တိုရီယာလက်စွပ်
Vol. 4 Ch. 51
ဆိုင်ရှင်လူအိုကြီးက ခုန်မင် မည်သူမည်ဝါဖြစ်ကြောင်း မသိရှိပေ။
“ကျူးကဲခုန်မင်” ဆိုသည်က အိပ်ပျော်နေသောနဂါးဆိုသောအမည်ဖြင့် သုံးပြည်ထောင်ခေတ်တွင် အလွန်တရာနာမည်ကျော်ကြားသည့် စစ်ရေးဗျူဟာရှင်တစ်ယောက်ဖြစ်ကြောင်း ထိုအဘိုးအို မသိရှိခဲ့ပေ။
မည်သည့်ခေတ် ၊ မည်သည့်နယ်ပယ်တွင်မဆို ခုန်မင်ကိုလှည့်စားနိုင်သူ ၊ ခုန်မင်ကို ဆုံးရှုံးစေနိုင်သူ တစ်ယောက်မှ မွေးဖွားမလာခဲ့ဖူးပေ။
ကိုယ့်ကိုယ်ကိုယ် လည်လှပြီထင်ကာ ကျေနပ်နေသော လူအိုကြီးကိုကြည့်ရင်း ခုန်မင်က တည်ငြိမ်စွာ မသိမသာ တစ်ချက်ပြုံးလိုက်၏။
ထို့နောက် သူက ပေါ့ပါးစွာဖြင့်ပင် ဆိုင်ခန်းတွင်ပြသထားသည့် တိုရီယာလက်စွပ်ကို လှမ်းယူလိုက်ပြီး လက်ဖဝါးထဲတွင်အသာထည့်ကာ ဆိုင်ရှင်လူအိုကြီးအား စူးစိုက်ကြည့်လိုက်သည်။
“ဒီလက်စွပ်က ဆွဲဆောင်မှုတစ်ခု ရှိနေသလိုပဲ ၊ ဒီလက်စွပ်ကို အပိုတောင်းရင် ခင်ဗျား မကန့်ကွက်ဘူးမလား”
အဘိုးအိုက လှည့်စားတတ်သည့်မြေခွေးအိုတစ်ကောင်ပမာ တောက်ပစွာ ပြုံးလိုက်သည်။
“မကန့်ကွက်ပါဘူး ၊ လုံးဝ မကန့်ကွက်ဘူး”
“သခင်လေးက ရတနာပစ္စည်းတွေကို တကယ်ရွေးချယ်တတ်တာပဲ ၊ တကယ်တော့ ဒီလက်စွပ်မှာ ခမ်းနားတဲ့သမိုင်းကြောင်းရှိတယ် ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က တောရိုင်းဘုရင်’ကိုနန်’ က ဒီလက်စွပ်ကိုအသုံးပြုပြီး တောရိုင်းဒေသမျိုးနွယ်စုတွေထဲက အလှဆုံးမိန်းကလေးဖြစ်တဲ့ ‘ယီလီယာနာ’ ကို လက်ထပ်ခွင့်တောင်းခဲ့တာတဲ့ ၊ ဘယ်လောက်တောင် စိတ်ကူးယဉ်ဆန်တဲ့ အချစ်ဇာတ်လမ်းလေးလဲနော်”
လူအိုကြီးက အလိမ်အညာစကားများ ဆက်လက်ပြောဆိုနေသည်။
သူက သူကြွယ်လေးတစ်ယောက်ကို အလွယ်တကူ လှည့်စားထားသည်ဖြစ်ရာ ချီးမွမ်းသည့်စကား အနည်းငယ်ပြောဆိုသင့်သည်ဟု ယူဆထားသည်။
သို့သော် မော့ယွဲ့ကတော့ ဒေါသတကြီးဖြစ်သွားပြီး...
“ဒါက လုံးဝ အဓိပ္ပါယ်မရှိဘူး”
သူမလေသံက စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နက်နေပြီး အတော်လည်းတင်းမာနေသည်။
“တောရိုင်းဘုရင်’ကိုနန်’ က ကြံ့နက်မျိုးနွယ်စုက ဆင်းသက်လာတာ ၊ သူတို့မျိုးနွယ်စုက လက်ထပ်ခွင့်တောင်းရင် လက်စွပ်အသုံးပြုတဲ့ဓလေ့မရှိဘူး ၊ ပြီးတော့ ဒီလက်စွပ်က သာမန်ပုံစံမျိုးပဲ ၊ ဘယ်လိုလုပ်ပြီး ကိုနန်က အလှလေး’ယီလီယာနာ’ ကို လက်ထပ်ခွင့်တောင်းတဲ့သင်္ကေတ ဖြစ်နိုင်မှာလဲ”
ခုန်မင်က နူးညံ့စွာပြုံးလိုက်ပြီး ချော့မော့သလို မော့ယွဲ့၏ခေါင်းလေးကို အသာပုတ်လိုက်သည်။
သူ၏ကျန်လက်တစ်ဖက်ကတော့ ဆိုင်ရှင်အဘိုးအိုအား ငွေဒင်္ဂါး(၂၀)နှင့်ညီမျှသည့် ငွေသားလက်မှတ်တစ်စောင် ပေးလိုက်သည်။
အဘိုးအိုက ပါးစပ်က နားရွက်တက်ချိတ်မတတ် ပြုံးလိုက်ပြီး ငွေသားလက်မှတ်ကို လက်ခံလိုက်၏။
“အားပေးမှုအတွက် ကျေးဇူးတင်ပါတယ် သခင်လေး”
ထို့နောက် သူက ရင်ထဲကမပါသော ဟန်ဆောင်လေသံဖြင့်...
“တခြား ဘယ်ပစ္စည်းတွေကိုများ မျက်စိကျသေးလဲ ၊ သခင်လေးလိုချင်ရင် ဒီအဘိုးကြီး စျေးလျှော့ပေးပါ့မယ်”
သူ့ပုံစံက ရောင်းအားကောင်းပြီး အမြတ်အစွန်းများစွာရထားသည့်တိုင် စိတ်ကောင်းစေတနာကောင်းရှိသည့် ကုန်သည်ကြီးတစ်ယောက်ပမာဖြစ်သည်။
ခုန်မင်က သူ့စကားကို အရေးမစိုက်ဟန် တစ်ချက်လှမ်းကြည့်လိုက်သည်။
ပြီးမှ ပေါ့ပါးသည့်လေသံဖြင့်...
“အိုး... ဒီတိုရီယာလက်စွပ်က တောရိုင်းဘုရင်’ကိုနန်’ က ယီလီယာနာကို လက်ထပ်ခွင့်တောင်းခဲ့တဲ့လက်စွပ် မဟုတ်ဘူးလား ၊ ဒီတော့ ကြံ့နက်မျိုးနွယ်စုမှာ ဒီလိုဓလေ့မရှိဘူးပေါ့ ၊ ကိစ္စမရှိပါဘူး... တောရိုင်းဘုရင်နဲ့ မသက်ဆိုင်ရင်တောင် ဒီတိုရီယာလက်စွပ်က တန်ဖိုးလျော့သွားမှာမှ မဟုတ်တာ”
အဘိုးအိုက ဝမ်းသာအားရပြုံးလိုက်ပြီး စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါတယ် ဟုတ်ပါတယ် ၊ သခင်လေးက အရာအားလုံးကို ရှင်းလင်းစွာမြင်တတ်တဲ့သူပါပဲ”
သို့သော် ရုတ်တရက်ပင် ဆိုင်ရှင်လူအိုကြီး၏ တောက်ပသောအပြုံးက အေးခဲသွားပြီး မျက်နှာထက် ထိတ်လန့်အံ့သြသည့်အမူအရာ ထွက်ပေါ်လာသည်။
“ဟမ်... သခင်လေး... ဘာ... ဘာပြောလိုက်တာလဲ ၊ တို... တိုရီယာလက်စွပ် ဟုတ်လား”
ခုန်မင်က လက်ထဲမှလက်စွပ်လေးကို ပေါ့ပေါ့ပါးပါးပင် လေထဲတွင်မြှောက်ကာဆော့ကစားရင်း သူ့မျက်နှာထက် အပြစ်ကင်းစင်သောအမူအရာက ထင်ဟပ်နေသည်။
သူက ပေါ့ပါးသည့်လေသံဖြင့်...
“ဟုတ်တယ်လေ...”
သူက ဆက်ပြောလိုက်သည်။
“ဒါက တိုရီယာလက်စွပ် အစစ်ပဲ ၊ စောစောက ခင်ဗျားပဲ ကျွန်တော့်ကို အဆစ်ပေးမယ်လို့ပြောခဲ့တယ်မလား ၊ ဒီတိုရီယာလက်စွပ်က သိုလှောင်ရတနာတစ်ခုလို့ ကြားဖူးတယ် ၊ အတော်လေးတန်ဖိုးရှိမယ်ထင်တယ် ၊ ငွေဒင်္ဂါးနှစ်ဆယ်နဲ့ရလိုက်တာ တန်တာပေါ့”
ထိုစကားကိုကြားသည်နှင့် အဘိုးကြီးမျက်နှာထက်မှအပြုံး လုံးဝပျောက်ကွယ်သွားသည်။ သူ၏မျက်နှာက ကြီးမားသောဆုံးရှုံးမှုကိုခံစားရသဖြင့် ငိုတော့မည့်ပမာ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နက်နေသည်။
သူက အထစ်ထစ်အငေါ့ငေါ့ဖြင့်...
“ဒီ... ဒီလက်စွပ်လေးက... ဘယ်လို... ဘယ်လိုလုပ်ပြီး တို... တိုရီယာလက်စွပ် ဖြစ်နိုင်မှာလဲ”
“တိုရီယာက ရှေးဟောင်းခေတ်က ဒဏ္ဍာရီလာ နတ်သူငယ်ဘုရင်ပဲ ၊ သူ အသုံးပြုခဲ့တဲ့ ဘယ်ပစ္စည်းမဆို နတ်သူငယ်မျိုးနွယ်စုရဲ့ သန့်ရှင်းတဲ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရတယ် ၊ ဒီလိုပစ္စည်းမျိုးက သာမန် တောရိုင်းမျိုးနွယ်စုတွေရဲ့လက်ထဲ ဘယ်လိုလုပ်ရောက်သွားနိုင်မှာလဲ”
မော့ယွဲ့၏မျက်ဝန်းများကတော့ ထိန်းမနိုင်သိမ်းမရ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလျှက် ရှိသည်။
သူမက ခုန်မင်၏လက်ထဲမှ လက်စွပ်ကိုညွှန်ပြရင်း အော်ဟစ်လိုက်သည်။
“သခင်လေး... ဒါက တကယ်ပဲ တိုရီယာလက်စွပ်လား ၊ ဒါဆို နတ်သူငယ်မျိုးနွယ်စုရဲ့ သန့်ရှင်းတဲ့အမွေအနှစ်ပဲ ၊ သူတို့ရဲ့ထိပ်တန်းရတနာပစ္စည်းတွေဖြစ်တဲ့ သဘာဝနတ်ဘုရားလေးနဲ့ ဆူးခက်သရဖူပြီးရင် ဒုတိယမြောက်တန်ဖိုးအရှိဆုံးပဲ ၊ လွန်ခဲ့တဲ့နှစ်ပေါင်းကိုးထောင်လောက်က ဒီသန့်စင်တဲ့အမွေအနှစ်က ပျောက်ဆုံးသွားခဲ့တာ ၊ အခု သခင်လေးရဲ့လက်ထဲမှာ တကယ်ရှိနေတာလား ၊ အံ့သြစရာကောင်းလိုက်တာ ၊ ငွေဒင်္ဂါး(၂၀)က အရမ်းတန်သွားပြီ”
မော့ယွဲ့၏ရွှင်မြူးသောအမူအရာလေးကိုမြင်ရတော့ ခုန်မင်က နူးညံ့စွာပြုံးရင်း သူမကို ကြည့်လိုက်သည်။
ထို့နောက် သူမ၏ လက်သေးသေးလေးကို အသာယူလိုက်ပြီး တိုရီယာလက်စွပ်ကို သူမ၏လက်သူကြွယ်တွင် လှလှပပ ဝတ်ဆင်ပေးလိုက်သည်။
မော့ယွဲ့၏ လက်လေးက သိမ်မွေ့ညင်သာပြီး နူးညံ့လွန်းသည်။
သူမ၏အသားအရေက ဖောက်ထွင်းမြင်ရလုနီးပါး ဖြူဖွေးနေပြီး လရောင်ခြည်အလား ထင်မှတ်ရကာ သွေးကြောစိမ်းစိမ်းလေးများကိုပင် မြင်နေရသည်။
သို့သော် သူမ၏လက်ချောင်းလေးများက သေးငယ်သွယ်လျလွန်းသည်ဖြစ်ရာ တိုရီယာလက်စွပ်နှင့်မတော်ဘဲ ချောင်နေလေသည်။
ခုန်မင်က ခဏမျှစဉ်းစားလိုက်ပြီး လက်စွပ်လေးကို သူမ၏လက်မတွင် ဝတ်ပေးလိုက်သည်။
လက်စွပ်လေးက လက်မနှင့်တော့ အတော်ပင်ဖြစ်ကာ ဆွဲဆောင်မှုတစ်ခုဖြင့် တောက်ပလျှက် ရှိသည်။
ခုန်မင်က မော့ယွဲ့ကို နွေးထွေးစွာပြုံးပြလိုက်ရင်း...
“ဒီလက်စွပ်က နတ်သူငယ်မျိုးနွယ်စုရဲ့ သန့်စင်တဲ့အမွေပစ္စည်းဆိုတော့... မင်းနဲ့ထိုက်တန်ပါတယ် ၊ ဘာပဲဖြစ်ဖြစ် ဒါက မင်းရဲ့ဆံထိုးလေးနဲ့အတူရလာတဲ့ ရတနာပစ္စည်းပဲလေ”
မော့ယွဲ့က ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်ရာ သူမ၏မျက်နှာကိုဖုံးကွယ်ထားသည့် အနက်ရောင်ပိုးသားပုဝါလေးက လေထဲတွင် အရိပ်တစ်ခုပမာ ယိမ်းထိုးသွားသည်။
“သခင်လေး... ဒီလက်စွပ်က အရမ်းတန်ဖိုးကြီးလွန်းတယ် ၊ ဒီလိုရတနာမျိုးက ကျွန်မနဲ့ မထိုက်တန်ပါဘူး”
မိန်းကလေးငယ်က နှိမ့်ချမှုအပြည့် တုန်ယင်သည့်အသံလေးဖြင့် ငြင်းဆိုလိုက်သည်။
သူမက စကားပြောရင်းဖြင့်ပင် တိုရီယာလက်စွပ်ကို ဖြည်းညင်းစွာဖယ်ရှားလိုက်ပြီး ခုန်မင်၏လက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။
ခုန်မင်က ကြည်လင်တောက်ပစွာ ရယ်မောလိုက်ပြီး...
“ယွဲ့အာ... မင်းက ငါ့အနားမှာ အမြဲရှိနေမှာလေ ၊ ငါပိုင်တဲ့ပစ္စည်းက မင်းပိုင်တဲ့ပစ္စည်းပဲပေါ့ ၊ အဲဒီလိုပဲ... မင်းပိုင်တဲ့ပစ္စည်းကလည်း ငါပိုင်တဲ့ပစ္စည်းပဲလေ ၊ ဒီလက်စွပ်က မင်းလက်ထဲမှာပဲဖြစ်ဖြစ် ငါ့လက်ထဲမှာပဲဖြစ်ဖြစ် အတူတူပါပဲ ၊ ဟုတ်ပါပြီ... ဒီပစ္စည်းက သာမန်ပါပဲ ၊ ဒီတော့ လောလောဆယ် မင်းကိုယ်စား ငါပဲသိမ်းထားပေးလိုက်မယ်”
ပြောရင်းဖြင့်ပင် ခုန်မင်က တိုရီယာလက်စွပ်ကို သူ့လက်သန်းတွင် ဝတ်ဆင်လိုက်ပြီး ဆိုင်ရှင်လူအိုကြီးကို စိန်ခေါ်သလို တစ်ချက်လှမ်းကြည့်လိုက်သည်။
“ပစ္စည်းအပို” ဆိုသော စကားလုံးကို ကြုံရသည့်အချိန်တိုင်း လူအိုကြီးမှာ မျက်နှာဖြတ်ရိုက်သလိုခံစားရပြီး မမေ့နိုင်သည့်ရိုက်ချက်တစ်ခုပမာ ရင်ထဲစူးအောင့်နေပေလိမ့်မည်။
“တိုရီယာလက်စွပ်ကို အပိုပစ္စည်းအဖြစ် အလကားပေးလိုက်ရသည်...”
မိုးမြေတစ်ခွင် သမိုင်းကာလတစ်လျှောက်တွင် အလွန်တရာ မိုက်လုံးကြီးသူသာလျှင် ထိုသို့သောအမှားမျိုးကို ကျူးလွန်ပေလိမ့်မည်။
သို့သော် ဤလက်စွပ်က တကယ်ပဲ တိုရီယာလက်စွပ် ဟုတ်ပါရဲ့လား...။
အဘိုးအိုက သိုင်းလောက၏ ရာသီအလိုက်ကုန်သည်တစ်ယောက်ဖြစ်သဖြင့် ဤလက်စွပ်အကြောင်းကို ကောင်းစွာမသိရှိပေ။
သို့သော် သူ့ရှေ့မှ လူငယ်သခင်လေးကရော မည်သို့ သေချာနိုင်ပါမည်နည်း။
လူအိုကြီးစိတ်ထဲ အတွေးတစ်ခု ဝင်ရောက်လာသည်။
“ဒီသခင်လေးက သူ့ကိုလှည့်စားနေတာပဲ...”
သာမန်လူများက တောရိုင်းဒေသ၏ကိစ္စများကို မသိရှိကြသလို နတ်သူငယ်မျိုးနွယ်စု၏ တည်ရှိမှုကိုလည်း မသိရှိကြပေ။
သို့သော် ဤလူငယ်လေးဘေးနားမှ မိန်းကလေးငယ်က... သူမက နတ်သားရဲမျိုးနွယ်စုမှဟု ပြောခဲ့သည် မဟုတ်လား။
နတ်သားရဲမျိုးနွယ်စုဝင်တစ်ယောက်အနေဖြင့် သူမက ရှေးဟောင်းရန်သူများဖြစ်သော နတ်သူငယ်မျိုးနွယ်စုအကြောင်းကို ဆိုင်ရှင်လူအိုကြီးထက် များစွာ ပိုမိုသိရှိထားမည် မဟုတ်လား။
ထိုသို့ဆိုလျှင် ဤသခင်လေးအနေဖြင့် သန့်စင်သောအမွေအနှစ်တစ်ခုဖြစ်သည့် တိုရီယာလက်စွပ်အကြောင်း သိရှိထားသည်မှာ အံ့သြစရာ မရှိတော့ပေ။
ဟုတ်ပေ၏။
ဤသခင်လေးက သူ့လို ကုန်သည်လူအိုကြီးတစ်ယောက်ရှေ့တွင် နှိမ့်ချလိုစိတ်မရှိသဖြင့် ဘာမဟုတ်သည့်လက်စွပ်တစ်ကွင်းကို တိုရီယာလက်စွပ်ဟုအမည်တပ်ကာ လှည့်စားခြင်း ဖြစ်ပေမည်။
အကြောင်းမဲ့သက်သက် သူ့အား စိတ်ထိခိုက်ခံစားရအောင်လုပ်ခြင်း ဖြစ်ပေမည်။
ဤသို့လှည်စားတတ်သည့်လူငယ်မျိုး သူ့ဘဝတွင် တစ်ခါမှ မတွေ့ခဲ့ဖူးပေ။
သို့သော်....
အကယ်၍ ဤလက်စွပ်က တကယ်ပဲ တိုရီယာလက်စွပ် ဖြစ်နေခဲ့ပါလျှင်...။
ဤလူအိုကြီးကတော့ ဘိုးဘေးများသင်္ချိုင်းရောက်သည်အထိဖြစ်ရမည့် မဟာဆုံးရှုံးမှုကြီးကို ခံစားရပေတော့မည်။
ပိန်လှီသောလူအိုကြီးမှာ ဆုံးဖြတ်ရခက်နေပြီး သူ့စိတ်ထဲ မျှော်လင့်ချက်နှင့် စိုးရိမ်ထိတ်လန့်မှုတို့က ဒွန်တွဲနေသည်။
နောက်ဆုံး မသေချာမှုကို သည်းမခံနိုင်တော့ဘဲ သူက ခုန်မင်ကို မေးမြန်းလိုက်တော့သည်။
“သခင်လေး... ဒီ သာမန်ဆန်လွန်းတဲ့လက်စွပ်လေးက တိုရီယာလက်စွပ်ဆိုတာ ဘယ်လိုလုပ်သိတာလဲ ၊ ဒီလူအိုကြီးကို နောက်ပြောင်နေတာတော့ မဟုတ်ဘူးမလား”
ခုန်မင်က ခပ်ဖျော့ဖျော့ပြုံးလိုက်ရင်း တည်ငြိမ်သည့်လေသံဖြင့်...
“တိုရီယာလက်စွပ်က သိုလှောင်လက်စွပ်တစ်ခုပါ”
သူက ဆက်ပြောလိုက်သည်။
“သက်သေပြဖို့ဆိုတာ ရိုးရှင်းပါတယ် ၊ ဒီသိုလှောင်လက်စွပ်ရဲ့လုပ်ဆောင်ချက်ကို ဖွင့်လိုက်ပြီး ခင်ဗျားရဲ့ဆိုင်ခန်းထဲက ပစ္စည်းအားလုံးကို သိမ်းဆည်းလိုက်ရုံပါပဲ ၊ ဒါဆို အတည်ပြုနိုင်မယ်မဟုတ်လား ၊ ဒါပေမဲ့ တစ်ခုတော့ရှိတယ် ၊ ကျွန်တော့်လက်စွပ်ထဲ ထည့်လို့ရတဲ့ပစ္စည်းတွေအားလုံး ကျွန်တော့်ကို အပိုပေးရမယ် ၊ အဲဒီပစ္စည်းတွေထဲမှာ တန်ဖိုးကြီးတဲ့ပစ္စည်း တစ်ခုတလေပါနေရင်လည်း စကားပြန်ပြင်လို့မရဘူးနော်”