မဟာတောရိုင်းလက်သီးကျမ်းစာ၊သိုင်းဘိုးဘေး၏အမွေအနှစ်
Vol. 19 Ch. 255
"ဒါကဝူကျိုးပဲ"
ကုချင်းဖန်သည် ဝူကျိုးသို့ခြေချလိုက်ပြီး သဘာဝ၏သိပ်သည်းသောဝိညာဉ်စွမ်းအင်ကို အံ့အားသင့်သောအမူအရာဖြင့် ခံစားလိုက်သည်။
ဒီနေရာက ချင်းယွန်းပြည်နယ်ထက် ဝိညာဉ်စွမ်းအင်ပိုမိုသိပ်သည်းနေတာကို သူတွေ့ရှိခဲ့သည်။
အဲဒီအခါမှာမှ သိုင်းဘိုးဘေးက ဘာကြောင့်ဝူကျိုးမှာ သူ၏အခြေခံကိုတည်ထောင်ဖို့ရွေးချယ်ခဲ့တာလဲဆိုတာကို ကုချင်းဖန်နားလည်ခဲ့သည်။
သိုင်းပညာရှင်တစ်ဦး၏ကျင့်ကြံမှုက သဘာဝ၏ဝိညာဉ်စွမ်းအင်ဖြင့် ခန္ဓာကိုယ်ကိုသန့်စင်ခြင်းမပါဘဲ မလုပ်ဆောင်နိုင်ပေ။
အစောပိုင်းအဆင့်တွေမှာ ဆေးစိမ်ခြင်းနှင့်အခြားကျင့်ကြံမှုအထောက်အကူတွေကို အသုံးပြုပြီး ကြွက်သားနှင့်အရိုးတွေကို ရိုးရှင်းစွာသန့်စင်ရုံနှင့်လုံလောက်သည်။
ဒါပေမဲ့သိုင်းဆရာအဆင့်နှင့်အထက်မှာတော့ ဒီလိုနည်းလမ်းတွေနှင့်သာ ဖောက်ထွက်ဖို့ကြိုးစားရင် အလွန်များပြားသည့်အရင်းအမြစ်တွေလိုအပ်သည်။
သဘာဝ၏ဝိညာဉ်စွမ်းအင်ကတော့ သိုင်းပညာရှင်တွေအတွက် ပိုပြီးနှစ်သက်တဲ့ရွေးချယ်မှုဖြစ်သည်။
ဝူကျိုးရှိဝိညာဉ်စွမ်းအင်က ချင်းယွန်းပြည်နယ်ထက် အနည်းဆုံးတစ်ဝက်ပိုသိပ်သည်းနေသည်။ ဒီနေရာမှာ ကျင့်ကြံခြင်းက အခြားနေရာတွေနှင့် သဘာဝအတိုင်း ကွဲပြားသည်။
သို့သော်လည်း ဒီအရာအားလုံးက ယာယီသာဖြစ်သည်။
ကုယန်က ချင်းယွန်းပြည်နယ်မှာ သိုင်းနတ်ဘုရားမင်းဆက်ကို တည်ထောင်ပြီး မြို့တော်ကို ကွမ်းယန်စီရင်စုမှာ ထားရှိပြီးတဲ့နောက် ပြည်နယ်ကိုးခုရဲ့ဝိညာဉ်စွမ်းအင်က ချင်းယွန်းပြည်နယ်ဆီကို စုဝေးစတင်လာခဲ့သည်။
ချင်းယွန်းပြည်နယ်ရှိ ဝိညာဉ်စွမ်းအင်က တဖြည်းဖြည်းမြင့်တက်နေပြီးသားဖြစ်သည်။
မမျှော်လင့်ထားသော ဖြစ်ရပ်မျိုးမရှိရင် အချိန်ကြာလာတာနှင့်အမျှ ချင်းယွန်းပြည်နယ်ရှိဝိညာဉ်စွမ်းအင်သိပ်သည်းမှုက ပြည်နယ်ကိုးခုထဲမှာ အမြင့်ဆုံးဖြစ်လာနိုင်ခြေရှိသည်။
သူ၏နောက်တွင် ကုယွန်က ရိုသေသောလေသံဖြင့် "ဒီနေရာမှာ ဝိညာဉ်စွမ်းအင်ကြွယ်ဝလို့ သိုင်းဘိုးဘေးက ဝူကျိုးကို နှစ်သက်ခဲ့တာပါ "ဟုပြောလိုက်သည်။
ဒီတစ်ခေါက် ဝူကျိုးခရီးစဉ်ကို ကုချင်းဖန်က တစ်ယောက်တည်းသွားခဲ့တာမဟုတ်ပေ။ စစ်နတ်ဘုရားဂိုဏ်းချုပ်ဖြစ်သည့် ကုယွန်လည်း လိုက်ပါခဲ့သည်။
ဒီအရာကိုကြားသောအခါ ကုချင်းဖန်ခေါင်းကို အနည်းငယ်ညိတ်လိုက်ပြီး သူ၏ခရီးကို ဆက်လက်သွားခဲ့သည်။
နှစ်ဦးစလုံးဟာ တစ်ဦးပြီးတစ်ဦး စစ်နတ်ဘုရားဂိုဏ်းဆီကို ဦးတည်သွားခဲ့ကြသည်။
ကုချင်းဖန်က စစ်နတ်ဘုရားဂိုဏ်းကို ဒီတစ်ခေါက်လာရောက်တဲ့အခါ အာရုံစိုက်မှုများများစားစား မရှိပေ။ ကြီးမားတဲ့စစ်တပ်လည်း သူ့နောက်လိုက်ပါစေခြင်းမရှိခဲ့ပေ။
ခဏအကြာမှာ နှစ်ဦးစလုံးစစ်နတ်ဘုရားဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့ကြသည်။
သူတို့တံခါးကနေဝင်လိုက်တာနှင့် စစ်နတ်ဘုရားဂိုဏ်း၏တပည့်တစ်ဦးရှေ့ကိုရောက်လာပြီး သူ့ဘေးက ကုယွန်ကိုမြင်တော့ အလျင်အမြန်ဦးညွှတ်ခဲ့သည်။
"တပည့် ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်"
"အင်း သွားနိုင်ပြီ"
ကုယွန်က သူ့လက်တွေကို နောက်မှာယှက်ထားပြီး နက်နဲသယောင်ဟန်ဆောင်ကာ ခေါင်းကို အနည်းငယ်ညိတ်လိုက်ရာ တပည့်က ရိုသေစွာဆုတ်ခွာသွားခဲ့သည်။
ထို့နောက်တွင် သူက လေးစားချစ်ခင်သောအမူအရာအသစ်ဖြင့် ကုချင်းဖန်ဘက်ကိုကြည့်လိုက်သည်။
"ဒါက စစ်နတ်ဘုရားဂိုဏ်းပါ ကုသခင် ဂိုဏ်းမှာရက်အနည်းငယ်နေလိုက်ပါဦး ပြီးရင်တပည့်က သိုင်းဘိုးဘေးဂိုဏ်းမှာ ချန်ထားခဲ့တဲ့ပစ္စည်းတွေကို သခင်ကို ပြသပေးနိုင်ပါတယ်"
"ကောင်းတာပေါ့"
ကုယွန်၏ မျှော်လင့်သောမျက်လုံးတွေကို ကြည့်ပြီး ကုချင်းဖန်ခေါင်းကို အနည်းငယ်ညိတ်လိုက်သည်။
ဒီအရာကိုမြင်တော့ ကုယွန်ဝမ်းမြောက်သွားခဲ့သည်။
သူက ကုချင်းဖန်ကို စစ်နတ်ဘုရားဂိုဏ်းကို လာရောက်ဖို့ အားထုတ်မှုများစွာယူပြီး ဖိတ်ခေါ်ခဲ့တာဖြစ်လို့ သူ့ကိုချက်ချင်းပြန်မသွားစေချင်ပေ။
ကုချင်းဖန်၏ခွင့်ပြုချက်ကို ရရှိတာနှင့် ကုယွန်က သူ့အတွက် နေထိုင်စရာကို ကိုယ်တိုင် ချက်ချင်းစီစဉ်ပေးခဲ့သည်။
ဒါက စစ်နတ်ဘုရားဂိုဏ်း၏ နောက်ဘက်တောင်မှာရှိသည့် ခြံဝင်းတစ်ခုဖြစ်ပြီး ငြိမ်သက်သည့် ပတ်ဝန်းကျင်နှင့် ဝိညာဉ်စွမ်းအင်ကလည်း တော်တော်သိပ်သည်းသည်။
ကုယွန်က "သိုင်းဘိုးဘေးမကွယ်လွန်ခင် နေထိုင်ခဲ့တဲ့နေရာလို့ ကောလာဟလတွေထွက်နေတဲ့ ခြံဝင်းဖြစ်ပါတယ် သိုင်းဘိုးဘေးကွယ်လွန်ပြီးနောက် ဒီနေရာမှာနေထိုင်ဖို့ ထိုက်တန်သူတစ်ယောက်မှမရှိသေးပါဘူး
ဒါပေမယ့် စစ်နတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေက သန့်ရှင်းဖို့ဒီကို မကြာခဏလာရောက်တတ်ကြပါတယ်
ကုသခင်ရောက်ရှိလာပြီဖြစ်လို့ ဒီနေရာမှာနေနိုင်ပါတယ်"
"မင်းက စဉ်းစားတတ်တာပဲ"
ကုချင်းဖန်က ဒီပတ်ဝန်းကျင်ကို တော်တော်လေးကျေနပ်ပြီးတော့ စကားပြောဖို့ တွန့်ဆုတ်နေသည့် ကုယွန်ကိုကြည့်လိုက်ပြီး ပြောလိုက်သည်၊
"စစ်နတ်ဘုရားဂိုဏ်းမှာ တပည့်တွေတော်တော်များများရှိတာကို ငါတွေ့တယ် ငါဒီမှာရက်အနည်းငယ်နေနေတာဆိုတော့ စွမ်းရည်ကောင်းတဲ့တပည့်တွေရှိရင် ဒီကိုခေါ်လာနိုင်တယ် ငါသေချာလမ်းညွှန်မှုအချို့ပေးနိုင်တယ်"
"ကျေးဇူးတင်ပါတယ်ကုသခင်"
ကုယွန်ဟာ ချက်ချင်းကျေးဇူးတင်စကားပြောလိုက်သည်။
သူကုချင်းဖန်ကို စစ်နတ်ဘုရားဂိုဏ်းမှာ ရက်အနည်းငယ်နေစေလိုသည့် ရည်ရွယ်ချက်က ဒါပါပဲ။
ကုချင်းဖန်လိုအင်အားကြီးပုဂ္ဂိုလ်တစ်ဦးအတွက် လမ်းညွှန်မှုစကားလုံးအနည်းငယ်က သာမန်သိုင်းပညာရှင်တစ်ဦးအတွက် တစ်သက်လုံးအကျိုးရှိဖို့ လုံလောက်သည်။
ဒီကိစ္စနှင့်ပတ်သက်ပြီး ကုချင်းဖန်က သိပ်အာရုံစိုက်ခြင်းမရှိခဲ့ပေ။
ဘာလို့လဲဆိုတော့ သူစစ်နတ်ဘုရားဂိုဏ်းကနေ အကျိုးကျေးဇူးတွေရယူမှာဖြစ်လို့ ဘာမှမပေးဘဲ ထွက်သွားတာက ရက်ရောမှုမရှိတာမျိုးဖြစ်နေပါလိမ့်မည်။
ကုယွန်ထွက်သွားတဲ့အခါ ကုချင်းဖန်က ခြံဝင်းကို စတင်စစ်ဆေးခဲ့သည်။
ဒီခြံဝင်း၏ပုံစံက ရိုးရှင်းပေမဲ့ သဘာဝ၏ဆွဲဆောင်မှုတစ်မျိုးရှိနေသည်။ ခြံဝင်းထဲမှာ ဇီးပင်တစ်ပင်မြင့်မားစွာရပ်နေပြီး သူ၏ခိုင်မာသည့်အမြစ်တွေက နဂါးတွေလိုလိမ်နေပြီး သူ့ပင်စည်ဟာလည်း ခေတ်ကာလ၏အနှစ်သာရတွေနှင့် ပြည့်နေနေခဲ့ပါပြီ။
ရှင်းရှင်းလင်းလင်း ဒီသစ်ပင်က မယုံနိုင်လောက်အောင် ကြာရှည်တဲ့အချိန်ကတည်းက တည်ရှိခဲ့သည်။
ပုံမှန်အားဖြင့် ဇီးပင်က ဒီလောက်ကြာကြာအသက်ရှင်နိုင်မှာမဟုတ်ပေ။
ကုချင်းဖန်ဇီးပင်ဆီကို ချဉ်းကပ်လိုက်တဲ့အခါ သူက အနည်းငယ်ယိမ်းနွဲ့နေတာကို မြင်လိုက်ရပြီး မှေးမှိန်သည့် လှိုင်းနှုန်းတစ်ခုကို ထုတ်လွှတ်နေတာက သူ့ကိုပိုပြီး အံ့အားသင့်စေခဲ့သည်။
"ဒါက...ဝိညာဉ်ဉာဏ်ပညာကို ကျင့်ကြံတော့မလို့လား"
"အံ့ဩစရာပဲ...ဒီသစ်ပင်က ဘာလို့ဒီလောက်ကြာအောင် အသက်ရှင်နေတာလဲ"
မသေလျှင် နတ်ဆိုးဖြစ်လာသည်။
သူ့ရှေ့မှာ ရပ်နေသည့် ဇီးပင်က ရေတွက်လို့မရနိုင်သည့် နှစ်များစွာအသက်ရှင်ခဲ့ပုံရပြီး ယခုဝိညာဉ်ဉာဏ်ပညာကိုကျင့်ကြံဖို့ နီးကပ်နေပြီ။ ဒီဇီးပင်ဟာ ဝိညာဉ်ဉာဏ်ပညာတကယ်ဖြစ်ပေါ်လာခဲ့ရင် ဒဏ္ဍာရီထဲက နတ်ဆိုးတွေနှင့်ဘယ်လောက်ကွာခြားတော့မည်နည်း။
ကုချင်းဖန်၏လက်ဖဝါးက ပင်စည်ကိုထိလိုက်သည့်အခါ သူက သစ်ပင်အနည်းငယ်တုန်ယင်နေတာကို ရှင်းရှင်းလင်းလင်းခံစားနိုင်ခဲ့သည်။ ဒါကနက်နဲတဲ့ တာအိုကာရံတွေ သူ့အပေါ်မှာ လည်ပတ်နေသလိုမျိုး ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူ၏အမြင်ထဲတွင် ရုပ်ပုံများရုတ်တရက်ပေါ်လာခဲ့သည်။
ခြံဝင်းဟာအရင်အတိုင်းပဲ။
ဇီးပင်ဟာလည်းဇီးပင်ပဲ။
တစ်ခုတည်းသောကွာခြားချက်က ရုပ်ပုံထဲမှာ ဇီးပင်ဟာ ခုလောက်ခိုင်မာခြင်းမရှိသေးပေ။ အစိမ်းရောင်ဝတ်ရုံနှင့် လူတစ်ယောက်က တစ်ခါတစ်ရံ စကားပြောသည်။ တစ်ခါတစ်ရံလက်ဖက်ရည်သောက်နေစဉ် သူ့ဘာသာဂိုဂိမ်းကစားနေသည်။ ပြီးတော့တစ်ခါတစ်ရံခြံဝင်းထဲမှာ သိုင်းပညာကျင့်ကြံနေသည်။
ရာသီဥတုတွေဟာနွေဦးကနေဆောင်းဦးကိုပြောင်းလဲသွားခဲ့သည်။
ပန်းတွေပွင့်ပြီး ညှိုးနွမ်းသွားခဲ့သည်။
ဇီးပင်ဟာ နေ့စဉ်ပိုပြီး ခိုင်မာလာခဲ့ပေမဲ့ အစိမ်းရောင်ဝတ်ရုံနှင့် လူ၏ရုပ်ရည်ကတော့မပြောင်းလဲပဲရှိနေခဲ့သည်။
ဒါပေမဲ့မကြာခင်မှာ အစိမ်းရောင်ဝတ်ရုံနှင့် လူ၏နားထင်မှာ ဆံပင်ဖြူတွေပေါ်လာပြီး နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်အိုမင်းလာတဲ့အခါ အချိန်၏ဖျက်ဆီးမှုကို အညံ့ခံခဲ့သည်။
တနေ့ပြီးတနေ့။
တစ်နှစ်ပြီးတစ်နှစ်။
လူငယ်ဟာ လူအိုအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ၏သက်ကြီးခန္ဓာကိုယ်ဟာ သူ့လူငယ်ဘဝက လုပ်ဆောင်မှုတွေကို ဆက်လက်ထပ်ခါတလဲလဲလုပ်နေခဲ့ပြီးတော့ ရုပ်ပုံတွေက မှေးမှိန်သွားခဲ့သည်။
ဝမ်းနည်းခြင်းလို့ သိသည့်ခံစားမှုတစ်ခုက ဇီးပင်ဆီကနေ ထုတ်လွှတ်လာခဲ့သည်။
"အဲ့ဒီလူက သိုင်းဘိုးဘေးလား"
ကုချင်းဖန်ဟာ သူ့ကိုယ်သူတီးတိုးရေရွတ်နေသလိုမျိုးဖြစ်ပေမဲ့ သူ၏ရှေ့ကဇီးပင်ကိုလည်း မေးနေပုံရသည်။