← Chapters

တံခါးပိတ်ကျင့်ကြံခြင်း

Vol. 4 Ch. 47

တံခါးပိတ်ကျင့်ကြံခြင်း

Vol. 4 Ch. 47

ခုန်သခင်ကြီးက သားဖြစ်သူ’ခုန်မင်’ ၏ စွမ်းဆောင်ရည်ကိုတွေ့မြင်ပြီး ကောင်းကင်ထက် ပျံတက်တော့မည့်ပမာ အလွန်ပျော်ရွှင်သွားသည်။

ခုန်မင်က အသက်(၁၄)နှစ်သာ ရှိသေးသော်လည်း ရှေးခေတ်ပညာရှင်တစ်ယောက်ပမာ အလွန်ဉာဏ်ရည်ထက်မြက်လေရာ ဖခင်ထက်ပင် သာလွန်သွားသည်ဟု ဆိုနိုင်၏။

ဤမျှထူးချွန်သော သားတစ်ယောက်ရှိနေခြင်းကို ခုန်သခင်ကြီးက အဘယ်မှာ မကျေနပ်ဘဲနေပါမည်နည်း။

ဤသို့သောလူငယ်တစ်ယောက် ခုန်မျိုးနွယ်တွင်ထွက်ပေါ်လာခြင်းက တားဆီးမရသည့်လှိုင်းတံပိုးပမာ ကြယ်စင်များထဲတွင် ရေးသားထားသည့် ကံကြမ္မာဟုပင် ဆိုနိုင်သည်။

ယခု ဒဏ္ဍာရီဆန်သော ယွမ်ရုန်ဒူးလေး(၃)ခု ပြုလုပ်ထားပြီး ဤသည်က မိုးကောင်းကင်သာလျှင်သိရှိသော လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။

လက်ရှိတွင် ဤနတ်ဘုရားဆန်သောလက်နက်(၃)ခုကို ခုန်သခင်ကြီး ၊ ခုန်မင်နှင့် ခုန်ကျောင်း သားအဖ(၃)ယောက်သာလျှင် ကိုင်ဆောင်ကြသည်။

အသုံးပြုရသောမြားကျည်များကိုတော့ သူတို့(၃)ယောက် ခွဲဝေယူထားကြသည်။

အပြင်လူများကတော့...

ခုန်အိမ်တော်တွင် ဤသို့ထူးခြားသော လက်နက်တစ်ခုရှိနေသည်ကို မသိရှိကြပေ။

မကြာမီ သေမျိုးလူသားလောကတစ်ခုလုံး လှုပ်ခတ်စေမည့် မုန်တိုင်းတစ်ခုထန်လာတော့မည်ကို မည်သူမှ မရိပ်မိကြသေးပေ။

နောက်တစ်နေ့နံနက်မှာတော့ ခွန်းကာမြို့တစ်ခွင် ကောလဟလတစ်ခုက တောမီးပမာ ပျံ့နှံ့ထွက်ပေါ်လာသည်။

“ခုန်အိမ်တော်က လျှို့ဝှက်ပန်းပဲပညာရှင်ကြီးတစ်ယောက်ကို လက်ခံခေါ်ယူထားသည်” ဆိုသော ကောလဟလပင်။

ယခင်ရက်များတုန်းက ခုန်သခင်လေးက စျေးမြို့တော်တွင်လှည့်ပတ်ပြီး ရှားပါးပစ္စည်းများစွာ ဝယ်ယူခဲ့သည်။

သို့ဖြစ်ရာ ခုန်အိမ်တော်က မိုးကောင်းကင်ကိုပင်အံတုနိုင်သည့် လျှို့ဝှက်နတ်လက်နက်တစ်ခု ပြုလုပ်နေသည်လား တီးတိုးစကားဆိုစရာ ဖြစ်လာသည်။

ဤလျှို့ဝှက်ပန်းပဲပညာရှင်နှင့်ဆိုလျှင် ခုန်အိမ်တော်က အဆင့်အသစ်တစ်ခုသို့ သေချာပေါက်တက်လှမ်းသွားပြီး အခြားသူများလိုက်မမီသည့် နတ်တောင်ထိပ်ဖျားသို့ ရောက်ရှိသွားပေလိမ့်မည်။

ခွန်းကာမြို့တွင် မည်သူက ခွန်အိမ်တော်ကို စိန်ခေါ်ရဲပါတော့မည်နည်း။

လူအများသမိရှိသည်မှာ ဤကောလဟလများကို ခုန်မျိုးနွယ်များက ဖြန့်လိုက်ခြင်းသာဖြစ်သည်။ ဤသည်က အမှန်တရားကိုဖုံးကွယ်ရန်အတွက် ခုန်မင်၏ အကြံဉာဏ်ပင် ဖြစ်၏။

ဤအမှန်တစ်ဝက် အမှားတစ်ဝက် ကောလဟလများက ခုန်အိမ်တော်ကို ပိုမိုဂုဏ်တက်စေသည့်အပြင် ပို၍လည်းနာမည်ကျော်ကြားလာစေသည်။

ထို့ပြင် ဤစိတ်လှုပ်ရှားမှုများကြားမှာပင် မြို့သူမြို့သားများ၏စိတ်အာရုံကို ဖမ်းစားနိုင်သော နောက်ထပ်သတင်းတစ်ခု ရှိနေသေးသည်။

ထိုသတင်းက မကြာခင်ကျင်းပမည့် လေလံပွဲဖြစ်လေသည်။

လေလံပွဲတွင် လူအများ၏ဘဝကိုပြောင်းလဲစေနိုင်သည့် တန်ဖိုးမဖြတ်နိုင်သော စွမ်းအားမြင့်ရတနာပစ္စည်းများ များစွာပါဝင်ပေသည်။

သို့သော် အဆိုပါ ကြီးကျယ်သောကောလဟလများနောက်တွင် ခုန်အိမ်တော်က နတ်သားရဲမျိုးနွယ် အယောက်(၂၀၀)ကို အစေခံများအဖြစ် ဝယ်ယူလိုက်သည့်သတင်းကတော့ ထွက်ပေါ်လာခြင်းမရှိဘဲ လေထဲတွင် လွင့်ပျံပျောက်ကွယ်သွားခဲ့သည်။

ပြင်ပလောကကြီးတွင် ထင်ကြေးပေးမှုများနှင့် စိတ်ဝင်စားဖွယ်သတင်းများ ဆူညံပွက်လောရိုက်နေစဉ် ခုန်မင်ကတော့ တံခါးပိတ်ကျင့်ကြံလျှက်ရှိသည်။

သူ၏စိတ်အစဉ်က တာအို၏ နက်နဲသော လျှို့ဝှက်ဆန်းကြယ်မှုများနှင့် သဟဇာတဖြစ်နေခဲ့သည်။

ယွမ်ရုန်ဒူးလေးကို ပန်းပဲပြုလုပ်စဉ်က ခုန်မင် ဒြပ်စင်စွမ်းအားများစွာကို မနားတမ်းသုံးစွဲခဲ့ရသည်။

သို့သော် ပေါင်းစပ်ခြင်းလုပ်ငန်းစဉ်တွင် သူ၏ မတူညီသော ဒြပ်စင်စွမ်းအားစီးကြောင်းနှစ်ခုကို တပြိုင်တည်းကျွမ်းကျင်စွာ ထိန်းချုပ်ခဲ့ရသည်ဖြစ်ရာ ၊ ဤသည်က သူ့အတွက် ဉာဏ်အလင်းရရှိစေခဲ့သည်။

ထိုသို့အသိဉာဏ်ပွင့်သွားသည့်အခိုက်အတန့်ကို အမိအရဆုပ်ကိုင်ပြီး သူက တံခါးပိတ်ကျင့်ကြံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။ သူက ကျင့်ကြံခြင်းအဆင့်ကို ဒြပ်စင်စွမ်းအားပညာရှင်အဆင့် အထွတ်ထိပ်သို့ ရောက်ရှိစေရန် ကြိုးပမ်းခဲ့သည်။

အကယ်၍ ဤခြေလှမ်းအောင်မြင်သွားပါက ခုန်မင်အနေဖြင့် ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်သို့တက်လှမ်းရန် အခြေတည်နိုင်ပေမည်။

ခုန်မင်၏ စွမ်းအင်ဗဟိုချက်ချီပင်လယ်တွင် ထိုက်ကျိယင်ယန်သင်္ကေတ လှည့်ပတ်နေသည်။ လျှို့ဝှက်ဆန်းကြယ်သည့်စွမ်းအားက ဒြပ်စင်စွမ်းအားကို ပြီးပြည့်စုံခြင်းသို့ရောက်ရှိစေရန် အလိုအလျောက် သန့်စင်ပေးနေသည်။

သို့သော် ကျင့်ကြံသူတစ်ယောက် ကျင့်ကြံခြင်းအဆင့်တက်ခြင်းမှာ စွမ်းအားတစ်ခုတည်းတွင် မူတည်ခြင်းမရှိပေ။ စိတ်နှင့်နှလုံးသား ဟန်ချက်ညီရန်လည်း လိုအပ်သည်။

သူ၏စိတ်ဝိညာဉ်က ကြီးထွားလာသောစွမ်းအားနှင့် မျှတမှုမရှိပါက ထိန်းချုပ်မှုဆုံးရှုံးပြီး ချီစွမ်းအားဖောက်လွှဲဖောက်ပြန်ဖြစ်ကာ ရူးသွပ်သည့်အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။

ခုန်မင်က အခြားကမ္ဘာမှ ပြန်လည်မွေးဖွားလာသည့် ဝိညာဉ်တစ်ခုဖြစ်လေရာ သူ၏အရင်ဘဝတွင် ဒြပ်စင်စွမ်းအားကျင့်ကြံသည့် အတွေ့အကြုံ မရှိခဲ့ဖူးပေ။

ထို့ကြောင့် တစ်ယောက်တည်း တံခါးပိတ်ကျင့်ကြံခြင်းက စွမ်းအားမြင့်တက်ရုံသာမဟုတ်ဘဲ ခန္ဓာကိုယ်နှင့်စိတ်ဝိဉာည်အား ဒြပ်စင်စွမ်းအားစီးဆင်းမှုနှင့် အမှန်တကယ် လိုက်ရောညီထွေဖြစ်အောင် ပြုလုပ်ရန်လည်း ဖြစ်ပေသည်။

ခုန်မင် တံခါးပိတ်ကျင့်ကြံနေချိန် မော့မျိုးနွယ်မောင်နှမကလည်း ဤအတိုင်းထိုင်မနေခဲ့ပေ။

သူတို့က ခုန်မင် သင်ပေးထားသော “တိမ်လွှာလေပြင်းရုပ်ခန္ဓာကျဉ့်စဉ်” ကို စိတ်အားထက်သန်စွာ ကျင့်ကြံနေခဲ့ကြသည်။

ထိုကျင့်စဉ်က ကျင့်ကြံလေ အံ့သြစရာကောင်းလေပင်။

ဤရုပ်ခန္ဓာသန့်စင်သည့်ပညာက နက်ရှိုင်းလွန်းပြီး အတိုင်းအဆမရှိသော ထူးခြားမှုများဖြင့်ပြည့်နက်နေသည်ဟု သူတို့ ခံစားမိကြသည်။

ဤမျှ အံ့သြဖွယ်ရာ နက်ရှိုင်းလှသည့် ရုပ်ခန္ဓာကျင့်စဉ်ကို ထျန်းယွမ်ကုန်းမြေတွင် အဘယ့်ကြောင့် မကြားဖူးခဲ့ရပါလိမ့်။

ခုန်မင်က ဤထူးခြားသောကျင့်စဉ်ကို မည်သည့်နေရာက ယူလာခဲ့ပါသနည်း။

မော့မျိုးနွယ်မောင်နှမစိတ်ထဲတွင် သူတို့သခင်လေးက မရေမတွက်နိုင်သော လျှို့ဝှက်ချက်များဖြင့် ဖုံးလွှမ်းနေသူဖြစ်ပြီး သူ၏လုပ်ရပ်တိုင်းကလည်း နက်နဲသလို လျှို့ဝှက်လွန်းသည်။

မည်သို့ပင်ဖြစ်စေ နတ်သားရဲမျိုးနွယ်များကတော့ ခုန်အိမ်တော်နှင့် တစ်သားတည်းပေါင်းစပ်ခဲ့ပေပြီ။

ခုန်ကျွင်းနှင့် ခုန်မင်၏ တိကျသောခွင့်ပြုချက်မရှိဘဲ ခုန်အိမ်တော်တွင် တောရိုင်းဒေသမျိုးနွယ်စုမှ လူများကို မည်သူမှရန်မစရဲကြပေ။

နတ်သားရဲမျိုးနွယ်များ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်သည်ကိုမြင်ရတော့ မော့မျိုးနွယ်မောင်နှမ စိတ်အေးချမ်းသာလျှက်ရှိပြီး ခုန်မင်အပေါ် သစ္စာစောင့်သိမှုကလည်း ပိုမိုခိုင်မာလာသည်။

သူတို့စိတ်အစဉ်က မယိမ်းယိုင်သောသစ္စာတရားဖြင့် ချည်နှောင်ထားခဲ့ပေပြီ။

မော့ဖေးက နတ်သားရဲမျိုးနွယ်ထဲမှ စွန့်စားလိုစိတ်ရှိသော လူငယ် အယောက်(၂၀)ကို ရွေးချယ်ပြီး ခုန်မင်၏ ကိုယ်ရံတော်တပ် ဖွဲ့စည်းလိုက်သည်။

မော့ဖေးစိတ်ထဲ ပြင်းထန်သည့်စိတ်ဓာတ်တစ်ခု အမြစ်တွယ်လာခဲ့သည်။

“သခင်လေးကို ထိခိုက်အောင်လုပ်ချင်တယ်ဆိုရင် ဒီကိုယ်ရံတော်တပ်ကို အရင်ကျော်လွှားရမဘ်”

ထိုသို့သောစိတ်ဓာတ်ဖြင့် မော့ဖေးက ရွှမ်ကုန်းပြောင်းလဲမှု (၉)ခု ကျင့်စဉ်ကို ကြိုးစားကျင့်ကြံရုံသာမက ကိုယ်ရံတော်တပ်ကိုလည်း မရပ်မနားပင် တိုက်ခိုက်ရေးများ လေ့ကျင့်ပေးသည်။

သူ၏ရည်ရွယ်ချက်က တိုက်ရည်ခိုက်ရည်တွင် ထိပ်တန်းအဆင့်ရောက်ရှိစေရန်ဖြစ်ပြီး ၊ ထိုရည်ရွယ်ချက်ကို နေ့ရက်တိုင်း စိတ်အားထက်သန်စွာ ပုံဖော်နေခဲ့၏။

တစ်ဖက်မှာတော့ အစေခံမလေး’မော့ယွဲ့’ က အချိန်များအားနေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

သူမ၏သခင်‌လေး’ခုန်မင်’ က တစ်ယောက်တည်း တံခါးပိတ်ကျင့်ကြံနေသည်ဖြစ်ရာ သူမအတွက် ဘာအလုပ်မှ လုပ်စရာမရှိဖြစ်နေသည်။

ထိုသို့ဖြင့် သူမသည်လည်း အချိန်ကုန်လွယ်စေရန် တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ် ကျင့်ကြံရန်သာ အာရုံစိုက်ထားလိုက်တော့သည်။

ကံကောင်းသည်မှာ မော့ယွဲ့က မွေးရာပါအရည်အချင်းထူးခြားသဖြင့် ကျင့်ကြံခြင်းတိုးတက်မှုက အံ့အားသင့်စရာကောင်းလောက်အောင် လျှင်မြန်နေခြင်းပင်။

ဖြစ်နိုင်လျှင် ခုန်မင် တံခါးပိတ်ကျင့်ကြံရာက ထွက်မလာခင် သူမက ရွှမ်ကုန်းပြောင်းလဲမှု (၉)ခု ကျင့်စဉ် ပထမအဆင့်ကို ကျွမ်းကျင်စွာကျင့်ကြံနိုင်ရန် မျှော်လင့်ထားသည်။

သူမက ကျင့်စဉ်ကျင့်ကြံပြီးနောက် ရှားရှားပါးပါး အနားယူသည့်အချိန်လေးများတွင် တောက်ပသည့်မျက်ဝန်းများဖြင့် ခုန်မင် တံခါးပိတ်ကျင့်ကြံနေသည့်အခန်းဆီသို့ လှမ်းကြည့်မိတတ်သည်။

သို့သော် သူမ၏မျက်နှာကို အနက်ရောင်ပုဝါက ဖုံးကွယ်ထားသဖြင့် မိန်းကလေးငယ်၏အတွေးများ မည်မျှလျှို့ဝှက်ဆန်းကြယ်သည်ကို သိမြင်ရန်ခက်ခဲလှသည်။

ခုန်မင်ကတော့ တံခါးပိတ်ကျင့်ကြံခြင်းတွင် နှစ်မြှုပ်နေရင်း လောကီရေးရာများဖြင့် လုံးဝကင်းကွာလျှက်ရှိသည်။ သူက ဒြပ်စင်စွမ်းအားသန့်စင်ခြင်းတွင် စိတ်ရောကိုယ်ပါ အပြည့်အဝ မြှုပ်နှံထားသည်။

သူ၏ စွမ်းအင်ဗဟိုချက် ချီပင်လယ်တွင် ထိုက်ကျိယင်ယန်သင်္ကေတက မနားမနေ လှည့်ပတ်နေသည်။ သူ ကျင့်ကြံမနေလျှင်တောင်မှ ထိုသင်္ကေတက ဒြပ်စင်စွမ်းအားများကို မရပ်မနား သန့်စင်ပေးနေသည်။

ယခု ခုန်မင်က သူ၏စိတ်နှင့်စိတ်ဝိညာဉ်အားလုံး ကျင့်ကြံခြင်းတွင် နှစ်မြုပ်ထားသည့်အတွက် ထိုက်ကျိယင်ယန်သင်္ကေတက ပိုမိုသန်မာမြန်ဆန်စွာ လှည့်ပတ်လာသည်။

ထိုသို့ဖြင့် သူ၏ ဒြပ်စင်စွမ်းအားသန့်စင်မှုက ထိရောက်စွာဖြင့် တဟုန်ထိုးမြင့်တက်လာကာ လမ်းကြောင်းထိပ်ဆုံးသို့ တစ်စတစ်စ ပိုနီးကပ်လာသည်။

ခုန်မင်၏ ကျယ်ပြန့်လှသော စွမ်းအင်ဗဟိုချက် ချီပင်လယ်တွင်ထိုက်ကျိယင်ယန်သင်္ကေတက မနားမနေ လှည့်ပတ်နေသည်။

အစိမ်းရောင်နှင့်အနီရောင် ဒြပ်စင်စွမ်းအားစီးကြောင်းနှစ်ခုက သူ၏သွေးကြောဆုံချက်များထဲတွင် စီးဆင်းလျှက် ရှိသည်။

ဤစွမ်းအားမြူခိုးများက စကြာဝဠာ၏ အသက်ရှူသံပမာ မြင့်တက်နေပြီး နတ်ဘုရားစွမ်းအားက သန့်စင်ဖိနှိပ်လိုက်မှသာ သွေးကြောဆုံချက်များထဲသို့ ပြီးပြည့်စုံသည့်သန့်စင်မှုဖြင့် ပြန်လည်စီးဆင်းသွားသည်။

ဤမူလစွမ်းအားအနှစ်သာရက အဆုံးမရှိသော မြင့်တက်မှုများဖြင့် ပြည့်နေပြီး ယခု ခုန်မင်၏ခန္ဓာကိုယ်ထဲတွင် ပိုမိုသိပ်သည်းသောပုံစံဖြင့် ဖိသိပ်ခံထားရလေရာ ၊ သူ၏ခန္ဓာကိုယ်က မူလစွမ်းအားကို ပိုမိုများပြားစွာ သိုလှောင်ထားနိုင်သည်။

သူ၏ကိုယ်တွင်းမှ စွမ်းအားများအားလုံး သန့်စင်ပြီးသွားလျှင်တော့ ခုန်မင်၏ ကျင့်ကြံခြင်းအဆင့်က နှောင်းပိုင်း ဒြပ်စင်စွမ်းအားပညာရှင်အဆင့် အထွတ်ထိပ်သို့ သေချာပေါက် ရောက်ရှိသွားပေမည်။

သို့သော် ထိုက်ကျိယင်ယန်သင်္ကေတ၏ နတ်ဘုရားဆန်လွန်းသည့် အကူအညီကြောင့် ခုန်မင်အတွက် ဒြပ်စင်စွမ်းအားသန့်စင်ရာတွင် ထိရောက်မှုရှိသည့်တိုင် သူ၏ကိုယ်တွင်းစွမ်းအားများ အပြည့်အဝ ပြော်းလဲသန့်စင်ရန်လုပ်ငန်းစဉ်က ခဏလေးနှင့် ပြီးဆုံးသွားမည့် ကိစ္စမဟုတ်ပေ။

ဤသည်က စကြာဝဠာ၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့်ဆက်စပ်နေလေရာ ခုန်မင်အနေဖြင့် ရက်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံရန် လိုအပ်သည်။

တံခါးပိတ်ကျင့်ကြံစဉ်ကာလအတွင်း ခုန်မင်၏ကျင့်ကြံခြင်းက အဆင့်သစ်တစ်ခုဆီသို့ တက်လှမ်းသွားရုံသာမက သူ့ကိုယ်တွင်းမှ ဒြပ်စင်စွမ်းအားထိန်းချုပ်နိုင်မှုသည်လည်း တဖြည်းဖြည်း အသားကျလာသည်။

စွမ်းအားများက ရှေးဟောင်းကျောက်တောင်တစ်ခုအတွင်း မြစ်တစ်စင်း ထိုးဖောက်စီးဆင်းသည့်ပမာ သဘာဝကျကျ စီးဆင်းလာနိုင်သည်။

လက်ရှိမှာတော့ သူ၏စွမ်းအားထိန်းချုပ်မှုကို အနည်းငယ်ပင် ဟန့်တားမည့် အတားအဆီးတစ်ခုမှ မရှိတော့ပေ။

တံခါးပိတ်မကျင့်ကြံခင်က ခုန်မင်တွင် စိုးရိမ်မှုအနည်းငယ် ရှိခဲ့သည်။

သူရရှိထားသည့် သစ်သားနှင့် မီး ဒြပ်စင်စင်စွမ်းအားများကို အဆင့်မြှင့်တင်လိုက်လျှင် သူ၏ ချီပင်လယ်အတွင်းမှ နတ်ဘုရားစွမ်းအား၏ သိမ်မွေ့သောဟန်ချက်ညီမှုကိုထိခိုက်ပြီး ထိုက်ကျိယင်ယန်သင်္ကေတ အနှောက်အယှက်ဖြစ်သွားမည်လားဟု သူ စိုးရိမ်ခဲ့သည်။

သို့သော် ကျင့်ကြံရင်း အမှန်တရားကိုသိမြင်လာသည့်အခါ သူ၏စိုးရိမ်မှုများက အခြေအမြစ်မရှိကြောင်း သိရှိလိုက်ရသည်။

နတ်ဘုရားစွမ်းအားက ခုန်မင်၏ထိန်းချုပ်နိုင်စွမ်းမှ လွတ်ထွက်နေဆဲဖြစ်သော်လည်း လျှို့ဝှက်ဆန်းကြယ်သည့် ကြယ်စင်စွမ်းအားများကတော့ ခုန်မင်၏ခန္ဓာကိုယ်ထဲ မရပ်မနား စီးဝင်လာနေသည်။

သူ၏ စွမ်းအင်ဗဟိုချက် ချီပင်လယ်ရှိ ထိုက်ကျိယင်ယန်သင်္ကေတ၏ သန့်စင်ပေးမှုကြောင့် ဤကြယ်စင်စွမ်းအားများက ချောမွေ့စွာပင် နတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲသွားသည်။

ခုန်မင်က ဒြပ်စင်စွမ်းအားကျင့်ကြံခြင်းတွင် မြှုပ်နှံထားခဲ့သော်လည်း ဤလုပ်ငန်းစဉ်ကတော့ ရပ်တန့်မသွားဘဲ အလိုအလျောက် ဖြစ်ပေါ်နေခဲ့သည်။

ထိုသို့ဖြင့် သူ၏ဒြပ်စင်စွမ်းအားများ မြင့်တက်လာတိုင်း နတ်ဘုရားစွမ်းအားသည်လည်း အလားတူပင် မြင့်တက်လာကာ ချီပင်လယ်တွင် ပြီးပြည့်စုံသည့် သဟဇာတဖြစ်မှုကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။

ထိုအမှန်တရားကိုသိလိုက်သည်နှင့် ခုန်မင် စိတ်အေးသွားရသည်။

သူ၏ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေသော နတ်ဘုရားစွမ်းအားနှင့် ကြယ်စင်စွမ်းအားများကို သူ့အလိုအလျောက် လှုပ်ရှားခွင့်ပေးလိုက်ရန်သသာ ခုန်မင် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ သူ၏ ဒြပ်စင်စွမ်းအားကျင့်ကြံခြင်း နက်ရှိုင်းလာသည်နှင့်အမျှ နတ်ဘုရားစွမ်းအားသည်လည်း အလားတူပင် တိုးတက်လာမည် ဖြစ်သည်။

ဤသည်က စွမ်းအားနှစ်ခု အလိုအလျောက် ဟန်ချက်ညီနေသည့် ကျင့်ကြံမှုတစ်ခုသာပင်.

ဤသို့နှယ် နတ်ဘုရားဆန်သည့် သက်ရောက်မှုအား ပိုင်ဆိုင်ထားသည်ဖြစ်ရာ ခုန်မင်၏စိတ်ထဲ မကျေနပ်စရာ မရှိခဲ့ပါပေ။

All Chapters