← Chapters

သိုလှောင်လက်စွပ်

Vol. 4 Ch. 52

သိုလှောင်လက်စွပ်

Vol. 4 Ch. 52

ခုန်မင်၏စကားများက ဆိုင်ရှင်လူအိုကြီးနားထဲသို့ သံရည်ပူလောင်းသည့်ပမာ ဝင်ရောက်လာပြီး အလွန်ပင် စိတ်အနှောက်အယှက် ဖြစ်စေသည်။

ခုန်မင်၏ ဆိုင်ခန်းထဲမှ ပစ္စည်းအားလုံးယူမည်ဆိုသော ပြောစကားက လူအိုကြီးကို စိတ်ဝိညာဉ်ထဲအထိ တုန်လှုပ်သွားစေသည်။

သူ၏ရိုးရှင်းသောပစ္စည်းများထဲတွင် မဖြစ်နိုင်လောက်အောင်တန်ဖိုးကြီးမားသည့် ရတနာပစ္စည်းတစ်ခု ဖုံးကွယ်နေမည်ဆိုလျှင် သူ့အနေဖြင့် မိုးလောက်ကြီးကျယ်သော ဆုံးရှုံးမှုကို ခံစားရမည် မဟုတ်ပါလား။

ထိုသို့ စိတ်ရှုပ်ထွေးစရာအတွေးများက အဘိုးအိုအား ခြောက်လှန့်နေပြီး သူ၏စိတ်အစဉ်မှာ ဆုံးဖြတ်မရစွာဖြင့် လည်ပတ်လို့နေသည်။

သူ၏ဆိုင်ခန်းထဲမှပစ္စည်းများက တောရိုင်းဒေသမှ ရှာဖွေတွေ့ရှိထားသော သာမန်အဆင်တန်ဆာများသာပင်။

ဤပစ္စည်းများက အလွန်တရာ တန်ဖိုးနည်းပါးလှကြောင်း သိရှိထားသည့်တိုင် သူက သာမန်လူတစ်ယောက်ဖြစ်လေရာ သူ့မျက်လုံးဖြင့် အကဲမဖြတ်နိုင်သည့် တန်ဖိုးကြီး ရတနာပစ္စည်းတစ်ခုပါနေမည်ကို စိုးရိမ်ခဲ့သည်။

လူအိုကြီးက ချက်ချင်းပင် သူ့ရှေ့မှ ပစ်စည်းများကို သေချာကိုင်တွယ်စစ်ဆေးလိုက်ပြီး တစ်ခုချင်းစီးကို သေချာပွတ်သပ်ကာ အဖိုးတန်ပစ္စည်းများဖြစ်နေမည်လားဟု တဒင်္ဂအတွင်း ဖော်ထုတ်ရန် စိတ်အားထက်သန်စွာ ကြိုးစားလိုက်သည်။

ခုန်မင်က စိတ်ရှုပ်ထွေးနေသည့်လူအိုကြီးကို ခဏမျှစူးစိုက်ကြည့်ရင်း...

“နည်းနည်းလောက်တော့ စိတ်ဒုက္ခခံနေလိုက်”

ဟု ညစ်ကျယ်ကျယ် တွေးလိုက်သည်။

အတန်ကြာမှ ခုန်မင်က တစ်ချက်ရယ်မောလိုက်ရင်း မော့ယွဲ့၏ နူးညံ့သည့်လက်လေးများကို ဆုပ်ကိုင်လျှက် နတ်ဘုရားတစ်ပါးကဲ့သို့သော ခမ်းနားမှုမျိုးဖြင့် ဆိုင်ထဲမှ ထွက်ခွာသွားလေသည်။

ဆိုင်ရှင်လူအိုကြီးမှာတော့ သူ၏ “ရတနာပစ္စည်း” များဖြင့် တစ်ယောက်တည်း ဗျာများရင်း ကျန်ရစ်ခဲ့ရှာသည်။

ခုန်မင်၏လုပ်ရပ်များကို တစ်ချိန်လုံး အသေးစိတ်ကြည့်ရှုနေခဲ့သော အကြီးအကဲ’ချင်တယ်’ ကတော့ ဒုတိယသခင်လေး၏ ပါးလွှာသောဉာဏ်ရည်နှင့် ထက်မြက်မှုများကို ပိုပြီးလေးစားလာမိသည်။

ပွဲ‌စျေးတန်းမှ ကုန်သည်များက အလွန်ပင် ကလိန်ကျသူများ ဖြစ်သည်။

ထိုသို့ကလိန်ဉာဏ်များသည့် ကုန်သည်အိုကြီးတစ်ယောက်ကို ဤမျှပြာယာခတ်သွားစေသည်အထိ လှည့်စားနိုင်သည်မှာ ခုန်မင် မည်မျှဉာဏ်ကောင်းကြောင်း ပြသနေသည်။

သို့သော် အချို့သောကိစ္စများက သတိထားရန်လိုအပ်သည်ဖြစ်ရာ ချင်တယ်က သခင်လေးကို သတိပေးစကားဆိုသင့်ကြောင်း ခံစားလာရသည်။

ထို့ကြောင့် သူက ရှေ့သို့ခြေလှမ်းလိုက်ပြီး ခုန်မင်နားနားကပ်ကာ တီးတိုးပြောဆိုလိုက်၏။

“ဒုတိယသခင်လေး... အဲဒီဆိုင်က လူအိုကြီးက... သသာမန်လူတစ်ယောက်မဟုတ်မှာ စိုးရွံ့မိပါတယ်”

ခုန်မင်က သိပြီးသားပုံစံဖြင့် တည်ငြိမ်စွာပင် ခေါင်းညိတ်ပြလိုက်သည်။

“အမှန်ပဲ...”

သူက တိုးလျသည့်လေသံဖြင့်...

“တောရိုင်းဒေသမျိုးနွယ်စုတွေအကြောင်း သိတဲ့သူ ၊ ပြီးတော့ နတ်သူငယ်မျိုးနွယ်တွေအကြောင်းကိုတောင် သိနေတယ် ၊ ဒီလိုလူက သာမန်တော့ မဟုတ်နိုင်ဘူး ၊ ဒါပေမဲ့ ငွေဒင်္ဂါးလေးနည်းနည်းပါးပါးရဖို့ ကလိန်ကျတယ်ဆိုတော့... ဒီလိုလူမျိုးကို ဘယ်လိုပြောရမလဲ ၊ သူက ခြေသလုံးအိမ်တိုင်တစ်ယောက်လို ဟန်ဆောင်နေတာလား ၊ ဒါမှမဟုတ် ဗီဇကိုက လောဘကြီးတာလား မသဲကွဲဘူး ၊ တစ်ခုတော့ရှိတယ်... ဒီလူအိုကြီး ကျွန်တော့်ကို ထပ်လာရှာမှာပဲ ၊ သူ ဒီည ကျွန်တော့်ကို လာမရှာဘူးဆိုရင် တစ်မှေးတောင် အိပ်ပျော်ရှာမှာ မဟုတ်ဘူး ၊ လောင်းရဲတယ်ဗျာ...”

ခုန်မင်၏စကားများကြောင့် ချင်တယ်မှာ ဆိုင်ရှင်လူအိုကြီးကို လည်ပြန်လှည့်ကြည့်လိုက်မိသည်။

အဘိုးကြီးကတော့ နောင်တနှင့် ဝေခွဲမရမှုများ ရောယှက်နေသည့် မချိတင်ကဲမျက်နှာဖြင့် ဆိုင်ခန်းထဲတွင် ငုတ်တုတ်ထိုင်နေဆဲပင်။

သူ့စိတ်ထဲမည်မျှရှုပ်ထွေးနေကြောင်း ထင်ရှားစွာပင် မြင်နိုင်သည်။

ချင်တယ် တွေးရင်းဖြင့် ရယ်မောလိုက်မိသည်။

ခုန်မင်၏ ထိုးထွင်းသိမြင်မှုက သိုင်းလောက၏ ဝါရင့်ပန်ကာ့ထိပ်သီး အဘိုးကြီးထက်ပင် ကျော်လွန်နေကြောင်း သဘောပေါက်လိုက်၏။

သူ စိတ်ချသွားပြီး ခုန်မင်နှင့် မော့ယွဲ့တို့ ဆိုင်ခန်းများကြား လှည့်လည်သွားလာနေသည်ကို ဆက်လက်စောင့်ကြည့်ပေးနေခဲ့သည်။

မော့ယွဲ့ကတော့ အလွန်အမင်းစိတ်လှုပ်ရှားနေပြီး သူမ၏မျက်ဝန်းများက ခုန်မင်၏လက်သန်းတွင်ဝတ်ဆင်ထားသော တိုရီယာလက်စွပ်ကိုသာ မျက်တောင်မခတ် စူးစိုက်ကြည့်နေသည်။

ထိုလက်စွပ်က အချိန်မရွေး ပန်းများပွင့်လာတော့မည့်အလားပင်။

နောက်ဆုံးတော့ မိန်းကလေးငယ်သည် သိချင်စိတ်ကိုထိန်းမထားနိုင်တော့ဘဲ မေးမြန်တော့သည်။

“သခင်လေး... အဲဒီလက်စွပ်က တကယ်ပဲ တိုရီယာလက်စွပ်လား”

ခုန်မင်က မြူးတူးစွာရယ်မောလိုက်ပြီး မော့ယွဲ့၏ခေါင်းလေးကို ညင်သာစွာပုတ်လိုက်သည်။

“ဒီလက်စွပ်က တိုရီယာလက်စွပ်အစစ်ပဲ ၊ ဒါပေမဲ့ သိုလှောင်လက်စွပ်ကို ဘယ်လိုဖွင့်ရမလဲဆိုတာတော့ ငါမသိသေးဘူး ၊ ဒါကြောင့် ချက်ချင်းသက်သေပြဖို့က နည်းနည်းတော့ခက်မယ်”

မော့ယွဲ့က လောကကြီးအကြောင်းနားမလည်သေးသော်လည်း ထူးခြားစွာဉာဏ်ရည်ထက်မြက်သူ ဖြစ်သည်။

သူမက ချက်ချင်းပင် ခုန်မင်ထံမှ ထွက်ပေါ်လာသော ထူးဆန်းသည့် ခရမ်း‌ရောင်နတ်ဘုရားအလင်းတန်းကို အမှတ်ရလိုက်မိသည်။

ထိုအလင်းတန်းကို အခြားသူများ မတွေ့မြင်နိုင်ဟုယူဆရသော်လည်း သူမကတော့ တွေ့မြင်လိုက်ရလေသည်။

ကြည့်ရသည်မှာ သခင်လေးက ထိုသို့သော လျှို့ဝှက်ဆန်းကြယ်သည့်နည်းလမ်းကို အသုံးပြုပြီး တိုရီယာလက်စွပ် အစစ်ဖြစ်ကြောင်း အတည်ပြုခဲ့ဟန်တူသည်။

အမှန်တကယ်ပင် သူမ၏သခင်လေး၏စွမ်းရည်က အကန့်အသတ်မရှိသလို သူ မလုပ်ဆောင်နိုင်သည့်အရာဟူ၍ မရှိသည်ပင်။

ခုန်မင်က တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်ကို သူမအားသင်ကြားပေးပြီးနောက်ပိုင်း မော့ယွဲ့က သခင်လေးကို အနန္တတန်ခိုးရှင်တစ်ယောက်ပမာ ရှုမြင်လာခဲ့သည်။

သို့ဖြစ်ရာ သခင်လေးကသာ “ဤလက်စွပ်က တိုရီယာလက်စွပ်ဖြစ်သည်” ဟု ပြောဆိုလျှင် ထိုလက်စွပ်သည် သံသယဝင်စရာမရှိ တိုရီယာလက်စွပ် ဖြစ်ရပေမည်။

မော့ယွဲ့စိတ်ထဲ နတ်သားရဲမျိုးနွယ်စု၏ ရှေးဟောင်းဒဏ္ဍာရီများကို အမှတ်ရမိသည်ဖြစ်ရာ ထုတ်မပြောဘဲ မနေနိုင်တော့ပေ။

သူမက စိတ်အားထက်သန်စွာဖြင့်...

“သခင်လေး... ကျွန်မတို့ နတ်သားရဲမျိုးနွယ်စုမှာ တိုရီယာလက်စွပ်နဲ့ပတ်သက်တဲ့ ပုံပြင်တွေ အများကြီးရှိတယ် ၊ တကယ်တော့ ဒီလက်စွပ်ကိုဖွင့်ဖို့က အရမ်းရိုးရှင်းပါတယ် ၊ ဝိညာဉ်စွမ်းအားသုံးလိုက်ရုံကလွဲပြီး ဘာမှမလိုအပ်ပါဘူး ၊ ဒါပေမဲ့ ကျွန်မ စောစောက တိတ်တိတ်လေးကြိုးစားကြည့်တော့ လက်စွပ်က ဘာမှမတုံ့ပြန်ခဲ့ဘူး”

ပြောပြီးသည်နှင့် မော့ယွဲ့က အနည်းငယ်ရှက်ရွံ့သွားဟန် ခေါင်းငုံ့ချလိုက်သည်။

“ဝိညာဉ်စွမ်းအား ဟုတ်လား...”

ထိုစကားလုံးက ခုန်မင်၏စိတ်ဝင်စားမှုကို နှိုးဆွလိုက်ပြီး ၊ သူ အတွေးထဲ ခဏမျှနစ်မျောသွားရသည်။

“ဝိညာဉ်စွမ်းအား” ဆိုသော ပကတိအဓိပ္ပါယ်အရ စိတ် ၊ ဝိညာဉ်နှင့် ဆက်စပ်နေပုံရသည်။

ထိုအရာက စိတ်ဝိညာဉ်စွမ်းအား ၊ စိတ်စွမ်းအား သို့မဟုတ် စိတ်ဆန္ဒတစ်ခုခုနှင့် ဆင်တူမည်လား။ ထိုသို့ဆိုလျှင် စိတ်ဝိညာဉ်စွမ်းအားကို ဝိညာဉ်စွမ်းအားအဖြစ် အစားထိုးအသုံးပြုနိုင်မည်လား။

ထိုသို့တွေးမိသည်နှင့် ခန်ုမင်က စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

မရေမတွက်နိုင်သော စကြာဝဠာများကိုဖြတ်သန်းခဲ့ရသော ခုန်မင်၏ စိတ်ဝိညာဉ်စွမ်းအားက ထူးခြားထက်မြက်ပြီး ပြိုင်ဘက်ကင်းဖြစ်သည်။

လက်ရှိကမ္ဘာတွင် မည်သူမှ သူနှင့်မယှဉ်နိုင်ဟုပင် ဆိုနိုင်၏။

သာမန်ကျင့်ကြံသူများအတွက် ဝိညာဉ်စွမ်းအားကိုထိန်းချုပ်ခြင်းက ပင်ပန်းလွန်းသောအလုပ်ဖြစ်သော်လည်း ခုန်မင်အတွက်ကတော့ အသက်ရှူရသလိုပင် လွယ်ကူသည်။

သူ့အနေဖြင့် ဝိညာဉ်စွမ်းအားကို လွယ်ကူစွာ ထုတ်လွှတ်နိုင်စွမ်းရှိသည်။

သူက ဝိညာဉ်စွမ်းအားကိုထုတ်လွှတ်ပြီး တိုရီယာလက်စွပ်ထံပို့ဆောင်လိုက်သည်နှင့် ဒဏ္ဍာရီလာ သန့်စင်သောရတနာပစ္စည်းက ချက်ချင်း အသက်ဝင်လာသည်။

ရုတ်တရက်ပင် သိုလှောင်လက်စွပ်၏တံခါးပွင့်လာပြီး ခဏအတွင်းမှာပင် ခုန်မင်၏ဝိညာဉ်စွမ်းအားက ပြီးပြည့်စုံသည့် လေးထောင့်ပုံစံ သိုလှောင်နေရာအတွင်းသို့ ဝင်ရောက်သွားသည်။

သူ၏ဝိညာဉ်စွမ်းအားက သိုလှောင်နေရာအတွင်းဝင်ရောက်သွားသည့်တိုင် ရုပ်ခန္ဓာဖြင့် အဆက်ပြတ်သွားခြင်း မရှိပေ။

တစ်ချက်အာရုံညွှတ်လိုက်သည်နှင့် သူ၏ဝတ်ရုံထဲတွင်သိမ်းဆည်းထားသော ရွှေနှင့် ငွေစက္ကူများ ၊ မော့ယွဲ့အတွက်ဝယ်ထားသည့်ဆံထိုးလေး ၊ အလင်းဖောက်ထွင်းဓားမြောင် ၊ ပန်းပဲပညာကျမ်း ၊ ဒြပ်စင်စွမ်းအားပြန်လည်ဖြည့်တင်းဆေး ၊ စိတ်တည်ငြိမ်ဆေးနှင့် အခြားပစ္စည်းများအားလုံး သိုလှောင်လက်စွပ်၏ နေရာလွတ်ထဲသို့ အံ့သြဖွယ်ရာပင် ရောက်ရှိသွားကြသည်။

သူက စိတ်အာရုံညွှတ်လိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ ငွေစက္ကူတစ်စောင်ကို ဆင့်ခေါ်လိုက်သည်နှင့် ချက်ချင်းပင် သူ၏လက်ထဲသို့ ရောက်ရှိလာလေသည်။

ထိုသို့ပြုလုပ်နိုင်သွားသည်နှင့် ခုန်မင် အလွန်ဝမ်းသာသွားသည်။

ဤသို့သော သိုလှောင်လက်စွပ်ကိုပိုင်ဆိုင်ထားခြင်းက သူ၏ကြိုးပမ်းမှုများစွာကို အဆင်ပြေစေမည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

အနည်းဆုံးတော့ သူ၏အရေးပါသောပစ္စည်းများကို အခြားသူများမသိအောင် ဤနေရာတွင် သိုဝှက်သိမ်းဆည်းထားနိုင်မည်ဖြစ်သည်။

သူက သိုလှောင်နေရာကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်လိုက်သည်။

ထိုနေရာ၏ အတိုင်းအတာ—အလျား၊ အနံ၊ အမြင့်—တစ်ခုစီသည် အနီးစပ်ဆုံး မီတာ တစ်ရာခန့် ကျယ်ပြန့်သည်။ တွက်ချက်ကြည့်လျှင် ဤသိုလှောင်နေရာ၏ ထုထည်က အံ့အားသင့်ဖွယ် ကျယ်ပြန့်လှသည်။

သုံးပြည်ထောင်ခေတ်တွင်သာ ဤသို့သောရတနာပစ္စည်းမျိုး ပိုင်ဆိုင်ခဲ့မည်ဆိုပါက စပါး တင်းပေါင်းလေးသောင်း ငါးသောင်းခန့်ကို သိုလှောင်ထားနိုင်မည်ဖြစ်ပြီး စစ်သည်တစ်သိန်းပါသော စစ်တပ်ကို (၆)လခန့် ထောက်ပံ့ရန် လုံလောက်ပေမည်။

ဤသို့သောရိက္ခာပစ္စည်းများဖြင့်ဆိုလျှင် (၆)ကြိမ်တိုင်တိုင် ထိုးစစ်ဆင်ခဲ့သော ချီစန်းတောင်စစ်ပွဲများတွင် သူ့ဘက်မှ နယ်မြေတစ်လက်မမှမရရှိဘဲ အဆုံးသတ်သွားမည် မဟုတ်ပေ။

ခုန်မင်၏အတွေးများက တစ်ခဏမျှ အတိတ်တစ်ချိန်သို့ လွင့်မျောသွားပြီး သူက ချက်ချင်းပင် စိတ်ကိုထိန်းချုပ်ကာ ပစ္စုပ္ပန်သို့ ပြန်လည်ရောက်ရှိလာသည်။

သိုလှောင်ရတနာများက ထျန်းယွမ်ကုန်းမြေမှာပင် အလွန်ရှားပါးသော ရတနာများ ဖြစ်သည်။ ထူးခြားလွန်းပါသည်ဆိုသော သိုလှောင်ရတနာတစ်ခုသည်ပင် အခန်းတစ်ခန်းထက်ပိုမကြီးသည့် သိုလှောင်နေရာတစ်ခု ပေးစွမ်းနိုင်သည်။

တိုရီယာလက်စွပ်မှာတော့ အလွန်တရာကြီးမားသော သိုလှောင်စွမ်းရည်ရှိနေခြင်းမှာ ၎င်း၏ ရှေးဟောင်းအမွေအနှစ်ဆိုသော နာမည်ဂုဏ်သတင်းနှင့် ထိုက်တန်သည်။

‘နတ်မျက်စိဖြင့်သုံးသပ်ခြင်း’ တန်ခိုးစွမ်းအားက ဤပစ္စည်းကို “အလွန်တန်ဖိုးကြီးမားသည်” ဟု သတ်မှတ်သည်မှာ အံ့သြစရာမရှိတော့ပေ။

ဤမျှရှားပါးသောရတနာပစ္စည်းကို သာမန် အလယ်ဆင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များနှင့် နှိုင်းယှဉ်ရန်ပင် မဖြစ်နိုင်ပေ။

တိုရီယာလက်စွပ်၏ သိုလှောင်နေရာ လုပ်ဆောင်ချက်ကို စမ်းသပ်အတည်ပြုပြီးနောက် ခုန်မင်က မော့ယွဲ့ကို လှမ်းကြည့်ပြီး ပြုံးပြလိုက်သည်။

“ယွဲ့အာ... တိုရီယာလက်စွပ်အသုံးပြုဖို့အတွက် မင်းပြောတဲ့ ဝိညာဉ်စွမ်းအားဆိုတာက ဒီလောက်လည်း မလိုအပ်လှပါဘူး”

ပြောပြီးသည်နှင့် သူက မော့ယွဲ့အတွက် ဝယ်ယူထားသည့်ဆံထိုးလေးကို စိတ်အာရုံပြုပြီး သိုလှောင်နေရာထဲမှ ထုတ်ယူလိုက်ရာ ၊ ဆံထိုးလေးက မျက်လှည့်ပြသည့်ပမာ သူ့လက်ထဲတွင် ထွက်ပေါ်လာလေသည်။

ဤသည်ကိုမြင်တော့ မော့ယွဲ့မျက်ဝန်းလေးများက ပျော်ရွှင်မှုဖြင့် လင်းလက်သွားပြီး ရွှင်မြူးစွာဖြင့် အော်ဟစ်လိုက်သည်။

“သခင်လေး... ဒီဆံထိုးလေးကို သိုလှောင်လက်စွပ်ထဲက ထုတ်ယူလိုက်တာလား”

သူမက ဆက်ပြောလိုက်သည်။

“နတ်သူငယ်မျိုးနွယ်ရဲ့ သန့်စင်တဲ့အမွေအနှစ်ကိုတောင် သခင်လေးက ထိန်းချုပ်နိုင်တယ်ဆိုတော့... သခင်လေးက တကယ့်ကိုထူးခြားတဲ့သူပဲ”

All Chapters