ပန်းပဲပညာ စတင်စမ်းသပ်ကြည့်ခြင်း
Vol. 4 Ch. 44
ခုန်မင်က မြေပြင်ထက်မှ ဆီအိုးကိုယူလိုက်ပြီး ကျောက်စင်ထက်မှ မီးပြင်းဖိုထဲသို့ လောင်းထည့်လိုက်သည်။
ထို့နောက် လက်ညှိုးနှင့်လက်ခလယ်ကိုအသုံးပြုပြီး မီးဒြပ်စင်စွမ်းအားကို ထုတ်ဖော်လိုက်ရာ မီးပွားတစ်ခုထွက်ပေါ်လာပြီး ဆီများနှင့်ပေါင်းစပ်လျှက် ဟုန်းဟုန်းတောက် လောင်ကျွမ်းသွားသည်။
ထိုမီးလျှံကြောင့် ကျောက်ဂူတွင်းမှအပူချိန်လည်း ချက်ချင်းမြင့်တက်လာခဲ့၏။
ပန်းပဲလမ်းစဉ်၏အနှစ်သာရက မီးပြင်းဖိုထဲ မီးဒြပ်စင်စွမ်းအားကို ထိန်းချုပ်အသုံးပြုပြီး ပစ္စည်းများကို ဖျက်ဆီးခြင်း ၊ သန့်စင်ခြင်း ၊ ပေါင်းစည်းခြင်း ၊ ပုံဖော်ခြင်း ပြုလုပ်ရန်ဖြစ်သည်။ သို့သော် အကောင်းဆုံးရလဒ်များရရှိရန် ပြင်ပမီးလျှံကိုလည်း အသုံးပြုရန်လိုအပ်သည်။
အကောင်းဆုံးအထောက်အကူမီးလျှံကတော့ မြေကြီးဗဟိုမဏ္ဍိုင်မှ မီးလျှံဖြစ်သော်လည်း ထိုသို့သော မူလစွမ်းအားကို အသုံးချနိုင်သူ အနည်းငယ်သာ ရှိသည်။
သို့ဖြစ်ရာ ပန်းပဲပညာလမ်းကြောင်း အသစ်စတင်သူများအတွက် အရိုးရှင်းဆုံးနှင့် လက်တွေ့အကျဆုံးရွေးချယ်မှုကတော့ ဆီဖြင့်လောင်ကျွမ်းသော မီးလျှံသာဖြစ်သည်။
တဖျတ်ဖျတ်လှုပ်ရှားနေသော မီးရောင်အောက်တွင် ခုန်မင်က မီးပြင်းဖိုနံဘေးတွင် စုပုံထားသော ပစ္စည်းများကို စစ်ဆေးကြည့်လိုက်သည်။
လက်သီးဆုပ်အရွယ် သန့်စင်ထားသည့် သံမဏိ(၁၀)တုံး ၊ အနောက်သဲကန္တာပြည်နယ်မှ မာကျောသောသစ်သားတုံးတစ်တုံး ၊ နှစ်တစ်ရာ နှစ်ချို့မြားဝါးတစ်စည်းနှင့် ပထမအဆင့် မှော်ဝင်သားရဲဖြစ်သော လေပြင်းဝံပုလွေသားရေတို့ဖြစ်သည်။
ဤပစ္စည်း(၄)မျိုးတွင် သစ်မာက အတော်လေးရှားပါးသော်လည်း သန့်စင်ထားသောသံမဏိ ၊ နှစ်တရာမြားဝါးနှင့် လေပြင်းဝံပုလွေသားရေတို့ကတော့ ကျင့်ကြံခြင်းလောကတွင် တန်ဖိုးသိပ်မရှိသော သာမန်ပစ္စည်းများဖြစ်သည်။
ခုန်မင်က ပန်းပဲပြုလုပ်ရန်ရည်ရွယ်ချက်ဖြင့် ဤပစ္စည်းများကို စုစည်းထားခြင်းပင်။
သို့သော် ပန်းပဲပညာကို စတင်သူများအတွက် ပစ္စည်းနှစ်မျိုးသာအသုံးပြုရန် ထုံးစံရှိပြီး ၊ သို့မှသာအောင်မြင်နိုင်ခြေလည်း များပြားနိုင်သည်။
လုံလောက်သောအတွေ့အကြုံများ စုဆောင်းပြီးမှသာ ပစ္စည်းများကို တဖြည်းဖြည်း ထပ်မံထည့်သွင်းပြီး ပန်းပဲလမ်းစဉ်အတိုင်း မှန်ကန်စွာ လိုက်နာလျှောက်လှမ်းရမည် ဖြစ်သည်။
ယခု ခုန်မင်က ပစ္စည်း(၄)မျိုးကို တပြိုင်တည်းအသုံးပြုနေခြင်းမှာ အလွန်အမင်း ရည်မှန်းချက်ကြီးရာကျနေပေသည်။
တကယ်တော့ ဤသို့ ရဲတင်းသည့်လုပ်ရပ်မျိုးအတွက် ခုန်မင်တွင်လည်း သူ့အကြောင်းပြချက်နှင့်သူရှိ၏။
သုံးပြည်ထောင်ခေတ်တွင် ခုန်မင်နှင့် ဇနီးဖြစ်သူ ဟွမ်ယွဲ့ယင်းတို့က ယန္တရားပညာရပ်တွင် ဆရာတစ်ဆူဖြစ်ခဲ့ကြသည်။
စိုက်ပျိုးရေးအတွက် ရေစုပ်စက်များမှသည် စစ်ပွဲအတွက် သစ်သားနွားရုပ်များ ၊ စီးဆင်းနေသောမြင်း ၊ ယွမ်ရုန်ဒူးလေးကဲ့သို့ အံ့ဖွယ်ဖန်တီးမှုများအထိ ဖန်တီးခဲ့ကြသည်။
ခုန်မင်တို့ဇနီးမောင်နှံ၏ ဖန်တီးမှုများက လုံးဝ အရည်အသွေးမြင့် ထူးခြားယန္တရားပစ္စည်းများ ဖြစ်သည်ပင်။
ယွမ်ရုန်ဒူးလေးသည် “ဓားခေတ် လှံခေတ်” တွင် အငြင်းပွားမရသည့် အကြီးမြတ်ဆုံးလက်နက်တစ်ခုဖြစ်လေသည်။
သို့သော် သုံးပြည်ထောင်ခေတ် ၊ သတ္တုသန့်စင်သည့်နည်းပညာက အားနည်းသည်ဖြစ်ရာ ယွမ်ရုန်ဒူးလေးအတွက် ထူးခြားစွာ တိကျမှုရှိသည့် လိုအပ်သောအစိတ်အပိုင်းများကို မရရှိခဲ့ပေ။
သာမန်ဖန်တီးထားသည့် အစိတ်အပိုင်း(၁၀၀)ခန့်မှ တစ်စုံ သို့မဟုတ် နှစ်စုံကိုသာ အောင်မြင်စွာ စုပေါင်းတပ်ဆင်နိုင်ခဲ့သည်။
ထို့ပြင် ထိုခေတ်က “သံ” က သန့်စင်ခြင်းမရှိသဖြင့် ဒူးလေး၏ အားကောင်းသော စမ်းသပ်ယန္တရားမှာ အသုံးပြုပြီးနောက် မကြာခဏပျက်ဆီးခြင်းနှင့် ကြုံရလေ့ရှိသည်။
ဤသို့သော နည်းပညာကန့်သတ်ချက်များကြောင့် ယွမ်ရုန်ဒူးလေးသည် ရှူဟန့်စစ်တပ်တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်ခဲ့ဘဲ အထူးလေ့ကျင့်ပေးထားသည့် အထူးတပ်ဖွဲ့အတွက်သာ သီးသန့်ထားရှိခဲ့ရသည်။
သို့သော် ထျန်းယွမ်ကုန်းမြေမှ ပန်းပဲပညာက ဤပြဿနာအတွက် အဖြေတစ်ခု ပေးနိုင်ခဲ့သည်။
အလွန်ကြီးမားသော “ဒြပ်စင်စွမ်းအား” ဖြင့် ပန်းပဲပညာကိုအသုံးပြုပြီး ယွမ်ရုန်ဒူးလေးကို ပြုလုပ်မည်ဆိုပါက ထိုလက်နက်၏ အလားအလာ အမြင့်ဆုံးအဆင့်ထိ မြှင့်တင်နိုင်ပေမည်။
ခုန်မင်က ပန်းပဲပညာတွင် ထူးချွန်လိုသည့် ရည်မှန်းချက်ရှိခဲ့သည်။
ထို့ကြောင့် သူက ပထမဆုံးအကြိမ် ပန်းပဲပညာရပ်ကိုစမ်းသပ်ကြည့်သည့်အခါ ‘ယွမ်ရုန်ဒူးလေး’ ကို ပြန်လည်ဖန်တီးရန် ရည်ရွယ်ခဲ့သည်။
ထိုလက်နက်၏ ဂုဏ်ကျက်သရေကို ထျန်းယွမ်ကုန်းမြေတွင် ပြန်လည်တောက်ပစေချင်ခဲ့သည်။
“ဒီလက်နက်ကို ငါ ပြန်ဖန်တီးမယ် ၊ ထျန်းယွမ်ကုန်းမြေမှာ ယွမ်ရုန်ဒူးလေးရဲ့ အံ့ဖွယ်စွမ်းအားကို ပြန်ပြီးပြသနိုင်ရမယ်”
ခုန်မင် စိတ်ထဲမှ ဆုံးဖြတ်ထားလေ၏။
ဤကြိုးပမ်းမှုက ခုန်မင်အတွက် နက်နဲစွာ အရေးပါလှသည်။
သစ်မာဆိုသည်က သဲကန္တာပြည်နယ်၏ ထူးခြားသော ထုတ်ကုန်တစ်ခုဖြစ်ပြီး အဆုံးမရှိသော ကန္တာရထဲတွင်သာ ပေါက်ရောက်နိုင်သည်။
သစ်သားထဲတွင် ရေဓာတ်အနည်းငယ်သာပါဝင်သဖြင့် သံမဏိထက်ပင် မာကျောပေသည်။
ထိုသစ်မာသားက ပန်းပဲပြုလုပ်ရန် အကောင်းဆုံးသစ်သားဖြစ်သည်။ သန့်စင်ထားသောသံမဏိကတော့ (၁၀)မျိုးသော သန့်စင်မှုလုပ်ငန်းစဉ်ဖြင့် ပြီးမြောက်ထားသော သံမဏိအမျိုးအစား ဖြစ်သည်။
ပန်းပဲပြုလုပ်ရန်အတွက် မရှိမဖြစ်လိုအပ်သော သတ္တုတစ်မျိုးပင်။
နှစ်တစ်ရာမြားဝါးနှင့် လေပြင်းဝံပုလွေသားရေတို့က ဒြပ်စင်စွမ်းအားထည့်သွင်းမှုဒဏ်ကို ခံနိုင်ရည်ရှိပြီး ၊ ထိုပစ္စည်းများသည်လည်း ပန်းပဲပညာရပ်အတွက် သင့်တော်သည့်ပစ္စည်းများသာပင်။
သစ်မာ ၊ သန့်စင်ထားသောသံမဏိဖြင့် ဒူးလေးကိုယ်ထည်ပြုလုပ်ပြီး နှစ်တစ်ရာမြားဝါး ၊ လေပြင်းဝံပုလွေသားရေတို့ဖြင့် မြားတံပြုလုပ်မည်ဖြစ်သည်။
သို့ဆိုလျှင် ထွက်ပေါ်လာမည့် ယွမ်ရုန်ဒူးလေးမှာ သေချာပေါက် ပြိုက်ဘက်ကင်းပေလိမ့်မည်။
၎င်းက ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်အဆင့်သို့ မရောက်ရှိနိုင်သေးသော်လည်း သာမန်ဒြပ်စင်စွမ်းအားလက်နက်များထဲတွင် အစွမ်းထက်ဆုံးများထဲမှတစ်ခု ဖြစ်နိုင်ပေ၏။
ခုန်မင်က ပထမဆုံး ပန်းပဲပြုလုပ်ခြင်းတွင်ပင် အထွတ်ထိပ်အဆင့်သို့ ရဲဝင့်စွာစိန်ခေါ်ခဲ့သည်။
သူက အင်္ကျီလက်ကိုတစ်ချက်ဝှေ့ယမ်းလျှက် မီးပြင်ဖိုအဖုံးကို ဖွင့်လိုက်သည်။ ထို့နောက် ပန်းပဲပြုလုပ်မည့်ပစ္စည်း(၄)မျိုးကို မီးပြင်းဖိုအတွင်းသို့ ထည့်သွင်းလိုက်သည်။
ထို့နောက် အဖုံးကိုပြန်ပိတ်လိုက်ပြီး မီးဒြပ်စင်စွမ်းအားကို မီးပြင်းဖိုအတွင်း စတင်ထည့်သွင်းလိုက်သည်။
မီးပြင်းဖိုများကို မီးကန်ဟုလည်း ခေါ်ဆိုကြသည်။ အမှန်တော့ မီးပြင်းဖိုအတွင်းပိုင်းဖွဲ့စည်းပုံကို မီးကန်ဟု ခေါ်ဝေါကြခြင်းသာပင်။
မီးပြင်းဖိုအတွင်းပိုင်း မီးကန်၏ဖွဲ့စည်းပုံက အံ့သြဖွယ်ကောင်းလောက်အောင် ဖန်တီးထားသည်။
မီးဒြပ်စင်စွမ်းအားကို ထည့်သွင်းလိုက်သည်နှင့် ထိုစွမ်းအားက မီးအိုးအတွင်းရှိ မီးကန်ဆီသို့ အညီအမျှ ဖြန့်ဝေစီးဆင်းသွားသည်။
ထို့နောက် မီးဒြပ်စင်စွမ်းအား ‘မီးလျှံ’ အုပ်စု (၄)ခု ဖြစ်တည်လာပြီး တစ်ခုစီက ပန်းပဲပြုလုပ်မည့်ပစ္စည်းတစ်မျိုးစီကို ဖုံးလွှမ်းကာ ဖြည်းဖြည်းချင်း သန့်စင်ပေးလိုက်သည်။
ပစ္စည်း(၄)မျိုးကို တပြိုင်တည်းသန့်စင်ခြင်းမှာ ပစ္စည်း(၂)မျိုးသန့်စင်ခြင်းထက် စွမ်းအားနှစ်ဆ လိုအပ်သည်။
ထို့ပြင် ပစ္စည်းသန့်စင်ခြင်းလုပ်ငန်းစဉ်သည် လျင်မြန်စွာ ပြီးမြောက်နိုင်သည့် ကိစ္စမဟုတ်ပေ။
နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားပညာရှင် အများစု၏ ကိုယ်တွင်းစွမ်းအားသိုလှောင်မှုက ပစ္စည်း(၄)မျိုး တပြိုင်တည်းသန့်စင်ရန် မလုံလောက်ပေ။
သို့သော် ခုန်မင်၏ “မီးဒြပ်စင်ဝိညာဉ်ခန္ဓာ” က သူ့အတွက် ထူးခြားသော အားသာချက်တစ်ခု ပေးထားသည်။
သူ၏ ဒြပ်စင်စွမ်းအား သိုလှောင်မှုက အခြားသော နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားပညာရှင် များထက် သာလွန်မနေသော်လည်း ဒြပ်စင်စွမ်းအားကို အသုံးပြုရာတွင် ထိရောက်မှုက အခြားသူများထက် များစွာသာလွန်သည်။
ထို့ကြောင့် သူ့အတွက် ပစ္စည်း(၄)မျိုးကို တပြိုင်တည်းသန့်စင်ရန် ဖြစ်နိုင်ပေသည်။
ထို့ပြင် ခုန်မင်၏ အစွမ်းထက်သောဝိညာဉ်စွမ်းအားက အာရုံခွဲလုပ်ဆောင်နိုင်စွမ်း အပြည့်ရှိသည်ဖြစ်ရာ ပစ္စည်း(၄)မျိုးသန့်စင်သည့် အပိုင်း(၄)ပိုင်းလုံးကို တပြိုင်တည်းနီးပါး အားရုံစူးစိုက်နိုင်စွမ်း ရှိ၏။
ဒြပ်စင်စွမ်းအားမီးလျှံများ၏ ပြင်းပြသောအပူရှိန်အောက်တွင် ပစ္စည်း(၄)မျိုးက တဖြည်းဖြည်းပြောင်းလဲလာသည်။
သစ်မာနှင့် သန့်စင်ထားသောသံမဏိ အရည်ပျော်သွားပြီး သစ်သားအရည်တစ်ကန်နှင့် သံမဏိအရည်တစ်ကန်အဖြစ် ပြောင်းလဲသွားကာ ဖြည်းဖြည်းချင်း ပေါင်းစည်းသွားသည်။
နှစ်တစ်ရာမြားဝါးမှာလည်း တဟုန်ထိုးတောက်လောင်နေသော ဒြပ်စင်စွမ်းအားမီးလျှံ၏လွှမ်းမိုးမှုအောက်တွင် အညစ်အကြေးများအားလုံး ဖယ်ရှားခံလိုက်ရသည်။
တစ်ဖက်တွင် လေပြင်းဝံပုလွေသားရေသည်လည်း ဖြည်းညင်းစွာပြိုကွဲသွားပြီး သားရေအမျှင်များက မြားတံအမြီးအမွှေးဖွားများအဖြစ် စတင်ပုံစံပေါ်လာသည်။
တကယ်တော့ ခုန်မင်က မီးကန်ထဲတွင် သန့်စင်နေသော ပစ္စည်း(၄)မျိုးကို အတွဲနှစ်တွဲအဖြစ် ခွဲထားခဲ့သည်။
တစ်တွဲက ဒူးလေးလက်နက်ကိုယ်ထည်အတွက်ဖြစ်ပြီး ကျန်တစ်တွဲက မြားတံများအတွက် ဖြစ်၏။
သာမန်ပန်းပဲပညာရှင်တစ်ဦး၏ အမြင်တွင်တော့ ဤသည်က “ဒြပ်စင်စွမ်းအားလက်နက်” (၂)ခုနကို တပြိုင်တည်းပြုလုပ်နေသယောင် ထင်မှတ်ပေမည်။
ပန်းပဲပညာ ပထမဆုံးစမ်းသပ်မှုတွင် ဤကဲ့သို့ စိန်ခေါ်မှုဖြင့် စတင်လုပ်ဆောင်သည်မှာ ထျန်းယွမ်ကုန်းမြေတွင် ယခင်က မရှိခဲ့ဖူးသောအရာဖြစ်ပြီး ခုန်မင်က အမှန်တကယ်ပင် ရှေ့ဆောင်လမ်းပြတစ်ယောက် ဖြစ်ခဲ့သည်။
ခုန်မင်က မယိမ်းယိုင်သော အာရုံစူးစိုက်မှုဖြင့် မီးပြင်းဖိုအတွင်းမှ ဒြပ်စင်စွမ်းအားများကို သိမ်မွေ့စွာ ပြောင်းလဲချိန်ညှိလိုက်သည်။
သူက အတွေ့အကြုံမရှိသည့်တိုင် မီးဒြပ်စင်ဝိညာဉ်ခန္ဓာနှင့် အစွမ်းထက်သော ဝိညာည်စွမ်းအားတို့ပေါင်းစည်းပြီး ဒြပ်စင်စွမ်းအားစီးဆင်းမှု အသေးစိတ်အချက်အလက်များကို ရေခဲသားပမာ ကြည်လင်ရှင်းလင်းစွာ ခံစားသိရှိခဲ့သည်။
လက်နက်ပစ္စည်းသန့်စင်သည့်လုပ်ငန်းစဉ်တစ်လျှောက် သူ၏ကြိုးစားမှုတွင် မည်သည့်အမှားအယွင်းမျှ မဖြစ်ပေါ်ခဲ့ပေ။
ခုန်မင် သတိမထားမိခင်မှာပင် အချိန်(၂)နာရီခန့် ကုန်ဆုံးသွားခဲ့သည်။
ထို့နောက် ရုတ်တရက် ခုန်မင်၏မျက်လုံးများထဲမှ ထက်ရှသောအလင်းတန်းတစ်ခု ဖြာထွက်လာသည်။
မီးပြင်းဖိုအတွင်းရှိ ပစ္စည်း(၄)မျိုးလုံး လုံးဝ သန့်စင်ပြီးသွားပေပြီ။
ပန်းပဲပြုလုပ်ခြင်း၏ နောက်တစ်ဆင့်ဖြစ်သော အရေးကြီးဆုံးအဆင့်ဖြစ်သည့် ‘ပေါင်းစည်းခြင်း’ အဆင့်ကို ပြုလုပ်ရပေမည်။
မတူညီသောပစ္စည်းများကို တစ်ခုတည်းအဖြစ် သဟဇာတဖြစ်အောင် ပြီးပြည့်စုံစွာ မပေါင်းစည်းနိုင်ပါက ပန်းပဲလုပ်ငန်းစဉ် ကျရှုံးခြင်းသို့ ဦးတည်သွားပေမည်။
ခုန်မင်က အလွန်သတိထားပြီး ဒြပ်စင်မီးလျှံ(၄)ခုကိုထိန်းချုပ်ကာ ပုံသွင်းနေရာဆီသို့ ကျွမ်းကျင်စွာ ပို့ဆောင်လိုက်သည်။
မီးကန်အတွင်းပိုင်းဖွဲ့စည်းပုံက အလွန်ရှုပ်ထွေးပြီး ဒီဇိုင်းကလည်း အံ့သြစရာကောင်းသည်။ နေရာတစ်ခုစီအား သီးခြားရည်ရွယ်ချက်ဖြင့် ဖန်တီးထားပြီး ပုံသွင်းနေရာကတော့ အထူးဆန်းဆုံး ဖန်တီးမှု ဖြစ်သည်။
ရွှေပျော့ဟုခေါ်သော ရှားပါးပစ္စည်းဖြင့် ဖန်တီးထားသောထိုနေရာက ပန်းပဲပညာရှင်၏ဆန္ဒအတိုင်း ပြောင်းလဲဖွဲ့စည်းနိုင်ပြီး ပုံစံအမျိုးမျိုးနှင့် ဒီဇိုင်းများစွာကို ဖန်တီးပေးနိုင်စွမ်း ရှိသည်။
ပစ္စည်းများကို အောင်မြင်စွာပေါင်းစည်းပြီး လိုအပ်သည့်ပုံစံကို နောက်ဆုံး ပုံဖော်နိုင်သည်။
ယွမ်ရုန်ဒူးလေးက ရှုပ်ထွေးပြီး တိကျမှုရှိသော လက်နက်တစ်ခုဖြစ်သော်လည်း ခုန်မင်က ပန်းပဲပညာ အဆင့်မြင့်အတတ်ပညာများ အသုံးပြုပြီး ကိုယ်ပိုင်ဉာဏ်ကွန့်မြူးလျှက် လိုအပ်သောပုံစံကို ဖန်တီးနိုင်ခဲ့သည်။
သို့သော် အမှန်တကယ်စိန်ခေါ်မှုရှိသည်က ပေါင်းစည်းခြင်းလုပ်ငန်းစဉ် ဖြစ်၏။
မြားတံများဖန်တီးခြင်းက ဒူးလေးဖန်တီးခြင်းထက် ပိုမိုရိုးရှင်းသည်။
ပုံစံဖွဲ့ပြီးသည်နှင့် လေပြင်းဝံပုလွေအရေခွံမှသန့်စင်ထားသော မြားတံအမွှေးများက မြားဝါးထက်တွင် အမြစ်တွယ်သွားပြီး ပန်းပဲပြုလုပ်ခြင်း အောင်မြင်မှုအမှတ်အသား ထွက်ပေါ်လာသည်။
တစ်ခုတည်းသော အခက်အခဲမှာ မြားတံများစွာကို တပြိုင်တည်း လုပ်ဆောင်ရခြင်းဖြစ်ပြီး ဤလုပ်ငန်းစဉ်တွင် စိတ်အာရုံထည့်သွင်းခြင်းနှင့် ဝိညာဉ်စွမ်းအားအပေါ် ကြီးမားသောဖိအားများ သက်ရောက်သည်။
သို့သော် ခုန်မင်က ကျယ်ပြောလှသော စကြာဝဠာများစွာကိုဖြတ်သန်းပြီး ထျန်းယွမ်ကုန်းမြေသို့ ရောက်ရှိလာသည်ဖြစ်ရာ သူ၏ဝိညာဉ်စွမ်းအားက ပြိုင်ဘက်ကင်းအဆင့်သို့ရောက်ရှိနေပြီး ဤသို့သောစိန်ခေါ်မှုကို သာမန်ကိစ္စတစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။
ယခု ခုန်မင်က သစ်မာနှင့် သန့်စင်ထားသော သံမဏိကို ပြီးပြည့်စုံစွာပေါင်းစည်းပြီး ယွမ်ရုန်ဒူးလေးကိုယ်ထည်ကို ဖန်တီးရတော့မည် ဖြစ်လေ၏။