← Chapters

ရေဒြပ်စင်စွမ်းအားအမြုတေ

Vol. 4 Ch. 54

ရေဒြပ်စင်စွမ်းအားအမြုတေ

Vol. 4 Ch. 54

ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် ကျင့်ကြံသူတစ်ယောက်က ယခုကဲ့သို့ လူရှေ့ထွက်သည့်ကိစ္စများတွင် ကိုယ်တိုင်ပါဝင်နေခြင်းမှာ လူအများမျက်လုံးထဲတွင် သူမ၏ ရှိရင်းစွဲဂုဏ်သိက္ခာနှင့် မထိုက်တန်ဟု ထင်စရာရှိသည်။

သို့သော် မေလင်က ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်တိုင် စီးပွားရေးသမား ကုန်သည်တစ်ယောက်လည်း ဖြစ်လေရာ သူမ၏အမြင်က ခုန်ကျွင်း ၊ ချန်ရှီး ၊ လောကျန့်တို့နှင့် သိသာစွာ ကွာခြားသည်။

စီးပွားရေးသမားတစ်ယောက်အတွက် အမြတ်အစွန်းနှင့် အကျိုးအမြတ်သာလျှင် အဓိကျသည်။

လေလံပွဲတွင် ကိုယ်တိုင်ပါဝင်ခြင်းက လုံလောက်သောအကျိုးအမြတ်ရရှိမည်ဆိုလျှင် မေလင်အနေဖြင့် ရှေ့မထွက်နိုင်စရာ အကြောင်းမရှိပေ။

မေလင် လေလံပွဲခန်းမ စင်မြင့်ထက်သို့ တက်လှမ်းလိုက်သည်နှင့် ထိုနေရာရှိလေထုက တက်ကြွက်သော စိတ်လှုပ်ရှားမှုများဖြင့် ပေါက်ကွဲထွက်သွားသည်။

ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးဖြစ်သော သူမသည် လူအများအတွက် မထိတွေ့နိုင်သော၊ ခမ်းနားပြီး လက်လှမ်းမီရန်မဖြစ်နိုင်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။

သို့သော် သူမ၏ ရင်သပ်ရှုမောဖွယ်အလှကို အနည်းငယ်မျှ စိတ်ကူးယဉ်ခံစားကြည့်လိုခြင်းက ပြစ်မှုမြောက်သည်ဟု မဆိုနိုင်ပေ။

လေလံပွဲတက်ရောက်သူအချို့က သူမထွက်ပေါ်လာသည်နှင့် ရဲတင်းစွာပင် လက်ခေါက်မှုတ်ကာ အားပေးလိုက်ကြသည်။

အခြားသော ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် ကျင့်ကြံသူဆိုလျှင် ထိုသို့သော ရဲတင်းစွာပြုမူသူများရှေ့သို့ ချက်ချင်းရောက်သွားပြီး ပြာမှုန့်ဖြစ်သည်အထိ လက်ဝါးနှင့် ရိုက်ချလိုက်ပေမည်။

သို့သော် မေလင်က‌တော့ ထိုသို့သောအပြုအမူများနှင့် အကျွမ်းတဝင်ရှိသူဖြစ်ပြီး တောက်ပသောအပြုံးဖြင့်ပင် တုံ့ပြန်လိုက်သည်။

“အားလုံးပဲ... စောင့်နေရတာ ကြာသွားတဲ့အတွက် တောင်းပန်ပါတယ်ရှင်... အခု ခွန်းကာမြို့ နှစ်စဉ်လေလံပွဲ စတင်ပြီဖြစ်ပါတယ်”

မေလင်၏ သာယာချိုမြသောအသံ ပျောက်ကွယ်သွားသည်နှင့် ကျောက်စိမ်းရုပ်တုတစ်ခုပမာ ပြီးပြည့်စုံသော မျက်နှာနှင့် ခန္ဓာကိုယ်အချိုးအစားရှိသည့် ဆွဲဆောင်မှုရှိသော မိန်းကလေးတစ်ယောက် စင်မြင့်ထက်သို့ တင့်တယ်စွာ တက်လှမ်းလာသည်။

သူမက တန်ဖိုးကြီးပိုးထည်ဖြင့်ဖုံးအုပ်ထားသည့် လင်ဗန်းဝိုင်းတစ်ခုကို ကိုင်ဆောင်ထားပြီး မေလင်၏ဘေးတွင် တည်ငြိမ်စွာ မတ်တတ်ရပ်လိုက်သည်။

ထိုမိန်းကလေးက အစေခံပင်ဖြစ်လင့်ကစား မည်သူမှ အထင်မသေးဝံ့ပေ။

အကြောင်းမှာ သူမက သာမန်အစေခံတစ်ယောက်မဟုတ်ဘဲ မေလင်ကိုယ်တိုင် စိတ်တိုင်းကျရွေးချယ်ထားသည့် တပည့်တစ်ယောက်ဖြစ်သည်။

သူမက ဒြပ်စင်စွမ်းအားပညာရှင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။

သို့သော် ဆရာဖြစ်သူက လေလံပွဲကိုဦးဆောင်သည့်အခါ သူမသည်လည်း မာန်မာနကိုနှိမ့်ချပြီး အစေခံအဖြစ် လေလံပွဲတွင် ကူညီပေးရသည်ပဲ ဖြစ်၏။

ထို့ပြင် ခွန်းကာမြို့ ကုန်သွယ်ရေးအသင်းချုပ်က ဤသို့သော ထူးချွန်သည့် ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားကြောင်း တစ်ဖက်လှည့်ဖြင့် ဧည့်သည်တော်များကို သိစေလိုခြင်းလည်း ဖြစ်သည်။

သို့မှသာ ခမ်းနားသည့်လေလံပွဲတွင် ထည့်သွင်းပြသမည့် ရင်းမြစ်ပစ္စည်းများ၏ တန်ဖိုးကြီးမားမှုကို ထင်ရှားစွာ ဖော်ပြနိုင်ပေမည်။

မေလင်၏အပြုံးက နတ်ဘုရားပင်လယ်ပြင်မှ ကြာပန်းတစ်ပွင့်ပမာ ပွင့်လန်းလာပြီး အလွန်ဆွဲဆောင်မှုရှိစွာဖြင့် လေလံပွဲတက်ရောက်သူအားလုံး၏ နှလုံးသားကို ဖမ်းစားလိုက်သည်။

သူမ၏စကားသံက နူးညံ့သည့်တိုင် ဇာမဏီငှက်တစ်ကောင် အော်မြည်သံပမာ စူးရှလွန်းပြီး ခန်းမတစ်ခုလုံးအား လွှမ်းခြုံသွားသည်။

“ဒီနေ့ လေလံပွဲတက်ရောက်လာသူအားလုံးကို အလေးအနက်ထားပြီး ကျေးဇူးတင်မိပါတယ် ၊ ဒီလေလံပွဲက ရှင်တို့အားလုံးအတွက် ထိုက်တန်တယ်ဆိုတော သေချာစေဖို့... ပထမဆုံး ရတနာပစ္စည်းကို ပြသပါမယ် ၊ ဒီရတနာပစ္စည်းက အရမ်းရှားပါးပြီး အံ့သြစရာကောင်းတဲ့ ပစ္စည်းတစ်ခုပါ ၊ သေမျိုးလူသားလောကမှာ ရှားရှားပါးပါးတွေ့မြင်ရတယ်လို့တောင် ပြောလို့ရပါတယ်”

စကားသံအဆုံးသတ်သွားသည်နှင့် မေလင်၏ နူးညံ့လှပသောလက်လေးက လင်ဗန်းထက်တွင် ဖုံးလွှမ်းထားသော ပိုးထည်ကို အသသာအယာဖယ်ရှားလိုက်သည်။

စိတ်ဝင်စားစွာ စောင့်ဆိုင်းနေကြသည့် လူအုပ်ကြီးရှေ့တွင် ထွက်ပေါ်လာသည်က လက်သီးဆုပ်အရွယ် တစ်ဝက်ခန့်မျှသာရှိသော ပုံဆောင်ခဲတစ်ခုဖြစ်သည်။

ထိုပုံဆောင်ခဲက စကြာဝဠာ၏ထူးဆန်းအံ့သြဖွယ်ရာများ ခုန်လှုပ်နေသည့်ပမာ အပြာရောင်အလင်းတန်းများ တောက်ပလျှက် ရှိ၏။

“ဦးခေါင်း(၂)လုံးရှိတဲ့ အဆင့်(၅) မိကျောင်းသားရဲဆီက ရရှိထားတဲ့ ရေဒြပ်စင်စွမ်းအားအမြုတေပါ ၊ လေလံအဖွင့်စျေး ရွှေဒင်္ဂါးတစ်သောင်းနှစ်ထောင်ပါ”

မေလင်က ပစ္စည်းအကြောင်း ကြေညာပြီးသည်နှင့် လင်ဗန်းဝိုင်းကိုကိုင်ထားသော အစေခံမိန်းကလေးက လေလံစင်မြင့်တစ်ခွင် လှည့်ပတ်သွားလာပြီး အဆင့်(၅)သားရဲတစ်ကောင်၏ ရှားပါးအမြုတေကို ဧည့်သည်တော်များ ရှင်းရှင်းလင်းလင်း တွေ့မြင်စေရန် ပြသလိုက်သည်။

မေလင်၏စကားများက အမှားအယွင်းမရှိပေ။

လေလံပွဲ၏ ပထမဆုံးပစ္စည်းမှာ အမှန်တကယ်ပင် အံ့သြဖွယ်ရာ ရတနာပစ္စည်းတစ်ခု ဖြစ်သည်။

အဆင့်(၅)မှော်ဝင်သားရဲဆိုသည်မှာ နှောင်းပိုင်းအဆင့် မှော်ဝင်သားရဲဖြစ်ပြီး ကနဦးအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင် ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်ပြိုင်နိုင်လောက်အောင် စွမ်းအားကြီးမားသည်။

ထိုသို့သောသားရဲမျိုးကို အမဲလိုက်ပြီး ထောင်ဖမ်းနိုင်ရန်မှာ မလွယ်ကူလှပေ။

အထူးသဖြင့် ခေါင်းနှစ်လုံးမိချောင်းဆိုသည်မှာ အဆင့်(၅)သားရဲများထဲတွင် ထိပ်တန်းအဆင့် ဖြစ်သည်။

နာမည်အတိုင်းပင် ထိုမှော်ဝင်သားရဲကြီးတွင် ဦးခေါင်း(၂)လုံးရှိပြီး ဒြပ်စင်စွမ်းအားနှစ်မျိုးကို အသုံးပြုနိုင်စွမ်းရှိကာ ကနဦးအဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်သာမက အလယ်ဆင့် ဒြပ်စင်စွမ်းအားအရှင်သခင်နှင့်ပင် ရင်ဆိုင်နိုင်လောက်အောင် သန်မာသည်။

ပုံမှန်ဆိုလျှင် ဦးခေါင်းနှစ်လုံးမိချောင်းက ဒြပ်စင်စွမ်းအားနှစ်မျိုးကို အသုံးပြုနိုင်သည်ဖြစ်ရာ ဒြပ်စင်စွမ်းအားအမြုတေ(၂)မျိုး ပိုင်ဆိုင်လေ့ရှိသည်။

အကယ်၍ ထိုအမြုတေ(၂)ခုကို တပြိုင်တည်းလေလံတင်ရောင်းချမည်ဆိုလျှင် အဖွင့်စျေးမှာပင် ရွှေဒင်္ဂါးငါးသောင်းကျော်အထိ ရှိနိုင်သည်။

ထိုအမြုတေများ၏ထူးခြားမှုမှာ အမြုတေနှစ်ခုလုံးကို မည်သည့်ပြဿနာမှမရှိဘဲ သဟဇာတဖြစ်အောင် ရောစပ်နိုင်စွမ်းပင် ဖြစ်၏။

ပန်းပဲပညာကျမ်း၊ အဂ္ဂိရတ်ပညာကျမ်း သို့မဟုတ် ထူးခြားသည်ကျင့်စဉ်အချို့ဖြင့် ပေါင်းစပ်အသုံးပြုမည်ဆိုလျှင် ဤအမြုတေများက အဖိုးမဖြတ်နိုင်သည့် ရတနာများ ဖြစ်လေသည်။

ယခု ခေါင်းနှစ်လုံးမိချောင်း၏ ဒြပ်စင်စွမ်းအားအမြုတေ နှစ်ခုထဲမှ တစ်ခုပဲ လေလံတင်သဖြင့် တန်ဖိုးလျော့ကျသွားသည့်တိုင် ၊ ဤပစ္စည်းက သာမန်ပစ္စည်းတစ်ခု မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ အဆင့်(၅)ရှိသော မှော်ဝင်သားရဲ၏အမြုတေဆိုသည်က ဇာမဏီမျက်ရည်လောက်ရှားပါး‌သော ရတနာပစ္စည်းဖြစ်၏။

သေချာပေါက် မိုးကောင်းကင်ကိုပင် လှုပ်ခါစေနိုင်လောက်သော စျေးနှုန်းမျိုးဖြင့် ရောင်ထွက်မည်ဖြစ်ပေသည်။

ထိုအချိန်...

သီးသန့်အခန်းတစ်ခုဆီမှ အလွန်လူရည်လည်ပြီး ဉာဏ်ရည်ထက်မြက်ဟန်ရှိသော အသံတစ်သံ ထွက်ပေါ်လာသည်။

“မေသခင်မလေး... ခေါင်းနှစ်လုံးမိချောင်းရဲ့အမြုတေက အမြဲတမ်း နှစ်ခုတွဲပြီးရှိတာလေ ၊ ဘာလို့ တစ်ခုပဲ လေလံတင်ရတာလဲ ၊ နောက်တစ်ခုကို ထုတ်မပြသေးတာလား”

သီးသန့်အခန်းများတွင် ထူးဆန်းသော အသံပြောင်းကိရိယာများတပ်ဆင်ထားသဖြင့် စကားပြောသူ မည်သူမည်ဝါဖြစ်ကြောင်း ရင်းနှီးသူများသည်ပင် ခန့်မှန်းမရနိုင်ပေ။

သို့သော် မေလင်ကို “မေသခင်မလေး” ဟု ရင်းနှီးစွာခေါ်ဝေါ်သည်ကိုကြည့်လျှင် ဤသူက သာမန်ထက်အဆင့်အတန်းမြင့်သော ဂုဏ်သရေရှိပုဂ္ဂိုလ်တစ်ယောက်ဖြစ်ရမည်မှာ သေချာသည်။

ထိုမေးခွန်းကိုကြားတော့ မေလင်က ရယ်မောလိုက်လေသည်။

သူမ၏ရယ်သံက နွေဦးလေပြေလေး လွင့်ပျံလာသည့်ပမာ အလွန်ပင်သာယာလှသည်။

“ဧည့်သည်တော်များ... စိတ်အေးအေးထားပါ ၊ ခေါင်းနှစ်လုံးမိချောင်းရဲ့ ဒြပ်စင်စွမ်းအားအမြုတေက တစ်ခုတည်းပဲ ရှိပါတယ် ၊ ဘာလို့လဲဆိုတော့ ဒီအမြုတေက ကျွန်မတို့ ကုန်သွယ်ရေးအသင်းချုပ်က ဒီလိုသားရဲမျိုးကို အမဲလိုက်ပြီး ရရှိထားတာ မဟုတ်ပါဘူး ၊ အဲဒီလိုလုပ်နိုင်တဲ့စွမ်းအားမျိုးလည်း မရှိပါဘူး ၊ ဒီအမြုတေကို လူကြီးမင်းတစ်ယောက်က လေလံတင်ဖို့ အပ်နှံထားတာ ဖြစ်ပါတယ် ၊ နောက်တစ်ခုကတော့ သုံးစွဲပြီးသွားလို့ မရှိတော့ပါဘူး”

သူမ၏စကားသံက ရှင်းလင်းပြတ်သားသည်ဖြစ်ရာ သံသယရှိသူများ၏တီးတိုးစကားသံများ တိတ်ဆိတ်သွားကြသည်။

ထို့နောက်မှာတော့ စတင်စျေးနှုန်းခေါ်ဆိုသည့် လေလံဆွဲသူတစ်ယောက်၏အသံထွက်ပေါ်လာပြီး လေလံပွဲ၏လေထုက စိတ်အားထက်သန်မှုဖြင့် ပြည့်နက်သွားသည်။

“ရွှေဒင်္ဂါး တစ်သောင်းသုံးထောင်”

ပထမဆုံးလေလံဆွဲသံထွက်ပေါ်လာသည်နှင့် အသံများတစ်ခုပြီးတစ်ခု ထပ်မံထွက်ပေါ်လာပြီး အားလုံးက ထိုရတနာပစ္စည်းကိုရယူရန် စိတ်အားထက်သန်နေကြသည်။

မကြာခင်မှာပင် စျေးနှုန်းက ရွှေဒင်္ဂါး နှစ်သောင်းကျော်အထိ တဟုန်ထိုး တက်သွားလေသည်။

သို့သော် ထိုနှုန်းထားသို့ရောက်လာသည့်အခါ လေလံဆွဲသူအရေအတွက် သိသိသာသာ လျော့ကျသွားသည်။

ဟုတ်ပေ၏။

ရွှေဒင်္ဂါး နှစ်သောင်းဆိုသည်က သာမန်ပမာဏ မဟုတ်ပေ။

ခုန်အိမ်တော်ကဲ့သို့ ထိပ်တန်းမျိုးနွယ်တစ်ခုပင်လျှင် နှစ်စဉ်ဝင်ငွေက ရွှေဒင်္ဂါးနှစ်သိန်းခန့်သာရှိသည် မဟုတ်လား။

ယခုလိုပမာဏတွင် ဆက်ပြီးလေလံဆွဲနိုင်သူများမှာ ထင်ရှားသည့် အဆင့်အတန်းရှိသူများသာလျှင် ဖြစ်ပေမည်။

ထိုအချိန် ခုန်မင်က ခုန်ကျွင်းအား တီးတိုးပြောဆိုလိုက်သည်။

“အဖေ ၊ ဒီ ရေဒြပ်စင်စွမ်းအားအမြုတေက ကျွန်တော်တို့ ခုန်အိမ်တော်အတွက် သိပ်အသုံးမဝင်ပေမယ့် လူတစ်ယောက်အတွက်တော့ လက်လွှတ်မခံနိုင်တဲ့ ရတနာပစ္စည်း ဖြစ်နေတယ်”

ထိုစကားကို ခုန်ကျွင်း ချက်ချင်းပင်နားလည်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်... အဲဒီလူက ဒီအမြုတေကို လက်လွှတ်ခံမှာမဟုတ်ဘူး ၊ သူ့ကို နည်းနည်းလောက် ရှို့ပေးလိုက်ရအောင်”

ဖခင်ဖြစ်သူစကားကြားတော့ ခုန်မင်ကမရေရာသည့်အပြုံးတစ်ခုဖြင့်သာ တုံ့ပြန်လိုက်သည်။ သူက ထောက်ခံခြင်းမပြုသလို ငြင်းဆန်ခြင်းလည်း မပြုပေ။

ခုန်ကျွင်းကတော့ အခွင့်အရေးကိုလက်လွှတ်မခံဘဲ အသံကိုမြှင့်ပြီး အော်ဟစ်လိုက်သည်။

“ရွှေဒင်္ဂါး သုံးသောင်း...”

စျေးနှုန်းကို ထိုမျှမြှင့်တင်လိုက်သည်က ထိုရတနာပစ္စည်းကို သေချာပေါက် ရယူရန်ကြိုးစားနေသလို ထင်ရသော်လည်း တကယ်တော့ တစ်စုံတစ်ယောက်၏အစီအစဉ်ကို ရိုက်ချိုးရန် အကွက်ဆင်လိုက်ခြင်းပင်။

ထို “တစ်စုံတစ်ယောက်” ဆိုသည်က ချန်အိမ်တော်သခင်’ချန်ရှီး’ မှလွဲပြီး အခြားသူ မဟုတ်ပေ။

ချန်အိမ်တော်၏ အဓိကကျင့်စဉ်ဖြစ်သည့် ‘ရေနက်မဟာကျင်စဉ်’ က ရေစွမ်းအားကိုအခြေခံသည့် ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် ကျင့်စဉ်တစ်ခုဖြစ်ပြီး ခုန်အိမ်တော်မှ ‘လောင်ကျွမ်းသစ်သားကျင့်စဉ်’ နှင့် ကောင်းစွာယှဉ်ပြိုင်နိုင်သည်။

သို့သော် ချန်အိမ်တော်တွင် ကာလရှည်ကြာ အားနည်းချက်တစ်ခုရှိခဲ့သည်။ ထိုအားနည်းချက်က ရေဒြပ်စင်စွမ်းအားဝိညာဉ်လက်နက် မရှိခြင်းပင်။

ထိုအားနည်းချက်က အလွန်သိသာလှပြီး ယခု အဆင့်(၅) မှော်ဝင်သားရဲ၏ ရေဒြပ်စင်စွမ်းအားအမြုတေက သူတို့လိုချင်သည့် ရေဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်ဖန်တီးရန် အလွန်သင့်တော်သည့် အဓိကပစ္စည်းတစ်ခု ဖြစ်၏။

ထိုရေစွမ်းအားအမြုတေကိုရရှိသည့်တိုင် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်ဖန်တီးနိုင်သည့် ပန်းပဲပညာရှင်တစ်ယောက် ရှာတွေ့နိုင်ပါမည်လား အာမမခံနိုင်ပေ။

သို့ပေသိ ထိုပစ္စည်းကိုလက်ဝယ်ပိုင်ဆိုင်ထားခြင်းဖြစ် အနည်းဆုံး မျှော်လင့်ချက်တစ်ခုတော့ ရှိလာပေမည်။ သို့ဖြစ်ရာ ချန်ရှီးအနေဖြင့် ထိုရေစွမ်းအားအမြုတေကို မည်သည့်နည်းနှင့်မှ လက်လွှတ်ခံမည် မဟုတ်ပေ။

ခုန်ကျွင်းက လေလံစျေးကို ရွှေဒင်္ဂါး(၃)သောင်းအထိ တင်လိုက်သည့်အခါ ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

အတန်ကြာမှ အသံတစ်ခု ထပ်မံထွက်ပေါ်လာသည်။

“ရွှေဒင်္ဂါး သုံးသောင်းတစ်ထောင်...”

သီးသန့်အခန်းများတွင် အသံပြောင်းကိရိယာတပ်ဆင်ထားသည့်တိုင် ထိုအသံပိုင်ရှင်က ချန်ရှီးဖြစ်ကြောင်း ခုန်ကျွင်းနှင့် ခုန်မင်က သိရှိလိုက်သည်ပင်။

ယခုအချိန်တွင် ထိုမြေခွေးအိုကြီး သေချာပေါက် ဒေါသထွက်နေလောက်သည်။

ခုန်ကျွင်းသာ ဝင်မနှောက်ဘူးဆိုလျှင် သူ ဤအမြုတေကို ရွှေဒင်္ဂါးနှစ်သောင်းခွဲလောက်ဖြင့် ရယူနိုင်မည် ဖြစ်သည်။ ယခု ခုန်ကျွင်းက စျေးနှုန်းကို အဆမတန်မြှင့်တင်လိုက်သဖြင့် ချန်ရှီးမှာ ပိုပြီးအကုန်အကျများသွားရသည်။

ချန်ရှီး၏အသံထွက်ပေါ်လာသည်နှင့် ခုန်ကျွင်းက ချက်ချင်းပင် စျေးတင်လိုက်ပြန်သည်။

“ရွှေဒင်္ဂါး သုံးသောင်းငါးထောင်...”

All Chapters