← Chapters

အခြားသူများ၏ ပဋိပက္ခမှ အကျိုးအမြတ်

Vol. 1 Ch. 193

အခြားသူများ၏ ပဋိပက္ခမှ အကျိုးအမြတ်

Vol. 1 Ch. 193

လေးရက်ရှိပြီ ... ရက်နည်းနည်း ပိုစောင့်ပြီးရင် အချိန်ကျပြီ၊ အဲဒီ ဒီနောက်ပိုင်း အသက်ရှင် ကျန်ခဲ့တဲ့ လူတွေမှာ တံဆိပ်ပြားတွေ အများကြီး ရှိနေမှာပဲ။

ကျန်းရီသည် ကျင့်ကြံခြင်းကို လက်စသတ်၍ ကျောက်တုံး ဂူထဲတွင် လဲလျောင်းကာ ရိက္ခာခြောက်များ ဝါးနေ လိုက်သည်။ ဤကျောက်တုံး ဂူသည် သူကိုယ်တိုင် တူးထားခြင်း မဟုတ်ပေ။ ကျောက်တုံးကြီး တစ်ခု၏ အောက်ရှိ ဥမင်တစ်ခုထဲ ဝင်သွားရာမှ သူတွေ့ခဲ့ခြင်း ဖြစ်သည်။ ဂူသည် မြေအောက်တွင် ရှိ၍ ကီလိုမီတာ ရာပေါင်းများစွာ ကျယ်ဝန်းပြီး ဖြတ်သွား ဖြတ်လာများ တံဆိပ်ပြားဖြင့်ပင် ခြေရာ မခံနိုင်သော နေရာဖြစ်သည်။ သူကဲ့သို့ ပုန်းနေချင်သူ တစ်ယောက် မဟုတ်ပါက ဤကျောက်တုံး ဂူကို တွေ့လိမ့်မည် မဟုတ်ပေ။

"ခွီး ... ကျန်းစွန်းဝူကျိ၊ ရှားထျန်းနဲ့ ရွှေချမ်လော့တို့ ငါ့ကို ကမ္ဘာ့အနှံ့ ခြေဆန့်ပြီး လိုက်ရှာ နေရော့မယ် ... သူတို့ကို ခဏလောက် ဆက်ရှာခိုင်းလိုက် ပါဦးမယ်"

ကျန်းရီသည် လွန်ခဲ့သော သုံးရက်ခန့်က လင်းတသားရဲ အကြောင်း ပြန်တွေးမိသော အခါ သူ အချိန်တစ်ခု အထိ ပုန်းနေရမည်ဟု ပိုသေချာ သွားခဲ့သည်။ သူသာ ယခုအချိန် အပြင်ထွက်လျှင် အန္တရာယ် များလွန်းသည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် တစ်ယောက် နှစ်ယောက် ဆိုလျှင် သူကိုင်တွယ် နိုင်သေးသော်လည်း ခုနစ်ယောက်၊ ရှစ်ယောက်လောက်က အတွင်းအား များနှင့် တစ်ချိန်တည်း တိုက်ခိုက်လာလျှင် သူ နတ်ဖြစ် နေလျှင်တောင် သေသွား လိမ့်မည်။

သူ နိုင်ငံအဆင့် ပြိုင်ပွဲ မဝင်ခင်က သေခြင်း၊ ရှင်ခြင်းကို မမှုသော်လည်း မည်သူကမှ နေရင်းထိုင်ရင်း  သေချင်မည် မဟုတ်ပေ။ ပထမနေရာ အတွက် သေခြင်း၊ ရှင်ခြင်းကို မငဲ့ဘဲ အသက်ကို ရင်းဝံ့သည်။ သို့သော် သူသည် ရွှေကျင်းရှီ လွင်ပြင်မှ ပထမ နေရာဖြင့် အသက်ရှင်လျက် ထွက်သွားနိုင်လျှင် အကောင်းဆုံး ဖြစ်သည်။ ထို့ပြင် သူသေသွားလျှင် ကျန်းရှောင်နူသည် သူမ တစ်ဘဝလုံး အိပ်စက် နေရလိမ့်မည်။

"ကောင်းကင် နတ်ဆိုး ပိုးချည်"

သူ ရိက္ခာခြောက်များ စားသောက်ပြီးသော အခါ ကောင်းကင်နတ်ဆိုး ပိုးချည်အား ချည်နှောင် ပေါင်းစပ် နေလိုက်သည်။ သူသည် ကောင်းကင်နတ်ဆိုး ပိုးချည်ကို ကိုင်ဆောင် နိုင်မည်လား သို့မဟုတ် လေအရိပ် ဓားကျင့်စဉ်ကို သဘာဝလွန် အဆင့် ရောက်နိုင်မည်လား သေချာ မသိသော်လည်း ဤရက်ပိုင်း များတွင် လေအရိပ်ဓား လေ့ကျင့်ခြင်းနှင့် ကောင်းကင် နတ်ဆိုးပိုးချည်ကို ချည်နှောင်ပေါင်းစည်းခြင်းမှာ အကျင့်တစ်ခုလို ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ကောင်းကင်နတ်ဆိုး ပိုးချည်ကို ထုတ်ယူပြီးနောက် ကျန်းရီသည် အတွင်းအားများ ထုတ်ဖော်၍ ချည်နှောင် ပေါင်းစပ် နေလိုက်သည်။ နှစ်နာရီကြာသော် ကူကယ်ရာ မဲ့စွာသာ သူမျက်လုံး ဖွင့်လိုက်ရသည်။ ကောင်းကင် နတ်ဆိုး ပိုးချည်သည် ခါတိုင်းလို မည်သည့် တုံ့ပြန်မှုမှ မရှိခဲ့သေးပေ။ ကျန်းရီသည် ထိုငွေရောင် ပိုးချည်ကို စိတ်ရှုပ်ရှုပ်နှင့် ကြည့်နေရင်း စိုးရိမ်မှုတို့နှင့် ရေရွတ် လိုက်သည်။

"ဒီကောင်းကင် နတ်ဆိုး ပိုးချည်ကို ဘယ်လို ချည်နှောင် ပေါင်းစည်း ရမှာလဲ ... စိတ်ဝိညာဉ်ကို လေ့ကျင့်တဲ့ သူတွေက ဒီကောင်းကင် အဆင့် ပစ္စည်းကို အသာလေး ပေါင်းစည်း နိုင်တယ်လို့ ချမ်ဝမ်ကွမ် ပြောဖူးတယ် ... သူတော်စင် အဆင့်သာဆို ထမင်းစား၊ ရေသောက် သလိုပဲတဲ့ … ငါသာ စိတ်ဝိညာဉ်ကို ကျင့်ကြံတဲ့ ကျင့်စဉ် တစ်ခု ရခဲ့မယ် ဆိုရင် ငါ့ရဲ့ စိတ်ဝိညာဉ်က ပိုပြီး အားကောင်း လာမှာပဲ ... ဒါဆို ငါ ဒီကောင်းကင် နတ်ဆိုး ပိုးချည်ကို အသာလေး ပေါင်းစည်း လိုက်လို့ ရပြီ"

ကျန်းရီသည် စိတ်ကူးထဲတွင် နစ်မျော နေခဲ့သည်။ ထို့နောက် သူ့မျက်လုံးများ ချက်ချင်း တောက်ပ လာကာ စိတ်လှုပ်ရှားစွာ ရေရွတ် လိုက်သည်။

"ဟုတ်သားပဲ ... ငါ့စိတ်ဝိညာဉ်က အားကောင်းလား၊ အားနည်းလား ငါမှ မသိတာ၊ ဒါပေမဲ့ စိတ်ဝိညာဉ် တိုက်ခိုက်မှုတွေက ငါ့အပေါ် သက်ရောက်မှု မရှိဘူး ... မီးဝိညာဉ် ပုလဲက ငါ့စိတ်ဝိညာဉ်ကို ကာကွယ်ဖို့ စွမ်းအင်တွေ အချိန်တိုင်း ထုတ်လွှတ် ပေးတတ်တယ်၊ ငါ အဲဒီစွမ်းအင်နဲ့ ကောင်းကင် နတ်ဆိုး ပိုးချည်ကို ချည်နှောင် ပေါင်းစပ်လို့ ရလောက်လား"

"ကြိုးစား ကြည့်လိုက်မယ်"

ကျန်းရီသည် ဖြစ်နိုင် လောက်သည်ဟု ခံစား နေရသောကြောင့် သူ့စိတ်ကို မီးဝိညာဉ် ပုလဲထံ စူးစိုက်လိုက်၍ ပိုင်ရှင်ကို ကာကွယ်ပေးသည့် အမျိုးအမည် မသိသော စွမ်းအင်အား ရှာဖွေ နေလိုက်သည်။ အချိန် အတော်ကြာ ရှာဖွေ ပြီးသော်လည်း မီးဝိညာဉ် ကျောက်တုံး သုံးဆယ်ကျော်၊ သောင်းပြောင်း ထွေလာသော ပစ္စည်းမျိုးစုံနှင့် ကမ္ဘာ့မီးလျှံ များမှ တစ်ပါး အခြား ဘာကိုမှ သူမတွေ့မိပေ။

"ကမ္ဘာ့မီးလျှံ"

ကျန်းရီ အော်လိုက်ပြီး ကမ္ဘာ့မီးလျှံ အနည်းငယ် ထွက်ပေါ် လာစေရန် ထိန်းချုပ် လိုက်သည်။ မီးဝိညာဉ် ပုလဲသည် ပိုင်ရှင်ကို ကာကွယ်ပေးသည့် စွမ်းအင်အား လွှဲပြောင်း ပေးလာခဲ့သည်။ ကျန်းရီသည် အတွေး အားလုံးကို ထိုစွမ်းအင် အပေါ်တွင် စူးစိုက်လိုက်ကာ ထိန်းချုပ်ရန် ကြိုးစား ကြည့်လိုက်သည်။

"အမ် ... တစ်ခုခုတော့ တစ်ခုခုပဲ"

ထိုအမည် မသိသော စွမ်းအင် များသည် အရင်ဆုံး ပိုင်ရှင်ကို ကာကွယ်ရန် အရန်အတား တစ်ခု ဖြစ်ပေါ် လာသည်။ ထို့နောက် ကမ္ဘာ့မီးလျှံ များအား မီးဝိညာဉ် ပုလဲမှ စုပ်ယူ ပြီးသွားသည် အထိ စောင့်ဆိုင်း၍ မီးဝိညာဉ် ပုလဲအတွင်း အလိုလို ပြန်ဝင်သွားသည်။ ယခုမူ ကျန်းရီသည် အတွေးများဖြင့် ထိန်းချုပ် ထားရာ ၎င်းသည် ကျန်းရီ၏ ကိုယ်ထဲ၌ပင် ရပ်တန့် နေခဲ့သည်။

"ဒီစွမ်းအင်က ဘာလဲ"

ကျန်းရီသည် သူ့ကိုယ်ထဲရှိ မမြင်ရသော စွမ်းအင်များကြောင့် ဆွံ့အ သွားရ လေသည်။ သူသည် ထိုစွမ်းအင်ကို ထိန်းချုပ်၍ လက်ဝါးဆီ ဖြည်းဖြည်းချင်း ရွေ့သွား စေလိုက်ပြီး ထိုလက်ဖြင့် ကောင်းကင် နတ်ဆိုး ပိုးချည်ကို ဆုပ်ကိုင် လိုက်သည်။

ဖြစ်ပေါ်လာသော တစ်စုံတစ်ရာသည် ကျန်းရီကို အလွန် အူမြူး သွားစေခဲ့သည်။ ထိုစွမ်းအင်သည် အစိတ်အပိုင်းလေး တစ်ခု ကွဲထွက်ကာ ကောင်းကင်နတ်ဆိုး ပိုးချည် အတွင်း ဝင်ရောက် သွားခဲ့သည်။ ချက်ချင်း ကျန်းရီ၏ စိတ်ဝိညာဉ်နှင့် ကောင်းကင်နတ်ဆိုး ပိုးချည်ကြားတွင် ဆက်သွယ်မှု တစ်ခု ဖြစ်တည် လာခဲ့သည်။

"အဲဒါ ချည်နှောင် ပေါင်းစပ်လိုက်တာ ... ဒီလောက်တောင် လွယ်တာလား"

ကျန်းရီသည် မယုံနိုင်စွာဖြင့် မျက်တောင် တခတ်ခတ် ဖြစ်နေ တော့သည်။ ကျန်းရီ မှင်တက် နေချိန်တွင် သူ ထိုအမည်မသိ စွမ်းအင်အား ထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံး သွားသည်။ ၎င်းသည် အလျင်အမြန် သူ့ကိုယ်ထဲမှ ပျောက်ကွယ် သွားကာ မီးဝိညာဉ် ပုလဲအတွင်း ဝင်ရောက် သွားခဲ့သည်။

"ကောင်းကင် နတ်ဆိုး ပိုးချည် ... သွား"

ကျန်းရီသည် ထိုစွမ်းအင် အကြောင်း စိတ်မဝင် စားတော့ပေ။ သူသည် ချက်ချင်း အတွေးများကို စုစည်းကာ ကောင်းကင် နတ်ဆိုး ပိုးချည်ကို ရှေ့သို့ သွားစေလိုက်သည်။ ထင်ထားသလိုပင် ကောင်းကင် နတ်ဆိုး ပိုးချည်သည် အလင်းတစ်ချက် လက်ကာ ရှေ့သို့ ထိုးထွက် သွားခဲ့ပြီး ကျောက်နံရံထံ ထိုးစိုက် သွားလေသည်။

"ပြန်လာခဲ့"

ကျန်းရီ အော်လိုက်ပြီး ကောင်းကင်နတ်ဆိုး ပိုးချည်ကို ပြန်လာရန် စိတ်ဖြင့် ထိန်းချုပ် လိုက်သည်။ ကောင်းကင် နတ်ဆိုး ပိုးချည်သည် မြန်ဆန်လွန်းရာ ရှေ့သို့ ဆက်တိုး သွားပါက ပြန်မလာမည် ကိုပင် စိုးရိမ် ရလေသည်။

"ပစ္စည်းကောင်းပဲ"

ကောင်းကင် နတ်ဆိုး ပိုးချည် ပြန်လာပြီးနောက် ကျန်းရီသည် လက်တစ်ဖက်ဖြင့် ဖမ်းလိုက်ကာ ပင့်သက် ရှိုက်လိုက်မိသည်။ ဤကောင်းကင် နတ်ဆိုးပိုးချည် အလွန် အကြမ်းခံ၍ ကျိလောင်နှင့် လျှိုလောင်သည်ပင် အတွင်းအားဖြင့် ၎င်းအား ထိခိုက်အောင် မလုပ်နိုင်ပေ။ ကောင်းကင် နတ်ဆိုး ပိုးချည်ဖြင့် ချည်နှောင် ဖမ်းဆီး ခံရသည်နှင့် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်ပင် သေရမည်ကို ထိုင်စောင့် နေရလိမ့်မည်။

"သွား"

ကျန်းရီသည် ကောင်းကင် နတ်ဆိုး ပိုးချည်အား စိတ်ဖြင့် ထိန်းချုပ်ကာ သူ့အနီးတွင် ပျံသန်း စေလိုက်သည်။ ၎င်းသည် တစ္ဆေတစ်ကောင် အလား ပျံသန်း နေတော့သည်။ ကောင်းကင် နတ်ဆိုး ပိုးချည်၏ အမြန်နှုန်းသည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အမြင့်ဆုံး အဆင့်လောက် ရှိရာ ငွေလ ဝံပုလွေထက်ပင် မြန်ဆန် နေသေးသည်။

အမ် ... ဒီနိုင်ငံအဆင့် ပြိုင်ပွဲမှာ စိတ်ဝိညာဉ် အထူးပြု လေ့ကျင့်သူတွေ မပါရင် ငါ့မှာ ကောင်းကင် နတ်ဆိုး ပိုးချည် ရှိနေသရွေ့ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်ကိုတောင် ကြောက်စရာ မလိုတော့ဘူး ... တစ်ဦးချင်း တိုက်ရမယ်ဆို ရန်သူကို အသာလေး သတ်လို့ရတယ်

ကျန်းရီ စိတ်ချမ်းသာ နေခဲ့သည်။ ကောင်းကင် နတ်ဆိုး ပိုးချည်၊ ကမ္ဘာ့မီးလျှံများ၊ မီးဝိညာဉ် ကျောက်တုံး များနှင့် ဆိုလျှင် သူသည် သက်ရှိ လူသတ်စက်ကြီးပင် ဖြစ်လာ ခဲ့ပေပြီ။ သူသည် ကောင်းကင်နတ်ဆိုး ပိုးချည်ဖြင့် ရန်သူကို ချုပ်နှောင်လိုက်ပြီး ကမ္ဘာ့မီးလျှံ များကို ထုတ်လွှတ် လိုက်မည်။ နိုင်ငံအဆင့် ပြိုင်ပွဲတွင် အားအကောင်းဆုံးမှာ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် တတိယ အဆင့်၊ စတုတ္ထအဆင့် လောက်သာ ဖြစ်လေသည်။ သူတို့သည် ကမ္ဘာ့မီးလျှံ များ၏ ဝါးမျိုခြင်း ခံလိုက် ရသည်နှင့် သေဆုံး သွားကြမည်သာ။

သို့သော် သူသည် စိတ်ဝိညာဉ် ပညာရှင်နှင့် ဆုံတွေ့ရ၍ ကောင်းကင် နတ်ဆိုး ပိုးချည်အား ရန်သူမှ ချည်နှောင် ပေါင်းစည်း နိုင်လိုက်လျှင် သူကံဆိုးသွားခြင်း ဟုသာ ဆိုရ ပေလိမ့်မည်။

ကျန်းရီသည် ကောင်းကင် နတ်ဆိုး ပိုးချည်ကို ထိန်းချုပ်၍ ပျံသန်း နေစေလိုက်သည်။ သူ အချိန် အတော်ကြာ ကစား၍ ဝသွားမှ ၎င်းအား သိမ်းဆည်း လိုက်သည်။ သူသည် အမည်မသိသော စွမ်းအင်အားလည်း အံ့အား သင့်ရလေသည်။ ၎င်းသည် မီးကို ခံနိုင်ရည် ရှိရုံသာမက ပိုင်ရှင်၏ စိတ်ဝိညာဉ် အားလည်း ကာကွယ် ပေးနိုင်သည်။ ယခုအခါလည်း ကျန်းရီအား ကောင်းကင် နတ်ဆိုးပိုးချည်ကို ချည်နှောင် ပေါင်းစည်း နိုင်ရန် ကူညီပေးခဲ့သည်။ နဂါးတစ်သောင်း တောင်ကြားမှ ကောင်းကင် ဧကရာဇ်သည် မီးဝိညာဉ်ပုလဲကို သေသည့် တိုင်အောင် ကိုယ်နှင့်မကွာ ထားထားသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

"လေအရိပ်ဓား"

ကျန်းရီသည် ခဏ နားနေ လိုက်ပြီးနောက် လေအရိပ်ဓားကို စတင် လေ့ကျင့် တော့သည်။ ဂူသည် တအား မကြီးလွန်း၍ သူ အားကုန်သုံး မလေ့ကျင့် ရဲပါပေ။ သူသည် ဓားအား လှိုင်းများကြောင့် ဂူပြိုကျ သွားမည်ကို ကြောက်၍ အတွင်းအား အနည်းငယ်သာ ထည့်သုံး ရလေသည်။

"ဗုန်း ... ဗုန်း ... ဗုန်း"

သူ လေအရိပ်ဓားကို သေချာ မထုတ်ဖော် ရသေးခင် မြေပြင်သည် တုန်ခါ လာခဲ့သည်။ ကျန်းရီ၏ မျက်လုံးများ အေးစက် သွားခဲ့ပြီး ခုန်ထ လိုက်သည်။ သူသည် တံဆိပ်ပြားကို ထုတ်၍ အနီးအနားကို စစ်ဆေး လိုက်သော်လည်း မီတာ သုံးရာအတွင်း မည်သူ့ကိုမှ ခြေရာ မခံမိပေ။

"ဗုန်း ... ဗုန်း ... ဗုန်း"

မြေပြင်သည် ထပ်မံ တုန်ခါ လာခဲ့ပြန်သည်။ ကျန်းရီသည် အပေါ်မှ လူများ တိုက်ခိုက် နေသောကြောင့်ဟု နားလည် လိုက်သည်။ ထို့ပြင် သူတို့သည် အလွန်ပြင်းသော တိုက်ကွက် များကို သုံးနေခြင်း ဖြစ်ရမည်။ မဟုတ်ပါက ကီလိုမီတာ ရာပေါင်းများစွာ အထိ တုန်ခါမှုများ ရောက်လာမည် မဟုတ်ပေ။

တက်သွားပြီး ကြည့်ရမလား …

ကျန်းရီ တွေဝေ နေခဲ့သည်။ ဤမျှ တုန်ခါနေမှု ကြီးသည် တစ်ယောက် ယောက်က ကောင်းကင် အဆင့် လက်နက်ကို အသုံးပြုနေခြင်း သို့မဟုတ် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် လူတစ်စုက အတွင်းအားများ ထုတ်ဖော် လိုက်ခြင်း ကြောင့်သာ ဖြစ်နိုင်လေသည်။

ထိုလူများသာ ရှားထျန်းနှင့် ကျန်းစွန်းဝူကျိတို့ ဖြစ်နေ ကြပါလျှင် သူအပေါ်သို့ တက်သွားခြင်း ထောင်ချောက်ထဲ ကိုယ့်ဟာကိုယ် တိုးဝင် သွားခြင်း ဖြစ်ပေလိမ့်မည်။

"ဗုန်း ... ဗုန်း"

နောက်ထပ် တုန်ခါမှု ဖြစ်ပေါ် လာခဲ့ပြီး ဂူ၏ မျက်နှာကြက်မှ ရွှံ့စရွှံ့နများ ကွာကျ လာလေသည်။ ကျန်းရီသည် အံကြိတ်၍ ဥမင် လိုဏ်ခေါင်းမှ တစ်ဆင့် မြေပေါ် တက်သွား လိုက်သည်။ ဤဂူသာ ပြိုကျ သွားပါလျှင် သူ အရှင်လတ်လတ် မြေမြှုပ်ခံရခြင်း ဖြစ်သွား တော့မည်။ သူ မြေပြင်နှင့် ကီလိုမီတာ သုံးရာခန့် အကွာအဝေးသို့ ရောက်သောအခါ အပေါ်မှ တံဆိပ်ပြား များစွာကို ခြေရာ ခံမိလိုက်သည်။ ထိုတံဆိပ်ပြား များတွင် အနက်ရောင် တံဆိပ်ပြားများ နှစ်ဆယ်ကျော်၍ အနီရောင် တံဆိပ်ပြား တစ်ထောင်ကျော်ပေ လိမ့်မည်။

"စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် နှစ်ဆယ်ကျော်  ... ခရမ်းရောင် နန်းတော်ရှင် အဆင့် တစ်ထောင်ကျော် ... ဒီလူတွေက ကျန်းစွန်းဝူကျိ၊ ရှားထျန်းနဲ့ ရွှေချမ်လော့တို့ အုပ်စု မဖြစ်နိုင်ဘူး "

ကျန်းရီ၏ စိတ်အစုံ လှုပ်ရှား သွားခဲ့သည်။ တစ်ယောက်ချင်း စီသည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် အနည်းဆုံး သုံးဆယ်လောက်ကို ခေါ်ဆောင် ခဲ့သူသည် လူသုံးယောက်သာ ရှိကြောင်း သူသေသေချာချာ မှတ်မိ နေခဲ့ပါသည်။ ကျန်လူများ အကုန် စုပေါင်းလိုက်မှ အယောက် နှစ်ဆယ် လောက်သာ ရှိလေသည်။ အဲဒါ သူတို့ မဟုတ်ဘူးလား။

"သွားမယ်"

ကျန်းရီသည် အမြန်နှုန်းအား မြှင့်လိုက်သည်။ ၎င်းမှာ စစ်တပ်ကြီး နှစ်ခု အကြားမှ တိုက်ပွဲကြီး ဖြစ်လောက်လေသည်။ အခြား သူများ၏ ပဋိပက္ခမှ သူအကျိုးအမြတ် ရလျှင်လည်း ဆိုးတော့ မဆိုးပေ။

***

All Chapters