လေလံပွဲ
Vol. 4 Ch. 53
မော့ယွဲ့မျက်ဝန်းထဲမှ လေးစားမြတ်နိုးမှုကိုတွေ့လိုက်ရသည့်အခါ ခုန်မင်က မထိန်းနိုင်ဘဲ ကျေနပ်စွာရယ်မောလိုက်မိသည်။
“ယွဲ့အာ... မင်း ငါ့အနားမှာနေပြီး အဆက်မပြတ်ကျင့်ကြံမယ်ဆိုရင်... အချိန်ကြာလာရင်... မင်းလည်း ဒီ တိုရီယာလက်စွပ်ကို အသုံးပြုနိုင်မှာပါ”
တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်ကိုကျင့်ကြံရာတွင် မော့ယွဲ့က ပါရမီရှိပြီး ထူးချွန်သူဖြစ်ကြောင်း ငြင်းမရနိုင်ပေ။
ဤနတ်ဘုရားကျင့်စဉ်က ရုပ်ခန္ဓာကို သန့်စင်ပြီး ပြုပြင်ပေးရုံသာမက ဝိညာဉ်ကိုပါ သန့်စင်ပေးသည်။ ဤကျင့်စဉ် ပထမအဆင့်ကို အောင်မြင်သွားပါက မော့ယွဲ့အနေဖြင့် ရုပ်ခန္ဓာသာမက ဝိညာဉ်စွမ်းအားပါ မြင့်တက်လာပေလိမ့်မည်။
ထိုသို့ဆိုလျှင် သူမသည်လည်း တိုရီယာလက်စွပ်ကို အသုံးပြုနိုင်ပေလိမ့်မည်။
ခုန်မင်၏ စကားများကိုကြားတော့ မော့ယွဲ့စိတ်ထဲ မျှော်လင့်ချက်များ ပြည့်လျှံလာသည်။
သူမက ကြည်လင်မြူးတူးသည့်အသံလေးဖြင့်...
“သခင်လေးက ဖြစ်နိုင်တယ်လို့ပြောရင် တကယ်ဖြစ်နိုင်လို့ပဲ ဖြစ်ရမယ် ၊ ယွဲ့အာ နှစ်ဆတိုးပြီး ကြိုးစားပါ့မယ်”
မော့ယွဲ့ စိတ်လှုပ်ရှားသလို စိတ်ဓာတ်လည်းတက်ကြွလာသည်ဖြစ်ရာ သူမ၏အမူအရာက ဆိုင်ခန်းများကို လှည့်လည်ကြည့်ရှုစဉ်ကထက် ပိုမိုသွက်လက်လာသည်။
ယုံကြည်ချက် ပိုရှိလာသည့်အတွက် သူမစိတ်ဝင်စားသည့်ပစ္စည်းများကို ဝယ်ယူရာတွင်လည်း တုံ့ဆိုင်းမှုမရှိတော့ပေ။ သူမက ယုံကြည်ချက်အသစ်ကိုဆုပ်ကိုင်လျှက် ပျော်ရွှင်မြူးတူးစွာ လိုချင်သည်များကို ဝယ်ယူနေလေတော့သည်။
တိုရီယာလက်စွပ်ကိုပိုင်ဆိုင်ထားပြီဖြစ်ရာ မော့ယွဲ့အနေဖြင့် မည်မျှများပြားသောပစ္စည်းများဝယ်ယူပါစေ သိမ်းဆည်းစရာ နေရာမရှိမည်ကိုစိတ်ပူစရာမလိုတော့ပေ။
မော့ယွဲ့စိတ်ထဲတွင် မျှော်လင့်ချက်တစ်ခုသည်လည်း တိတ်တဆိတ် ရှိနေလေသည်။
သူမ၏သခင်လေးက နတ်ဘုရားဆန်သောစွမ်းအားကို ထပ်မံထုတ်လွှတ်ကာ နောက်ထပ်ထူးခြားသော ရတနာပစ္စည်းများကို ဖော်ထုတ်ဦးမည်လားဆိုသော မျှော်လင့်ချက် ဖြစ်သည်။
သို့သော် ပစ္စည်းတစ်ခုကို ပေါချောင်ကောင်း ရရှိခြင်းဆိုသည်က သာမန်ကံကောင်းခြင်းမျိုး မဟုတ်ပေ။
ခုန်မင်ကတော့ တိုရီယာလက်စွပ်ကဲ့သို့ ထူးခြားသောရတနာပစ္စည်းတစ်ခုကို ရရှိထားပြီးဖြစ်သဖြင့် အလွန်ကျေနပ်နေခဲ့သည်။
သူဆိုင်ခန်းများကို လှည့်လည်ဖြတ်သန်းနေခြင်းမှာ မော့ယွဲ့အပြည့်အဝ ပျော်ရွှင်စွာလည်ပတ်နိုင်ရန် လိုက်ပို့ပေးနေခြင်းသာ ဖြစ်၏။
သူတို့သတိမထားမိခင်မှာပင် လေလံပွဲပတ်ဝန်းကျင်မှ ဆိုင်ခန်းအားလုံးနီးပါးအား တစ်ပတ်ပတ်ပြီးနေလေပြီ။ သို့ဖြစ်ရာ ခုန်မင်က လေလံပွဲခန်းမအတွင်းဝင်ရောက်ပြီး ပင်မလေလံပွဲတွင်ပါဝင်ရန် ဆုံးဖြတ်လိုက်သည်။
မော့ယွဲ့က အလွန်ဉာဏ်ထက်သော ကောင်မလေးဖြစ်လေရာ ဆေးဆိုင်ခန်းများကို တစ်ပတ်ပတ်ပြီးသွားသည်နှင့် အတော်လေးအမြင်ကျယ်လာခဲ့သည်။
အမြင်ကျယ်လာမှုနှင့် ခုန်မင်၏အားပေးမှုတို့ကြောင့် သူမ၏အမြင်နှင့်ယုံကြည်ချက်များပွင့်လန်းလာပြီး အစောပိုင်းကလို ရှက်ရွံ့တွန့်ဆုတ်နေခြင်းမရှိတော့ဘဲ ယုံကြည်ချက်အပြည့်ဖြင့် ကျက်သရေရှိစွာ တည်ငြိမ်သောပုံစံလေး ဖြစ်သွားသည်။
ခွန်းကာမြို့ ၊ ကုန်သွယ်ရေးအသင်းချုပ်မှ ကြီးမှူးကျင်းပသော လေလံပွဲက အကြီးမားဆုံး စည်းစိမ်ဥစ္စာများ စုစည်းရာရင်းမြစ်ဖြစ်သည်။
လေလံခန်းမ၏ ခမ်းနားထည်ဝါမှုကပင် ထိုအချက်ကို ထင်ဟပ်ပြသထားပေသည်။
မော့ယွဲ့သာ တောရိုင်းဒေသမှ ထွက်ခွာလာခစအချိန်ဆိုလျှင် အလွန်တရာ ခမ်းနားကြီးကျယ်သောမြင်ကွင်းကိုကြည့်ရင်း ထိန်းမနိုင်သိမ်းမရ အံ့သြမှင်တက်သွားမည် ဖြစ်သည်။
သို့သော် ယခုတော့ သခင်လေးက သူမအနားတွင်ရှိနေသည်ဖြစ်ရာ ရှက်ရွံ့တွန့်ဆုတ်ခြင်းမရှိဘဲ ယုံကြည်ချက်အပြည့် ရှိနေခဲ့သည်။
သို့ဖြစ်ရာ ကြီးကျယ်ခမ်းနားသော လေလံပွဲကြီးကို တွေ့မြင်လိုက်ရသည့်တိုင် သူမက တည်ငြိမ်စွာဖြင့် ရှိနေလေသည်။
ပင်မလေလံခန်းမကြီးက ဧရိယာ စတုရန်းမီတာ ထောင်နှင့်ချီပြီး ကျယ်ဝန်းသည်။
အလယ်ဗဟိုတွင် လေလံစင်မြင့်ရှိနေပြီး ထိုစင်မြင့်ကြီးအား အဆင့်အလိုက် သီးသန့်အခန်းငယ်များဖြင့် ဝိုင်းရံထားသည်။
အခန်းငယ်တစ်ခုစီတွင် နံပါတ်တစ်ခုစီတပ်ထားပြီး ထိုနံပါတ်များကို လေလံစင်မြင့်ထက်မှ ရှင်းလင်းစွာ မြင်ရနိုင်သည်။ လေလံပွဲလုပ်ငန်းစဉ်က အလွန်စနစ်ကျနပြီး လေလံတင်သူများ ၊ လေလံဆွဲသူများ၏ သီးသန့်လုံခြုံမှုကို အပြည့်အဝ အာမခံထားသည်။
ဤအစီအစဉ်က ဝယ်သူ ရောင်းသူ နှစ်ဖက်လုံး ကျေနပ်စေမည့် ကုန်သွယ်မှုပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသည်။
ခွန်းကာမြို့ ၊ ပင်မလေလံပွဲကြီးက နှစ်စဉ်ကျင်းပလေ့ရှိပြီး ရာစုနှစ်တစ်ခုကျော်ကြာအောင် သက်တမ်းရှိပြီ ဖြစ်၏။
အစပိုင်းတွင် မြို့ထဲရှိ သေးငယ်သောခန်းမထဲတွင် ကျင်းပခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ နာမည်ကြီးလေလံပွဲတစ်ခု ဖြစ်လာခဲ့သည်။
ယခု အခါမှာတော့ ဤလေလံပွဲကြီးက မိုင်တစ်ထောင်ပတ်ဝန်းကျင်အတွင်း ထင်ရှားသည့် မျိုးနွယ်များ ၊ လူချမ်းသာများနှင့် ဒေသခံအာဏာပိုင်များ၏အာရုံကို ဆွဲဆောင်ထားပြီး ၊ သူတို့အားလုံးက လေလံတင်ရောင်ချမှုနှင့် လေလံဆွဲခြင်းများတွင် ပါဝင်ရခြင်းအား ဂုဏ်ယူဖွယ်အဖြစ် မှတ်ယူကြသည်။
ခွန်းကာမြို့ ၊ ကုန်သွယ်ရေးအသင်းချုပ်၏ လိမ္မာပါးနပ်သောစီမံခန့်ခွဲမှုကြောင့် လေလံပွဲက အလွန်နာမည်ကြီးလာသော်လည်း လေလံတင်ရောင်ချခြင်းကို နှစ်စဉ် နေရာပေါင်း(၃၀၀)အတွက်သာ တင်းကျပ်စွာ ကန့်သတ်ထားသည်။
ကုန်သွယ်ရေးအသင်းချုပ်ကို ဖယ်လိုက်မည်ဆိုလျှင် ခုန်အိမ်တော် ၊ ချန်အိမ်တော်နှင့် မြို့တော်ဝန်’လောကျန့်’ တို့က နေရာ(၃)ခု ဦးစွာယူထားပြီးသားဖြစ်သည်။
လေလံပွဲ၏ ကျန်ရှိသောနေရာများ ရရှိရန်အတွက် အင်အားစုများ ၊ အိမ်တော်များနှင့် အဖွဲ့အစည်းများမှာ အပြင်းအထန် ယှဉ်ပြိုင်လုယူကြရသည်။
ထိုသို့အပြင်းအထန်ယှဉ်ပြိုင်ကြခြင်းကပင် နှစ်စဉ်လေလံပွဲ၏ ထက်သန်မှုနှင့် နာမည်ကျော်ကြားမှုကို ပို၍တွန်းအားပေးခဲ့သည်။
ခွန်းကာမြို့က နယ်စွန်နယ်ဖျားဒေသတွင်တည်ရှိသော်လည်း မိုင်တစ်ထောင်ပတ်လည်အတွင်း ထင်ရှားကျော်ကြားသည့် မြို့တော်တစ်ခု ဖြစ်သည်။
အနီးပတ်ဝန်းကျင်ရှိ မြို့ငယ်များနှင့် ရွာများတွင် သူဌေးသူကြွယ်များ ၊ ဒေသခံမျိုးနွယ်များ အများအပြားနေထိုင်ကြသည်။
ထိုဒေသခံအင်အားစုများ ပေါင်းစည်းလိုက်လျှင် သူတို့၏သြဇာအာဏာက တစ်ခါတစ်ရံ ခွန်းကာမြို့၏ အင်အားကြီး အုပ်စု(၄)စုထက်ပင် ကျော်လွန်သည်အထိ ဖြစ်ရသည်။
ထို့ကြောင့် နှစ်စဉ်လေလံပွဲကို ခုန်မျိုးနွယ်နှင့် ချန်မျိုးနွယ်များကပဲ လက်ဝါးကြီးအုပ်ထားနိုင်သည် မဟုတ်ပေ။
ဒေသခံအင်အားစုများသည်လည်း နဂါးများနှင့်မြွေများပမာ စွမ်းဆောင်ရည်ရှိကြသည်ဖြစ်ရာ ခွန်းကာမြို့ အင်အားကြီးအုပ်စုများ၏ ပကတိအင်အားဖြင့် လွှမ်းမိုးနိုင်စွမ်းမရှိသည်များလည်း ကြုံတွေ့ရတတ်သည်။
ထို့ကြောင့် လေလံပွဲတွင် မည်သည့်အုပ်စုကမှ စိန်ခေါ်မှုကင်းလွတ်သည့် အချုပ်အခြာအာဏာကို ပိုင်ဆိုင်နိုင်ခြင်း မရှိကြပေ။
တိုတိုပြောရလျှင် လေလံပွဲသည် ခမ်းနားကြီးကျယ်ရုံသာမက ခွန်းကာမြို့နှင့် မြို့တော်ပတ်ဝန်းကျင်မှ အင်အားကြီးအုပ်စုများ အားစမ်းရာနေရာလည်း ဖြစ်သည်။
ခုန်မင် ငယ်စဉ်က ခုန်ကျွင်းနှင့်အတူ လေလံပွဲသို့ တစ်ခေါက်လိုက်ခဲ့ဖူးသော်လည်း ဝိညာဉ်ပြယ်လွင့်ဆေးမှုန့်၏ သားကောင်ဖြစ်ခဲ့ရပြီးနောက် ဤလေလံပွဲနှင့် (၅)နှစ်ကြာအောင် ကင်းကွာခဲ့ရသည်။
ယခုမှသာ လေလံခန်းမအတွင်းသို့ ထပ်မံခြေချနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤလေလံခန်းမထဲမှပစ္စည်းများက တိုရီယာလက်စွပ်နှင့်ယှဉ်နိုင်သည့် ရတနာပစ္စည်းတစ်ခုကို ပေးစွမ်းနိုင်ပါမည်လား။
ယခင်လေလံပွဲများတွင်တော့ ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်ကျင့်စဉ်များနှင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်များ ပေါ်ထွက်ခဲ့ဖူးသော်လည်း ရှားပါးမှုနှင့်တန်ဖိုးအရာတွင် နတ်သူငယ်မျိုးနွယ်စု၏ သန့်စင်သောအမွေအနှစ်ပစ္စည်းဖြစ်သော တိုရီယာလက်စွပ်အား လိုက်မီနိုင်ခြင်း မရှိပေ။
သို့သော် လေလံပွဲ နောက်ဆုံးအဆင့်တွင် ပစ္စည်းခြင်းဖလှယ်သည့် ရောင်းဝယ်ရေးအစီအစဉ်တစ်ခုပါဝင်ပြီး ၊ ထိုအစီအစဉ်အရ ထူးခြားသောပစ္စည်းများ ရရှိရန် အခွင့်အရေး ရှိပေသည်။
ခုန်မင်ကတော့ နတ်မျက်စိအကူအညီဖြင့် ပေါချောင်ကောင်းပစ္စည်းများ ထပ်မံရရှိအောင် ကြံစည်နိုင်သည်။ သူ့အတွက်တော့ ပစ္စည်းကောင်းများရရှိရန်မှာ ဤပစ္စည်းခြင်းဖလှယ်သည့် အစီအစဉ်ပေါ်တွင် မူတည်နေပေ၏။
ခုန်အိမ်တော်က ခွန်းကာမြို့တွင် သြဇာကြီးမားသည်ဖြစ်ရာ လေလံပွဲတွင် အထူးအလေးပေးခံရပြီး အခမ်းနားဆုံး သီးသန့်အခန်းငယ်တစ်ခု ပေးအပ်ခြင်းခံရသည်။
ထိုအခန်းငယ်တွင် အပြင်သို့ထွက်ရန် တိုက်ရိုက်ဖောက်လုပ်ထားသော လျှို့ဝှက်လမ်းကြောင်းတစ်ခု ပါရှိပြီး ခုန်အိမ််တော်အတွက် သီးသန့်လုံခြုံမှုနှင့် အဆင်ပြေမှုရှိစေရန် အာမခံချက် အပြည့်ပေးထားသည်။
ဤသို့သော အထူးသီးသန့်ခန်းများတွင် လိုအပ်သည်များကို ကူညီပေးရန်အတွက် ကုန်သွယ်ရေးအသင်းချုပ်က အစေခံများ ထားရှိပေးလေ့ရှိသည်။
သို့သော် ခုန်မင်က သူ့ထံတွင် အစေခံရှိပြီးသားဟု အကြောင်းပြပြီး ထားရှိပေးသည့်အစေခံများကို ငြင်းပယ်လိုက်၏။
ခုန်မင်က အထူးသီးသန့်ခန်းထဲတွင် ခုန်ကျွင်းနှင့် တွေ့ဆုံသသည်နှင့် အပြင်ဘက်ဆိုင်ခန်းများတွင် ဖြစ်ပျက်ခဲ့သည့်ကိစ္စကို ပြောပြလိုက်သည်။
ခုန်ကျွင်းက တိရီယာလက်စွပ်အကြောင်း တစ်ခါမှ မကြားဖူးခဲ့ပေ။ သို့သော် သိုလှောင်လက်စွပ်ဖြစ်သည်ဆိုသော အချက်တစ်ခုတည်းဖြင့် အလွန်တရာတန်ဖိုးကြီးမားကြောင်း နားလည်သွားသည်။
ထို့ကြောင့် ခုန်မင်၏စကားကိုကြားသည်နှင့် ခုန်ကျွင်း အလွန်အမင်း ပျော်ရွှင်ဝမ်းသာသွားခဲ့သည်။
ဤသို့သောရတနာပစ္စည်းမျိုး လက်ထဲရောက်လာပြီဖြစ်ရာ လေလံပွဲတွင် မည်သည့်အကျိုးအမြတ်မှ မရရှိလျှင်တောင် သိပ်ပြီးအရေးစိုက်တော့မည် မဟုတ်ပေ။
ထို့ပြင် မော့ယွဲ့အပေါ် သူ၏အမြင်သည်လည်း သိသာစွာပြောင်းလဲသွားပြီး ယခုတော့ မိန်းကလေးငယ်အား ခုန်မင်၏ ကံကောင်းခြင်းကြယ်စင်လေးအဖြစ် ရှုမြင်လာတော့သည်။
ခုန်ကျွင်းက ခုန်မင်၏ နတ်မျက်စိစွမ်းအားကို မသိရှိသဖြင့် တိုရီယာလက်စွပ် ရရှိခဲ့ခြင်းမှာ နတ်သားရဲမျိုးနွယ်စုဝင်ဖြစ်သော မော့ယွဲ့၏ ဉာဏ်ရည်ထက်မြက်မှုနှင့် ဗဟုသုတကြောင့်ဖြစ်သည်ဟု ယူဆခဲ့ခြင်းပင်။
ခုန်ကျွင်းက ခုန်မင်ကိုလည်း အလွန်ချစ်ခင်သည်ဖြစ်ရာ ထိုချစ်ခြင်းဖြင့်ပင် မော့ယွဲ့ကိုလည်း အပြင်လူတစ်ယောက်ပမာ မဆက်ဆံတော့ဘဲ မျက်နှာသာပေးလာခဲ့သည်။
ခုန်မင်က လူအများရှေ့တွင် တိုရီယာလက်စွပ်၏ အံ့မခန်းစွမ်းရည်များကိုပင် ပြသခဲ့လေရာ အံ့အားတသင့် အော်ဟစ်သံများပင် ထွက်ပေါ်လာခဲ့သည်။
ထိုသို့ဖြင့် လေလံပွဲလည်း စတင်ခဲ့လေသည်။
ခမ်းနားသောအနီရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး လှပကျော့ရှင်းလွန်းသည့် မေလင်က လေလံစင်မြင့်ထက်သို့ ကျက်သရေရှိစွာ တက်လှမ်းလာသည်။
ခွန်းကာမြို့ ၊ လေလံပွဲဂုဏ်သတင်း နှစ်ပေါင်းများစွာကျော်ကြားနေခြင်းမှာ သူမ၏စွမ်းဆောင်မှုကြောင့်ပင် ဖြစ်သည်။
မေလင်က လေလံပွဲ စီစဉ်သူဖြစ်သလို သူမ၏ အလှတရား ၊ လူမှုဆက်ဆံရေးကောင်းမွန်မှု ၊ ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် ကျွမ်းကျင်သူတစ်ယောက်အဖြစ် ရပ်တည်နေမှုများက သူမ၏ဂုဏ်သိက္ခာကို ထပ်မံဖြည့်စွမ်းပေးခဲ့သည်။
သူမလက်ဖြင့် ထိလိုက်သည့်ပစ္စည်းတိုင်းက စျေးနှုန်း (၁၀)ရာခိုင်နှုန်းမှ (၃၀)ရာခိုင်နှုန်းအထိ မြင့်တက်သွားသည့်တိုင် လေလံဆွဲသူများက ထိုပစ္စည်းကိုရရှိရန် အပြိုင်အဆိုင် အပြင်းအထန် ယှဉ်ပြိုင်ကြဆဲပင်။