ငါလုပ်မယ်
Vol. 1 Ch. 194
မြေပြင်ပေါ်တွင် အဖွဲ့နှစ်ခု အကြား အမှန်တကယ် တိုက်ပွဲကြီး တစ်ခု ဖြစ်နေခဲ့သည်။ တစ်ဖက်သည် လူအယောက် လေးရာခန့် ရှိ၍ တစ်ဖက်တွင် အယောက် ခုနစ်ရာခန့် ရှိလေသည်။ ထိုသို့ ဆိုလျှင်တောင် တစ်ဖက်သတ် တိုက်ပွဲ မဟုတ်ရပါချေ။ လူနည်းသော အဖွဲ့က ပို၍ အသာစီး ရနေလေသည်။
ပတ်ဝန်းကျင်သည် ကျောက်တုံး တောကြီး ဖြစ်၍ နေရာတိုင်းတွင် ကျောက်တုံးကြီးများ ရှိနေ လေသည်။ ကျန်းရီ တံဆိပ်ပြားကို ထုတ်၍ ပတ်ဝန်းကျင်အား ခြေရာ ခံလိုက်စဉ်က ဘယ်သူမှ သူ့အား သတိမပြုမိ လိုက်ကြပေ။ သူတို့ ဤမျှ ပြင်းထန်သော တိုက်ပွဲကြီး ဆင်နွှဲ နေချိန်တွင် တံဆိပ်ပြားကို စစ်ဆေးရန် မည်သူကများ အားယား နေမည်နည်း။
ကျန်းရီသည် ဥမင်အဝမှ မထွက်ရဲသေးပေ။ သူ မြေပြင်နှင့် နီးလာလေလေ အသံများ ပိုကျယ်ကျယ် လေလေ ဖြစ်လေသည်။ တိုက်ပွဲသည် လိုဏ်ခေါင်း၏ အပေါ် တည့်တည့်တွင် ဖြစ်နေခြင်း ဖြစ်သည်မှာ အသေအချာ၊ သူ ဤနေရာမှ ထွက်လိုက်သည်နှင့် တိုက်ပွဲကြားထဲ ရောက်သွား ပေလိမ့်မည်။
ကျန်းရီသည် အနက်ရောင် အကြေးခွံဓားကို သုံး၍ ဂူလမ်းကြောင်း အသစ် တူးလိုက်၍ ခိုးထွက်ကာ ကျောက်တုံးများ အကြားမှ လွတ်မြောက် သွားခဲ့ပြီး တိုက်ပွဲအား တိတ်တိတ်လေး အကဲခတ် နေလေသည်။
ဒါကဘာလဲ …
ကျန်းရီသည် တစ်ချက် အကြည့်၌ပင် ဆွံ့အ သွားရလေသည်။ တိုက်ပွဲသည် ကျင်းရှန် နိုင်ငံမှ စစ်သည်များနှင့် ရှန်မိနိုင်ငံ၏ လူရိုင်း မျိုးနွယ်များ အကြား ဖြစ်နေခဲ့ခြင်း ဖြစ်လေသည်။ ထိုလူရိုင်း များသည် ငါးရာ ကီလိုဂရမ်ခန့် ရှိသော ကျောက်တုံးကြီး များကို ပစ်ပေါက် နေရာမှ တဗုန်းဗုန်း အသံများ ဖြစ်ပေါ် နေခဲ့ခြင်း ... ကျန်းရီသည် လူရိုင်းများ အကြားမှ ရင်းနှီးနေသော မျက်နှာ တစ်ခုကိုပင် တွေ့လိုက် သေးသည်၊ လူရိုင်း မျိုးနွယ်စုရဲ့ မင်းသား အန်းနီ …
လူရိုင်း အများစုသည် စိတ်လွတ် နေကြဟန်နှင့် ကျောက်တုံးကြီး များအား ဒေါသတကြီး ပစ်ပေါက် နေကြသည်။ အချို့ဆိုလျှင် သားရဲကောင်ကြီးများ အလား ခုန်အုပ်၍ လက်သီးများဖြင့် ဝှေ့ယမ်း ထိုးနှက် နေကြလေသည်။ ကျင်းရှန်နိုင်ငံမှ လူများသည် ရန်သူများကို ဝန်းရံ လိုက်ကြပြီး လက်နက်များ၊ သိုင်းကွက်များနှင့် ဆက်တိုက် တိုက်ခိုက် နေခဲ့သည်။
သို့သော် လူရိုင်းများသည် စိတ်လွတ် နေလေရာ သူတို့၏ ခုခံမှုမှာ သြချ ရလောက်သည်။ တိုက်ခိုက်မှု တိုင်းသည် သူတို့ ကိုယ်အား အပေါ်ယံ ဒဏ်ရာမျှသာ ရစေသည်။ တစ်ဖက်အဖွဲ့မှာ သူတို့အား သတ်ဖို့ မဆိုထားနှင့်၊ ဒဏ်ရာပြင်းပြင်း ရအောင်ပင် မလုပ်နိုင်ကြချေ။ အတိုချုံး ပြောရသော် ကျင်းရှန်နိုင်ငံမှ လူများသာ လက်သီးကြီးများ၊ ကျောက်တုံးကြီး များနှင့် ထိပ်တိုက် တွေ့မှုကြောင့် တစ်စစီ ဖြစ်လျှင်ဖြစ် မဖြစ်လျှင် ဒဏ်ရာ အပြင်းအထန် ရကုန် ကြလေသည်။
ကျင်းရှန်နိုင်ငံမှ လူများဟု ကျန်းရီ အတည်ပြု နိုင်ခြင်းမှာ ကျင်းရှန်နိုင်ငံမှ လူများ၏ ဆံပင်များသည် အရောင်စုံလှ၍ ကျန်နိုင်ငံများမှ လူများသည် ဆံပင် အနက်ရောင်သာ ဖြစ်ကြလေသည်။ ကျင်းရှန်နိုင်ငံမှ တပ်ဖွဲ့၏ လူအများစုသည် အညိုရောင်ဆံပင် ဖြစ်ကြ၍ ရွှေရောင်၊ အပြာရောင်၊ အနီရောင် တို့လည်း ရှိကြရာ သူတို့အား ခွဲ့ခြားရန်မှာ လွယ်ကူလှသည်။
တိုက်ပွဲသည် ပြင်းထန် လှသည်။ ကျင်းရှန် နိုင်ငံတွင် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် ပိုများ၍ လူရိုင်း မျိုးနွယ်စုသည် ခံစစ်အား ကောင်း၍ လှုပ်ရှားများ နှေးကွေး ကြသည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များ အတွင်းအားဖြင့် တိုက်ခိုက် လိုက်တိုင်း လူရိုင်း အများအပြားသည် ထိခိုက်ဒဏ်ရာ ပြင်းပြင်း ရလျှင်ရ မရလျှင် သေကုန် ကြလေသည်။ ထို့ကြောင့် လူရိုင်း မျိုးနွယ်ဘက်မှ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် ခုနစ်ယောက်၊ ရှစ်ယောက်ခန့်သည် ကျင်းရှန်နိုင်ငံ၏ လူများဘက်သို့ အတင်း တိုးဝင် သွားကြသည်။ သူတို့နှင့် ရင်ဆိုင်မိသော သူတိုင်းသည် သွေးသံရဲရဲ ဖြစ်ကုန် ကြလေသည်။
တိုက်ပွဲသည် စတင်ရုံသာ ရှိသေး သော်လည်း အသေအပျောက်မှာ လေးရာခန့်ပင် ရှိသွား ခဲ့လေပြီ။ အနီးအနားမှ မတော်တဆ ဖြတ်သွားမိကြ သူတိုင်းသည် တိုက်ပွဲအား အာရုံခံမိ သည်နှင့် မြန်မြန်ဆန်ဆန် ထွက်ခွာ သွားခဲ့ကြသည်။ ပုန်းအောင်း၍ စောင့်ကြည့် နေသူမှာ ကျန်းရီ တစ်ယောက်သာ ရှိလောက် ပေသည်။
"သတ်"
ကျင်းရှန်နိုင်ငံမှ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များသည် လူရိုင်း မျိုးနွယ်မှ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များက သူတို့ လူများအား မညှာမတာ ရက်ရက် စက်စက် သတ်ပစ် နေကြသည်ကို တွေ့ရသော အခါ သည်းမခံနိုင် ကြတော့ပေ။ ဤအတိုင်း ဆက်ဖြစ်နေပါက အဆင့်နိမ့် လူရိုင်း စစ်သည်တော် အားလုံးအား သူတို့ သတ်လိုက် နိုင်လျှင်တောင် သူတို့ဘက်တွင် လူနည်းနည်းသာ ကျန်ခဲ့တော့မည်။ သူတို့ ကိုးယောက်သည် လက်နက် အသီးသီးကို ကိုင်စွဲကာ ထိုလူရိုင်း ခြောက်ယောက်ထံ ပြေးဝင် သွားကြ တော့သည်။
"ချီတက်မယ်"
စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များ၏ အကူအညီ မရှိပါဘဲ အန်းနီသည် အဆင့်နိမ့် လူရိုင်းများကို ဦးဆောင်ကာ အနီးကပ် တိုက်ခိုက်ရန် ရန်သူတပ်ဖွဲ့ထံ တိုးဝင် သွားခဲ့သည်။ နှစ်ဖက်လုံးသည် ရက်ရက်စက်စက် သတ်ဖြတ် နေကြပြီး တစ်ဖက်အား နောက်ဆုတ်ခွင့် မပေးကြချေ။ ဤတိုက်ပွဲသည် တစ်ဖက်ဖက်မှ မျိုးပြုတ် သေဆုံး သွားမှသာ ပြီးဆုံး ပေလိမ့်မည်။
ပြိုင်ပွဲသည် ပိုမို ပြင်းထန် လာခဲ့သော်လည်း ကျန်းရီသည် နေရာမှ မရွေ့သေးပဲ ရပ်၍သာ နေလေသည်။ သူသည် လူရိုင်း မျိုးနွယ်စု၏ မင်းသား အန်းနီနှင့် မရင်းနှီး သော်လည်း သူတို့သည် သင်တန်းကျောင်း တစ်ခုတည်းမှ ဖြစ်၍ ကျောင်းတူ ညီနောင်များဟု ပြောနိုင်လေသည်။ ထို့ကြောင့် သူသည် လူရိုင်းများအား ချောင်းမြောင်း တိုက်ခိုက်ခြင်း မပြုခဲ့ပေ။ သူသည် ပြေးဝင်သွား၍ အန်းနီဘက်မှ ရပ်တည်ကာ တိုက်ခိုက် ပေးရအောင်လည်း မရူးသေးပေ။ သူနှင့် အန်းနီသည် ထိုမျှ မရင်းနှီးခဲ့ပေ။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များလည်း ရှိနေရာ သူအလျင်စလို မနှောင့်ယှက်ဝံ့ပေ။
"မင်းတို့ လူရိုင်းတွေ ... မင်းတို့တွေ အားလုံး ဒီသခင်လေး အတွက် သေသင့်တယ်"
ကျင်းရှန် နိုင်ငံဘက်မှ ဆံပင်အပြာရောင် ရှိသော သခင်လေး တစ်ယောက်က ရုတ်တရက် အော်ဟစ် လိုက်သည်။ သူ့လက်ထဲမှ လက်စွပ် တစ်ကွင်းသည် အလင်းရောင်များ တောက်ပ လာပြီး စက်ဝိုင်းခြမ်း ပုံစံ ဓားသွားလေး တစ်ခု ပေါ်ထွက် လာခဲ့သည်။ ဓားသွားမှ ချောက်ချားဖွယ် အငွေ့အသက်တို့ ပေါ်ထွက် လာခဲ့ပြီး ထိုသူသည် ဓားသွားအား အားကုန် ပစ်လွှတ် လိုက်သည်။ ဓားသွားလေးသည် သေမင်း၏ တံစဉ်အလား ပျံသန်း သွားခဲ့ပြီး လူရိုင်း ငါးယောက်ခန့်အား ခါးမှ ဖြတ်တောက် သွားလေသည်။ ထို့နောက် ဓားသွားသည် ရှေ့မှ နောက်သို့ ပြန်လာခဲ့သည်။
"ဖြီး"
ဆံပင်ပြာနှင့် သခင်လေးသည် သွေးတစ်ပွက် အန်ချ လိုက်သော်လည်း သူ့မျက်လုံး များသည် ရက်စက်သော အငွေ့အသက်များ ဖုံးလွှမ်း နေခဲ့သည်။ ဓားသွားတစ်ချက် ထွက်ပေါ် သွားတိုင်း လူရိုင်း လေးငါးယောက်ခန့် သေဆုံး သွားရသည်သာ။
ကောင်းကင် အဆင့် ရတနာ …
ကျန်းရီ၏ မျက်ခုံးများ ပင့်တက် သွားခဲ့သည်။ လူရိုင်းများသည် ခံနိုင်ရည် အတော်မြင့်ရာ သာမန် လက်နက် များသည် သူတို့ ကိုယ်အား ခြစ်ရာလေးမျှသာ ဖြစ်စေလေသည်။ သူသည် အန်းနီနှင့် တိုက်ခိုက်ဖူးရာ လူရိုင်းများ၏ တိုက်ခိုက်ရည် အကြောင်း ကောင်းကောင်း သိလေသည်။ ထိုကြောင့် ထိုလက်နက်သည် ကောင်းကင် အဆင့်သာ ဖြစ်ရပေမည်။ ဆံပင်ပြာနှင့် သခင်လေး ဓားသွားကို တစ်ချက်ပစ်တိုင်း သွေးတစ်ပွက် အန်နေခဲ့သည်။ သူသည် ထိုကောင်းကင့် အဆင့် လက်နက်အား ချည်နှောင်ခြင်း မပြုရသေးသည်မှာ သေချာသည်။ ထို့ကြောင့် သူသည် တန်ပြန်အားကို ခံစားနေရခြင်း ဖြစ်လေသည်။
"ခေါင်းဆောင်ငယ် ... ကျွန်တော့်ကို လနတ်ဆိုး ဓားသွား ပစ်ပေးလိုက်ပါ"
ကျင်းရှန် နိုင်ငံတော်မှ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် တစ်ယောက်မှ အော်ပြောလိုက်သည်။ ဆံပင်ပြာနှင့် သခင်လေး၏ မျက်လုံးများ ထဲတွင် သံသယ အရိပ်အယောင်များ ဖြတ်ပြေး သွားသော်လည်း သူသည် ဓားသွားလေးအား ပစ်ပေးလိုက်သည်။
"ဝှစ်"
စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်မှ လူသည် ဓားသွားအား လက်ကိုင် နေရာမှ ဖမ်းယူလိုက်ပြီး လူရိုင်း မျိုးနွယ်၏ တပ်ဖွဲ့ထံ ပြေးဝင်သွားခဲ့ပြီး ဓားသွားကို ဝှေ့ယမ်း၍ အဘက်ဘက်သို့ ပစ်လွှတ်တော့သည်။ သူ့ကိုယ် ဖြတ်သန်းသွားသော နေရာတိုင်းတွင် ခြေပြတ်၊ လက်ပြတ်များ ကျန်ရစ် ခဲ့လေသည်။ သူသည် လနတ်ဆိုး ဓားသွားအား ချည်နှောင် ပေါင်းစည်းခြင်း မပြုထား သော်လည်း ကောင်းကင် အဆင့် လက်နက်သည် ထက်မြလွန်းသည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်၏ ခွန်အားနှင့် ပေါင်းစပ်လိုက်သော် လူရိုင်း မျိုးနွယ်များ၏ ခြေလက်များအား အသာလေး ဖြတ်တောက် နိုင်လေသည်။
လူရိုင်း မျိုးနွယ်က အရေးနိမ့်နေပြီ၊ ဒီအတိုင်းသာ ဆက်ဖြစ်နေရင် သူတို့အကုန် သေကုန်တော့မယ်။
ကျန်းရီသည် ပုန်းနေ ပါသော်လည်း သူတို့အား ကယ်တင် လိုစိတ်ရော၊ ကယ်တင်နိုင်သည့် အစွမ်းအစပါ ရှိမနေပါချေ။ သူအလျင်စလို လှုပ်ရှားမိလျှင် ကျင်းရှန် နိုင်ငံဘက်မှ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် မသေခင် သူပါ လူရိုင်းမျိုးနွယ်နှင့် အတူ မြှုပ်နှံ ခံလိုက် ရနိုင်သည်။
"ဝူး ..."
ထိုအချိန်တွင် လူရိုင်းမျိုးနွယ်မှ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် တစ်ဦးသည် အော်ဟစ် လိုက်ရာ စိတ်လွတ် နေသော လူရိုင်းများ အားလုံးသည် အသိ ဝင်လာကြကာ လျင်မြန်စွာ နောက်ဆုတ် ကြလေသည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် တစ်ယောက်သာ အန်းနီကို ကာကွယ်ပေးရန် နောက်ဆုတ်၍ ကျန်လူများသည် ရန်သူများကို တားဆီး နေကြလေသည်။
"လိုက်ကြ ... တစ်ယောက်မှ မလွတ်စေနဲ့"
ဆံပင်ပြာနှင့် သခင်လေးသည် ဒေါသတကြီး အော်ဟစ်လိုက်ရာ ကျင်းရှန် နိုင်ငံမှ စစ်သည်တော် တို့သည် သူ့အမိန့်ကို နာခံ၍ ချက်ချင်း လိုက်လံ တိုက်ခိုက် ကြလေသည်။
"အား ... ဝူး ... ဝူး"
ကျန်းရီသည် ထူးဆန်းသော အော်သံများ၍ ကြည့်လိုက်ရာ ကြောက်မက်ဖွယ် မြင်ကွင်းအား မျက်မြင် တွေ့လိုက် ရလေသည်။ နောက်တွင် ကျန်ခဲ့သော လူရိုင်း မျိုးနွယ်မှ စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် ငါးယောက်သည် ရန်သူများ လိုက်လံ တိုက်ခိုက် ကြတော့မည်ကို မြင်လျှင် သူတို့ကိုယ်မှ အဝါရောင် အလင်းများ လင်းလက် လာခဲ့သည်။ အဝါရောင် အလင်းများသည် မျက်စိများ ကျိန်းသွား စေသည့် အထိ တောက်ပ နေသောကြောင့် အထဲ၌ ဘာဖြစ်နေသည်ကို မမြင်ရပေ။ ထို့နောက် သူတို့သည် ပြိုင်ဘက် စိတ်ဝိညာဉ် မျောလွင့် ခရီးသည်များထံ ပြေးဝင် သွားကြသည်။
"နောက်ဆုတ် ... မြန်မြန်ပြေးကြ"
"ခေါင်းဆောင်ငယ် ... ပြေးပါတော့ … လူရိုင်းတွေ ရူးကုန်ကြပြီ၊ သူတို့တွေ ခရမ်းရောင် နန်းတော်ကို လောင်ကျွမ်းစေတဲ့ လူရိုင်းမျိုးနွယ်ရဲ့ ကျင့်စဉ် တစ်ခုကို သုံးပြီး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ ကြတော့မယ်"
ကျင်းရှန် နိုင်ငံမှ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် ကိုးယောက်သည် အော်ဟစ်ကာ အလောတကြီး နောက်ဆုတ် လိုက်ကြသည်။ သူတို့ ခပ်ဝေးဝေး မရောက်သေးခင် တွင်ပင် ခန္ဓာကိုယ်ကြီး ငါးခုသည် ပေါက်ကွဲ သွားကြသည်။ အလင်းရောင်သည် စူးရှ လွန်းသောကြောင့် ကျန်းရီသည် မျက်လုံးတောင် မဖွင့်နိုင်ပေ။ အရှိန်အဝါ ငါးခု ထွက်ပေါ် လာခဲ့ရာ မီတာ သုံးရာခန့် အကွာအဝေးတွင် ရှိနေသော သူ၏ စိတ်ဝိညာဉ်ပင် တုန်လှုပ် သွားရသည်။
"ဗုန်း ... ဗုန်း ... ဗုန်း"
ပေါက်ကွဲသံကြီး ငါးခု ပေါ်ထွက် လာခဲ့ပြီး မြေပြင်သည် သိမ့်သိမ့် တုန်သွားခဲ့သည်။ ကျန်းရီသည် ဥမင်ထဲ ပြန်ဝင်သွား၍ ကျောက်တုံးများ ရွှံ့အစအနများ ပြုတ်ကျ လာသည်။ ကြံ့ကြံ့ခံ နေရလေသည်။
သိုင်းသမား တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲနိုင်တယ် ... ဒါက လူရိုင်း မျိုးနွယ်ရဲ့ အထူး စွမ်းရည်ကြောင့်လား ... နောက်နောင် အဲဒီ လူရိုင်းတွေနဲ့ တွေ့ရင် ငါပိုပြီး ဂရုစိုက်ဖို့ ရမယ်။
ကျန်းရီ၏ နားတွင် ပေါက်ကွဲသံများ ပဲ့တင ထပ်နေဆဲသာ။ ကျင်းရှန် နိုင်ငံဘက်မှ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များ သွားရှာလေပြီ။ ဤပေါက်ကွဲမှုတွင် မသေခဲ့လျှင်တောင် အပြင်းအထန် ဒဏ်ရာ ရသွားနိုင်သည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များ လိုက်မလာနိုင်လျှင် အန်းနီနှင့် အခြားသူများ အသာလေး လွတ်မြောက် နိုင်လေသည်။
ပြီးသွားတာလား ... ပြီးသွားပြီ …
ကျင်းရှန်နိုင်ငံ၏ စိတ်ဝိညာဉ် မျောလွင့် ခရီးသည်များ သေသွားကြပြီ ဖြစ်ကြောင်း တွေးမိသော အခါ ကျန်းရီ၏ မျက်လုံးများ ပြူးကျယ် သွားခဲ့သည်။ ကျင်းရှန် နိုင်ငံဘက်တွင် သူ့ကို ခြိမ်းခြောက် နိုင်လောက်သည့် တစ်ယောက်ယောက်များ ရှိနေမည်လား ရှိမည် ဆိုလျှင်တောင် သူစွန့်စားရမည်။ မြေပေါ်တွင် အနည်းဆုံး တံဆိပ်ပြား တစ်ထောင်ခန့် ရှိပေလိမ့်မည်။
"ငါလုပ်မယ်"
ကျန်းရီ တစ်ယောက်တည်း ရေရွတ် လိုက်သည်။ အန်နီနှင့် သူ့လူများ အတော်ဝေးဝေးသို့ ရောက်သွားပြီ ဖြစ်ကြောင်း ခြေရာခံမိသော အခါ သူသည် မြေပြင်ပေါ် ချက်ချင်း တက်သွား လိုက်သည်။
***