← Chapters

တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်

Vol. 4 Ch. 43

တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်

Vol. 4 Ch. 43

ထျန်းယွမ်ကုန်းမြေတွင် အင်အားကြီးသူကသာ အာဏာကိုချုပ်ကိုင်ကြသည်။

ကျင့်စဉ်တစ်ခုက လူတစ်ယောက်၏ အင်အားကို မယုံနိုင်လောက်အောင်မြှင့်တင်ပေးနိုင်သည်ဆိုပါက ထိုသို့သောပညာရပ်မျိုးကို မည်သူက ပွင့်ပွင့်လင်းလင်း ငြင်းပယ်နိုင်ပါမည်နည်း။

မော့ဖေးကဲ့သို့ ပြတ်သားစွာ ဆုံးဖြတ်ချက်ချနိုင်သူမှာ ရှားပါးသည်ပင်။

မော့ဖေးကဲ့သို့ နတ်သားရဲမျိုးနွယ်တစ်ယောက်အတွက် ကျင့်ကြံခြင်းနည်းလမ်းများ တစ်ခါမှ မပိုင်ဆိုင်ခဲ့ဖူးပေ။

သူတို့မျိုးနွယ်အတွက် သင့်လျော်သည့် ရုပ်ခန္ဓာကျင့်စဉ်တစ်ခုကမ်းလှမ်းလာခြင်းက မနှိုင်းယှဉ်သာသည့် ဆွဲဆောင်မှုတစ်ခု ဖြစ်သည်။

ထိုဆွဲဆောင်မှုက အလွန်ကြီးမားလှသည်။

သို့ပေသိ ထိုသို့သောအခြေအနေမှာပင် မော့ဖေးက စိတ်ထဲမှလောဘကို ချုပ်တည်းထားနိုင်ပြီး ခုန်မင်၏ရှုထောင့်မှ စဉ်းစားတွေးခေါ်ပေးခဲ့သည်။

ဤအချက်ကိုကြည့်ခြင်းအားဖြင့် ခုန်မင် မော့ဖေးအပေါ် အကဲခတ်မမှားကြောင်း သက်သေပြနေသည်။ မော့ဖေးက အမှန်ပင် ‌စိတ်ထားဖြောင့်မတ်ပြီး ကိုယ်ကျင့်တရားကောင်းမွန်သူပင်။

ခုန်မင်က ကောင်းကင်ထက်သို့ခေါင်းမော့ရင်း အားပါးတရ ရယ်မောလိုက်သည်။

“မင်းတို့မောင်နှမကို ငါ့လက်အောက်မှာထားကတည်းက ငါ့လူတွေလို့ သတ်မှတ်ထားပြီးပြီ ၊ မင်းတို့ကို မယုံဘဲနေပါ့မလား ၊ ပြီးတော့ ငါ့အနေနဲ့ မင်းတို့ရဲ့စွမ်းအားကိုမြှင့်တင်ပေးနိုင်ရင် မင်းတို့လည်း ငါ့အပေါ် ပိုပြီး ကောင်းကောင်းမွန်မွန် အမှုထမ်းနိုင်မှာလေ ၊ ဒါက ငါ့အတွက် နစ်နာစရာမရှိပါဘူး ၊ ဒါကြောင့် မင်းတို့ တတ်နိုင်သမျှ စောစောစီးစီး ကျင့်ကြံနိုင်ရင် ပိုကောင်းလိမ့်မယ် ၊ ဒီကျင့်စဉ်က စွမ်းအားကိုပဲ မြှင့်တင်ပေးတာမဟုတ်ဘူး ၊ ခန္ဓာကိုယ်ကိုလည်း သန်မာစေတယ် ၊ ဒီတော့ ယွဲ့အာလည်း မင်းနဲ့အတူ ဒီကျင့်စဉ်ကို ကျင့်ကြံနိုင်တယ် ၊ နည်းနည်းလောက်အောင်မြင်မှုရတာနဲ့ သူ့ခန္ဓာကိုယ်က အခုလိုမျိုး အားနည်းနေမှာ မဟုတ်တော့ဘူး”

ဤ အံ့သြဖွယ်ရာ ရုပ်ခန္ဓာကျင့်စဉ်ကို မော့ယွဲ့လည်း ကျင့်ကြံနိုင်ကြောင်း ကြားသိသည့်အခါ မော့ဖေး အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။

သူကိုယ်တိုင်ကျင့်ကြံရမည်ထက်ပင် ပိုပြီးစိတ်လှုပ်ရှားသွားလျှက် စိတ်မထိန်းနိုင်ဘဲ မေးမြန်းလိုက်မိသည်။

“တကယ်လား... ယွဲ့အာလည်း ဒီကျင့်စဉ်ကို ကျင့်ကြံလို့ရတာလား”

ခုန်မင်က ရယ်မောရင်းပင် ကျီစယ်လိုသည့်အမူအရာဖြင့်...

“ဘာလဲ... ငါက နောက်နေတယ် ထင်နေလို့လား”

မော့ဖေး ချက်ချင်းပင် ခုန်မင်ရှေ့တွင်ဒူးထောက်လျှက် ဦးညွှတ်ဂါရဝပြုလိုက်သည်။

“မော့ဖေး သခင်လေးကို ဘယ်တော့မှ သံသယမဝင်ရဲပါဘူး ၊ ပြီးတော့ သခင်လေးရဲ့ အဆုံးမရှိတဲ့ ကျေးဇူးတရားနဲ့ ဖြောင့်မတ်ခြင်းကို ကျုပ် ခန္ဓာကိုယ်နဲ့ အရိုးတွေ တစ်စစီကွဲကြေသွားရန်တောင် ပြန်ဆပ်နိုင်မယ် မထင်ပါဘူး”

အနားတွင်ရပ်နေသော မော့ယွဲ့က အစ်ကိုဖြစ်သူနှင့်အတူ ဒူးထောက်ရန်ဟန်ပြင်လိုက်စဉ် ခုန်မင်က လျှင်မြန်စွာလက်ကမ်းလျှက် မော့မျိုးနွယ်မောင်နှမကို ညင်သာစွာ ထူမလိုက်သည်။

“ငါတို့တွေက အရှင်သခင်နဲ့ အစေခံဆိုပေမယ့် တကယ်တမ်းမှာ မိသားစုတွေလိုပါပဲ ၊ မင်းတို့ ဒီလိုတွေလျှောက်လုပ်နေမယ်ဆိုရင် ငါ မကျေမနပ်ဖြစ်မိတော့မယ်”

မော့မျိုးနွယ်မောင်နှမက နဂိုကပင် ခုန်မင်အား သစ္စာခံရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ယခု နက်နဲသောကျင့်စဉ်ကိုလည်း လက်ဆောင်အဖြစ်ရရှိဦးမည်ဖြစ်ရာ သူတို့ဘဝတစ်ခုလုံး ခုန်မင်ထံ အပ်နှံရန် ရည်ရွယ်လိုက်ကြ၏။

ယခု အခိုက်အတန့်မှစတင်ပြီး သူတို့၏ ခုန်မင်အပေါ် သစ္စာစောင့်သိမှုမှာ ယိမ်းယိုင်မှုမရှိ ၊ အနည်းငယ်မျှပင် သစ္စာဖောက်မှု အရိပ်အယောင် မရှိတော့ပေ။

ဤသည်ကိုကြည့်ခြင်းအားဖြင့် မော့မျိုးနွယ်မောင်နှမနှင့် ခုန်မင်၏ ဆက်နွယ်မှုက အမှန်တကယ်ပင် မိသားစုပမာ ဖြစ်သွားခဲ့သည်။

လူတစ်ယောက်နှင့်တစ်ယောက်ကြား ရေစက်ဆိုသည်မှာ အံ့သြဖွယ်ရာပင်။

စျေးလမ်းဆုံတစ်နေရာတွင် ခုန်မင်နှင့် တွေ့ဆုံခွင့်ရပြီးနောက် မော့မျိုးနွယ်မောင်နှမ၏ဘဝသည်လည်း ယခင်က အိပ်မက်ပင်မမက်ဖူးခဲ့သော လမ်းကြောင်းသစ်တစ်ခုဆီသို့ စတင်ခဲ့ကြသည်။

ခုန်မင်က “တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်” ၏ အစပိုင်းကျင့်ကြံခြင်းနည်းလမ်းများကို မော့မျိုးနွယ်မောင်နှမအား သင်ကြားပေးလိုက်သည်။

တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်ကို အဆင့်(၉)ဆင့်ခွဲထားပြီး အဆင့်တစ်ခုစီတွင် ခန္ဓာကိုယ်သန့်စင်ခြင်းအနေအထားကိုးမျိုးပါဝင်ကာ ၎င်းတို့ကို စုပေါင်း၍ “ရွှမ်ကုန်းပြောင်းလဲမှု (၉)ခု ကျင့်စဉ်” ဟု ခေါ်ဆိုသည်။

အနေအထားတစ်ခုစီကို ကျွမ်းကျင်အောင် ကျင့်ကြံခြင်းသည် ခန္ဓာကိုယ်အား တစ်စိတ်တစ်ပိုင်း သန်မာစေသည်။

အနေအထား (၉)မျိုးလုံး ပြီးမြောက်အောင်ကျင့်ကြံပြီး ၎င်းတို့ကို တစ်ခုတည်းပေါင်းစည်းနိုင်ပါက ကျင့်ကြံသူအနေဖြင့် နောက်ထပ်အဆင့်တစ်ခုသို့ တက်လှမ်းနိုင်ပြီဟု ဆိုနိုင်သည်။

တစ်ချက်မျှကြည့်လျှင်တော့ “တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်” ကို ကျင့်ကြံခြင်းက ရိုးရှင်းဟန်ရှိသော်လည်း ၊ တကယ်တမ်း ထိုကျင့်စဉ်၏ ခက်ခဲမှုက သာမန်လူသားများ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။

ဥပမာအားဖြင့် - ပထမအဆင့် “ရွှမ်ကုန်းပြောင်းလဲမှု (၉)ခု” ကို ကြည့်မည်ဆိုလျှင် အစပိုင်းအနေအထားဖြစ်သော ဝင်ပေါက်အဆင့်သည်ပင်လျှင် သာမန်လူတစ်ယောက်အတွက် မဖြစ်နိုင်ဟု ထင်ရသည်အထိ ခက်ခဲလှသည်။

မတိကျသောအနေအထားကို ပြီးမြောက်အောင်ကြိုးစားရင်း အရိုးများကျိုးပဲ့သွားသည့်ပမာ ခံစားရပေမည်။

နောက်ဆက်တွဲအနေအထားများကလည်း ပို၍ခက်ခဲလာပြီး ပြောင်းလဲမှု တစ်ခုချင်းစီက လူ့ခန္ဓာကိုယ်၏ခံနိုင်ရည်စွမ်းနှင့် ကန့်သတ်ချက်များကို စိန်ခေါ်နေသည်။

ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံဖြင့် မွေးဖွားလာသူများသာ “တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်” ၏ ရုပ်ခန္ဓာသန့်စင်ခြင်းအနေအထားများကိုကျင့်ကြံနိုင်ရဣ် မျှော်လင့်ချက်ရှိသည်။

အနေအထား(၉)မျိုးကိုပေါင်းစည်းပြီး အဆင့်တစ်ခုထိုးဖောက်ရန်မှာတော့ ထူးခြားသောခန္ဓာကိုယ်သာမက နက်နဲသော နားလည်သဘောပေါက်မှုနှင့် ယိမ်းယိုင်ခြင်းမရှိသော စိတ်ဆုံးဖြတ်ချက်တို့လည်း လိုအပ်သည်။

ဤအရာများမရှိဘဲ ရုပ်ခန္ဓာသန့်စင်ခြင်း၏ ပြင်းထန်သောနာကျင်မှုကိုခံနိုင်ရည်ရှိရန် လုံးဝ မဖြစ်နိုင်ပေ။ အဆင့်တက်ရန်ဆိုသည်ကတော့ ပြောနေစရာပင် မလိုတော့ပေ။

ခုန်မင်က “တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်” ပထမအဆင့်ကို စေ့စေ့စပ်စပ် ရှင်းပြလိုက်သည်။

ထို့နောက် မော့မျိုးနွယ်မောင်နှမအား ကနဦးအဆင့် “ရွှမ်ကုန်းပြောင်းလဲမှု (၉)ခု” အနေအထားများကို တစ်ခုချင်းစီ သရုပ်ပြပေးလိုက်သည်။

သုံးပြည်ထောင်ခေတ် အရင်ဘဝတွင် ခုန်မင်၏ ရုပ်ခန္ဓာက အလွန်အားနည်းသဖြင့် “တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်”ကိုကျင့်ကြံရန် မဖြစ်နိုင်ခဲ့ပေ။

သို့သော် ထျန်းယွမ်ကုန်းမြေတွင် ပြန်လည်မွေးဖွားလာပြီးနောက် ထူးဆန်းသော “ကြယ်စင်စွမ်းအား” ကြောင့် ဤကျင့်စဉ် ပထမအဆင့်ကို အသာလေးပင် ဖြတ်ကျော်အောင်မြင်ခဲ့သည်။

ကံ‌ကောင်းသည်မှာ ခုန်မင်၏ လက်ရှိခန္ဓာကိုယ်က မွေးရာပါ ထူးခြားသောဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားသည်။

ကျင့်စဉ်ပထမဆင့်ကိုလည်း အောင်မြင်ပြီးလေရာ သူ့အနေဖြင့် “ရွှမ်ကုန်းပြောင်းလဲမှု(၉)ခု” အား လွယ်ကူစွာနှင့် တိကျစွာ လုပ်ဆောင်နိုင်ခဲ့သည်။

မော့မျိုးနွယ်မောင်နှမကလည်း ထူးခြားသော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်သူများဖြစ်လေရာ ကနဦးအဆင့် “ရွှမ်ကုန်းပြောင်းလဲမှု(၉)ခု” အနေအထားများကို လျင်မြန်စွာ မှတ်သားနိုင်ခဲ့သည်။

သို့သော် အနေအထားများကိုမှတ်သားနိုင်ခြင်းက အနေအထားများကိုလုပ်ဆောင်နိုင်ခြင်းနှင့် ကွဲပြားသော စိန်ခေါ်မှုဖြစ်သည်။

တကယ်တော့ ပထမဆုံးကိုယ်ဟန်အနေအထားကိုပင် လုပ်ဆောင်နိုင်ရန် ခက်ခဲနေသေး၏။

မော့မျိုးနွယ်မောင်နှမမှာ တစ်နာရီနီးပါး ချွေးများတောက်တောက်ကျလျှက် ရုန်းကန်ကြိုးစားကြသည့်တိုင် ပထမအနေအထားကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။

သို့ပေသိ ခုန်မင်ကို အံ့အားသင့်စေသည်မှာ မော့ယွဲ့၏ ကျ့င်ကြံခြင်းတိုးတက်မှုက မော့ဖေးထက် ကျော်လွန်နေခြင်း ဖြစ်၏။

မော့ယွဲ့က အသက်ငယ်ရွယ်သေးသည်ဖြစ်ရာ သူမ၏ ကြွက်သားများနှင့်အရိုးများက အပြည့်အဝမခိုင်မာသေးသဖြင့် “ရွှမ်ကုန်းပြောင်းလဲမှု (၉)ခု” ကို ပိုမိုလွယ်ကူစွာ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်ခြင်း ဖြစ်နိုင်သည်။

သို့ရာတွင် မော့ယွဲ့က မွေးရာပါ ခန္ဓာကိုယ်အခြေအနေကြောင့် မော့ဖေးထက ပိုမိုလျှင်မြန်စွာ ကျင့်ကြံနိုင်သည့်တိုင် သူမ၏ တိုက်ခိုက်ရေးစွမ်းအားကတော့ သူမအစ်ကိုထက် များစွာနိမ့်ကျနေဦးမည်ဖြစ်သည်။

ဤသည်မှာ သူတို့နှစ်ယောက်၏ အခြေခံအုတ်မြစ်မတူညီခြင်းကြောင့် ကွာဟချက်ဖြစ်လာခြင်းပင်။

ဥပမာပြောရလျှင် မော့ယွဲ့က သူမ၏စွမ်းအားကို အဆ(၅၀)မြှင့်တင်နိုင်ဦးတော့ မော့ဖေး၏စွမ်းအား (၁၀)ဆမြှင့်တင်နိုင်ခြင်းအား လိုက်မမီနိုင်ပေ။

တကယ်တော့ ခုန်မင်က မော့ယွဲ့အား “တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်” သင်ကြားပေးရသည့်အကြောင်းရင်းမှာ သူမ၏အားနည်းသောခန္ဓာကိုယ် သန်မာလာစေရန်သာ ဖြစ်သည်။ သူမကို စွမ်းအားကြီးမားသော စစ်သည်တစ်ယောက် ဖြစ်လာစေရန် မရည်ရွယ်ပေ။

ကျင့်စဉ်သင်ကြားပေးပြီးနောက် ခုန်မင်က မော့မျိုးနွယ်မောင်နှမကို မှာကြားလိုက်သည်။

“ဒါဖြင့် မင်းတို့ အချိန်ယူပြီး ကျင့်ကြံကြပါ ၊ တစ်ခုခုအခက်အခဲရှိရင် ငါ့ကိုလာမေးလို့ရတယ်”

ထို့နောက် ခုန်မင် ထွက်ခွာသွားလေသည်။

သူကိုယ်တိုင်သည်လည်း မတူကွဲပြားသော ကျင့်ကြံခြင်းတစ်မျိုးဆီသို့ ခြေဦးလှည့်ရဦးမည် မဟုတ်ပါလား။

ဆိုင်ရှင်ဝမ်၏ ကျေးဇူးဖြင့် “မီးလျှင်စီးဆင်း” မီးပြင်းဖိုတစ်လုံး ခုန်အိမ်တော်သို့ ရောက်ရှိလာသည်ဖြစ်ရာ ခုန်မင်၏ ပန်းပဲပညာခရီးစဉ်သည်လည်း စတင်ရန် အချိန်တန်ပေပြီ။

ခုန်အိမ်တော် အနောက်ဘက်ခြံဝင်းအနီးတွင် တောင်တစ်လုံးရှိလေသည်။

ထိုတောင်ခြေတွင် ကျောက်ဂူတစ်လုံးရှိနေပြီး ခုန်မင်က ထိုနေရာကို သူ၏ ပန်းပဲအလုပ်ရုံအဖြစ် ကြိုတင်ရွေးချယ်ထားခဲ့သည်။

မီးပြင်းဖိုရောက်လာသည်နှင့် အစေခံများက ခုန်မင်ကြိုတင်ညွှန်ကြားထားသည့်အတိုင်း လိုအပ်သည့်ပြင်ဆင်မှုများကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ကြသည်။

ခုန်အိမ်တော်၏ အနောက်ဘက်ခြံဝင်းအနီးတွင် မီတာရာနှင့်ချီပြီးမြင့်မားသော တောင်တစ်လုံးရှိသည်။

ထိုတောင်နှင့်တကွ ကျယ်ပြန့်သော တောအုပ်သည်လည်း ခုန်အိမ်တော် ပိုင်နက်တွင် ပါဝင်သည်။

ထိုတောင်ခြေတွင်ရှိနေသော ကျောက်ဂူများသည်လည်း ခုန်အိမ်တော်မှ အကြီးအကဲများ တံခါးပိတ်ကျင့်ကြံရာတွင် အသုံးပြုလေ့ရှိကြသည်။

ယနေ့...

ခုန်မင် ကျောက်ဂူအတွင်း ဝင်ရောက်လာသည်။

ကျောက်ဂူထဲရောက်သည်နှင့် ကျောက်သားကြမ်းပြင်ထက်တွင်တည်ဆောက်ထားသော အခေါင်းပါသည့် ကျောက်စင်တစ်ခုကို သတိပြုလိုက်မိသည်။

ထိုကျောက်စင်ထက်တွင် သန့်စင်သည့်မီးပြင်းဖိုတစ်လုံးရှိသည်။

ကျောက်စင်ဘေးတွင်တော့ ခုန်မင် ပန်းပဲပြုလုပ်ရန် ကြိုတင်ပြင်ဆင်ထားသော ပစ္စည်းများကို စုပုံထားလေသည်။

အရာအားလုံး အဆင်သင့်ဖြစ်နေကြောင်းမြင်ရသည်နှင့် ခုန်မင်က အစေခံများအားလုံးကို ပြန်ခိုင်းလိုက်ပြီး ကျောက်ဂူထဲတွင် သူတစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။

ထို့နောက် သူက အင်္ကျီရင်ဘတ်ထဲမှ “ပန်းပဲပညာကျမ်း” ကို ထုတ်ယူလိုက်ပြီး မီးဒြပ်စင်စွမ်းအား ထည့်သွင်းကာ ကနဦးအဆင့် ပန်းပဲပညာရပ်များကို ထပ်မံလေ့လာလိုက်၏။

အချိန်ခဏကြာပြီးနောက် ခုန်မင် ကျမ်းစာအုပ်ကိုပိတ်လိုက်သည်။

သူ၏မျက်ဝန်းများက ကြယ်စင်များသဖွယ်တောက်ပနေပြီး မယိမ်းယိုင်သောယုံကြည်မှုဖြင့် ဖြာလင်းလျှက်ရှိသည်။ သူက ယုံကြည်မှုအပြည့်ဖြင့် မီးပြင်းဖိုဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လှမ်းသွားလေသည်။

ခုန်မင်အနေဖြင့် ပန်းပဲပညာလမ်းကြောင်းသို့ ပထမဆုံးအကြိမ်ဝင်ရောက်ခြင်းဖြစ်သော်လည်း ယုံကြည်မှုအပြည့် ရှိနေသည်ပင်။

သူ့တွင် မီးဒြပ်စင်ဝိညာဉ်ခန္ဓာ အားသာချက်ရှိသဖြင့် ပထမအကြိမ်မှာပင် သေချာပေါက်အောင်မြင်မည်ဟု ယုံကြည်ထားသည်။

All Chapters