ငါ့ဘေးနားကလူ
Vol. 4 Ch. 48
ထိုသို့ဖြင့် မသိလိုက်ခင်မှာပင် (၉)ရက်နှင့် (၉)ညတိတိ အချိန်များကုန်လွန်သွားခဲ့သည်။
ကျင့်ကြံခြင်းထဲ မနားမနေ နှစ်မြှုပ်နေခဲ့သော ခုန်မင်မှာ နောက်ဆုံး သူ၏မျက်ဝန်းများကို ဖွင့်ကြည့်လိုက်သည်။
ဤရက်ပိုင်း ကြိုးစားအားထုတ်ပြီး တစ်ကိုယ်တည်းကျင့်ကြံခဲ့သည့်ကာလအတွင်း သူ့ခန္ဓာကိုယ်ထဲမှ ဒြပ်စင်စွမ်းအားကို သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် အဆုံးစွန်အထိ သန့်စင်နိုင်ခဲ့သည်။
သန့်စင်ထားသည့် ဒြပ်စင်စွမ်းအားပမာဏက ခုန်မင်၏ သွေးကြောဆုံချက်များတွင် ဖြည့်ဆည်းရန် သုံးပုံတစ်ပုံခန့် နေရာလွတ် ကျန်ရှိနေသေးသည်။
ထိုကျန်ရှိနေသည့် နေရာလွတ်များတွင် သန့်စင်ထားသည့် ဒြပ်စင်စွမ်းအားများ ဆက်လက်ဖြည့်ဆည်းနိုင်မည်ဆိုပါက သူ့အနေဖြင့် ဒြပ်စင်စွမ်းအားပညာရှင် နှောင်းပိုင်းအဆင့် အထွတ်ထိပ်သို့ တက်ရောက်နိုင်ပေမည်။
သူ၏ဝိညာဉ်ခန္ဓာကြောင့် ကျင့်ကြံခြင်းအရှိန်အဟုန်က သာမန်ကျင့်ကြံသူများထက် အဆပေါင်းများစွာ ကျော်လွန်နေသည့်တိုင် သူ၏ကျင့်ကြံခြင်းအခြေခံဖြင့်ဆိုလျှင် ဒြပ်စင်စွမ်းအားပညာရှင် နှောင်းပိုင်းအဆင့် အထွပ်ထိပ်သို့ရောက်ရှိရင် အနည်းဆုံး (၆)လခန် မနားမနေ ကြိုးစားရမည် ဖြစ်၏။
သို့သော် ယခုတော့ ခုန်မင်က (၉)ရက်အချိန်တွင် အောင်မြင်မှုရရှိခဲ့ပြီး ကျင့်ကြံခြင်းအဆင့် တက်လှမ်းနိုင်ခဲ့သည်။
ဤသည် အလိုအလျောက်ကျင့်ကြံနိုင်စွမ်းရှိသော ထိုက်ကျိယင်ယန်သင်္ကေတ၏ ထူးခြားချက်ကို သက်သေပြလိုက်ခြင်းပင်။
ဤသို့သော အရှိန်အဟုန်ဖြင့်ဆိုလျှင် ဒြပ်စင်စွမ်းအား ဆရာသခင်အဆင့်သို့ ရောက်ရှိရန်မှာ ဝေးကွာသည့်အိပ်မက်တစ်ခု မဟုတ်တော့ဘဲ လက်လှမ်းမီသည့် အောင်မြင်မှုတစ်ခု ဖြစ်လာပေမည်။
အသက်(၁၄)နှစ်အရွယ် ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်...။
ဤသည်က ခွန်းကာမြို့တွင် ယခင်က မကြုံစဖူးသော အံ့ဖွယ်ဖြစ်ရပ်တစ်ခု ၊ ကောင်းကင်ကိုပင်လှုပ်ခတ်စေမည့် အောင်မြင်မှုတစ်ခု ဖြစ်သည်။
ထိုသို့သောနေ့ရက် ရောက်ရှိလာလျှင် ခုန်မင်၏ထူးချွန်မှုဂုဏ်သတင်းမှာ မြို့ရိုးကိုကျော်လွန်ပြီး အဝေးတစ်နေရာ ပြင်ပကမ္ဘာထိတိုင် ဧကန်ရောက်ရှိသွားပေမည်။
အိပ်ပျော်နေသောနဂါးတစ်ကောင်ဖြစ်သည့် သူ့အတွက်တော့ ခွန်းကာမြို့က အမှန်တကယ်ပင် ကျဉ်းမြောင်းလွန်းလှသည်။
ခုန်မင် ကျင့်ကြံခြင်းပြီးဆုံးသည်နှင့် မတ်တတ်ရပ်လိုက်ပြီး အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
အံ့ဩစရာကောင်းစွာပင် သူ့ကိုပထမဆုံး နှုတ်ဆက်လာသူမှာ ‘မော့ယွဲ့’ ဖြစ်နေခဲ့သည်။
သူမက လက်ထဲတွင် ရေဇလုံတစ်လုံးကိုင်ထားလျှက် တံခါးအပြင်ဘက်တွင် ရှက်ကိုးရှက်ကန်းအမူအရာလေးဖြင့် မတ်တတ်ရပ်နေခဲ့သည်။
သူမက တိုးလျသည့်လေသံဖြင့်...
“သခင်လေး... မျက်နှာသစ်လိုက်ပါလား”
ထိုအခါမှ သူ့ဘေးနားတွင် အစေခံမလေးတစ်ယောက် ရှိနေကြောင်း ခုန်မင် သတိရသွားမိသည်။
သူ့စိတ်ထဲ ဘာကြောင့်မှန်းမသိ မော့ယွဲ့ကို ရင်းနှီးနေသလိုခံစားရပြီး ထူးထူးခြားခြား နီးကပ်သည့်ခံစားချက်တစ်ခု ရှိနေသည်။
မိန်းကလေးငယ်တစ်ယောက် အနားတွင်ရှိနေခြင်းက သူ့အတွက် အနည်းငယ်ထူးဆန်းစိမ်းသက်နေသလို ခံစားရသော်လည်း ရင်းနှီးနွေးထွေးမှုကတော့ သူ့ကို သက်သောင့်သက်သာဖြစ်စေရုံသာမက ရင်ထဲမှာပင် အေးချမ်းမှုကို ဖုံးလွှမ်းသွားစေသည်။
ခုန်မင်က ကျက်သရေရှိသောလှုပ်ရှားဟန်ဖြင့် ရေဇလုံထဲမှ စိုစွတ်နေသည့်သဘက်ကိုယူလိုက်ပြီး မျက်နှာကိုသုတ်ကာ တည်ငြိမ်သောအပြုံးဖြင့် မော့ယွဲ့ကို ကြည့်လိုက်သည်။
“ကျေးဇူးပါနော် ယွဲ့အာ...”
ပြီးမှ သူက နွေးထွေးသည့်လေသံဖြင့်...
“ဒါနဲ့ ငါတံခါးပိတ်ကျင့်ကြံနေတုန်း မင်း တိမ်လွှာလေပြင်းရုပ်ခန္ဓာကျဉ့်စဉ်ကိုကျင့်ကြံတာ ဘယ်လောက်တိုးတက်မှု ရှိပြီလဲ”
ခုန်မင်၏ အမူအရာများက မော့ယွဲ့ကို အစေခံတစ်ယောက်အဖြစ် သဘောထားခြင်း မရှိပေ။ ထို့ပြင် သူက မိန်းကလေးငယ်၏ နူးညံ့သိမ်မွေ့သော စိတ်ထားကိုပင် နားလည်ထားပြီး ဖြစ်သည်။
ခုန်မင်က တည်ကြည်စွာစကားပြောဆိုမိလျှင် ရှက်တတ်သောစိတ်ထားနှင့် အတွေးများတတ်သည့်သဘာဝရှိသော မော့ယွဲ့လေးက သူမက သခင်လေးအား လုံလောက်အောင် အမှုမထမ်းနိုင်ဟု အထင်လွဲကာ အပြစ်ရှိသလို ခံစားသွားနိုင်သည်။
အတူတကွဖြတ်သန်းသည့် အချိန်ကာလ ကြာမြင့်လာတော့မှသာ သူတို့၏နှောင်ကြိုး ပိုမိုနက်ရှိုင်းလာမည် ဖြစ်သည်။ ထိုအခါမှ မော့ယွဲ့လေးသည်လည်း ပန်းတစ်ပွင့်ပမာ ပွင့်လန်းလာမည်ဖြစ်ပြီး သူမ၏ဝိညာဉ်က ပိုမိုရွှင်လန်းတောက်ပလာကာ သူနှင့်လည်း မိသားစုပမာ ခင်မင်ရင်းနှီးလာမည်ဟု ခုန်မင်က ယုံကြည်ထားသည်။
ယခု သူမ၏ကျင့်ကြံခြင်းအကြောင်း မေးမြန်းခြင်းက အကျည်းတန်သော မေးခွန်းမဟုတ်ပေ။
ဤသည်က စကားစမြည်ပြောရန် တမင်သက်သက် ဖန်တီးလိုက်သည့်မေးခွန်းဖြစ်သည်။ အကြောင်းမှာ ထိုသို့ စကားမဆိုလျှင် အတွေးများတတ်သော မော့ယွဲ့စိတ်ထဲတွင် ခုန်မင်အပေါ် အထင်လွဲသွားနိုင်ခြေ ရှိသောကြောင့်ပင်။
မျှော်လင့်ထားသည့်အတိုင်းပင် တိမ်လွှာလေပြင်းရုပ်ခန္ဓာကျဉ့်စဉ်အကြောင်း ပြောလိုက်သည့်အခါ မော့ယွဲ့၏မျက်ဝန်းတောက်တောက်လေးများတွင် ပျော်ရွှင်သည့်မီးပွားလေးများ ထွက်ပေါ်လာသည်။
သူမ၏မျက်နှာကို အနက်ရောင်ပိုးပုဝါဖြင့်ဖုံးအုပ်ထားသည့်တိုင် သူမ၏နှုတ်ခမ်းများသည်လည်း ပြုံးနေမည်ဟု ခုန်မင် စိတ်ကူးဖြင့် မြင်ယောင်နိုင်၏။
မော့ယွဲ့က စိတ်အားထက်သန်စွာဖြင့်...
“သခင်လေးပေးတဲ့ကျင့်စဉ်က တစ်မိုးအောက်မှာ နှိုင်းယှဉ်စရာမရှိတဲ့ ကျင့်စဉ်ပါပဲ”
သူမက ဆက်ပြောလာသည်။
“ဒီရက်ပိုင်း ယွဲ့အာ သေချာကျင့်ကြံခဲ့ပါတယ် ၊ အခု ပထမအဆင့် အောင်မြင်သွားပါပြီ ၊ ယွဲ့အာရဲ့ဝိညာဉ်က အားပြည့်လန်းဆန်းပြီး စွမ်းအားကလည်း တဟုန်ထိုးစီးဆင်းနေတဲ့မြစ်တစ်စင်းလို တိုးတက်လာပါတယ်”
စကားပြောနေစဉ် မော့ယွဲ့၏မျက်ဝန်းများက စိတ်လှုပ်ရှားဟန်ဖြင့် တောက်ပလင်းလက်နေလေသည်။
ခုန်မင်က သူမလက်ထဲတွင် ကိုင်မြှောက်ထားသည့် ရေဇလုံကို အကဲခတ်ကြည့်ရှုလိုက်သည်။
အရင်ကဆိုလျှင် မော့ယွဲ့က အားနည်းသောခန္ဓာကိုယ် ပိုင်ဆိုင်သည်ဖြစ်ရာ ရေအပြည့်ထည့်ထားသော ရေဇလုံတစ်လုံးကိုပင် ကိုင်မြှောက်ရန် အင်အားမရှိခဲ့ပေ။
သို့သော် ရက်အနည်းငယ်အတွင်း ရွှမ်ကုန်းပြောင်းလဲမှု (၉)ခု ကျင့်စဉ်၏ ပထမအဆင့်ကို အောင်မြင်ပြီးသည့်နောက် မော့ယွဲ့၏ခန္ဓာကိုယ်က ပိုမိုသန့်စင်ပြီး ခိုင်ခံ့လာခဲ့သည်။
ယခု ရေဇလုံတစ်လုံးကို ကိုင်ထားရခြင်းက သူမအတွက် ပင်ပန်းနွမ်းနယ်ခြင်း လုံးဝ မရှိတော့ပေ။
တိမ်လွှာလေပြင်းရုပ်ခန္ဓာကျဉ့်စဉ်ကို ကျင့်ကြံရာတွင် မော့ယွဲ့က ထူးချွန်မှုရှိကြောင်းကို ခုန်မင် ရိပ်မိခဲ့ပြီးသားပင်။ သို့သော် (၁၀) ရက်မပြည့်ခင် ပထမအဆင့်ကို အောင်မြင်သွားခြင်းက သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။
ဤမိန်းကလေးငယ်လေး၏ ဉာဏ်ရည်နှင့် အလားအလာက အလွန်ပင် ထက်မြက်လှသည်။
ခုန်မင်က နူးညံ့စွာပြုံးလိုက်ပြီး မော့ယွဲ့ခေါင်းလေးကို အသာအယာလှမ်းပုတ်လိုက်သည်။
“ယွဲ့အာ... မင်းရဲ့ ကျင့်ကြံခြင်းအရှိန်အဟုန်က အတော်လေးထူးခြားတာပဲ ၊ တကယ့်ကို ချီကျူးထိုက်ပါတယ်”
သူက နွေးထွေးနူးညံ့သောအသံဖြင့်...
“ဒီတော့... မင်းကို ဆုချတဲ့အနေနဲ့ မြို့ထဲလိုက်ပို့ပေးမယ် ၊ မြို့ထဲမှာ ဘယ်လောက်ပျော်စရာကောင်းလဲဆိုတာ လိုက်ပြမယ် ၊ မင်းသိလား... ခွန်းကာမြို့က တောရိုင်းဒေသနဲ့ လုံးဝ မတူဘူး...”
ထိုစကားကြားတော့ မော့ယွဲ့ ၏ တောက်ပသောမျက်ဝန်းလေးများ ပြူးကျယ်ဝိုင်းစက်သွားပြီး အံ့အားသင့်သွားဟန်ဖြင့်...
“မြို့ထဲသွားမယ် ဟုတ်လား ၊ ဒီနေ့ သွားမှာလား”
ခုန်မင်က ခေါင်းညိတ်လျှက် ပြုံးပြလိုက်သည်။ သူ၏အပြုံးက အရုဏ်ဦး၏ ပထမဆုံးအလင်းရောင်ပမာ နွေးထွေးနူးညံ့လွန်းသည်။
မော့ယွဲ့မှာတော့ ယုံကြည်ရန်ခက်ခဲနေပြီး စကားများပင် ထစ်ငေါ့နေတော့သည်။
“သခင်လေး... ဒီနေ့ တံခါးပိတ်ကျင့်ကြံရာကထွက်လာတာ... နှစ်စဉ်လေလံပွဲကို တက်ရောက်ဖို့မဟုတ်ဘူးလား ၊ ယွဲ့အာနဲ့ မြို့ထဲသွားဖို့ ဘယ်လိုလုပ်အချိန်ရှိမှာလဲ”
ခုန်မင်က ရယ်မောလိုက်ရင်း...
“မြို့ထဲလျှောက်လည်ရင်းနဲ့ မင်းကိုပါ လေလံပွဲကိုခေါ်သွားမယ်လေ”
မော့ယွဲ့ ခေါင်းကို အပြင်းအထန်ခါယမ်းလိုက်ရာ သူမမျက်နှာကို ဖုံးလွှမ်းထားသော အနက်ရောင်ပိုးပုဝါသည်ပင် လေထဲတွင် အရိပ်တစ်ခုပမာ လှုပ်ယမ်းသွားရသည်။
“သခင်လေး၊ နှစ်စဉ်လေလံပွဲက ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတစ်ခုပါ ၊ မြို့ထဲက အင်အားကြီးအုပ်စုတွေ ၊ လူပုဂ္ဂိုလ်တွေ စုဝေးကြမှာပါ ၊ တကယ်ဆို... ခုန်အိမ်တော်က အိမ်တော်ထိန်းတွေ စီမံအုပ်ချုပ်သူတွေတောင် တက်ရောက်ခွင့်မရှိဘူး မဟုတ်လား ၊ သခင်လေး ယွဲ့အာကို ခေါ်သွားမယ်ဆိုတာ လုံးဝ မသင့်တော်တဲ့ကိစ္စပါ”
ယခုရက်ပိုင်းအတွင်း နှစ်စဉ်လေလံပွဲသတင်းက အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာခဲ့သည်။ ခွန်းကာမြို့ရှိလူတိုင်းက ဤအကြောင်းကို ပြောဆိုနေကြလေရာ မော့ယွဲ့သည်လည်း အတော်လေး ကြားဖူးနားဝ ရှိထားသည်။
ခုန်အိမ်တော်မှာပင် ခုန်အိမ်တော်သခင်နှင့် သခင်လေးများ ၊ လေးစားထိုက်သောအကြီးအကဲများသာ ဤကဲ့သို့ ဂုဏ်သိက္ခာရှိသော အခမ်းအနားသို့ တက်ရောက်ရန် ထိုက်တန်သူများအဖြစ် သတ်မှတ်ခံထားရသည်။
အခြားသူများကတော့ လေလံပွဲခန်းမဆိုသည်က တားမြစ်နယ်မြေဖြစ်ပြီး ခြေချခွင့်ပင်ရမည် မဟုတ်ပေ။
သို့ဖြစ်ရာ သခင်လေးက သူမကို လေလံပွဲသို့ ခေါ်ဆောင်သွားမည်ဆိုသောအခါ မော့ယွဲ့၏နှလုံးသားက မယုံကြည်နိုင်မှုများစွာဖြင့် လှုပ်ခတ်သွားသည်။
သူမကဲ့သို့ နိမ့်ကျသည့်အစေခံမိန်းကလေးက စွမ်းအားကြီးမားသော ပုဂ္ဂိုလ်များ သီးသန့်တက်ရောက်မည့် ပွဲလမ်းတစ်ခုသို့ မည်သို့ခြေချနိုင်ပါမည်နည်း။
ထို့ကြောင့်ပင် သူမရင်ထဲ ထိတ်လန့်သွားပြီး ခေါင်းခါယမ်းလျှက် ငြင်းဆိုလိုက်ခြင်းသာင်။
သို့သော် ခုန်မင်က သူမ၏ပခုံးလေးများအား လက်နှစ်ဖက်ဖြင့် ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး...
“ယွဲ့အာ...”
သူက မော့ယွဲ့၏ ဝိညာဉ်စွမ်းအားဖြင့်ပြည့်ဝနေသော မျက်ဝန်းတောက်တောက်လေးများဖြင့် အကြည့်ချင်းဆုံးလိုက်ရင်း မယိမ်းယိုင်သော ဆုံးဖြတ်ချက်ဖြင့် စကားဆိုလိုက်သည်။
“ငါနဲ့အတူသွားတာက ဘာမှမသင့်တော်စရာ မရှိပါဘူး ၊ မင်းက ငါ့ရဲ့အိမ်သားလိုပါပဲ ၊ ငါသွားတဲ့နေရာ မင်းလိုက်လို့ရတယ် ၊ ပြီးတော့ နှစ်စဉ်လေလံပွဲဆိုတာက ရိုးရှင်းတဲ့လေလံပွဲတစ်ခုပဲလေ ၊ ဘာမှ ကြီးကျယ်တဲ့အခမ်းအနားမျိုး မဟုတ်ဘူး ၊ နောက်ဆို ငါက ထျန်းယွမ်ကုန်းမြေရဲ့ စီရင်စုကိုးခု ဒါမှမဟုတ် အရှေ့တောင်ပိုင်းက ပင်လယ်နှစ်ခုကို ဖြတ်သန်းပြီး ခရီးနှင်မယ်ဆိုရင်တောင် မင်း ငါနဲ့လိုက်ခဲ့လို့ရတယ် ၊ မိုးနဲ့မြေရဲ့ အဆုံးမရှိတဲ့နယ်မြေတွေထဲမှာ ငါတို့မသွားနိုင်တဲ့နေရာဆိုတာ မရှိဘူး”
ထိုစကားများကိုကြားတော့ ငယ်ရွယ်သော မော့ယွဲ့လေး၏ရင်ထဲ စိတ်လှုပ်ရှားမှုလှိုင်းလုံးများ ဖြစ်ပေါ်လာသည်။
သူမက အတွေ့အကြုံနည်းပြီး အသက်ငယ်လွန်းသဖြင့် ခုန်မင်၏စကားကို အပြည့်အဝ နားမလည်နိုင်သော်လည်း တစ်ခုတည်းသောအမှန်တရားကိုတော့ နားလည်လိုက်သည်။
နောက်အနာဂတ်တွင် သူမ၏သခင်လေး မည်သည့်နေရာသို့သွားသည်ဖြစ်စေ သူမက သခင်လေးအပါး အမြဲတမ်း လိုက်ပါနိုင်သည်ဟူ၍...။
နတ်သားရဲမျိုးနွယ်တွင်မွေးဖွားလာသူ မော့ယွဲ့က သာမန် မိန်းကလေးမဟုတ်ပေ။ သူတို့မျိုးနွယ်စု၏ တော်ဝင်သွေးကို ဆက်ခံထားသူ ဖြစ်သည်။
သို့သော် သူမ၏မျိုးနွယ်စု ကြုံတွေ့ခဲ့ရသည့်ဒုက္ခများကြောင့် သူမ ကြီးပြင်းလာရသည်က သာမန်လူများထက်ပင် နိမ့်ကျခဲ့ပေသည်။
နတ်သားရဲမျိုးနွယ်များ ချီတိမျိုးနွယ်စုလက်ချက်ဖြင့် ပျက်စီးသွားပြီးနောက် အစ်ကိုဖြစ်သူ မော့ဖေးက အသက်စွန့်ကာကွယ်ပေးသောကြောင့်သာ သူမ အသက်ရှင်နိုင်ခဲ့ခြင်း ဖြစ်သည်။
မဟုတ်ပါက သူမအနေဖြင့် ယနေ့ထိ အသက်ရှင်သန်နိုင်မည် မဟုတ်ပေ။
ထို့နောက် သခင်လေး ရောက်ရှိလာပြီး သူမ၏ကံကြမ္မာ လုံးဝပြောင်းလဲသွားခဲ့သည်။
သခင်လေးက နတ်သားရဲမျိုးနွယ်များအား သူတို့၏ကံကြမ္မာကို ပြန်လည်ဖန်တီးရန် တောက်ပသော မျှော်လင့်ချက်တစ်ခုကို ပေးအပ်ရုံသာမက အဆုံးမရှိသော ရက်ရောမှုတို့ဖြင့် တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်ကိုပါ ပေးအပ်ခဲ့သည်။
ယခု မော့ယွဲ့က ထိုကျင့်စဉ် ပထမအဆင့်ကို အောင်မြင်ထားပြီဖြစ်ရာ ဤပညာ၏ အဆုံးမရှိအံ့သြဖွယ်ရာများကို ကောင်းစွာနားလည်နေပေပြီ။
သေမျိုးလူသားများအတွက် ဤသို့သော နတ်ဘုရားဆန်သည့်ကျဉ့်စဉ်မှာ အတိုင်းအဆမရှိသော ရတနာတစ်ခုဖြစ်ပြီး အပြင်လူများနှင့် မျှဝေရန်မဖြစ်နိုင်သော သန့်ရှင်းသည့် အမွေအနှစ်တစ်ခုဖြစ်သည်။
သို့သော် သခင်လေးကတော့ တစ်ခဏပင် တုံ့ဆိုင်းခြင်းမရှိဘဲ သူတို့အား သင်ကြားပေးခဲ့သည်။
ဤလုပ်ရပ်မှတစ်ဆင့် မော့ယွဲ့ အမှန်တရားကို တွေ့မြင်ခဲ့ပါသည်။
သခင်လေးက သူတို့ကို သာမန်အစေခံများအဖြစ် သဘောမထားဘဲ ဆွေမျိုးသားချင်းပမာ ယုံကြည်မှုထားရှိသည်ဆိုသောအချက်ပင် ဖြစ်သည်။
ယခုလည်း သခင်လေးက ကံတရားလေပြေက မည်သည့်နေရာသို့ ဦးတည်ပါစေ သူမကိုခေါ်ဆောင်သွားမည်ဟု ကတိပြုလိုက်ပြန်သည်။
မော့ယွဲ့အနေဖြင့် ထိုသို့သောနှောင်ကြိုးမှ ရုန်းထွက်နိုင်ပါမည်လား။
ဤဘဝတွင်သာမက—ထာဝရအချိန်တစ်လျှောက်—သူမသည် သခင်လေး၏ သစ္စာရှိ အရိပ်တစ်ခုအဖြစ် ရှိနေမည်ဖြစ်ပြီး သူမ၏နှလုံးသားသည်လည်း သခင်လေးတစ်ယောက်တည်းအတွက်သာဖြစ်ရမည်ဟု သစ္စာပြုလိုက်မိသည်။
မော့ယွဲ့က အလွန်ငယ်ရွယ်သေးသော်လည်း သူမစိတ်ထဲမှ မယိမ်းယိုင်သောသစ္စာတရားက ထာဝရဖြစ်ပြီး သန့်စင်လေသည်။