ဆိုင်ခန်းများဆီလျှောက်လည်
Vol. 4 Ch. 49
ငယ်ရွယ်သော မော့ယွဲ့လေး၏စိတ်ထဲ မည်သို့သောအတွေးများ လှိုင်းထန်နေသည်ကိုတော့ ခုန်မင် သိရှိနိုင်ခြင်း မရှိခဲ့ပေ။
အမှန်တော့ ခုန်မင် သူမကို လေလံပွဲခေါ်ဆောင်သွားရန် ဆုံးဖြတ်ခြင်းမှာ သူမ၏အလားအလာကို ပြုစုပျိုးထောင်ပေးလိုသောကြောင့်သာ ဖြစ်သည်။
မော့ယွဲ့က အလွန်တရာ ဉာဏ်ရည်ထက်မြက်သည်။
သို့သော် သူမ ကြီးပြင်းလာရသည့် ပတ်ဝန်းကျင်အခြေအနေကြောင့် အမြင်ကျယ်ပြန့်ခြင်း သိပ်မရှိဘဲ သူမ၏စွမ်းရည်များ အပြည့်အဝထုတ်လွှတ်ရန် ဟန့်တားခံထားရသည်။
သူမကို သူ့အနားတွင်ထားရှိပြီး အမြင်ကျယ်ပြန့်စေခြင်းဖြင့် သူမ၏မွေးရာပါအရည်အချင်း ပိုမိုထွက်ပေါ်လာမည်ဟု ခုန်မင်က ယုံကြည်သည်။
သူမသည် ပိုမိုတောက်ပပြီး ပိုမိုထက်မြက်သော မိန်းကလေးတစ်ယောက်အဖြစ် ပြောင်းလဲလာပေလိမ့်မည်။
ခုန်မင်သာ သူမကို မှန်ကန်သောလမ်းညွှန်မှုနှင့် အခွင့်အရေးများပေးနိုင်လျှင် မော့ယွဲ့သည် တိုင်းပြည်တစ်ခွင်သို့ပင် ဆွဲဆောင်နိုင်လောက်အောင် တောက်ပသည့်ပန်းတစ်ပွင့်အဖြစ် သေချာပေါက် ပြောင်းလဲလာမည်မှာ သေချာသည်။
တကယ်တော့ သူမ၏ဉာဏ်ရည်ဉာဏ်သွေးနှင့် စွမ်းရည်က ယွဲ့ယင်းထက် မနိမ့်ကျပေ။
ထို့ကြောင့်ပင် ခုန်မင်က သူမကို ကြီးကျယ်ခမ်းနားသောဘဝတစ်ခုရရှိသည်အထိ ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
အမှန်တော့ ယနေ့က ခွန်းကာမြို့တွင်နေထိုင်သူတိုင်းကို လှုပ်ခတ်စေသည့် ကြီးကျယ်သော လေလံပွဲကျင်းပမည့်နေ့ရက် ဖြစ်၏။
ခုန်သခင်ကြီး၏ စေ့စပ်သေချာသော အစီအစဉ်များဖြင့် သူနှင့် သူ၏သားနှစ်ယောက်ဖြစ်သော ခုန်ကျောင်းနှင့် ခုန်မင် ၊ ဧည့်သည်အကြီးအကဲ’ချင်တယ်’ တို့က မြို့တွင်းရှိ ဂုဏ်သရေရှိပုဂ္ဂိုလ်များအတွက် သီးသန့်ကျင်းပသော လေလံပွဲသို့ အတူတကွ သွားရောက်ကြမည် ဖြစ်သည်။
သို့သော် ခုန်မင်က ပါးလွှာသောဉာဏ်ရည်ဖြင် မထင်မှတ်သည့် စကားတစ်ခွန်း ဆိုလာသည်။
“ကျွန်တော် လေလံပွဲအပြင်ဘက်နယ်မြေတွေကို လျှောက်ကြည့်ချင်သေးတယ် ၊ လေလံပွဲစတဲ့အချိန်ကျမှ အချိန်မီရောက်အောင် လာခဲ့မယ်”
နှစ်စဉ်လေလံပွဲက ခွန်းကာမြို့၏ အခမ်းအနားများထဲတွင် အကြီးကျယ်အခမ်းနားဆုံးပွဲလမ်းတစ်ခု ဖြစ်သည်။ သေမျိုးလူသားလောကတွင် မိုးကြိုးသံပမာ နာမည်ကျော်ကြားသူများသာ လေလံပွဲခန်းမအတွင်းသို့ ဂုဏ်သိက္ခာအပြည့်ဖြင့် ဝင်ရောက်ခွင့် ရကြသည်။
သို့သော် လေလံပွဲခန်းမအတွင်း ဝင်ရောက်ခွင့်မရသူများသည်လည်း လေလံပွဲအပြင်ဘက်တွင် ရိုးရှင်းသောဆိုင်ခန်းများဖွင့်လှစ်ပြီး စီးပွားရေးလုပ်ဆောင်နိုင်သည်။
ဤသို့လုပ်ဆောင်နိုင်လျှင်ပင် အတော်လေး ဂုဏ်ယူစရာ ဖြစ်နေပေပြီ။
ယနေ့မှာတော့ လေလံပွဲခန်းမ ပတ်ပတ်လည်ဧရိယာတွင် လူပင်လယ်ပြင်ကြီးပမာ စည်ကားသိုက်မြိုက်နေပြီး ကျင့်ကြံသူများ၊ ကုန်သည်များနှင့် စိတ်ကူးရှိသဖြင့်ရောက်လာသူများ အစုံအလင် ရှိနေကြသည်။
လေလံပွဲခန်းမအတွင်း ဝင်ရောက်ခွင့်မရသူများသည် အပြင်ဘက်ဆိုင်ခန်းများတွင် လှည့်လည်ကျက်စားရင်း ပေါချောင်ကောင်းပစ္စည်းတစ်ခုခုရရှိနိုင်မည်လား သို့မဟုတ် ကံကြမ္မာပြောင်းလဲစေနိုင်မည့် အခွင့်အလမ်းတစ်ခုခု ဆုပ်ကိုင်နိုင်မည်လား မျှော်လင့်ချက်ဖြင့် လှည့်လည်သွားလာနေကြသည်။
လေလံပွဲအပြင်ဘက် ဆိုင်ခန်းများတွင် ခင်းကျင်းရောင်းချခွင့်ရရှိသော စျေးသည်များအနေဖြင့် သာမန်ဆိုင်တစ်ဆိုင် (၆)လစာ ရောင်းချငွေထက်ကျော်လွန်သည့် ငွေကြေးပမာဏကို တစ်ရက်တည်းဖြင့် ရရှိမည် ဖြစ်သည်။
လေလံပွဲအပြင်ဘက်မှ ဆိုင်ခန်းများကိုလည်း အထင်သေး၍ မရပေ။
အကြောင်းမှာ ထိုဆိုင်ခန်းများထဲမှ ပစ္စည်းများထဲတွင် အခန့်မသင့်လျှင် ဒဏ္ဍာရီဆန်သည့် ရှေးဟောင်းရတနာပစ္စည်းများ ပါလာတတ်ပေသည်။
အချို့ကံကောင်းသူများဆိုလျှင် ဤဆိုင်ခန်းများမှပင် အံ့သြဖွယ်ရာ ကံကြမ္မာကိုတွေ့ရှိသွားကြသည့် ဇာတ်လမ်းများစွာပင် ရှိခဲ့သည်။
ဤဆိုင်ခန်းများမှ ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက် အမှတ်မထင်ရရှိသွားပြီး နေ့ချင်းညချင်း သူဌေးဖြစ်သွားသူများပင်ရှိသည်ဟု ဆိုကြသည်။
ဤသို့သောဇာတ်လမ်းများကြောင့်ပင် ကံကြမ္မာကိုဆန့်ကျင်ရန် အိပ်မက်မက်သူများအားလုံး လေလံပွဲနယ်မြေ လမ်းမများထက် ဥဒဟိုသွားလာနေကြခြင်းပင်။
ထို့ကြောင့်ပင် အချို့ဆိုင်ခန်းများကတော့ ဘာမဟုတ်သည့်ပစ္စည်းများကို အဖိုးတန်ပစ္စည်းများပမာ လိမ်လည်ရောင်းချရန် စီစဉ်ကြလေ့ရှိပြီး ဝယ်ယူသူများကတော့ အဖိုးတန်ရတနာများကို စျေးသက်သက်သာသာဖြင့် ဝယ်ယူချင်ကြသည်။
ထိုသို့ဖြင့် လေလံပွဲခန်းမအပြင်ဘက်ဧရိယာသည်လည်း နှစ်စဉ်နှစ်တိုင်း အလွန်တရာစည်ကားသိုက်မြိုက်သည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။
ခုန်မင်၏ အဆင့်အတန်းဖြင့် ဆိုလျှင် ဤသို့သောဆိုင်ခန်းများတွင် လှည့်လည်သွားလာရန် မလိုအပ်ပေ။
အကြောင်းမှာ အမှန်တကယ် တန်ဖိုးရှိသောရတနာပစ္စည်းများက များသောအားဖြင့် လေလံပွဲခန်းမထဲတွင်သာ ပေါ်ထွက်လေ့ရှိသောကြောင့်ပင်။
သို့သော် ဤဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုခြင်းသည် ကမ္ဘာလောက၏ မျိုးစုံသောရှုထောင့်များကို တစေ့တစောင်း မြင်တွေ့ရန် အခွင့်အရေးတစ်ခုပေးစွမ်းသည်ဖြစ်ရာ မော့ယွဲ့ကို အမြင်ကျယ်ပြန့်လာစေမည့် အခွင့်အလမ်းတစ်ခုလည်း ဖြစ်၏။
ထို့ပြင် ဤဆိုင်ခန်းများတွင် စစ်မှ်သော ရတနာပစ္စည်းများ ရှာဖွေတွေ့ရှိရန် အခွင့်အလမ်းတစ်ခုလည်း အမှန်ပင်ရှိနေသည်။
သို့သော် ဤသည်က ရှားပါးဖြစ်ရပ်သာပင်။
ဖြစ်နိုင်ခြေနည်းပါးလွန်းလေရာ မိုးကောင်းကင်ကိုဆန့်ကျင်နိုင်သည့် ကံကောင်းမှုမျိုး လိုအပ်ပေသည်။
သို့ရာတွင် ခုန်မင်ကလည်း ပေါချောင်ကောင်းရတနာပစ္စည်းများ ရရှိနိုင်မည်ဟု စိတ်ကူးထားသည်။ သို့ပေသိ သူက မိုးကောင်းကင်ကိုဆန့်ကျင်နိုင်သော ကံကြမ္မာအပေါ်တွင် အားကိုးခြင်း မဟုတ်ပေ။
ထိုအစား သူက မိုးကောင်းကင်ကိုဆန့်ကျင်နိုင်သော စွမ်းရည်တစ်ခုကို ယုံကြည်ထားသည်။
“နတ်မျက်စိဖြင့်သုံးသပ်ခြင်း” စွမ်းရည် ဖြစ်ပေ၏။
နတ်မျက်စိတန်ခိုးစွမ်းအားဖြင့်ဆိုလျှင် ခုန်မင်က မည်သည့်ရတနာပစ္စည်းကိုမဆို အလွယ်တကူ ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသည်။
စကြာဝဠာတစ်ခုလုံး၏ လျှို့ဝှက်ချက်များသည်ပင် သူ့ရှေ့တွင် ဦးညွှတ်ကြရမည် ဖြစ်သည်။
ဤနတ်ဘုရားဆန်သော တန်ခိုးစွမ်းအား ပထမဆုံးအကြိမ်နိုးကြားလာစဉ်က ခုန်မင်သည် လျှို့ဝှက်ဆန်းကျယ်မှုကြောင့် အံ့အားသင့်ခဲ့ရပြီး ထိုစွမ်းအား၏လည်ပတ်ပုံကို သေချာနားမလည်ခဲ့ပေ။
သို့သော် သူက အခြားသူများမသိအောင် လျှို့ဝှက်စမ်းသပ်မှုများပြုလုပ်ခဲ့ပြီး ဤနတ်မျက်စိစွမ်းအားကို အသုံးပြုရန် နက်နဲသော နည်းလမ်းများအား တဖြည်းဖြည်း ဖော်ထုတ်နိုင်ခဲ့သည်။
စမ်းသပ်မှုတစ်ခုစီတိုင်းက သူ၏ကျွမ်းကျင်မှုကို ပိုမိုတိုးတက်လာစေပြီး လမရှိသောညကောင်းကင်တွင် ကြယ်စင်များစွာ ထင်ရှားလာသည့်ပမာ လျှို့ဝှက်ချက်များစွာက သူ့ရှေ့တွင် ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ပေ။
ဤထူးခြားသောစွမ်းအားမှာလူသားတို့နားလည်မှုထက်ကျော်လွန်သော ကြယ်စင်စွမ်းအားမှ နှိုးဆွထွက်ပေါ်ခံရသည်မှာ သံသယဖြစ်စရာ မရှိပေ။
ခုန်မင်အနေဖြင့် ကြယ်စင်စွမ်းအားကို သူ၏ဆန္ဒအလျောက် ထိန်းချုပ်နိုင်ခြင်း မရှိသော်လည်း နတ်မျက်စိစွမ်းအားကတော့ သူအာရုံစူးစိုက်လိုက်သည်နှင့် တုန့်ပြန်လာပြီး နတ်ဘုရားဆန်သော မီးလျှံပမာ လျှင်မြန်စွာ တောက်လောင်လာသည်ပင်။
ထို့ပြင် “နတ်မျက်စိဖြင့်သိမြင်ခြင်း” စွမ်းအားကို အသက်သွင်းလိုက်သည်နှင့် သူ၏နဖူးထက်တွင် တောက်ပသော ခရမ်းရောင်အလင်းတန်း ထွက်ပေါ်လာပြီး သူ၏မျက်ဝန်းများမှ ခရမ်းရောင်အလင်းတန်းများလည်း စီးဆင်းထွက်ပေါ်လာလေ့ ရှိသည်။
ဤသည်က မိုးမြေကိုပင် အံ့အားသင့်စေလောက်သည့် မြင်ကွင်းဖြစ်သော်လည်း အခြားသူများ တွေ့မြင်ရခြင်း မရှိပေ။ ဤသည်ကိုလည်း ခုန်မင် ဂရုတစိုက်စမ်းသပ်မှုများမှတစ်ဆင့် အတည်ပြုခဲ့ပြီး ဖြစ်သည်။
တစ်ခါတုန်းက ခုန်သခင်ကြီးရှေ့မှာပင် သူက နတ်မျက်စိဖြင့်သုံးသပ်ခြင်းစွမ်းအားကို အသုံးပြုပြီး ခုန်အိမ်တော်၏ ဘိုးဘွားအမွေအနှစ်အဖြစ် အလွန်တရာ တန်ဖိုးထားသော ဒြပ်စင်စွမ်းအားဝိညာဉ်ပစ္စည်း “ရောင်ခြယ်သစ်သားတောင်ဝှေး” ကို အကဲဖြတ်ကြည့်ခဲ့ဖူးသည်။
ထိုစဉ်က ခုန်မင်ထံမှာ ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သော်လည်း ခုန်သခင်ကြီးက သူ့ရှေ့တွင်ဖြစ်ပေါ်နေသည့် ထူးခြားဖြစ်စဉ်ကို လုံးဝ သတိထားမိခြင်း မရှိပေ။
ထို့ကြောင့် ခုန်မင်က ဤနတ်မျက်စွမ်းအားကို လူအများရှေ့တွင် ယုံကြည်မှုအပြည့်ဖြင့် အသုံးပြုနိုင်ခဲ့သည်။
ယခုလည်း မော့ယွဲ့နှင့်အတူ လေလံပွဲပြင်ပ ဆိုင်ခန်းများကို လျှောက်ကြည့်ရင်း ထူးခြားသည့်ရတနာများကို ပေါ့ပေါ့ပါးပါး ရှာဖွေနိုင်ပေသည်။
ခုန်ကျွင်းက ခုန်မင်ကို အလွန်ပင်ချစ်မြတ်နိုးပြီး အလိုလိုက်သည်ဖြစ်ရာ ယခု သားဖြစ်သူက ဆိုင်ခန်းများဘက် လည်ပတ်ရန်တောင်းဆိုခြင်းအား ငြင်းပယ်ခြင်း မရှိခဲ့ပေ။
သူက တောင်းဆိုမှုကို သဘောတူခဲ့သော်လည်း လေလံပွဲပြင်ပတွင် လူပေါင်းစုံ ရှုပ်ထွေးလှသဖြင့် အထူးသတိထားရန် မှာကြားလိုက်သည်။ ထို့ပြင် ဒုတိယသခင်လေး အန္တရယ်မရှိစေရန် အကြီးအကဲ’ချင်တယ်’ ကိုလည်း လိုက်ပါစောင့်ရှောက်ရန် စီစဉ်ပေးခဲ့သည်။
ခုန်မင်ကလည်း ထိုအစီအစဉ်ကို ကန့်ကွက်ခြင်း မရှိခဲ့ပေ။
ချင်တယ်က နှောင်းပိုင်း ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် ဖြစ်လေရာ ၊ ထိုအကြီးအကဲ သူ့အနားတွင်ရှိနေပါက ခုန်မင်အနေဖြင့် ခွန်းကာမြို့တစ်ခွင် ဘေးကင်းကင်းဖြင့် သွားချင်ရာသို့ သွားလာနိုင်ပေမည်။
ချင်တယ်က ခုန်အိမ်တော်တွင် (၁၀)စုနှစ်တစ်ခုကြာ အကြီးအကဲအဖြစ် မှုထမ်းခဲ့သူဖြစ်ပြီး သူက ခုန်အိမ်တော်ကို သူ၏မိသားစုအဖြစ် သတ်မှတ်ထားသူ ဖြစ်သည်။
ထို့ပြင် သူက ပါရမီရှင်တစ်ယောက်ဖြစ်သော ခုန်အိမ်တော်၏ ဒုတိယသခင်လေး’ခုန်မင်’ အပေါ် အလွန်တရာ လေးစားသူလည်းဖြစ်၏။
ထိုသို့ဖြစ် ချင်တယ်နှင့် ခုန်မင်တို့မှာ စကားတပြောပြောဖြင့် ဆိုင်ခန်းများတစ်လျှောက် အတူလည်ပတ်ရင်း အဆင်ပြေချောမွေ့လျှက် ရှိတော့သည်။
အကြီးအကဲ’ချင်တယ်’ က မီးဒြပ်စင်စွမ်းအားတွင် ပြိုင်ဘက်ကင်း ဆရာသခင်တစ်ဘောက် ဖြစ်သည်။ သူ၏ဉာဏ်ပညာသည်လည်း သူ၏ ကျင့်ကြံခြင်းကဲ့သို့ပင် တောက်လောင်နေသည့် မီးလျှံပမာ ဖြစ်၏။
ခုန်မင်ကလည်း မီးဒြပ်စင်စွမ်းအားနှင့်ပတ်သက်ပြီး မေးမြန်းစရာများရှိနေပြီး အဘိုးအိုထံမှ အကြံဉာဏ်တောင်းခံလေရာ လူငယ်ပါရမီရှင်နှင့် ကျွမ်းကျင်ပညာရှင်တို့(၂)ယောက်မှာ ယင်နှင့်ယန်ကဲ့သို့ သဟဇာတဖြစ်စွာ စကားလက်ဆုံကျနေတော့သည်။
မော့ယွဲ့က ခုန်မင်နောက်မှ လိုက်ပါလာသည်။
ခုန်မင်က အကြီးအကဲ’ချင်တယ်’ နှင့် စိတ်ပါလက်ပါ စကားပြောနေသော်လည်း မိန်းကလေးငယ်က သူမကို လျစ်လျူရှုထားသည်ဟု မခံစားခဲ့ရပေ။
လေလံပွဲပြင်ပရှိ ဆိုင်ခန်းများက အလွန်ပင်လူစည်ကားပြီး ရှုပ်ထွေးလျှက်ရှိလေရာ မော့ယွဲ့အတွက်တော့ လူအများဖြင့် ယက်လုပ်ထားသည့် ပန်းချီကားတစ်ချပ်ပမာ ဖြစ်နေသည်။
သူမက ရိုးသားဖြူစင်သောမျက်ဝန်းလေးများဖြင့် သူမရှေ့တွင်ပေါ်လာသည့် မြင်ကွင်းတိုင်းကို စိတ်ဝင်တစား ငေးမောကြည့်ရှုနေတော့သည်။
ဤသည်က သူမကို အတော်လေး အမြင်ကျယ်စေလေသည်။
နှစ်စဉ်လေလံပွဲကျင်းပရန် အချိန် (၁)နာရီပင် မလိုတော့ပေ။
သို့ဖြစ်ရာ လေလံပွဲခန်းမအပြင်ဘက်တွင် လူများ လှိုင်းလုံးများသဖွယ် အလွန်များပြားစည်ကားလာသည်။ ကျင့်ကြံသူများ ၊ ကုန်သည်များ ၊ လည်ပတ်ကြည့်ရှုသူများဖြင့် အလွန်ပင် ရှုပ်ထွေးလို့နေသည်။
ခွန်းကာမြို့ ၊ ကုန်သွယ်ရေးအသင်းချုပ် အဖွဲ့ဝင်များသည်ပင် လေလံပွဲပြင်ပ ဆိုင်ခန်းများတွင် ကင်းလှည့်လျှက် စည်းကမ်းတကျရှိစေရန် စစ်ဆေးကြပ်မတ်လျှက် ထိန်းသိမ်းပေးနေရသည်။
ကုန်သွယ်ရေးအသင်းချုပ်က စျေးဆိုင်ခန်းများကို အသေးစိတ် ဂရုတစိုက်စီစဉ်ပေးထားပြီး ဆိုင်ခန်းငှားခ အနည်းအကျဉ်းဖြင့်ပင် ဤနေရာတွင် စျေးရောင်းခွင့်ကို ပေးအပ်ထားသည်။
စျေးဆိုင်များက ကောင်းကင်ယံရှိ ကြယ်စင်များပမာ များပြားလှပြီး ကုန်ပစ္စည်းများမှာလည်း နယ်ပယ်အသီးသီးမှ ရရှိလာသော လက်ဝတ်ရတနာများ ၊ ရှေးဟောင်းပစ္စည်းများနှင့် ထူးဆန်းသောအရာဝတ္ထုများ ဖြစ်ကြသည်။
ခုန်မင်က ထိုရတနာပစ္စည်းများအားလုံးကို နတ်မျက်စိဖြင့်သုံးသပ်ခြင်းစွမ်းအား အသုံးပြုကြည့်ရှုနေပြီး သူ့ကိုဖမ်းစားနိုင်သည့်ရတနာပစ္စည်းဆို၍ အနည်းငယ်သာလျှင် ရှိသည်။
သို့သော် မော့ယွဲ့ကတော့ ထိုသို့မဟုတ်ပေ။
သူမ၏မျက်ဝန်းများက သိချင်စိတ်ဖြင့် တောက်ပလျှက်ရှိပြီး ဆိုင်ခန်းတစ်ခုမှတစ်ခုသို့ စိတ်ဝင်တစားဖြင့် ရွေ့လျားကြည့်ရှုလျှက် ရှိသည်။
လက်ရာမြောက်သည့် အလှဆင်ပစ္စည်းလေးများဖြင့်ပြည့်နေသော ရိုးရှင်းသည့်ဆိုင်ခန်လေးတစ်ခုကို မော့ယွဲ့က မျက်ဝန်းတောက်တောက်လေးများဖြင့် မဝံ့မရဲ စိတ်ဝင်စားစွာကြည့်နေသည်။ ဤအလှဆင်ပစ္စည်းလေးများက သူမစိတ်ကို ဖမ်းစားထားသည်ပင်။
ခုန်မင်က ချင်တယ်နှင့်စကားပြောနေသည့်တိုင် မော့ယွဲ့ကို သတိလက်လွတ် ပစ်ထားခြင်း မရှိပေ။ သူ၏စိတ်ဝိညာဉ်က သူမ၏အသက်ရှူသံတိုင်းကိုပင် အလေးအနက် သတိထားလျှက် ရှိသည်။
ယခု မော့ယွဲ့၏အမူအရာကိုတွေ့မြင်သည်နှင့် ခုန်မင်က ခြေလှမ်းများရပ်တန့်လိုက်သည်။
သူက နွေဦးလေပြေပမာ နွေးထွေးစွာဖြင့် သူမအားပြုံးပြလိုက်ပြီး...
“ယွဲ့အာ... မင်း စိတ်ဝင်စားတာရှိရင် သွားကြည့်လေ ၊ ဘာမှ တွန့်ဆုတ်နေစရာမလိုဘူး”
မော့ယွဲ့ ခဏမျှ တွန့်ဆုတ်နေပြီးမှ ရှက်ကိုးရှက်ကန်းအမူအရာလေးဖြင့် ဆိုင်ခန်းဆီသို့ ချဉ်းကပ်သွားသည်။
ခုန်မင်ကလည်း သူမဘေးနားမှ လိုက်ပါလာသည်ပင်။
အကြီးအကဲ’ချင်တယ်’ ကတော့ ပြုံးလျှက် ကလေးနှစ်ယောက်နောက်တွင် မတ်တတ်ရပ်နေသည်။ သူကာကွယ်ပေးထားသည်ဖြစ်ရာ ဤနေရာတွင် မည်မျှလူရှုပ်ပါစေ သခင်လေးနှင့် မိန်းကလေးငယ် အန္တရယ်မရှိကြောင်း အာမခံချက်ရှိပေသည်။
ဆိုင်ခန်းထဲတွင် တိုင်းတပါးမှလာသောပစ္စည်းများဖြင့် ပြည့်နေပြီး အလွန်လည်း ထူးခြားဆန်းပြားသည်။ ရှေးဟောင်းဆန်သော အငွေ့အသက်များလည်း ထွက်ပေါ်လို့နေသည်။
ဆိုင်ရှင်က ပိန်လှီသည့် ခပ်သွက်သွက် လူအိုကြီးတစ်ယောက်ဖြစ်ပြီး ခုန်မင်၏ ခမ်းနားသောဝတ်စားဆင်ယင်မှုကို သတိပြုမိသည်နှင့် လူချမ်းသာတစ်ယောက်ဖြစ်ကြောင်း ချက်ချင်း ရိပ်မိသွားသည်။
သူက တောက်ပစွာပြုံးလိုက်ပြီး စိတ်အားထက်သန်သည့်လေသံဖြင့်...
“သခင်လေးနဲ့ သခင်မလေး... ကြည့်ကြပါ... စိတ်ဝင်စားတဲ့ပစ္စည်းရှိရင် စျေးလျှော့ပေးပါ့မယ် ၊ ဒီပစ္စည်းတွေကို ပေါ့သေးသေးမထင်နဲ့... ဒါတွေက တောရိုင်းဒေသ မျိုးနွယ်စုတွေဆီက ရလာတဲ့ရတနာတွေပါ ၊ ခွန်းကာမြို့မှာ တွေ့ရခဲတဲ့ ရှားပါးပစ္စည်းတွေပေါ့ ၊ တချို့ပစ္စည်းတွေဆိုရင် နှစ်ပေါင်းထောင်နဲ့ချီတဲ့ ရှေးဟောင်းပစ္စည်းတွေဖြစ်ပြီး တောရိုင်းဒေသ မျိုးနွယ်စုတွေကတောင် သန့်ရှင်းတဲ့ပစ္စည်းတွေအဖြစ် အလေးအမြတ်ထားကြပါတယ်”
လူအိုကြီး၏စကားလုံးများက တမင်တကာ ချဲ့ကားပြောဆိုနေကြောင်း ခုန်မင် နားလည်လေသည်။
သို့သော် သူ့စကားများကိုနားထောင်ရင်း မော့ယွဲ့ ဤဆိုင်ခန်းကို အဘယ့်ကြောင့်စိတ်ဝင်စားရသည်ကိုလည်း သဘောပေါက်သွားရသည်။
ဤဆိုင်ခန်းတွင် ရောင်းချသည့်ပစ္စည်းများက သူမ၏မွေးရပ်မြေဖြစ်သော တောရိုင်းဒေသမှ ပစ္စည်းများဖြစ်နေသည် မဟုတ်ပါလား။