← Chapters

ယွမ်ရုန်ဒူးလေး

Vol. 4 Ch. 45

ယွမ်ရုန်ဒူးလေး

Vol. 4 Ch. 45

သစ်မာနှင့် သန့်စင်ထားသောသံမဏိက သဘာဝအရ အခြေခံအားဖြင့်ကွဲပြားသောပစ္စည်းများဖြစ်လေရာ ၎င်းတို့ကို ပေါင်းစည်းရန်မှာ ကြီးမားသည့်စိန်ခေါ်မှုတစ်ခု ဖြစ်သည်။

အတွေ့အကြုံရှိသော ပန်းပဲပညာရှင်တစ်ယောက်အတွက် သစ်မာနှင့် သန့်စင်ထားသောသံမဏိကို ပေါင်းစည်းခြင်းက ယုံကြည်မှုအပြည့်ဖြင့် ချဉ်းကပ်နိုင်သော လုပ်ငန်းတစ်ခုဖြစ်ပေလိမ့်မည်။

သို့သော် ပန်းပဲပညာကို ပထမဆုံးအကြိမ် စတင်စမ်းသပ်သော ခုန်မင်အတွက်တော့ တစ်ကြိမ်တည်းဖြင့် အောင်မြင်နိုင်ပါမည်လား။

သစ်မာနှင့် သန့်စင်ထားသောသံမဏိက သန့်စင်ခြင်းလုပ်ငန်းစဉ်အတွင်း အရည်ပျော်သွားပြီး အနှစ်သာရအဖြစ်ပြေင်းလဲသွားကာ မူလဒြပ်စင်မီးလျှံနှစ်ခုဖြင့် ထိန်းထားခြင်းခံရသည်။

ထို့နောက် ခုန်မင်၏ စေ့စပ်သေချာသောလမ်းညွှန်မှုဖြင့် ထိုအရာများက ပုံသွင်းဧရိယာအတွင်း ဖြည်းဖြည်းချင်း ပေါင်းစည်းသွားကြသည်။

အစောပိုင်းတွင် ခုန်မင်က မီးဒြပ်စင်စွမ်းအား မီးလျှံဖြင့် မတူညီသော ပစ္စည်း(၄)မျိုးကို တပြိုင်တည်း သန့်စင်ခဲ့သည်။ ထိုစဉ်က သူ့အတွက် စိတ်အာရုံခွဲထုတ်ရန်သာလိုအပ်ပြီး သိသာထင်ရှားသော အတားအဆီးများ မရှိခဲ့ပေ။

သို့သော် မီးကန်ထဲတွင် အရည်ဖျော်ထားသော ပစ္စည်းများကိုပေါင်းစည်းရန်မှာ အနည်းငယ်ခက်ခဲသောအဆင့်ဖြစ်ခဲ့သည်။

ရုတ်တရက်ပင် မီးဒြပ်စင်စွမ်းအားက ပြင်းထန်သောလှိုင်းထန်မှုများဖြစ်ပေါ်လာပြီး မီးကန်ထဲတွင် ကြီးမားသည့်ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လုနီးပါး ဖြစ်ခဲ့၏။

သန့်စင်ခြင်းလုပ်ငန်းစဉ်အတွင်း သန့်စင်ထားသောသံမဏိနှင့် သစ်မာတို့က မီးဒြပ်စင်စွမ်းအား ပမာဏများစွာကို စုပ်ယူထားပြီး ပြင်းထန်သောလွှမ်းမိုးမှုအောက်တွင် အရည်ပျော်သွားခဲ့ခြင်း ဖြစ်သည်။

မီးဒြပ်စင် သည် ဒြပ်စင်ငါးပါးအနက် မတည်ငြိမ်ဆုံးနှင့် ထိန်းချုပ်ရန် အခက်ခဲဆုံး ဖြစ်သည်။

ထိုပစ္စည်းနှစ်ခုအတွင်းရှိ မီးဒြပ်စင်စွမ်းအားသည် ခုန်မင်၏ ကိုယ်ပိုင်စွမ်းအားမှ ဆင်းသက်လာသော်လည်း သန့်စင်ခြင်းလုပ်ငန်းစဉ်အတွင်း သိမ်မွေ့သော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။

ယခု အရည်ပျော်နေသော ပစ္စည်းနှစ်ခု၏ အနှစ်သာရများထိပ်တိုက်တွေ့သည်နှင့် ကောင်းကင်မီးတောက်တစ်ခုပမာ ပေါက်ကွဲမှုဖြစ်ပေါ်စေရန် အစွန်းတစ်ဖက်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

သာမန် ပန်းပဲပညာရှင်တစ်ယောက်အတွက် ပစ္စည်းများပေါင်းစည်းရာတွင် ဖြစ်ပေါ်လာသော မငြိမ်သက်မှုများကို ထိန်းချုပ်ရန်မှာ ပန်းပဲပညာ၏ အမြင့်မားဆုံးအတားအဆီးတစ်ခု ဖြစ်၏။

ပန်းပဲပညာရှင်တစ်ယောက်က ပစ္စည်းများ၏ မူလသဘာဝကို နက်နက်ရှိုင်းရှိုင်း နားလည်ရုံသာမက မူလဒြပ်စင်စွမ်းအားကိုလည်း ထူးခြားသောကျွမ်းကျင်မှုဖြင့် ထိန်းသိမ်းတတ်ရပေမည်။

သို့မှသာ ဘေးအန္တရယ်မဖြစ်ဘဲ သဟဇာတဖြစ်သောပေါင်းစည်းမှုအတွက် အာမခံနိုင်ကာ ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိပေမည်။

သို့သော် ခုန်မင်က သာမန် ပန်းပဲပညာရှင် မဟုတ်ပေ။

သစ်သားနှင့်မီးဒြပ်စင်ဝိညာဉ်ခန္ဓာ ဟူသော ရှားပါးဝိညာဉ်ခန္ဓာကိုပိုင်ဆိုင်ထားပြီး သာမန်လူများထက် ထူးခြားသူ ဖြစ်သည်။

ဒြပ်စင်နှစ်မျိုးကျင့်ကြံနိုင်ခြင်းသည် ပန်းပဲပညာလမ်းကြောင်းအတွက် အဘယ့်ကြောင့် သင့်လျော်ရပါသနည်း။

အရေးကြီးသောအခိုက်အတန့်တွင် လူတိုင်း ဤအဖြေကို တွေ့မြင်နိုင်ပေသည်။

မီးဒြပ်စင်စွမ်းအား ပြင်းထန်စွာလှိုင်းထလာပြီး ကြီးမားသောပေါက်ကွဲမှုကြီးဖြစ်ပွားရန် အစွန်တစ်ဖက်သို့ ရောက်ရှိသွားချိန် ခုန်မင်၏စိတ်အစဉ်က ဓားသွားပမာ ထက်ရှလာသည်။

သူက စိတ်အားထက်သန်စွာဖြင့် မီးပြင်းဖိုအတွင်းသို့ သန့်စင်သော သစ်သားဒြပ်စင်စွမ်းအား စီးကြောင်းတစ်ခု ထည့်သွင်းလိုက်၏။

သစ်သားဒြပ်စင်စွမ်းအား၏သဘာဝက ဟန်ချက်ညီမှုနှင့် တည်ငြိမ်မှုဖြစ်လေရာ မီးဒြပ်စင်စွမ်းအား၏ ရိုင်းစိုင်းပြီးမတည်ငြိမ်သောသဘာဝကိုထိန်းညှိရန် လုံးဝ သင့်လျော်ပေသည်။

သစ်သားဒြပ်စင်စွမ်းအားက မီးဒြပ်စင်စွမ်းအားနှင့် ပေါင်းစည်းလိုက်သည့်အခါ မီးထဲသို့ ထင်းထည့်လိုက်သည်နှင့်ဆင်တူသည်။

ပေါင်းစည်းမှုလုပ်ငန်းစဉ်တွင် သစ်သားဒြပ်စင်စွမ်းအားက မီးဒြပ်စင်စွမ်းအားကို မြှင့်တင်ပေးပြီး ၎င်း၏အစွမ်းကို ထူးခြားသောတိကျမှုဖြင့် ထိန်းချုပ်ပေးသည်။

မူလဒြပ်စင်စွမ်းအား စီးကြောင်းနှစ်ခု သဟဇာတဖြစ်စွာ တစ်သားတည်းပေါင်းစပ်သါားပြီး ပန်းပဲလုပ်ငန်းစဉ်အတွက် အရေးကြီးသောအဆင့်ဖြစ်သည့် ပေါင်းစည်းခြင်းအဆင့်က ချောမွေ့စွာပြီးစီးသွားသည်။

သစ်မာနှင့် သန့်စင်ထားသောသံမဏိက တစ်ခုနှင့်တစ်ခုခွဲခြားမရလောက်‌အောင် ပြီးပြည့်စုံစွာ ပေါင်းစည်းသွားပြီး ပုံသွင်းနေရာတွင် ဖြည်းဖြည်းချင်း ပုံပေါ်လာသည်။

နှစ်တစ်ရာမြားဝါးနှင့် လေပြင်းဝံပုလွေအမွှေးများကတော့ အစပိုင်းအဆင့်ကတည်းက ပြီးပြည့်စုံစွာ ပေါင်းစည်းသွားပြီ ဖြစ်၏။

မူလဒြပ်စင်စွမ်းအား ပေါင်းစပ်ခြင်းအောက်တွင် လေပြင်းဝံပုလွေအမွှေးများက မြားတံအမြီးတွင် ကပ်ငြိသွားပြီး (၁၀)ခုတစ်တွဲ မြားတံအုပ်စုများအဖြစ် ပြီးစီးအောင်မြင်သွားသည်။

ယွမ်ရုန်ဒူးလေး၏ စစ်မှန်သောထူးခြားမှုက ဒူးလေး၏ ဒီဇိုင်းဖြစ်သည်။ ဒူးလေးကိုယ်ထည်နှင့် မြားတံများက သီးခြားအစိတ်အပိုင်းအဖြစ် ဖန်တီးထားသည်။

(၁၀)ခုတစ်တွဲ စေ့စပ်စွာ ပြုလုပ်ထားသော မြားတံများမှာ ဒူးလေးကိုယ်ထည်နှင့် လွတ်လပ်စွာ တပ်နိုင် ဖြုတ်နိုင် သည်။

မြားကျည်ကို လျှင်မြန်စွာ လဲလှယ်နိုင်သည့်အပြင် မြားတံများကိုလည်း အဆက်မပြတ် မရပ်တန့်ဘဲ ပစ်ခတ်နိုင်စွမ်း ရှိသည်။

ဤကဲ့သို့ ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားမရှိခဲ့လျှင် ဓားခေတ် လှံခေတ်တွင် ယွမ်ရုန်ဒူးလေးက အမြင့်ဆုံးလူသတ်လက်နက်ဆိုသောဂုဏ်ပုဒ်ကို မည်သို့ ရယူနိုင်ပါမည်နည်း။

ယွမ်ရုန်ဒူးလေး၏ ရှုပ်ထွေးသောယန္တရားက ဒူးလေးကိုယ်ထဲထဲတွင် အဓိက အာရုံစိုက်ထားသည်။ ဒူးလေးတည်ဆောက်မှုက မြားတံများထက် များစွာပိုမိုရှုပ်ထွေးသည်။

ထို့ကြောင့် ဒူးလေးကိုယ်ထည်ကို ပြုလုပ်ပုံဖော်ရန် အချိန်များစွာ လိုအပ်ပေ၏။

သို့သော် ကံကောင်းစွာပင် ခုန်မင်က သစ်သားဒြပ်စင်စွမ်းအားနှင့် မီးဒြပ်စင်စွမ်းအား (၂)မျိုးကို ထိန်းချုပ်အသုံးပြုပြီး ပေါင်းစည်းခြင်းလုပ်ငန်းစဉ်တွင် အမှားအယွင်းမဖြစ်ပေါ်စေဘဲ သေချာစွာ လုပ်ဆောင်နိုင်ခဲ့သသည်။

ထို့ကြောင့် နောက်ဆုံး ပုံသွင်းခြင်းလုပ်ငန်းစဉ်သည်လည်း ချောမွေ့စွာ ဆက်လက်လုပ်ဆောင်နိုင်ခဲ့သည်။

ခုန်မင်က ပန်းပဲလုပ်ငန်းစဉ်တွင် အချိန်(၁)နာရီကျော်ကြာ နစ်မြုပ်နေခဲ့ပြီး ဤသည်က နှောင်းပိုင်းအဆင့်ဒြပ်စင်စွမ်းအားပညာရှင်တစ်ယောကအတွက် ပင်ပန်းကြမ်းတမ်းသော ကြိုးစားမှုတစ်ခု ဖြစ်ခဲ့သည်။

အချိန်(၁)နာရီတိတိ ဆက်တိုက်ထိန်းထားနိုင်ခဲ့ခြင်းမှာ သူ၏ ထူးခြားသောစွမ်းရည်ကိုပြသရာရောက်သလို ရရှိသည့်အောင်မြင်မှုကလည်း သေးငယ်ခြင်း မရှိပေ။

ရုတ်တရက်...

“ဝုန်း....”

ဆူညံသံနှင့်အတူ မီးပြင်းဖိုအဖုံး အပေါ်သို့မြောက်တက်ကာ ပွင့်ထွက်သွားပြီး အစိမ်းရောင်နှင့်အနီရောင်ပေါင်းစပ်ထားသော အလင်းစက်ဝန်းတစ်ခု မီးပြင်းဖိုအတွင်းမှ ထွက်ပေါ်လာကာ လေထုထဲသို့ တင့်တယ်စွာ လွင့်မျောလာသည်။

သစ်သားဒြပ်စင်စွမ်းအားနှင့် မီးဒြပ်စင်စွမ်းအား သဟဇာတဖြစ်သော ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာသည့်အလင်းစက်ဝန်းထဲတွင် ခုန်မင်ပြုလုပ်ထားသည့် “ယွမ်ရုန်ဒူးလေး” တည်ရှိနေလေသည်။

ခုန်မင်က လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ အစိမ်းရောင်နှင့် အနီရောင်အလင်းတန်းများက သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားပြီး လေထုထဲတွင်ရှိနေသည့် ယွမ်ရုန်ဒူးလေးက မီးပြင်းဖိုနံဘေးသို့ ဖြည်းညင်းစွာ ကျရောက်လာသည်။

ထို့နောက် ဒူးလေး၏ဘေးဘက်သို့ မြားတံများလည်း အစီအရီ ကျရောက်လာလေသည်။

မြားတံ(၁၀)ခုတစ်စုပါဝင်သော မြားကျည်(၂၁)ခုရှိလေသည်။

ဤသည်က ယွမ်ရုန်ဒူးလေးနှင့် အထူးတလည်လိုက်ဖက်ညီစေရန် ခုန်မင်ကိုယ်တိုင် စေ့စပ်စွာ ပြုလုပ်ဖန်တီးထားသည့် မြားကျည်များပင် ဖြစ်၏။

ခုန်မင်က မြားကျည်(၃၀)အတွက် လုံလောက်သောပစ္စည်းများကို မီးပြင်းဖိုအတွင်း ထည့်သွင်းခဲ့သော်လည်း မြားကျည်(၂၁)ခုသာ အောင်မြင်စွာ ထွက်ပေါ်လာခဲ့သည်။

အောင်မြင်မှုရာနှုန်း(၇၀)ဖြစ်သော်လည်း ဤသည်က အံ့ဖွယ်အောင်မြင်မှုနှုန်းဟု ဆိုနိုင်သည်။

ပန်းပဲပညာရပ်ကို ပထမဆုံးအကြိမ် စမ်းသပ်ကြည့်သူတစ်ယောက်အတွက် ဤသို့သောအောင်မြင်မှုက မိုးကောင်းကင်ကိုဖီဆန်သည့် ဖြစ်ရပ်တစ်ခုပမာပင်။

သို့သော် ဒူးလေးကိုယ်ထည်ပြုလုပ်ခြင်းက မြားကျည်များပြလုပ်ခြင်းထက် များစွာရှုပ်ထွေးသဖြင့် ထိုမျှလောက် အောင်မြင်မှု မရနိုင်ပေ။

ခုန်မင်က ဒူးလေးကိုယ်ထည် (၁၀)ခုစာ ကုန်ကြမ်းပစ္စည်းများကို မီးကန်ထဲထည့်သွင်းခဲ့သော်လည်း ပြီးပြည့်စုံသည့် ဒူးလေးပုံစံ (၃)ခုကိုသာ ရရှိခဲ့သည်။

ဤသည်က အောင်မြင်မှု (၃၀)ရာနှုန်း ဖြစ်သည်။

သို့သော် အတွေ့အကြုံရှိသော ပန်းပဲပညာရှင်များပင် ပထမဆုံးကြိုးစားမှုတွင် (၁၀)ပုံ (၁)ပုံသာ အောင်မြင်နိုင်ခြေရှိလေရာ ခုန်မင်၏ စွမ်းဆောင်ရည်က ရင်သပ်ရှုမောဖွယ်ပင် ဖြစ်‌နေသေး၏။

ခုန်မင်က ဉာဏ်ရည်ထက်မြက်သူဖြစ်လေရာ သာမန်လူများနားမလည်နိုင်သည့် ထိုးထွင်းသိမြင်မှုကို ပိုင်ဆိုင်ထားသည်။

သူ့အတွက် ပန်းပဲပညာလမ်းကြောင်းတွင် ထူးချွန်စွာ တောက်ပခြင်းက သူကိုယ်တိုင်၏မျှော်လင့်ချက်သာမဟုတ်ဘဲ ကောင်းကင်ဘုံ၏ မလွှဲမရှောင်သာသော ဆန္ဒတစ်ခုလည်း ဖြစ်ပေသည်။

ခုန်မင်က ဒူးလေးတစ်လက်ကိုလှမ်းယူပြီး မြားကျည်တောင့်တစ်ခုကို ကျွမ်းကျင်စွာတပ်ဆင်လိုက်ကာ မျက်စိရှေ့သို့ ကိုင်မြှောက်လိုက်ပြီး စေ့စပ်သေချာစွာ လေ့လာလိုက်သည်။

ယွမ်ရုန်ဒူးလေးက အရွယ်အစားအားဖြင့် ကြီးမားလွန်းသည်မဟုတ်ရာ သာမန်လူတစ်ယောက်သည်ပင် ရင်ဘတ်လောက်အထိ အလွယ်တကူ မြှောက်ကိုင်နိုင်သည်။

ဒူးလေးလက်နက် ကိုယ်ထည်ထက်တွင် ယန္တရားတစ်ခု တပ်ဆင်ထားပြီး ထိုယန္တရားကို တစ်ချက်နှိပ်ပစ်ခတ်လိုက်ရုံဖြင့် မြားကျည်အတွင်းမှ မြားတံ(၁၀)ခုလုံး တစ်ချက်တည်း ပြင်းထန်သောအရှိန်ဖြင့် ပတ်ခတ်နိုင်ရန် ဖန်တီးထားသည်။

ဤဒူးလေးက ရှုပ်ထွေးသော စက်ပိုင်းဆိုင်ရာ စပရိန်များဖြင့် ပြုလုပ်ထားသဖြင့် သုံးပြည်ထောင်ခေတ် ပြည့်စုံခြင်းမရှိသော လက်ရာမှာပင် ကိုက်(၁၅၀)အကွာမှ သံချပ်ကာကို ထိုးဖောက်နိုင်စွမ်း ရှိခဲ့သည်။

ယွမ်ရုန်ဒူးလေးက ဓားခေတ်လှံခေတ်တွင် မရဏလက်နက်ဟူသောဂုဏ်ပုဒ် ရရှိခဲ့သည်မှာ အချည်းနှီးသောကြွားလုံးတစ်ခု မဟုတ်ပေ။

ဤသည်က သွေးချွေးဖြင့် ထွင်းထုခဲ့ရသော အမွေအနှစ်တစ်ခု ဖြစ်ပေသည်။

ယခုတော့ ယွမ်ရုန်ဒူးလေးက အဆင့်မြင့်လက်နက်တစ်ခုဖြစ်လာပြီး စိတ်ပင်မကူးနိုင်လောက်သော စွမ်းအားကို ထုတ်လွှတ်တော့မည် ဖြစ်သည်။

ခုန်မင်က ပြတ်သားသောရည်ရွယ်ချက်ဖြင့် ဒူးလေးကိုကိုင်လျှက် ပန်းပဲပြုလုပ်ရာကျောက်ဂူအတွင်းမှ ခန့်ညားစွာ ထွက်ခွာသွားသည်။

သူက ကျောက်ဆောင်တစ်ခုအဝေး မီတာ(၅၀)တွင် နေရာယူလိုက်ပြီး ဒူးလေးကိုကိုင်မြှောက်ကာ နတ်ဘုရားတစ်ပါး၏ ဒေါသကိုထုတ်လွှတ်သည့်အလား ကျောက်နံရံဆီသို့ ချိန်ရွယ်ထားလိုက်သည်။

မီးဒြပ်စင်စွမ်းအားက ခုန်မင်၏ခန္ဓာကိုယ်သွေးကြောများအတိုင်း စီးဆင်းလာပြီး ယွမ်ရုန်ဒူးလေးအတွင်း ဝင်ရောက်သွားသည်။

သူ့လက်ဖြင့်ဖန်တီးထားသော ဤလက်နက်က သုံးပြည်ထောင်ခေတ်လက်နက်ထက် ပိုမိုအဆင့်မြင့်ပြီး လက်ရာကလည်း ပြီးပြည့်စုံသည်။

ဒူးလေးအတွင်း မီးဒြပ်စင်စွမ်းအား ထည့်သွင်းလိုက်သည်နှင့် ဒူးလေးမျက်နှာပြင်မှ တောက်ပသည့်အနီရောင်အလင်းတန်းများ ဖြာထွက်လာသည်။

ခုန်မင်က တည်ငြိမ်စွာဖြင့် ယန္တရားခလုတ်ကိုဖိနှိပ်လိုက်ရာ ချက်ချင်းဆိုသလိုပင် အနီရောင်တောက်ပနေသည့် အလင်းတန်း(၁၀)ခုက လျှပ်စီးလက်သည့်ပမာ ပေါက်ကွဲထွက်လာပြီး မျက်စိတစ်မှိတ်အတွင်း ကျောက်ဆောင်မျက်နှာပြင်ကို ထိမှန်သွားသည်။

“ဝုန်း... ဝုန်း... ဝုန်း”

လေထုထဲတွင် မရပ်မနား ပေါက်ကွဲသံများ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

ပစ်မှတ်ထားခံရသော ကျောက်ဆောင်နံရံက ပြင်းထန်စွာတုန်ခါနေပြီး ကျောက်တုံးအပိုင်းအစများ ဖရိုဖရဲ ကြွေလွင့်ထွက်လာကာ တောင်တစ်ခြမ်းလုံး ပြိုကျလုနီးပါး ဖြစ်သွားရ၏။

ဒူးလေးတစ်ကြိမ်တည်းပစ်ခတ်မှုစွမ်းအားသည်ပင် အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက် စွမ်းအားကုန်ထုတ်လွှတ်ခြင်းနှင့် ယှဉ်ပြိုင်နိုင်သည်။

နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်သည်ပင် ဤမျှပြင်းထန်သောတိုက်ခိုက်မှုနှင့်ရင်ဆိုင်ရလျှင် ရှောင်တိမ်းခြင်းမပြုဘဲ ထိပ်တိုက်ရင်ဆိုင်ရဲမည် မဟုတ်ပေ။

ထို့ကြောင့် ယွမ်ရုန်ဒူးလေးက ရင်သပ်ရှုမောဖွယ် စွမ်းအားကို ပိုင်ဆိုင်ထားပြီး နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားပညာရှင် ဖြစ်သူ ခုန်မင်အား အဆင့်ကျော်လွန်ပြီး တိုက်ခိုက်နိုင်သည့်စွမ်းရည်ကို မြှင့်တင်ပေးနိုင်သည်။

လက်တွေ့ရှုထောင့်မှကြည့်လျှင် ယွမ်ရုန်ဒူးလေး၏ အဖျက်စွမ်းအားက သာမန် အဆင့်နိမ့်ဝိညာဉ်လက်နက်များထက် ပိုမိုထူးခြားသော အဆင့်အတန်းကို သက်သေထူနိုင်ပေသည်။

All Chapters