အိမ်တော်နှင့် ချန်အိမ်တော်က ခွန်းကာမြို့၏ထိပ်တန်းအင်အားစုနှစ်ခုဖြစ်ပြီး ဒေသတွင်း လွှမ်းမိုးမှုရရှိရန် ယှဉ်ပြိုင်နေကြသူများဖြစ်သည်။

သို့ဖြစ်ရာ ထိုအိမ်တော်နှစ်ခုက ဘယ်သောအခါမှ မတည့်ကြပေ။

ယခု ဤအင်အားကြီးအုပ်စုနှစ်ခု ထိပ်တိုက်တွေ့သည်ကိုမြင်သည်နှင့် ရွှေပွဲလာပရိတ်သတ်များမှာ သူတို့၏ယှဉ်ပြိုင်မှုကို တက်ကြွစွာအားပေးရင်း စိတ်လှုပ်ရှားနေကြသည်။

ပရိတ်သတ်များက သူများဒုက္ခရောက်သည်ကို ဝမ်းသာအားရ ကြည့်ရှုနေကြောင်း ခုန်အိမ်တော်မှသားအဖရော ချန်ရှီးပါ သိရှိထားကြသည်။

သို့သော် ခွန်းကာမြို့၏ အင်အားကြီးအုပ်စုနှစ်ခုအနေဖြင့် ယခုကဲ့သို့အခြေအနေတွင် မည်သည့်ဘက်မှ နောက်ဆုတ်ရန် ဆန္ဒမရှိကြပေ။

ခုန်မင်က ရွှေဒင်္ဂါးခြောက်သောင်းဟု စျေးခေါ်လိုက်သည်နှင့် ချန်ရှီး၏ ကျယ်လောင်သည့်အသံ ထပ်မံထွက်ပေါ်လာသည်။

“ရွှေဒင်္ဂါးရှစ်သောင်း”

ယခုကဲ့သို့ လေလံဆွဲပုံက လေလံပွဲအကြောင်းအရာနှင့် မသက်ဆိုင်တော့ပေ။ ယခုက မာနနှင့်စွမ်းအား ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။

သီးသန့်အခန်းထဲမှာတော့ ခုန်မင်က အေးစက်စွာ ရယ်မောလိုက်သည်။

သူက ခုန်ကျွင်းကိုလှမ်းကြည့်လိုက်ပြီး...

“ဒီမြေခွေးအိုကြီးက ကျွန်တော်တို့ကို အကြီးအကျယ်ဆုံးရှုံးအောင် လုပ်နေတာပဲ ၊ ဟန်တောင်မဆောင်နိုင်ဘူး ၊ ဒါပေမဲ့ သိပ်ကြာကြာမခံပါဘူး ၊ ကျွန်တော်တို့ ဆုံးရှုံးသွားတဲ့ရွှေတွေအတွက် မကြာခင် သူ့ဆီက ပြန်ယူပစ်မယ်”

ခုန်မင် အဘယ့်ကြောင့် ထိုမျှယုံကြည်မှုရှိနေကြောင်း ခုန်ကျွင်းနားမလည်ပေ။

သို့သော် သူက သားဖြစ်သူအပေါ် မယိမ်းမယိုင် ယုံကြည်လေရာ ခုန်မင်၏ပခုံးကို အသာပုတ်ရင်း ရယ်မောလိုက်သည်။

“လုပ်လိုက် မင်အာ... မင်း တွန့်ဆုတ်မနေနဲ့ ၊ ဒီမြေခွေးအိုကြီးက ငွေကြေးပိုင်းရော အာဏာပိုင်းရော အဖေတို့ခုန်အိမ်တော်နဲ့ ယှဉ်လို့မရပါဘူး”

ပြောပြီးသည်နှင့် ခုန်ကျွင်းကိုယ်တိုင် ပြတ်သားသည့်အသံဖြင် လေလံစျေး အသစ်တစ်ခုခေါ်လိုက်သည်။

“ရွှေဒင်္ဂါးတစ်သိန်း”

လေလံခန်းမတွင် ချမှတ်မထားသည့်တိုင် အလိုအလျောက်နားလည်ရမည့် စည်းမျဉ်းတချို့ ရှိပေသည်။

ဥပမာ - ပြိုင်ဘက်ကို အနှောက်အယှက်ပေးရန် တမင်သက်သက် စျေးမြှင့်လေလံဆွဲနိုင်သော်လည်း မဆင်မခြင် ပြုလုပ်သည်ကိုတော့ တားမြစ်ထားသည်။

လေလံဆွဲသူတစ်ယောက်အနေဖြင့် သူခေါ်လိုက်သည့်စျေးနှုန်းက သူ အမှန်တကယ်ပေးနိုင်သည့်ပမာဏ ဖြစ်ရပေမည်။

မဟုတ်ပါက မည်သူမဆို အဓိပ္ပါယ်မရှိသည့် စျေးနှုန်းပမာဏများကို ပရမ်းပတာ အော်ချင်ရာအော်ရင်း လေလံပွဲ ပျက်ဆီးသွားမည် မဟုတ်လား။

ချန်ရှီးက ချန်အိမ်တော်သခင်ဖြစ်သည့်တိုင် လေလံပွဲစည်းကမ်းကိုတော့ လိုက်နာရပေမည်။

ထို့ကြောင့် ခုန်ကျွင်းက နေမီးလျှံမီးပြင်းဖိုစျေးနှုန်းကို မယုံကြည်နိုင်စရာပမာဏဖြစ်သည့် ‘ရွှေဒင်္ဂါးတစ်သိန်း’ အထိ မြှင့်တင်လိုက်သည့်အခါ ချန်ရှီးမှာ တုံ့ဆိုင်းသွားရသည်။

ချန်အိမ်တော်၏ နှစ်စဉ်ဝင်ငွေက ခုန်အိမ်တော်၏ နှစ်စဉ်ဝင်ငွေနှင့်ယှဉ်လျှင် နည်းပါးသည်။ သူတို့၏ တစ်နှစ်ဝင်ငွေက ရွှေဒင်္ဂါးတစ်သိန်းကျော်ခန့်သာ ရှိ၏။

ခေါင်းနှစ်လုံးမိကျောင်းအမြုတေအတွက် ရွှေဒင်္ဂါးသုံးသောင်းရှစ်ထောင် အသုံးပြုသွားပြီးဖြစ်ရာ ချန်ရှီးအနေဖြင့် နောက်ထပ်ပစ္စည်းတစ်ခုအတွက် ရွှေဒင်္ဂါးရှစ်သောင်းထက်ပိုပြီး စျေး‌ခေါ်ရန် မဖြစ်နိုင်တော့ပေ။

အကြောင်းမှာ သူအသုံးပြုနိုင်သည့်ငွေပမာဏဖြစ်သည့် ရွှေဒင်္ဂါးတစ်သိန်းထက် ကျော်လွန်နေပြီ မဟုတ်ပါလား။

ယခု ခုန်အိမ်တော်က ရွှေဒင်္ဂါးတစ်သိန်းအထိ စျေးနှုန်းမြှင့်လိုက်သည့်အခါ ချန်ရှီးက ထို့ထက်မြင့်မားသည့်စျေးနှုန်းဖြင့် ထပ်မံစျေးခေါ်မည်ဆိုပါက လေလံပွဲစည်းကမ်းကို ချိုးဖောက်သလို ဖြစ်သွားပေမည်။

မည်သို့ပင်ဖြစ်စေ ခုန်အိမ်တော်ကို ရွှေဒင်္ဂါးတစ်သိန်း ဆုံးရှုံးအောင်လုပ်နိုင်ခဲ့သဖြင့် ချန်ရှီးရင်ထဲ အနည်းငယ် ဒေါသပြေသွားရသည်။

သာမန်အခြေအနေဆိုလျှင် နေမီးလျှံမီးပြင်းဖိုက အမြင့်ဆုံးစျေးနှုန်း ရွှေဒင်္ဂါးငါးသောင်းခန့်ဖြင့်သာ ရောင်းထွက်နိုင်ပေမည်။

ယခုတော့ ခုန်အိမ်တော်အနေဖြင့် ထိုမီးပြင်းဖိုကိုရယူရန် စျေးနှုန်းနှစ်ဆ ပေးခဲ့ရပေပြီ။

ခေါင်းနှစ်လုံးမိကျောင်းအမြုတေအတွက် စျေးနှုန်းပိုပေးခဲ့ရသဖြင့် အကျိတ်အခဲဖြစ်နေသော ချန်ရှီးစိတ်ထဲ ဒေါသပြေလျော့သွားခဲ့၏။

ချန်ရှီး ကျေနပ်စွာပြုံးလိုက်ပြီး ထိုင်ခုံနောက်သို့မှီချလိုက်ကာ ခြေထောက်ချိတ်ထိုက်လိုက်သည်။ သူ့အနေဖြင့် လေလံပွဲခန်းမတွင် ထပ်မံပြဿနာရှာရန် မလိုအပ်တော့ပေ။

နောက်ဆုံးမှာတော့ ခုန်အိမ်တော်က နေမီးလျှံမီးပြင်းဖိုကို ရွှေဒင်္ဂါးတစ်သိန်းဖြင့် အောင်မြင်စွာ ဝယ်ယူသွားခဲ့သည်။

ရွှေဒင်္ဂါးတစ်သိန်းဆိုသည့်စျေးနှုန်းကြောင့် လေလံခန်းမထဲ စကားပြောသံများ ဆူညံပွက်လောရိုက်သွားသည်။ ယခုနှစ်လေလံပွဲအတွက် နေမီးလျှံမီးပြင်းဖိုက တန်ဖိုးအကြီးဆုံးရတနာပစ္စည်းဖြစ်သွားခဲ့ပြီ မဟုတ်ပါလား။

ခွန်းကာမြို့လေလံပွဲက နာမည်ကြီးလေလံပွဲတစ်ခုဖြစ်သည့်တိုင် ရွှေဒင်္ဂါးတစ်သိန်းအထိ လေလံအောင်မှုက အလွန်ရှားပါးသည်။

ထိုသို့သောဖြစ်ရပ်မျိုးက လက်ချိုးရေ၍ပင် ရနိုင်သည်။

ယခု နေမီးလျှံမီးပြင်းဖိုက အလွန်တရာမြင့်မားသည့်စျေးနှုန်းဖြင့် ရောင်းထွက်သွားသည်ဖြစ်ရာ ဤလေလံပွဲတွင် ဒီထက်ပိုပြီးထူးခြားသော ရတနာပစ္စည်း ရှိနိုင်ပါဦးမည်လား။

နေမီးလျှံမီးပြင်းဖိုစျေးနှုန်းက နှစ်ဆနီးပါးမြင့်တက်သွားခဲ့ကြောင်း လေလံပွဲတက်ရောက်သည့် ဧည့်သည်တော်တိုင်း သိရှိကြသည်။

နေမီးလျှံမီးပြင်းဖိုထက် ပိုမိုထူးခြားသည့် ရတနာပစ္စည်း ထပ်မံထွက်ပေါ်လာလျှင်တောင်မှ ထိုမီးပြင်းဖိုလောက် စျေးရတော့မည် မဟုတ်ပေ။

ထို့ကြောင့် လေလံပွဲ၏ တန်ဖိုးအကြီးဆုံးရတနာပစ္စည်းမှာ “နေမီးလျှံမီးပြင်းဖို” ဟုသာ ဆုံးဖြတ်ရပေမည်။

အကျိုးအမြတ်အများဆုံး ရရှိခဲ့သူကတော့ ထုံးစံအတိုင်းပင် လေလံပွဲစီစဉ်သူဖြစ်သည့် ခွန်းကာမြို့ ကုန်သွယ်ရေးအသင်းချုပ်ပင် ဖြစ်သည်။

လေလံတင်ရောင်းချသည့်ပစ္စည်းအချို့က အခြားသူများက အပ်နှံထားသောပစ္စည်းများဖြစ်ပြီး အသင်းချုပ်က လေလံတင်ရောင်းချပေးသည့်အတွက် ရောင်းရငွေမှ ကော်မရှင်ရရှိမည် ဖြစ်သည်။

သို့သော် အချို့သောရတနာပစ္စည်းများကတော့ အသင်းချုပ်မှပိုင်ဆိုင်သော ရတနာများ ဖြစ်၏။

အမှန်တော့ ခေါင်းနှစ်လုံးမိကျောင်း၏ ရေဒြပ်စင်စွမ်းအားအမြုတေနှင့် နေမီးလျှံမီးပြင်းဖိုမှာ ခုန်အိမ်တော်နှင့် ချန်အိမ်တော်ကို မျှားခေါ်ရန်အတွက် အသင်းချုပ်မှ ဗျူဟာကျကျစီစဉ်ထားသော ပစ္စည်းများ ဖြစ်သည်။

ရလဒ်ကတော့ အလွန်ပင်ရင်သပ်ရှုမောဖွယ်ဖြစ်ပြီး ထိုပစ္စည်းနှစ်မျိုးမှ ရရှိသောအမြတ်ငွေမှာ ရွှေဒင်္ဂါး ခြောက်သောင်းကနေ ခုနစ်သောင်းအထိ ကျော်လွန်သွားခဲ့တယ်။

ဤပမာဏက မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်သွားခဲ့သည်။

ကုန်သွယ်ရေးအသင်းချုပ်အတွက်တော့ ခွန်းကာမြို့တွင် သြဇာအကြီးဆုံးအင်အားစုက ‘ခုန်အိမ်တော်’ ဖြစ်ဖြစ် ၊ ‘ချန်အိမ်တော်’ ဖြစ်ဖြစ် အရေးမကြီးပေ။

သူတို့အတွက် အရေးကြီးသည်က အမြတ်အစွန်းရရှိရန် ဖြစ်၏။

ခုန်အိမ်တော်ရော ချန်အိမ်တော်ပါ မည်မျှ သြဇာကြီးမားသည်ဖြစ်စေ ဤလေလံပွဲခန်းမထဲတွင်တော့ သူတို့လိုချင်သည့်ပစ္စည်းအတွက် ရွှေဒင်္ဂါးများစွာကို ကုန်သွယ်ရေးအသင်းချုပ်ထံ လက်နှစ်ဖက်ဖြင့် ကမ်းလှမ်းရမည်ပဲ ဖြစ်သည်။

အင်အားစုများ၏ ဂုဏ်ထူးဆောင်အရှိန်အဝါက မည်မျှကြီးမားပါစေ စီးပွားရေးသမားများကိုတော့ ကျော်လွန်နိုင်မည် မဟုတ်ပေ။ လောကတွင် သရဖူဆောင်းနိုင်သူများမှာ ကုန်သည်များသာလျှင် ဖြစ်ကြသည်။

လေလံပွဲအရှိန်အဟုန်က တဟုန်ထိုးမြင့်တက်လာပြီး မေလင်မှာလည်း ကောင်းကင်ဆီသို့ပျံတက်တော့မည့် ဇာမဏီငှက်ပမာ စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် တောက်ပလျှက်ရှိသည်။

သူမ၏ မွေးရာပါ ဆွဲဆောင်မှုရှိသော ကျက်သရေနှင့် အလှအပက အပြည့်အဝ ဖူးပွင့်လာပြီး ပရိတ်သတ်များမှာလည်း မီးလျှံထဲထည့်သွင်းလိုက်သည့်ပမာ လေလံပွဲက အထွတ်ထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

နောက်ထပ်လေလံတင်မှုများတွင်တော့ ခုန်အိမ်တော်ရော ချန်အိမ်တော်ပါ ဝင်ရောက်လေလံဆွဲခြင်း မပြုကြတော့ပေ။

စင်မြင့်ပေါ်သို့ ထပ်မံရောက်ရှိလာသည့် လေလံပစ္စည်းများက အမျိုးအစားစုံလင်လှသော်လည်း မည်သည့်ပစ္စည်းမှ နေမီးလျှံမီးပြင်းဖိုနှင့် မယှဉ်နိုင်သလို အမြင့်ဆုံးစျေးနှုန်းလည်း မရရှိခဲ့ပေ။

စိတ်အားထက်သန်နေသည့် ဧည့်ပရိတ်သတ်များ သတိမထားမိခင်မှာပင် လေလံပွဲအဆုံးသတ်ရန် နီးကပ်လာခဲ့သည်။

မေလင်ကတော့ စိတ်ထဲတွင် နတ်ဘုရားပေသီးတစ်ခုပုံဖော်ပြီး အကျိုးအမြတ်များကို အတိအကျ တွက်ချက်နေပြီ ဖြစ်သည်။

ရေဒြပ်စင်စွမ်းအားအမြုတေနှင့် နေမီးလျှံမီးပြင်းဖို၏ မြင့်မားသောစျေးနှုန်း ၊ အခြားရတနာများစွာမှရရှိမည့် အမြတ်အစွန်းများ ၊ ကော်မရှင်များ ပေါင်းစပ်လိုက်သည့်အခါ ၊ ယခုလေလံပွဲတွင် အရင်းကိုဖယ်ရှားပြီး သီးသန့်ကျန်ရှိသည့် အမြတ်အစွန်းသည်ပင် ရွှေဒင်္ဂါးတစ်သိန်းနီးပါး ရှိခဲ့သည်။

ရွှေဒင်္ဂါးတစ်သိန်းဆိုသည်က ထျန်းယွမ်ကုန်းမြေ၏ ထောက်တိုင်များကိုပင် တုန်လှုပ်သွာစေလောက်သည့် ငွေပမာဏပင်။

ထိုသို့ဖြင့် လေလံပွဲနောက်ဆုံးအချိန်သို့ ရောက်ရှိလာသည်။

မေလင်က ဆည်းလည်းသံပမာ သာယာစွာ ရယ်မောလိုက်ပြီး ဆွဲဆောင်မှုရှိသောအသံဖြင့် ကြေညာလိုက်သည်။

“ခွန်းကာမြို့ ကုန်သွယ်ရေးအသင်းချုပ်အနေနဲ့ ယနေ့ လေလံပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့အတွက် လူကြီးမင်းများအားလုံးကို အလေးအနက် ကျေးဇူးတင်ရှိပါတယ် ၊ အခုဆိုရင်... ကျွန်မတို့ရဲ့ခမ်းနားတဲ့လေလံပွဲကြီးဟာဖြင့် အဆုံးသတ်ဖို့နီးကပ်လာပြီ ဖြစ်ပါတယ် ၊ နောက်ဆုံးအနေနဲ့ အလွန်ရှားပါးထူးခြားတဲ့ ရတနာပစ္စည်းတစ်ခုကို လေလံတင်မှာ ဖြစ်ပါတယ် ၊ ဒီပစ္စည်း ဘယ်လောက်ထိ လူစိတ်ဝင်စားမှုရမလဲဆိုတာ... အားလုံးပဲ... အတူတူစောင့်ကြည့်လိုက်ကြရအောင်ပါ”

သူမစကားသံ အဆုံးသတ်သွားသည်နှင့် မေလင်၏တပည့်ရင်းဖြစ်သော်လည်း အစေခံအဖြစ် ဆောင်ရွက်နေသည့်မိန်းမပျိုလေးက လေလံစင်မြင့်ထက်သို့တက်လာပြီး လင်ဗန်းဝိုင်းတစ်ခုကို သယ်ဆောင်လာပြန်သည်။

မေလင်က လင်ဗန်းထက်မှ ပန်းထိုးထားသည့်ပိုးထည်စကို ဖယ်ရှားလိုက်သည့်အခါ ထူးဆန်းသည့် ဒြပ်စင်စွမ်းအားလှိုင်းတစ်ခု လေထုထဲ ဖြတ်ပြေးသွားလေသည်။

လင်ဗန်းထက်တွင် စာအုပ်တစ်အုပ်နှင့်ဆင်တူသည့် စတုရန်းပုံစံ ပစ္စည်းတစ်ခု ရှိနေသည်။

သို့သော် ထိုပစ္စည်းမျက်နှာပြင်ထက်တွင် များပြားလှသော သေးသွယ်သည့် ချည်မျှင်ပမာ နွယ်ပင်လေးများက ရစ်ပတ်ထားသည်။

ထိုနွယ်ပင်များက ပိုက်ကွန်သဖွယ် ပစ္စည်းကို အပြည့်အဝဖုံးအုပ်ထားပြီး အစိမ်းရောင်တောက်ပနေစေသည်။

သေးငယ်သည့်နွယ်ပင်လေးများက အသက်ဝင်နေသည့်ပမာ အလင်းရောင်တောက်ပနေခြင်းဖြစ်ပြီး ၊ လူတို့ ပန်းထိုးထားသည့် အတုအယောင်ပုံစံမျိုးမဟုတ်ဘဲ အမှန်တကယ် ရှင်သန်နေသည့်နွယ်ပင်များဖြစ်သည်မှာ ထင်ရှားသည်။

ဤသို့ ထူးဆန်းသောပစ္စည်းက မည်သို့သောအရာ ဖြစ်နိုင်ပါသနည်း။

***

ဘာသာပြန်သူ နေမကောင်းဖြစ်သွားတဲ့အတွက် ခုန်မင်က စာစဉ်ထွက်တာ နောက်ကျသွားရပါတယ်

စာဖတ်သူများကို တောင်းပန်အပ်ပါတယ်ရှင်

နောက်ပိုင်း စာစဉ် ပုံမှန်ထွက်နိုင်အောင် ကြိုးစားသွားပါ့မယ်

ချစ်ခင်စွာဖြင့်

ဘာသာပြန်သူ - ဇင်ပြေ

All Chapters