← Chapters

အလကားရသည့်ပစ္စည်း

Vol. 4 Ch. 50

အလကားရသည့်ပစ္စည်း

Vol. 4 Ch. 50

မော့ယွဲ့က တောရိုင်းဒေသတွင် မွေးဖွားကြီးပြင်းလာသူ ဖြစ်သည်။

ထိုဒေသတွင်နေထိုင်ခဲ့ရသည့်အမှတ်တရများက သဘောကျနှစ်ခြိုက်စရာ သိပ်မရှိသော်လည်း မြို့ပြဘဝသို့ ရုတ်တရက် ပြောင်းလာရသည့်အခါ သူမ အတိတ်ကရင်းနှီးခဲ့သော အမှတ်တရများအပေါ် လွမ်းဆွတ်တမ်းမှုရှိသည်ကတော့ အမှန်ပင်။

သူမ၏မျက်ဝန်းများက ကြေးဝါပြားနှစ်ခုဖြင့် ရိုးရှင်းစွာ ဖန်တီးထားသော ဆံထိုးလေးထက်သို့ ကျရောက်သွားပြီး သူမဆံပင်နှင့် ညင်သာစွာထိကပ်ကာ ဝတ်ဆင်ကြည့်ဟန် လုပ်လိုက်သည်။

ထိုဆံထိုးလေးက အထက်တန်းလွှာမိန်းမပျိုများ နှစ်သက်သည့် ထူးခြားသောရတနာများဖြင့် အလှဆင်ထားခြင်း မရှိသော်လည်း ရိုးရှင်းသည့်အလှတရားနှင့် တမျိုးတမည် ဆွဲဆောင်မှု ရှိနေသည်။

မော့ယွဲ့က ငယ်ရွယ်သည့် ကောင်မလေးတစ်ယောက် ဖြစ်သည့်တိုင် ထိုဆံထိုးလေးဝတ်ဆင်လိုက်သည်နှင့် သူမ၏မျက်နှာထက် တက်ကြွမှုနှင့် ကျက်သရေရှိမှုကို ယူဆောင်လာပေးသည်။

ခုန်မင်က ချီးကျူးဟန်ဖြင့် ခေါင်းတစ်ချက်ညိတ်ရင်း...

“ယွဲ့အာ... ဒီဆံထိုးလေးက မင်းနဲ့အရမ်းလိုက်တယ် ၊ မင်းကြိုက်ရင် ယူလိုက်လေ”

ထိုစကားကြားတော့ မော့ယွဲ့၏ပါးပြင်လေးများ ပန်းနုရောင်သမ်းသွားပြီး ခေါင်းတွင်တွင်ခါယမ်းလျှက်...

“မလိုပါဘူး သခင်လေး ၊ ကျွန်မအတွက် ငွေကုန်ကြေးကျမခံပါနဲ့”

ခုန်မင်က သိမ်မွေ့စွာရယ်မောလိုက်ရင်း...

“ယွဲ့အာ... ကိုယ်ပျော်မယ့်အလုပ်လုပ်တာ ဘာများကြောက်စရာရှိလို့လဲ ၊ ပိုက်ဆံလေးနည်းနည်းပါးပါးက ငါ့အတွက် ဘာမှမဟုတ်ပါဘူး”

ထို့နောက် သူက မော့ယွဲ့၏တုံ့ပြန်မှုကိုမစောင့်တော့ဘဲ ပှိန်လီသော ဆိုင်ရှင်လူအိုကြီးထံသို့ အလျှင်အမြန်လှည့်ကာ စကားဆိုလိုက်သည်။

“ဆိုင်ရှင်... ဒီဆံထိုးလေးလိုချင်လို့ ၊ ဘယ်လောက်လဲ”

စျေးရောင်းရတော့မည်ဆိုသောအခါ လူအိုကြီး၏မျက်နှာက နေရောင်ခြည်ပမာ ချက်ချင်းတောက်ပသွားပြီး ပြုံးပျော်ရွှင်သွားသည်။

သူ့မျက်ဝန်းထဲတွင် ချက်ချင်းပင် လှည့်စားလိုသည့်အရိပ်အယောင်များ ထွက်ပေါ်လာပြီး လက်နှစ်ချောင်းထောင်ပြလိုက်၏။

ခုန်မင်က ရယ်မောလိုက်သည်။

သူ၏မျက်ဝန်းများက ထက်ရှနေသော်လည်း လှောင်ရယ်ခြင်းတို့ဖြင့် ပြည့်နက်နေသည်။

“အဘိုးကတော့လေ... တကယ့် အမြတ်ကြီးစားပဲနော် ၊ ဒါပေမဲ့ ယွဲ့အာ စိတ်ပျော်ဖို့အတွက်ဆိုရင် ဘယ်လောက်ပဲပေးရပါစေ အဆင်ပြေပါတယ်”

ငွေဒင်္ဂါးနှစ်ပြားဆိုသည်က သေးငယ်သည့်ပမာဏ မဟုတ်ပေ။

ခွန်းကာမြို့၏ သာမန်မိသားစုတစ်ခု၏ တစ်လစာဝင်ငွေက ငွေဒင်္ဂါး (၄)ပြား သို့မဟုတ် (၅)ပြားခန့်သာ ရှိသည်။

ဤဆံထိုးလေးက ကြေးဝါဖြင့်ပြုလုပ်ထားသော်လည်း ထူးခြားသည့် ရတနာပစ္စည်းမဟုတ်ပေ။ သို့သော် လူအိုကြီးက မော့ယွဲ့ သဘောကျနေသည်ကို သိသဖြင့် တမင်သက်သက် စျေးတင်ထားခြင်းသာပင်။

သို့သော် ပိန်လှီသော လူအိုကြီး၏ လောဘက ခုန်မင်ထင်ထားသည်ထက် ကျော်လွန်နေခြင်းပင်။

လူအိုကြီးက ညစ်ကျယ်ကျယ် ပြုံးလိုက်ပြီး...

“သခင်လေး နားလည်မှုလွဲနေပြီ ၊ ဒီဆံထိုးက ငွေဒင်္ဂါးနှစ်ပြား မဟုတ်ဘူး ၊ ငွေဒင်္ဂါး(၂၀) တန်ပါတယ်”

မော့ယွဲ့ အံ့အားသင့်လွန်းသဖြင့် ရေရွတ်မိသွားသည်။

“ငွေဒင်္ဂါး(၂၀)... ဟုတ်လား”

သူမအသံထဲတွင် ထိတ်လန့်မှန်တစ်ခု ပါဝင်နေသည်ပင်။

“သခင်လေး... အရမ်းစျေးကြီးလွန်းတယ် ၊ ဒါကို မဝယ်တော့ဘူးနော်”

လူအိုကြီးက တစ်ချက်ပင်မတုန်လှုပ်ဘဲ တည်ငြိမ်သောမျက်နှာထားရှိနေပြီး သကြားပမာ ချိုမြသောလေသံဖြင့်...

“ဒါပေမဲ့ ငွေဒင်္ဂါး(၂၀) ဆိုတာ မများလှပါဘူး ၊ ဒီ ဆံထိုးလေးမှာ သမိုင်းကြောင်းတစ်ခုရှိတယ် ၊ တကယ်တော့ ဒီဆံထိုးလေးကို တစ်ချိန်တုန်းက တောရိုင်းလူမျိုး မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ရဲ့ ဇနီးဝတ်ဆင်ခဲ့တာ ၊ အခု အဲဒီမျိုးနွယ်စု ပျက်ဆီးသွားပြီး ဒီအမွေအနှစ်က ကျန်ရစ်ခဲ့တာပါ ၊ ဒီတော့ ဒီပစ္စည်းလေးက နှစ်ပေါင်းရာနဲ့ချီတဲ့ သမိုင်းကြောင်းကို သယ်ဆောင်ထားပါတယ်”

ထိုစကားကြားတော့ ဒေါသထွက်လွန်းသဖြင့် မော့ယွဲ့မျက်နှာက နီးမြန်းလာသည်။

သူမက ထက်ရှသည့်လေသံဖြင့်...

“ရှင် လိမ်ပြောနေတာ...”

သူမက ဆက်ပြောလိုက်သည်။

“ဒီလိုဆံထိုးမျိုးက တောရိုင်းဒေသမှာ သာမန်ဆံထိုးမျိုးပဲ ၊ ဘယ်လိုလုပ် မျိုးနွယ်စုခေါင်းဆောင်ရဲ့ဇနီး ဝတ်ဆင်တဲ့အရာ ဖြစ်နိုင်မှာလဲ ၊ ပြီးတော့ ဒီဆံထိုးကိုကြည့်ရတာ အသစ်အတိုင်းပဲ ၊ နှစ်ပေါင်းရာနဲ့ချီတဲ့ သမိုင်းကြောင်းရှိတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

မော့ယွဲ့က နှုတ်သီးကောင်းလျှာပါး ရန်တွေ့လိုက်သည့်တိုင် အဘိုးအိုကတော့ စိတ်မဆိုးသည့်အပြင် တည်ငြိမ်စွာပင် ပြုံးလျှက်ရှိသည်။

သူက မော့ယွဲ့၏စကားများကိုအရေးမစိုက်ဘဲ အကြည့်ကို ခုန်မင်ထံသို့ ရွှေ့ပြောင်းလိုက်သည်။

ပိန်လှီသောလူအိုကြီးက အလွန်လည်ဝယ်သူ ဖြစ်သည်။ ခုန်မင်နှင့် မော့ယွဲ့တွင် ငွေကြေးကိုထိန်းချုပ်သူက ခုန်မင်ဖြစ်ကြောင်း သူက သိရှိထားသည်။

ထို့ပြင် မည်မျှတန်ဖိုးကြီးသောပစ္စည်းဖြစ်ပါစေ ခုန်မင်က ဝယ်ယူရန်တတ်နိုင်ကြောင်း အဘိုးအိုက သိရှိသဖြင့် သူက မော့ယွဲ့နှင့် စကားများရန်မလိုဟု ယူဆသည်။

ငွေဒင်္ဂါး(၂၀)...။

ဤသည်က ခုန်မင်အတွက်တော့ သာမန်မျှသာရှိသော ငွေပမာဏပင်။

မဟုတ်ပါက ဆိုင်ရှင်လူအိုကြီးက သတ္တိရှိရှိ တောင်းဆိုရဲမည် မဟုတ်ပေ။

ခုန်မင်ကလည်း တည်ငြိမ်စွာပင် ရှိနေသည်။

သူက ဆိုင်ရှင်လူအိုကြီးအား ခေါင်းညိတ်ပြလိုက်ပြီး တည်ကြည်သည့်လေသံဖြင့်...

“တကယ်တော့ ငွေဒင်္ဂါး(၂၀)ဆိုတာ မများပါဘူး ၊ စိတ်ပျော်ရွှင်ရမယ်ဆိုရင် ရွှေဒင်္ဂါးတစ်ထောင်ဆိုရင်တောင် ပေးပျော်တာပဲမဟုတ်လား”

ထိုစကားကြားတော့ လူအိုကြီး၏မျက်ဝန်းများတောက်ပလာပြီး ခုန်မင်ကို သေချာစွာအကဲခတ်ရင်း ရယ်မောလိုက်သည်။

“သခင်လေးက တကယ့်ကို ပိုင်းခြားသိမြင်နိုင်စွမ်း ရှိတာပဲ...”

ခုန်မင်က မည်သည့်တုံ့ပြန်မှုမျှ မပေးခဲ့ပေ။

ထို့နောက် သူက စိတ်အာရုံစူးစိုက်လိုက်ပြီး လူအိုကြီး၏ဆိုင်ခန်းထဲမှ ပစ္စည်းများကို တစ်ချက်ဝေ့ကာ ကြည့်ရှုလိုက်သည်။

သူ၏စိတ်အာရုံထက်ရှလာသည်နှင့် သူ၏ဦးခေါင်းထက်တွင် တောက်ပသော ခရမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရှေးဟောင်းစာလုးများဖြင့် “နတ်မျက်စိဖြင့်သုံးသပ်ခြင်း” ဆိုသည့်စာလုးများ ထွက်ပေါ်လာသည်။

ထိုခဏမှာပင် ခုန်မင်၏မျက်ဝန်းများမှ ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ဆိုင်ခန်းထဲမှ ပစ္စည်းတစ်ခုချင်းစီထက်သို့ ကျရောက်သွားသည်။

ခုန်မင်၏မျက်ခုံးနှစ်ခုကြားတွင် တောက်ပနေသည့်ခရမ်းရောင်အလင်းတန်းက ကောင်းကင်ဘုံ၏ခမ်းနားခြင်းပမာ ထင်မှတ်ရသည်။

သို့သော် စည်ကားသိုက်မြိုက်သည့်ဆေးဆိုင်ခန်းများကြားမှ လူအုပ်ထဲတွင် ဤထူးခြားသောဖြစ်ရပ်ကို မည်သူမှ မသိမြင်ခဲ့ကြပေ။

သို့ပေသိ “မည်သူမှမသိမြင်” ဟု ပြောခြင်းက လုံးဝ မမှန်ကန်ပေ။

အဘယ်ကြောင့်ဆိုသော ထိုခဏတွင် မော့ယွဲ့၏မျက်ဝန်းများက အံ့အားသင့်မှုနှင့် ပြူးကျယ်ဝိုင်းစက်သွားပြီး မယုံကြည်နိုင်စွာဖြင့် ခုန်မင်ကို ငေးစိုက်ကြည့်နေလေသည်။

အနက်ရောင်ပိုးသားပုဝါဖြင့် မျက်နှာကိုဖုံးကွယ်ထားသည့်တိုင် သူမက လက်တစ်ဖက်ကိုပင့်မြှောက်လိုက်ပြီး လက်ဖြင့်နှုတ်ခမ်းကိုအသာအုပ်လိုက်မိမလို ဖြစ်သွားသည်။

“နတ်မျက်စိဖြင့်သုံးသပ်ခြင်း” တန်ခိုးစွမ်းအားမှ ထွက်ပေါ်လာသော တောက်ပသည့် ခရမ်းရောင်အလင်းရောင်များအား လူသားများ၏မျက်လုံးဖြင့် မမြင်နိုင်သော်လည်း မော့ယွဲ့ကတော့ တစ်နည်းနည်းဖြင့် မြင်နိုင်ခဲ့လေသလား။

ခုန်မင်ကတော့ နတ်မျက်စိတန်ခိုးစွမ်းအားကိုအသုံးပြုလျှက် ဆိုင်ခန်းထဲမှပစ္စည်းများကိုလေ့လာနေပြီး မော့ယွဲ့၏ အံ့အားသင့်ထိတ်လန့်သွားသော တုံ့ပြန်မှုကို လုံးဝ သတိမပြုခဲ့မိပေ။

ခဏအကြာမှာတော့ ခုန်မင်၏မျက်ဝန်းမှ ခရမ်းရောင်အလင်းတန်းများက သာမန်ဟုထင်ရသော ပစ္စည်းတစ်ခုထက်တွင် အချိန်ကြာမြင့်စွာ စူးစိုက်သွားသည်။

ခရမ်းရောင်အလင်းတန်းများက ထိုပစ္စည်းထက်တွင် စုစည်းသွားပြီး ခမ်းနားသော ခရမ်းရောင်အလင်းစက်ဝန်းအဖြစ် ဖြစ်ပေါ်လာသည်။

ထိုပစ္စည်းက ထူးခြားသောရတနာတစ်ခုဖြစ်ကြောင်း အမှတ်အသား ပြုလိုက်ဟန်ပင်။

ခရမ်းရောင်စက်ဝန်းထဲတွင် ကြည်လင်သည့်ရှေးဟောင်းစာလုံးများထင်ဟပ်လာပြီး ခုန်မင်ထံသို့ အချက်အလက်များ ပေးပို့လိုက်သည်။

“တိုရီယာလက်စွပ် ၊ မှော်ယဉ်ကျေးမှုမှဆင်းသက်လာသည့် ရှေးဟောင်းသိုလှောင်ပစ္စည်းတစ်ခု ၊ အလွန်တန်ဖိုးကြီးမားသည်”

နတ်မျက်စိဖြင့်သုံးသပ်ခြင်း တန်ခိုးစွမ်းအားအသုံးမပြုပါက ထိုမွဲခြောက်ခြောက်လက်စွပ်လေးက အလွန်ပင် သာမန်ဆန်လွန်းလှသည်။

ထိုလက်စွပ်လေး၏ တစ်ခုတည်းသော လက်ရာမြောက်မှုမှာ အတွင်းဘက်တွင်ထွင်းထုထားသည့် ရှေးဟောင်းသစ်ပင်များ ၊ တိမ်ပုံစံများနှင့်ဆင်တူသည့် အနုပညာလက်ရာသာဖြစ်သည်။

ထိုအနုပညာလက်ရာများက တောရိုင်းဒေသ၏ရနံ့ကို မှိန်ဖျော့စွာ ထုတ်လွှင့်ပေးနေသ‌ယောင်ပင်။

နတ်မျက်စိဖြင့်သုံးသပ်ခြင်းတန်ခိုးစွမ်းအားက ထိုလက်စွပ်လေးအား တိုရီယာလက်စွပ်ဟု ဖော်ပြသည့်အခါ ခုန်မင် တကယ်ပင် အံ့အားသင့်သွားရသည်။

ဆိုင်ရှင်လူအိုကြီး၏ တန်ဖိုးမရှိဟုထင်ရသော လက်ဝတ်အဆင်တန်ဆာများထဲတွင် ရတနာပစ္စည်းအစစ်တစ်ခု ရှာဖွေတွေ့ရှိမည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

ထို့ပြင် နတ်မျက်စိတန်ခိုးစွမ်းအားက ထိုလက်စွပ်လေးကို “အလွန်တန်ဖိုးကြီးမားသည်” ဟု သတ်မှတ်ခဲ့သည်။

ယခင်က ခုန်မင်အနေဖြင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များဖြစ်သည့် ရောင်ခြယ်သစ်သားတောင်ဝှေးနှင့် အလင်းဖောက်ထွင်းဓားမြောင်တို့ကို အကဲဖြတ်ဖူးသည်။

နတ်မျက်စိတန်ခိုးစွမ်းအားက ထိုပစ္စည်းများကို အလယ်ဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များအဖြစ်သတ်မှတ်ခဲ့ပြီး “တန်ဖိုးမြင့်မားသည်” ဟုသာ မှတ်ချက်ပေးခဲ့သည်။

ရိုးရှင်းသောအသွင်အပြင်ဖြင့် သာမန်ဟုထင်ရသည့် လက်စွပ်ငယ်လေးကိုတော့ နတ်မျက်စိစွမ်းအားက “အလွန်တန်ဖိုးကြီးမားသည်” ဟု သတ်မှတ်ခဲ့လေသည်။

“တန်ဖိုးမြင့်မားသည်” နှင့် “အလွန်တန်ဖိုးကြီးမားသည်” ဆိုသော စကားနှစ်ခုကြား ကွာဟချက်အရေးပါမှုက အဆင့်များစွာကို ကျော်ဖြတ်ထားသည်။

ဤလက်စွပ်က ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များထက်ပင် သာလွန်သော ရတနာတစ်ခုပေလား။

မှော်ယဉ်ကျေးမှုခေတ်မှ ကာလရှည်ကြာ‌ပျောက်ဆုံးနေခဲ့သော ရတနာပစ္စည်းတစ်ခု ၊ ကြည့်ရသည်မှာ ရှေးဟောင်းနတ်သူငယ်မျိုးနွယ်များဖြင့် ဆက်စပ်နေလေသလား။

ဖြစ်နိုင်ခြေအရ ဤလက်စွပ်က သိုလှောင်လက်စွပ်တစ်ခု ဖြစ်နိုင်သည်။

သိုလှောင်လက်စွပ်ဆိုသည်မှာ ကန့်သတ်ထားသောနယ်ပယ်ထဲတွင် အကန့်အသတ်မရှိ ပစ္စည်းများသိမ်းဆည်းနိုင်သောပစ္စည်း ဖြစ်သည်။

အကယ်၍ ထိုသို့ဖြစ်မည်ဆိုလျှင် “အလွန်တန်ဖိုးကြီးမားသည်” ဟူသော သတ်မှတ်ချက်က ဆန်းကြယ်မည် မဟုတ်တော့ပေ။

အဘယ်ကြောင့်ဆိုသော် ထျန်းယွမ်ကုန်းမြေတွင် သိုလှောင်ရတနာပစ္စည်းများက ဇာမဏီငှက်မွှေး ၊ နဂါးအကြေးခွံ စသည့်ပစ္စည်းများကဲ့သို့ လွန်စွာရှားပါးပြီး ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များထက် များစွာသာလွန်သည်။

ခုန်မင်က နတ်မျက်စိဖြင့်သုံးသပ်ခြင်း တန်ခိုးစွမ်းအားအကူအညီဖြင့် တိုရီယာလက်စွပ်ကို ဖော်ထုတ်နိုင်ခဲ့သော်လည်း သူ၏မျက်နှာအမူအရာက ဘာမှမထူးခြားသလို တည်ငြိမ်နေဆဲပင်။

စိတ်လှုပ်ရှားမှု အရိပ်အယောင်ပင် မပြခဲ့ပေ။

သူက ဆိုင်ရှင်လူအိုကြီးကိုလှည့်ကြည့်ပြီး အရေးမစိုက်ဟန်ဖြင့်...

“ကိုယ်လိုချင်တဲ့ပစ္စည်းအတွက် ငွေဒင်္ဂါးနှစ်ဆယ်‌ပေးရတယ်ဆိုတာ များတယ်မခေါ်ပါဘူး ၊ ဒါပေမဲ့ ခင်ဗျားက စျေးတင်ထားတာ သိသာတယ်လေ ၊ တကယ့်အမြတ်ကြီးစားပဲ ၊ ထားပါတော့... ခင်ဗျားကို ငွေဒင်္ဂါးနှစ်ဆယ် အပြည့်ပေးမယ် ၊ ဒါပေမဲ့ ကျွန်တော့်ဘက်ကလည်းမနစ်နာအောင် ခင်ဗျားရဲ့ဆိုင်က အပိုပစ္စည်းတစ်ခု ရွေးယူခွင့်ပေးရမယ် ဘယ်လိုလဲ”

အဘိုးအိုက အပြုံးမပျက် စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။

“သခင်လေးက ရှားပါးတဲ့ ဂုဏ်သရေရှိဧည့်သည်တော်ပါ ၊ ပြောတဲ့အတိုင်း ဖြစ်စေရပါမယ်”

လူအိုကြီးက မျက်နှာထက်အပြုံးဆင်မြန်းထားသော်လည်း စိတ်ထဲကတော့ အောင်ပွဲခံနေခဲ့သည်။ သူ့ဆိုင်ခန်းမှ ပစ္စည်းများအားလုံးပေါင်းလျှင်ပင် ငွေဒင်္ဂါးနှစ်ဆယ် တန်ဖိုးမရှိပေ။

ထို့ကြောင့် ခုန်မင်က အပိုပစ္စည်းတစ်ခု ရွေးချယ်ခွင့်တောင်းခြင်းမှာ သူ့အတွက် ပြဿနာ မရှိလှပေ။

All Chapters