သစ်သား-မီးဒြပ်စင်ဝိညာဉ်ခန္ဓာ
Vol. 4 Ch. 46
ယွမ်ရုန်ဒူးလေး၏ ကြောက်မက်ဖွယ်စွမ်းအားက ခုန်မင်၏ ပန်းပဲပညာလမ်းကြောင်းတွင် ထူးချွန်မှုကို ပြသခဲ့ရုံသာမက ဓားခေတ်လှံခေတ်တွင် အထွတ်ထိပ် မရဏလက်နက်၏ စွမ်းအားကိုလည်း ပြသခဲ့သည်။
သုံးပြည်ထောင်ခေတ်က ပြီးပြည့်စုံခြင်းမရှိခဲ့သော ယွမ်ရုန်ဒူးလေးသည် ယခုတော့ လောကတွင် နှိုင်းယှဉ်မရအောင် တောက်ပခဲ့ပြီ ဖြစ်သည်။
အကယ်၍ ခုန်မင်က ထိပ်တန်းအဆင့် ကုန်ကြမ်းပစ္စည်းများရှာဖွေနိုင်ပြီး ယွမ်ရုန်ဒူးလေးကို သာမန် ဝိညာဉ်လက်နက်အဆင့်မှသည် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်အဆင့်သိ့ တိုးမြှင့်ဖန်တီးနိုင်ခဲ့ပါက တန်ခိုးစွမ်းအား မည်မျှမြင့်တက်လာနိုင်မည်နည်း။
ထိုသို့သောဖန်တီးမှုမျိုးတွင် ကောင်းကင်ဘုံသည်ပင် တုန်လှုပ်သွားနိုင်သည်။
ခုန်မင်က ဝိညာဉ်လက်နက်အဆင့်ရှိသော ‘ယွမ်ရုန်ဒူးလေး’ ကို ပိုင်ဆိုင်ထားပြီးဖြစ်ရာ ဖူစန်းကဲ့သို့ အလယ်ဆင့်ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို လျှို့ဝှက်ဆန်းကြယ်သော အဋ္ဌဂံဝင်္ကပါဗျူဟာမသုံးဘဲ ထိပ်တိုက်ရင်ဆိုင်နိုင်မည် ဖြစ်သည်။
သာမန်ကျင့်ကြံသူများ၏မျက်စိထဲတွင် မိမိထက်ကျင့်ကြံခြင်းအဆင့်သာလွန်သော ပြိုင်ဘက်များကို စိန်ခေါ်ခြင်းက ဒဏ္ဍာရီပမာဖြစ်သည်။
သို့သော် ခုန်မင်အတွက်တော့ ဤသည်က နေ့စဉ်အလုပ်တစ်ခုပမာ လွယ်ကူလွန်းနေပေပြီ။
တကယ်တော့ ယွမ်ရုန်ဒူးလေးကို အောင်မြင်စွာဖန်တီးနိုင်ခြင်းက ခုန်အိမ်တော်၏စွမ်းအားကို အသစ်သောအဆင့်တစ်ခုသို့ မြှင့်တင်ပေးနိုင်ခြင်းပင် ဖြစ်သည်။
ယခုအချိန်မှစ၍ ခွန်းကာမြို့တွင် မည်သည့်အင်အားစုမှ ခုန်အိမ်တော်၏ “ထိပ်ဆုံးအဆင့်” ဆိုသော ဂုဏ်ပုဒ်ကို ယှဉ်ပြိုင်ရဲတော့မည် မဟုတ်ပေ။
တစ်ခုတည်းသောအားနည်းချက်မှာ ခုန်မင်က ယွမ်ရုန်ဒူးလေးအတွင်းသို့ ထည့်သွင်းနိုင်သော ဒြပ်စင်စွမ်းအားမှာ ထိုလက်နက်ခံနိုင်ရည်ရှိသည့် အဆုံးစွန်ကန့်သတ်ချက်သို့ ရောက်ရှိပြီးဖြစ်သည်။
ထို့ကြောင့် ဒူးလေး၏ အမြင့်ဆုံးဖျက်ဆီးနိုင်စွမ်းသည် အလယ်ဆင့်ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်နှင့်ညီမျှသော စွမ်းအားတွင် ကန့်သတ်ခံထားရသည်။
သို့သော် ယွမ်ရုန်ဒူးလေး၏ အားသာချက်မှာ ဆက်တိုက်ပစ်ခတ်နိုင်စွမ်းရှိပြီး မြားကျည်ကို လျှင်မြန်စွာ လဲလှယ်နိုင်စွမ်းရှိခြင်း ဖြစ်၏။
ထို့ကြောင့် ရန်သူနှင့်တိုက်ခိုက်ရာတွင် ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုလှိုင်းလုံးများကို ထုတ်လွှတ်နိုင်သည်။
ဤသို့သောထိရောက်မှုက ဒြပ်စင်စွမ်းအားပညာရှင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်နှင့် ယှဉ်ပြိုင်နိုင်သော တိုက်ခိုက်ရေးစွမ်းရည်ကို ပေးစွမ်းနိုင်သည်။
ဤအချက်တစ်ခုတည်းဖြင့်ပင် ယွမ်ရုန်ဒူးလေး၏တန်ဖိုးက သာမန် ဝိညာဉ်လက်နက်များထက် သာလွန်ပြီး စစ်ရေးလက်နက်များ၏ ကောင်းကင်ယံတွင် တောက်ပသော ကြယ်တစ်လုံးပမာ ထွန်းလင်းနေပေသည်။
ကုန်ကြမ်းပစ္စည်းများ လိုသလောက်ရရှိနိုင်မည်ဆိုပါက ခုန်မင်က ခုန်အိမ်တော်စတ်ခုလုံးအတွက် ယွမ်ရုန်ဒူးလေး ပြုလုပ်ပေးနိုင်သည်။
ထိုသို့ဆိုလျှင် သူတို့အား မည်သူမှတားဆီးနိုင်မည်မဟုတ်တော့ဘဲ ထိပ်ဆုံးအဆင့် အင်အားစုတစ်ခု ဖြစ်လာပေမည်။
ခွန်းကာမြို့သည်လည်း ခုန်အိမ်တော်၏ လွှမ်းမိုးမှုအောက်သို့ မလွှဲမရှောင်သာ ကျရောက်သွားမည်ဖြစ်ပြီး သူတို့၏အာဏာစက်ကို မည်သူမှ စိန်ခေါ်ရဲတော့မည် မဟုတ်ပေ။
ထျန်းယွမ်ကုန်းမြေတွင် အင်အားကြီးသူသာ ထိပ်ဆုံးသို့ရောက်လေ့ရှိသည်။ ထူးချွန်သောစွမ်းအားကသာ အရာအားလုံးကို လွှမ်းမိုးနိုင်သည်။
သုံးပြည်ထောင်ခေတ်၏ စစ်ရေးအကြံပေးလူကြီးမင်း ‘ကျူးကဲခုန်မင်’ သည် ထျန်းယွမ်ကုန်းမြေ ‘ခုန်အိမ်တော်’ တွင် ခုန်မင်အဖြစ် ပြန်လည်မွေးဖွားလာပြီဖြစ်ရာ သူ၏မျိုးနွယ်စု စွမ်းအားကြီးမားရေးအတွက် အစွမ်းကုန်မြှင့်တင်ပေးရန် ဆုံးဖြတ်ထား၏။
သူ၏အဓိကရည်မှန်းချက်က ချန်မျိုးနွယ်များကို အပြတ်အသတ်နှိမ်နင်းရန်ဖြစ်သည်။ သူတို့အနေဖြင့် ခုန်အိမ်တော် ပိုင်ဆိုင်သည့်အရာများကို တပ်မက်သောမျက်လုံးများဖြင့် ဘယ်သောအခါမှ မကြည့်စေရပေ။
ခုန်မင်က သူ၏လျှို့ဝှက်ချက်အား ဖခင်ဖြစ်သူကိုပြောပြရန် အချိန်တန်ပြီဟု ယူဆလိုက်သည်။
ထို့ကြောင့်ပင် ယွမ်ရုန်ဒူးလေးကို လက်တစ်ဖက်ဖြင့်တင်းတင်းဆုပ်ကိုင်ရင်း ဖခင်ဖြစ်သူနေထိုင်ရာ ခြံဝင်းဆီသို့ ရည်ရွယ်ချက်အပြည့် ခြေလှမ်းများဖြင့် လျှောက်လှမ်းသွားလေတော့၏။
***
ခဏအကြာမှာတော့ ခုန်ကျွင်းရှေ့တွင် ခုန်မင်က ‘ယွမ်ရုန်ဒူးလေး’ ၏ ထိတ်လန့်ဖွယ်ရာ အဖျက်စွမ်းအားကို ပြသလိုက်လေသည်။
ထိုပြသမှုက ခုန်ကျွင်းကို အံ့သြမှင်တက် ကြက်သေသေသွားစေပြီး အချိန်အတန်ကြာ ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
ခုန်ကျွင်းက ခုန်အိမ်တော်သခင်ဖြစ်သည်။
ထို့ကြောင့် ခုန်မျိုးနွယ်များအတွင်း အရေးကြီးသတင်းဖြစ်စေ သေးငယ်သည့်သတင်းဖြစ်စေ လမ်းကြောင်းပေါင်းစုံဖြင့် သိရှိထားသည်သာပင်။
ဥပမာအားဖြင့် - ခုန်မင် စျေးမြို့တော်သို့သွားပြီး မီးကန်ဝယ်ယူခြင်း ၊ နတ်သားရဲမျိုးနွယ် အယောက်(၂၀၀)ကျော်ကို အစေခံအဖြစ်ဝယ်ယူလိုက်ခြင်း စသည့်သတင်းများအားလုံး သူ့ထံသို့ ရောက်ရှိခဲ့သည်။
ထိုလုပ်ရပ်များနှင့်ပတ်သက်ပြီး အိမ်တော်မှတာဝန်ရှိသူများက မှတ်တမ်းတင်ပြီး သူ့ထံတင်ပြကြသည်ပင်။
သို့သ်ော ခုန်ကျွင်းက သားဖြစ်သူ၏ရည်ရွယ်ချက်ကို နားမလည်နိုင်ခဲ့ပေ။ ထို့ကြောင့် ခုန်မင်ကို တွေ့ဆုံပြီး မေးမြန်းရန် စဉ်းစားထားခဲ့သည်။
သို့ရာတွင် သားဖြစ်သူက အခြားသောကိစ်စများထက် ပိုမိုထူးဆန်းဖွယ် တုန်လှုပ်ဖွယ်ဖြစ်သည့် ‘ယွမ်ရုန်ဒူးလေး’ နှင့်အတူ သူ့ထံသို့ ရောက်ရှိလာခဲ့သည်။
အချိန်အတန်ကြာ အံ့အားသင့်စွာ တိတ်ဆိတ်နေပြီးမှ ခုန်ကျွင်း ပြန်လည်စိတ်တည်ငြိမ်လာသည်။
သူက ခုန်မင်၏လက်ထဲတွင်ကိုင်ထားသည့် ယွမ်ရုန်ဒူးလေးကို ညွှန်ပြရင်း မေးခွန်းထုတ်လိုက်သည်။
“မင်အာ... ဒီလောက် ကြောက်စရာကောင်းတဲ့လက်နက်ကို မင်း ဘယ်ကရလာတာလဲ ၊ မင်း တကယ်ပဲ ပန်းပဲပညာရှင်တစ်ယောက် ငှားယမ်းထားတာလား ၊ အဲဒါကြောင့် မီးကန်ဝယ်ခဲ့တာမဟုတ်လား”
ခုန်မင်က ယုံကြည်မှုအပြည့်ဖြင့် တောက်ပစွာ ပြုံးလိုက်သည်။
“အဖေ... ကျွန်တော်တို့ ခုန်အိမ်တော်မှာ တကယ်ပဲ ပန်းပဲပညာရှင်တစ်ယောက် ရှိနေပါတယ် ၊ ဒါပေမဲ့ အဲဒီပန်းပဲပညာရှင်က အပြင်ကငှားယမ်းထားတဲ့သူ မဟုတ်ပါဘူး”
ခုန်ကျွင်း စိတ်ရှုပ်ထွေးစွာဖြင့် မျက်ခုံးများ တွန့်ချိုးလိုက်သည်။
“အပြင်က ငှားထားတာ မဟုတ်ဘူး ဟုတ်လား... ဒါဆို အဲဒီပညာရှင်က ဘယ်ကရောက်လာတာလဲ”
ခုန်မင်က ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် သူ့ကိုယ်သူ လက်ညှိုးညွှန်ပြရင်း...
“အဖေ့သားက အရည်အချင်းသိပ်မရှိပေမယ့် ပန်းပဲပညာလမ်းကြောင်းကို စပြီးလျှောက်လှမ်းနိုင်ပြီ ထင်ပါတယ် ၊ အခု အဖေမြင်နေရတဲ့ ယွမ်ရုန်ဒူးလေးက ကျွန်တော်ကိုယ်တိုင် ဖန်တီးထားတာပါ”
ခုန်ကျွင်းမျက်နှာက မယုံကြည်နိုင်မှုများဖြင့် ပြည့်နက်သွားသည်။ သူ၏အသံကလည်း အံ့ဩထိတ်လန့်မှုဖြင့် တုန်ယင်နေတော့သည်။
“မင်အာ... မင်း... မင်းက ပန်းပဲပညာရှင် ဟုတ်လား ၊ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ မင်းက သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်ထားတဲ့သူပဲ ၊ ဒါက ဘယ်လိုလုပ် ပန်းပဲပညာလမ်းကြောင်းကို လျှောက်လှမ်းနိုင်မှာလဲ ၊ ဒီလောကမှာ ငါမသိနိုင်တဲ့ လျှို့ဝှက်ပန်းပဲပညာမျိုး ရှိနေတာလား”
ခုန်မင်က တည်ငြိမ်သော်လည်း ရိုးသားနှိမ့်ချသည့်အသံဖြင့် စကားဆိုလိုက်သည်။
“အဖေ့ကို ဖုံးကွယ်မထားရဲပါဘူး ၊ ကျွန်တော် နေမကောင်းဖြစ်ရာကနေ သတိပြန်ရလာတော့ ခန္ဓာကိုယ်ထဲမှာ ပြောင်းလဲမှုတစ်ခု ဖြစ်သွားတယ် ၊ အဲဒါက မီးဒြပ်စင်စွမ်းအားကို စုပ်ယူကျင့်ကြံနိုင်တာပါပဲ ၊ ပြီးခဲ့တဲ့အချိန်တွေမှာ ကျွန်တော် လျှို့ဝှက်ပြီး ကျင့်ကြံနေခဲ့တယ် ၊ အဲဒီနောက်တော့ ကျွန်တော့်ရဲ့ သစ်သားဒြပ်စင်ဝိညာဉ်ခန္ဓာက သစ်သား-မီးဒြပ်စင်ဝိညာဉ်ခန္ဓာအဖြစ် ပြောင်းလဲသွားခဲ့တယ် ၊ ဒီလိုကိစ္စမျိုးကို ချက်ချင်းပြောပြဖို့က မဖြစ်နိုင်လို့ ကျွန်တော် အချိန်ယူစဉ်းစားပြီး ခဏတိတ်ဆိတ်နေခဲ့တာပါ ၊ စောစောစီးစီး ပြောမပြမိတဲ့အတွက် အဖေ ခွင့်လွှတ်ပေးစေချင်ပါတယ်”
ယခုတစ်ကြိမ်လည်း ခုန်ကျွင်းမှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရပြန်သည်။
သူ့အသံက ကျယ်လောင်ခြင်းမရှိတော့ဘဲ ထိတ်လန့်အံ့သြမှုတို့ဖြင့် တိုးလျသည့်ရေရွတ်သံအဖြစ်သို့ ပြောင်းလဲသွားသည်။
"သစ်သား-မီးဒြပ်စင်ဝိညာဉ်ခန္ဓာ ဟုတ်လား ၊ ဒါက ဘယ်လိုဖြစ်လို့ ဒြပ်စင်စွမ်းအားနှစ်မျိုးရှိတဲ့ ဝိညာဉ်ခန္ဓာအဖြစ် ပြောင်းလဲသွားရတာလဲ ၊ ဒါ... ဒါတွေက ငါ နားလည်နိုင်တာတွေအားလုံးနဲ့ ဆန့်ကျင်နေတာပဲ”
ခုန်ကျွင်း အတန်ကြာအောင် စဉ်းစားနေခဲ့သည်။
သူက ဗဟုသုတနှင့် အတွေ့အကြုံကြွယ်ဝသူဖြစ်ရာ နောက်ဆုံး ဒြပ်စင်စွမ်းအားနှစ်မျိုးရှိသော ဝိညာဉ်ခန္ဓာ၏ အံ့သြဖွယ်ရာသဘောတရားကို တဖြည်းဖြည်း သဘောပေါက်နားလည်လာသည်။
သို့သော် ဤသို့သော ခန္ဓာကိုယ်ဖွဲ့စည်းပုံက ရှေးဟောင်းကျမ်းစာများမှာပင် မကြားစဖူးသော လုံးဝထူးခြားသည့် ဖြစ်စဉ်တစ်ခုသာပင်။
ဖခင်ဖြစ်သူကိုကြည့်ရင်း ခုန်မင် တိတ်ဆိတ်စွာ သက်ပြင်းချလိုက်သည်။
သူက အမှန်တရားကိုသက်သေပြရန်အတွက် သူ၏ထူးခြားသောစွမ်းအားကို ဆင့်ခေါ်လိုက်သည်။
သူ၏ဘယ်ဘက်လက်တွင် သစ်သားဒြပ်စင်စွမ်းအား စုစည်းလာပြီး ကျောက်စိမ်းရောင်ပမာ စိမ်းဖန့်သည့်အလင်းရောင် တောက်ပလာသည်။
တစ်ချိန်တည်းပင် ညာဘက်လက်မှာတော့ မီးဒြပ်စင်စွမ်းအား၏ မီးလျှံပမာတောက်ပသော အနီရောင်စွမ်းအားလှိုင်းလုံးများ ထွက်ပေါ်လာသည်။ ထိုစွမ်းအားလှိုင်းလုံးက ထိန်းမနိုင်သိမ်းမရသော မီးပင်လယ်တစ်ခုပမာ လှုပ်ရှားနေသည်။
ကနဦးအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်ဖြစ်သူ ခုန်ကျွင်းသည် ဒြပ်စင်စွမ်းအား အတက်အကျများကို သာမန်ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုမိုအာရုံခံနိုင်စွမ်း ရှိသည်။
တစ်ချက်ကြည့်ရုံဖြင့် ခုန်မင် ထုတ်ဖော်ပြသလိုက်သော ဒြပ်စင်စွမ်းအားနှစ်မျိုးမှာ သာမန်ဒြပ်စင်စွမ်းအား ကျင့်ကြံသူများထက် များစွာသာလွန်သည့် သန့်စင်သောအဆင့်သို့ ရောက်ရှိနေကြောင်း သိမြင်နိုင်ခဲ့သည်။
ခုန်မင်က နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားပညာရှင်အဆင့် ကျင့်ကြံသူတစ်ယောက်မျှသာဖြစ်သော်လည်း သူ၏ဒြပ်စင်စွမ်းအား သန့်စင်မှုက ထူးကဲလွန်းသည်။
ထို့ပြင် သစ်သား-မီးဒြပ်စင်ဝိညာဉ်ခန္ဓာအကြောင်း အမှန်တရားမှာလည်း ရှင်းပြ၍မရနိုင်သောကိစ္စတစ်ခုဖြစ်လေရာ သမိုင်းတစ်လျှောက် မယှဉ်နိုင်သော အံ့သြဖွယ်တစ်ခုဟုသာ သတ်မှတ်နိုင်၏။
ခုန်ကျွင်းရင်ထဲ စိတ်လှုပ်ရှားမှုများ တလိမ့်လိမ့်တက်လာပြီး မျက်နှာထက် ထိန်းမနိုင်သိမ်းမရသော ပျော်ရွှင်မှုတို့ဖြင့် ပြည့်နက်လာသည်။
သူက ဝမ်းသာအားရဖြင့်...
“မင်အာ... မင်းမှာ သစ်သား-မီးဒြပ်စင်ဝိညာဉ်ခန္ဓာပိုင်ဆိုင်ထားတယ်ဆိုတာ ဟိုး ကမ္ဘာဦးအစကတည်းက မကြားစဖူးတဲ့ဖြစ်ရပ်မျိုးပဲ ၊ ဒါက နတ်ဘုရားတွေချီးမြှင့်တာကလွဲလို့ တခြားမဖြစ်နိုင်ဘူး ၊ ငါတို့ ဘိုးဘေးတွေရဲ့ ကောင်းချီးတွေက ငါတို့အပေါ် ထွန်းလင်းလာပြီ ၊ အခု ခုန်အိမ်တော် ကြီးပွားတိုးတက်ဖို့ လက်တစ်ကမ်းမှာ ရောက်နေပြီ”
ခုန်မင်က ဖခင်ဖြစ်သူကို ဦးညွှတ်ဂါရဝပြုလိုက်သည်။
“အဖေ စိတ်ချပါ ၊ ကျွန်တော် ခုန်အိမ်တော်အတွက် အစွမ်းကုန်ကြိုးစားပေးမှာပါ ၊ အခု ဖန်တီးထားတဲ့ ယွမ်ရုန်ဒူးလေးကလည်း ကျွန်တော်တို့မျိုးနွယ် ကြီးမြတ်မှုဆီလျှောက်လှမ်းဖို့ ပထမဆုံးခြေလှမ်း ဖြစ်ပါလိမ့်မယ်”
ထိုအခါမှ ခုန်ကျွင်းမှာ အိပ်မက်မှ နိုးထလာသူပမာ ခုန်မင်လက်ထဲတွင်ကိုင်ထားသော ယွမ်ရုန်ဒူးလေးကို လှမ်းကြည့်လိုက်သည်။
သူက အာရုံစူးစိုက်စွာဖြင့်...
“မင်အာ... ဒီ ယွမ်ရုန်ဒူးလေးကိုဖန်တီးဖို့က အရမ်းရှုပ်ထွေးတယ် မဟုတ်ဘူးလား ၊ ဒီလိုပစ္စည်းမျိုး အများအပြား ထုတ်လုပ်နိုင်ပါ့မလား”
ခုန်မင်က ယုံကြည်မှုအပြည့်ဖြင့်...
“ကျွန်တော် ဒီဒူးလေးကို ဖန်တီးတဲ့အခါ (၁၀)ပုံ (၃)ပုံ အောင်မြင်နိုင်ခြေ ရှိပါတယ် ၊ မြားကျည်တွေအတွက်ဆိုရင်တော့ (၁၀)ပုံ (၇)ပုံအထိ အောင်မြင်မှုရှိပါတယ် ၊ ဒီပစ္စည်းကို အများအပြားထုတ်လုပ်ဖို့ဆိုရင်တော့ အဓိကအတားအဆီးက ကုန်ကြမ်းပါပဲ ၊ အဓိကပစ္စည်းတစ်ခုဖြစ်တဲ့ သစ်မာက ရှားပါးလွန်းတယ် ၊ ကျွန်တော် အချိန်အကြာကြီး စျေးကွက်ထဲမှာ သတိထားစောင့်ကြည့်နေခဲ့တာတောင်မှ အစိတ်အပိုင်းတချို့လောက်ကိုပဲ ဝယ်ယူနိုင်ခဲ့တယ်”
ခုန်ကျွင်း တစ်ချက်စဉ်းစားရင်း ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူက တည်ငြိမ်မှုကို ထိန်းထားလိုက်ပြီး...
“သစ်မာက တကယ်ရှားပါးတဲ့ ရတနာပစ္စည်းပဲ ၊ အဲဒါကို အမြောက်အမြားလိုချင်တယ်ဆိုရင် သိပ်တော့ မရိုးရှင်းနိုင်ဘူး ၊ ဒါပေမဲ့ နှစ်စဉ်လေလံပွဲ မကြာခင်ကျင်းပတော့မယ် ၊ အဲဒီမှာ အခွင့်အရေးရနိုင်တယ် ၊ ဒါပေမဲ့ ငါတို့တွေ သစ်မာကိုစိတ်ဝင်စားနေတယ်ဆိုတာ အပြင်လူတွေမသိအောင် လျှို့ဝှက်ထားရလိမ့်မယ်”
ခုန်မင်က ယုံကြည်မှုအပြည့်ဖြင့် တောက်ပစွာ ပြုံးလိုက်ရင်း...
“အဖေ စိတ်ချပါ ၊ ကျွန်တော် ပန်းပဲလုပ်ဖို့ ကုန်ကြမ်းဝယ်ယူတုန်းက တခြားပစ္စည်းအမျိုးမျိုးကိုလည်း ဝယ်ယူခဲ့တယ် ၊ ကျွန်တော့်ကို စောင့်ကြည့်တဲ့သူ ရှိနေရင်တောင် ကျွန်တော် သစ်မာကိုဝယ်ရတဲ့အကြောင်းရင်းကို ဘယ်သူမှ မသိနိုင်ပါဘူး”
ဤသည်က ခုန်မင်၏နည်းလမ်းပင် ဖြစ်သည်။
သူက လှုပ်ရှားမှုတိုင်းကို အမြဲတမ်း တွက်ချက်ထားပြီး သူ၏ခြေလှမ်းတိုင်းကို မည်သူမှ ခန့်မှန်းနိုင်ခြင်း မရှိပေ။
အပြင်လူများအနေဖြင့် ခုန်မင်၏ရည်ရွယ်ချက်အမှန်ကို ခန့်မှန်းလိုသည်ဆိုပါက တိမ်တိုက်များကိုဖမ်းဆုပ်ရန်ကြိုးစားသကဲ့သို့ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။