အရှင်ခွဲထွက်ဝိညာဉ်၏တပည့်တပန်းများ
Vol. 48 Ch. 659
ဟန်လိ၏မျက်ထုံးထဲတွင် ထူးခြားသောအလင်းတစ်ခု ဖြတ်ပြေးသွား၏။ သူက ထိုအဘိုးအိုကို စိုက်ကြည့်ကာ မထူးခြားနားစွာ မေးလိုက်သည်။
“ မင်း ငါ့ကို ဘယ်သူဘယ်ဝါမှန်း မှတ်မိလို့လား…”
ထိုအဘိုးအိုက ဟန်လိ၏ရေခဲတမျှအေးစက်လှသောအကြည့်အောက်တွင် တုန်ရင်လာပြီး အထစ်အထစ်နှင့် ပြန်ဖြေလာသည်။
“မသိပါဘူး။ ကျုပ်…အထင်မှားသွားတာနေမယ်။ ဒီဂျူနီယာက…စီနီယာကို ဘယ်လိုလုပ် မှတ်မိနိုင်ပါ့မလဲ…”
“မင်း အထင်မှားသွားတယ်လို့ ဝန်ခံတယ်ပေါ့လေ…”
ဟန်လိက သူ့မေးစေ့ကို ပွတ်သပ်လိုက်ပြီး အခြားသူများထံ ဝေ့ခတ်ကြည့်ရှုလိုက်သည်။ သူက အနှီအဘိုးအို၏စကားကို ယုံသွားသည်ဟု ထင်ရ၏။ မီးခိုးရောင်ဝတ်စုံနှင့်လူကမူ အဘိုးအိုကို တစ်ချက်လှမ်းကြည့်ပြီး စဉ်းစားနေသည့်ပုံပင်။ သူသည် ဤအဖြစ်မှာ ထူးခြားသည်ဟု ခံစားမိနေသော်လည်း သည်ကိစ္စကို ထပ်မံ၍ မထုတ်ဖော်နေတော့ပေ။ ဟန်လိကို လှည့်စားကာ သည်နေရာကနေ ထွက်သွားနိုင်မည့် အခွင့်အရေးအကြောင်းကိုသာ သူ စဉ်းစားနေ၏။
သူတို့ထဲမှ မည်သူကမျှ မတုံ့ပြန်နိုင်ခင် ဟန်လိက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“မင်းတို့က တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းက ကျင့်ကြံသူတွေ ဖြစ်နေပြီး ငါ့ခြေရာလက်ရာကို ရှာတွေ့သွားမှတော့ မင်းတို့ကံဆိုးပြီ။ ငါ မင်းတို့အသက်ကို နှုတ်ယူရလိမ့်မယ်…”
ထိုသို့ပြောပြီးသည်နှင့် ဟန်လိ၏အမူအရာက နက်မှောင်လာ၏။ သူ့အင်္ကျီလက်ကို ဝေ့ရမ်းလိုက်ပြီး မိုးပြာဓားအလင်းတန်းဆယ်ခုကျော်ကို ထုတ်လွှတ်လိုက်သည်။ ယင်းဓားအလင်းများက သူ့အင်္ကျီလက်အိုးထံမှ ထွက်ခွာသွားသည်နှင့် ဓားအလင်းတန်းဆယ်ခုကျော်အဖြစ်သို့ ဖြတ်ခနဲ ပြောင်းလဲကာ အနက်ရောင်ဝတ်စုံနှင့်ကျင့်ကြံသူများကို ခြုံလွှမ်းသွားလေသည်။
မီးခိုးရောင်ဝတ်စုံနှင့်ကျင့်ကြံသူသည် ဟန်လိ၏ကြမ်းရှသောစကားသံကို ကြားသည်နှင့် အခြေအနေမလှတော့မှန်း သိလိုက်သည်။ ဟန်လိ၏အရှိန်အဟုန်နှင့်တိုက်ခိုက်မှုကို မြင်သည့်အခါ သူ့အမူအရာမှာ ဖြူရော်သွား၏။ မည်သို့ပင်ဖြစ်စေ သူသည် သေခြင်းတရားကို သည်အတိုင်း လက်မခံနိုင်သေးပေ။ သူ့ခန္ဓာကိုယ်ကို ဝေ့ပတ်ကာ အနက်ရောင်ချီအမျှင်တန်းများဖြင့် သူ့ကိုယ်သူ ခြုံလွှမ်းပစ်သည်။ ယင်းအမျှင်တန်းမြူများထံမှ ရွှေရောင်နှင့်ငွေရောင်စပ်ခရင်းသွားတစ်ခု ပျံသန်းထွက်လာပြီး ရွှေငွေရောင်စပါးကြီးမြွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲပြီး အနက်ရောင်ချီထု၏ရှေ့တွင် ပေါ်လာသည်။ ထို့နောက်တွင် သူသည် အနက်ရောင်အခိုးအငွေ့တန်းတစ်ခုအဖြစ်သို့ ပြောင်း၍ အစွမ်းကုန် ထွက်ပြေးလေသည်။ သူ့ငယ်သားများကိုမူ သူ့ထိုက်နှင့်သူ့ကံဟု သဘောထားကာ ချန်ထားပစ်ခဲ့သည်။
အစောပိုင်းက အံ့အားတသင့်အော်ခဲ့သောအဘိုးအိုကလွဲ၍ ကျန်တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းသားအားလုံးမှာ မိုးပြာဓားအလင်းတန်းများကြောင့် ခေါင်းပြတ်သွားခဲ့လေပြီ။ ထိုအဘိုးအိုကမူ တုန်ရင်ကြောက်လန့်နေသည်။ ဟန်လိက သူ့လက်ချောင်းကို တောက်ထုတ်လိုက်ပြီး ဓားအလင်းတန်းများထဲမှ မိုးပြာအမျှင်တန်းတစ်ခုကို ထုတ်ယူ၍ အဘိုးအို၏ခန္ဓာကိုယ်အား ထွင်းဖောက်သွားစေသည်။ ထိုအခါ အဘိုးအိုသည် မြေပေါ်လဲကျသွားသည်။
ဤမြင်ကွင်းကို တွေ့မြင်သည့်အခါ သူသည် ယင်းအဘိုးအိုကို အာရုံစိုက်မနေတော့ဘဲ မီတာသုံးရာအကွာထိ ပျံသန်းထွက်ပြေးပြီးဖြစ်သော မီးခိုးရောင်ဝတ်စုံနှင့်ကျင့်ကြံသူထံ အာရုံစိုက်လိုက်သည်။ သူ နှာခေါင်းရှုံ့ကာ ဓားအလင်းတန်းများထံ လက်ညွှန်သည်။ ဓားအလင်းတန်းရာချီသည် အတူကွ စုဝေးသွားပြီး မိုးပြာဓားကြီးတစ်လက်အသွင် ဖွဲ့စည်းသွား၏။
“သွား” ဟန်လိက ခပ်တိုးတိုးသာ ရေရွတ်လိုက်၏။ ဓားကြီးက တုန်ခါသွားပြီး ဓားတေးသံထုတ်ဖော်ကာ အံ့မခန်းနှုန်းဖြင့် ရှေ့သို့ တိုးဝင်သွားသည်။ မျက်စိတစ်မှိတ်အတွင်း အနက်ရောင်မြူခိုးထံမှ မိုးပြာအလင်းတို့ မျက်စိကျိန်းလောက်အောင် ပေါက်ကွဲထွက်လာသည်။ ဤဓားချက်က အနက်ရောင်ချီနှင့်စပါးအုံးမြွေတို့ကို တစ်ပြိုင်နက်တည်း ဖျက်စီးပစ်ခဲ့ခြင်းပင်။ နာကျင်စွာအော်ဟစ်သံနှင့်အတူ မီးခိုးရောင်ဝတ်စုံနှင့်ကျင့်ကြံသူ၏အစအနမှာလည်း ပျောက်ကွယ်သွား၏။
ဟန်လိက သူ့မှော်ရတနာကို ပြန်ဆင့်ခေါ်လိုက်သည်။ သူက မြေပေါ်တွင် သတိလစ်နေသောအဘိုးအိုကို မျက်မှောင်ကြုတ်၍ ကြည့်သည်။ အချိန်ခဏပေး၍ စဉ်းစားနေပြီးနောက် ဟန်လိက သူ့လက်ကိုပင့်မြှောက်ကာ အဘိုးအို၏ခန္ဓာကိုယ်ကို ဆွဲငင်ယူလိုက်၏။ သူ့လွတ်နေသောလက်တစ်ဖက်ဖြင့် အဘိုးအို၏ဦးခေါင်းကို ဖိချလိုက်၏။ ဆယ့်ငါးမိနစ်လောက်ကြာပြီးနောက် သူ့လက်မှ မီးများတောက်ကာ အဘိုးအိုသည် ပြာဖြစ်သွားတော့သည်။
ဟန်လိသည် လေထဲတွင် လက်နောက်ပစ်၍ ရပ်နေ၏။ သူ့မျက်နှာထက်၌လည်း အံ့အားသင့်သည့်ဟန်အမူအရာ ပေါ်နေသည်။
“ဒီတစ်ယောက်က သဟဇတအနှောင်အဖွဲ့ဂိုဏ်းက ချန်ထားခဲ့တဲ့ တပည့်တစ်ယောက်ပဲ။ သဟဇတဂိုဏ်းမှာ တုံရွှမ်အာက အမြုတေတစ်ခုကို အမှန်တကယ်ဖွဲ့စည်းနိုင်ခဲ့တာပဲ။ ဒါပေမဲ့ သူမအနေနဲ့ ငါ့နောက်ကိုလိုက်ဖို့ လူတွေစေလွှတ်ခဲ့တာကတော့ ထူးဆန်းနေတယ်…”
(ဘာသာပြန်သူမှတ်ချက်။ ။ တုံရွှမ်အာအကြောင်းကို အပိုင်း (၂၂၄) တွင်စတင်ဖော်ပြခဲ့ပါသည်။ သူမသည် အမျိုးသားများကို ဆော့ကစားတတ်သည့် မိန်းမပျိုတစ်ယောက် ဖြစ်ခဲ့ပြီး ယင်းကြောင့် သူမ၏ဘိုးဘေးက ဟန်လိနှင့် လက်တွဲရန်စေခိုင်းခဲ့ဖူးသည်။ နောက်ပိုင်းတွင် သူမကို သဟဇတအနှောင်အဖွဲ့ဂိုဏ်းက သွေးဆောင်ခေါ်ယူသွားခဲ့သည်။)
ယင်းအဘိုးအို၏ဇစ်မြစ်သည် အတော်လေး ရှုပ်ထွေးသည်။ သူသည် သဟဇတအနှောင်အဖွဲ့ဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်ခဲ့ဖူးပေသည်။ သူက ဂိုဏ်း၏ဥပဒေစည်းကမ်းများကို ဖောက်ဖျက်မိပြီး သူ့စိတ်ဝိညာဉ် သန့်စင်ခံရမှာ စိုးကြောက်၍ သူ့ရုပ်သွင်နှင့် မည်သူမည်ဝါဖြစ်ကြောင်းကို ပြောင်းလဲခဲ့သည်။ သူသည် ထိုစဉ်တည်းက တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်း၌ ပုန်းကွယ်နေထိုင်နေခဲ့တာ ဖြစ်သည်။
ဟန်လိအနေဖြင့် ဤသို့သောအသေးအဖွဲ့ကိစ္စများကို အရေးစိုက်မနေပေ။ သူ့ကို တုန်လှုပ်စေခဲ့သည်က တုံရွှမ်အာ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်လာပြီးနောက် ဟန်လိကို ရှာဖွေရန် သဟဇတအနှောင်အဖွဲ့ဂိုဏ်းမှ အခြားတပည့်များနှင့်အတူ ထိုအဘိုးအိုကိုပါ စေလွှတ်ခဲ့ခြင်းပင်။ ထိုသူများသည် ဟန်လိ၏သဲလွန်စကို ရှာရန် ကိုးပြည်ထောင်မဟာမိတ်အဖွဲ့အစည်းထိပင် စေလွှတ်ခြင်းခံခဲ့ရခြင်းပင်။ အရင်တုန်းက ဟန်လိ၏ပုံတူကို မြင်ဖူး၍ ယင်းအဘိုးအိုသည် ဟန်လိကို အခုတွေ့မြင်သည့်အခါ တုန်လှုပ်သွားခဲ့တာ ဖြစ်၏။
ထိုစဉ်တုန်းက ဟန်လိသည် ပြန့်ကြဲကြယ်ပင်လယ်သို့ ရောက်သွားသဖြင့် ဤကိစ္စမှာ မဖြေရှင်းနိုင်ဘဲ ကျန်နေခဲ့တာ ဖြစ်၏။ ခုလက်ရှိတွင် ဟန်လိသည် အလွန်စိတ်ရှုပ်နေသည်။ တုံရွှမ်အာက သူ့ကို သဘောကျ၍ ဤသို့ပြုလုပ်ခဲ့သည်ဟူ၍ သူ မထင်။ သူမအနေဖြင့် သူ့ကို ဆက်လက်ရှာဖွေနေရခြင်းနှင့်ပတ်သက်၍ ပိုနက်နဲသောအကြောင်းရင်းတစ်ခု ရှိလိမ့်မည်ဟု သူ ခံစားမိနေသည်။ ဤအဘိုးအို၏အဆင့်အတန်း မမြင့်မားခြင်းက နှမြောစရာကောင်း၏။ ဤကိစ္စနှင့်ပတ်သက်ပြီး ဟန်လိထံ၌ နောက်ထပ်သတင်းအချက်အလက်များ မရှိနေတော့ပေ။
ခဏစဉ်းစားကြည့်ပြီးနောက် ဟန်လိသည် မည်သည့်အတွက်ကြောင့်များ တုံရွှမ်အာတစ်ယောက် သူ့နောက်သို့ လူများစေလွှတ်ခဲ့မှန်း မစဉ်းစားနိုင်ဖြစ်ရသည်။ သူ ဤကိစ္စကို စိတ်ထဲ၌သာ ထားလိုက်ပြီး ခေါင်းသာရမ်းမိတော့သည်။
အခုနှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပေပြီ။ ဤကိစ္စမှာ သူ့အပေါ် နည်းနည်းလေးမျှ သက်ရောက်မှု မရှိတော့ပေ။ အခု သူသည် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီ ဖြစ်သောကြောင့် အများကြီးပူပန်နေစရာအကြောင်း မရှိတော့ပေ။
ယင်းသို့တွေးကာ ဟန်လိက တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းသားများ၏အလောင်းများကို ဖြေရှင်းလိုက်ပြီး ဟိုးအရင် အဝါရောင်မေပယ်တောင်ကြားရှိရာအရပ်ထံ တစ်ချက်လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် ထိုက်ယွဲ့တောင်တန်းထံမှ ထွက်ခွာလာခဲ့သည်။
ဟန်လိက မီးခိုးရောင်ဝတ်စုံနှင့်ကျင့်ကြံသူကို သတ်ဖြတ်ခဲ့သည့် တစ်ချိန်တည်းတွင် အနက်ရောင်ဝတ်စုံဖြင့် ပိန်ကပ်နေသည့်ကျင့်ကြံသူတစ်ယောက်သည် တရားထိုင်နေရာကနေ မျက်မှောင်ကြုတ်၍ နိုးထလာပြီး သက်ပြင်းချသည်။ ထို့နောက် သူက သူ့ဝတ်ရုံထဲမှ အရိုးတံဆိပ်ပြားတစ်ခုကို ထုတ်ယူသည်။ ထိုကျင့်ကြံသူက ၎င်းတံဆိပ်ပြားကို လေထဲသို့ပင့်မြှောက်ပြီး မျက်မှောင်ကြုတ်၍ တစ်ချက်ကြည့်သည်။ သူ့မျက်နှာမှာ တင်းမာသွား၏။ ထို့နောက် သူ ထရပ်ကာ တံခါးပိတ်ကျင့်ကြံသည့်အခန်းထဲမှ ထွက်လာ၏။
စင်္ကြံတစ်လျှောက် လျှောက်လာပြီးနောက် အနက်ရောင်ဝတ်စုံနှင့်ကျင့်ကြံသူသည် ခန်းမကျယ်တစ်ခုထံ ရောက်လာ၏။ သူက ကျောက်သားခုံတစ်ခုပေါ်တွင် တည်ငြိမ်စွာ ဝင်ထိုင်သည်။ သူ့လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ပြီး ကြေးခေါင်းလောင်းငယ်တစ်ခုကို ထုတ်ယူသည်။
ခေါင်းလောင်းသံသည် ကျယ်လောင်စွာ မြည်သွား၏။ ယင်းအသံသည် တုန်ခါကာ အကွာအဝေးတစ်ခုထိ ပျံ့လွင့်သွားသည်။ အနက်ရောင်ဝတ်စုံနှင့်ကျင့်ကြံသူက ခေါင်းလောင်းကို ပြန်သိမ်းကာ ထိုင်ခုံပေါ်တွင် ဆက်ထိုင်နေသည်။
ခဏအကြာတွင် အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူသုံးယောက်သည် တံခါးပေါက်သုံးချပ်ကနေ ကသောကမြော ဝင်ရောက်လာကြသည်။ သူတို့သည် အမျိုးသားနှစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်တို့ပင်။ သူတို့သုံးယောက်သားက အနက်ရောင်ဝတ်စုံနှင့်အဘိုးအိုရှေ့တွင် ခေါင်းငုံ့ကာ အလေးအနက်အသွင်ဖြင့် ရပ်နေကြသည်။
“အခုပဲ…မင်းတို့ရဲ့ နံပါတ်ခြောက်ဂျူနီယာရဲ့ အသက်အမိန့်ပြားအလင်းဟာ ငြှိမ်းသေသွားခဲ့တယ်။ သူ ဆိုးဆိုးဝါးဝါး အဆုံးသတ်ခဲ့ရပုံပဲ။ အတိအကျ ဘယ်လိုဖြစ်ခဲ့လဲ ငါ မသိပေမဲ့ သူဟာ ငါခွဲထွက်ဝိညာဉ်ရဲ့ တပည့်တစ်ယောက်ဖြစ်တယ်။ သူ ဒီအတိုင်း အကြောင်းရင်းမရှိသေသွားတဲ့အဖြစ်မျိုး ငါ လက်မခံနိုင်ဘူး။ မင်းတို့ လူသတ်သမားကို သွားရှာပြီး ငါ့ဆီ အသက်ရှင်လျက် ခေါ်လာခဲ့ကြ။ ငါ အဲ့လူဆီက ဘယ်လိုဘယ်ပုံဖြစ်ခဲ့လဲဆိုတဲ့အကြောင်းကို သိချင်တယ်…”
အနက်ရောင်ဝတ်စုံနှင့်ကျင့်ကြံသူက မထူးခြားနားစွာ ပြောလိုက်သည်။ သူ့အတွက် ဤကိစ္စမှာ အသေးအမွှားဖြစ်နေသည့်အလား။
ကျင့်ကြံသူသုံးယောက်သည် စစချင်း အံ့အားသင့်ကုန်ကြသည်။ သို့သော် ခဏအကြာ သူတို့က တလေးတစား ဦးညွှတ်ကာ ပြောလိုက်သည်။
“အမိန့်အတိုင်းပါ…ဆရာ…ကျနော်တို့ ခုပဲ ထွက်သွားပြီး အကျိုးအကြောင်း စုံစမ်းလိုက်ပါမယ်…”
“နောက်တစ်ကြိမ် ငါ မင်းတို့ကို တွေ့ရင် လူသတ်သမားကို အင်မောတယ်အချုပ်အနှောင်ထဲမှာ ရှိနေစေဖို့ မျှော်လင့်တယ်…”
အနက်ရောင်ဝတ်စုံနှင့်ကျင့်ကြံသူသည် ခေါင်းညိတ်ပြပြီး အခြားမည်သည့်စကားမျှမဆိုတော့ဘဲ ခန်းမထဲမှ ထွက်ခွာသွားသည်။
အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူသုံးယောက်သာ ခန်းမထဲ၌ ကျန်ခဲ့၏။
ခဏ စဉ်းစားပြီးနောက် မျက်နှာမည်းမည်းနှင့်ကျင့်ကြံသူက စကားအရင်စသည်။
“ညီမငါး....ထိုက်ယွဲ့တောင်တန်းရဲ့ဂိုဏ်းခွဲဆီ အသံပို့လွှတ်လိုက်ပါ။ သူတို့က ညီခြောက် ဘာပြဿနာကြုံခဲ့လဲဆိုတာ သိထားလား၊ မသိထားလား ကြည့်ရတာပေါ့။ သူတို့ မသိထားဘူးဆို လူသတ်သမားရဲ့တည်နေရာကို စုံစမ်းဖို့ လူတွေလွှတ်ခိုင်းလိုက်။ ညီလေးချွဲ…မင်းနဲ့ ဂိုဏ်းခွဲခေါင်းဆောင်ကြားက ဆက်ဆံရေးကောင်းတယ်မလား။ ယွဲ့ဒေသထဲ မကြာသေးခင်က လူစိမ်းအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ယောက် ဝင်ရောက်လာတာမျိုး ရှိ၊မရှိ စုံစမ်းဖို့ သူ့လူတွေကို စေလွှတ်နိုင်တယ်မလား…”
“ပြီးတော့ ငါတို့ရဲ့ တပည့်တွေကိုလည်း ညီခြောက်နောက်ဆုံးရှိနေခဲ့တဲ့နေရာကို စုံစမ်းဖို့ စေလွှတ်ရလိမ့်မယ်။ သဲလွန်စတစ်ခုခု ရလိုရငြားပေါ့။ အဲ့ကနေ စုံစမ်းလို့ရလာတဲ့ သတင်းအချက်အလက်တွေ စုံပြီဆို လူသတ်သမားကို ဖမ်းဖို့ ငါတို့အတူတူ လှုပ်ရှားကြမယ်။ သူက ညီခြောက်ကိုတောင် သတ်နိုင်တဲ့သူဆိုတော့ ကျင့်ကြံမှုအဆင့် မြင့်မားလိမ့်မယ်။ ဆိုတော့ ငါတို့အနေနဲ့ ဂရုစိုက်၊ သတိထားတာ အကောင်းဆုံးပဲ…”
မျက်နှာမည်းနှင့်ကျင့်ကြံသူအပြင် ဤနေရာတွင် ရှိနေသော အခြားကျင့်ကြံသူနှစ်ယောက်မှာ အခုထိလှနေဆဲဖြစ်သော သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်နှင့် ပညာရှိအသွင်နှင့်ကျင့်ကြံသူတို့ ဖြစ်ကြသည်။
အမျိုးသမီးဖြစ်သူက သူ့စကားကို ကြားသည့်အခါ ပြုံး၍ တုံ့ပြန်သည်။ သို့သော် ပညာရှိအသွင်နှင့်လူကမူ မျက်မှောင်ကြုတ်ကာ မရေမရာအသွင် ဖြစ်ပေါ်နေသည်။ ခဏအကြာတွင် သူက အင်တင်တင်နှင့် ခေါင်းညိတ်သဘောတူသည်။
ထိုအခါ မျက်နှာမည်းကျင့်ကြံသူက ပညာရှိအသွင်နှင့်ကျင့်ကြံသူကို စိုက်ကြည့်၍ အေးစက်စက် ပြောလိုက်သည်။
“ညီလေးချွဲ…ညီခြောက်နဲ့မင်းနဲ့ မတည့်တာ ငါ သိထားတယ်။ ဒါပေမဲ့ ဒီကိစ္စက ဆရာကိုယ်တိုင် ငါတို့ကို ခိုင်းထားတာ။ မလိုက်နာရင် ဘာဖြစ်မလဲဆိုတာ မင်း သိပါတယ်။ သူတို့တာဝန်ယူရမဲ့ ကိစ္စတွေကို ကောင်းကောင်းမကိုင်တွယ်နိုင်လို့ ညီနှစ်နဲ့ညီခုနစ်တို့တောင် ဘယ်လိုအပြစ်ပေးခံခဲ့ရတယ်ဆိုတာ မင်း မမေ့ပါနဲ့…”
ပညာရှိအသွင်နှင့်လူက မချိပြုံးပြုံး၍ ရယ်မောကာ ပြောလိုက်သည်။
“အဲ့လိုသဘောမျိုး မဟုတ်ရပါဘူး။ ကျုပ်တို့နှစ်ယောက်က မတည့်ခဲ့ပေမဲ့ ခု သူလည်း သေသွားပြီလေ။ ပြီးတော့ ဒီကိစ္စဟာ ဆရာကိုယ်တိုင် တာဝန်ပေးထားခဲ့တာပဲကို။ ကျေးဇူးပြုပြီး…စိတ်ချပါ…စီနီယာအစ်ကို။ ကျုပ် အကောင်းဆုံး ကြိုးစားမှာပါ…”
မျက်နှာမည်းကျင့်ကြံသူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“မင်း သိရင်လည်း ပြီးတော့ပဲ။ ငါတို့ သွားကြမယ်…”
ထို့နောက် သူတို့သုံးယောက်သည် ကိုယ်စီကိုယ်စီ ကိုယ်ပိုင်ကိစ္စများ လုပ်ဆောင်ရန် ခန်းမထဲမှ ထွက်လာခဲ့ကြသည်။
ရက်အတော်အတန်ကြာပြီးနောက် တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းမှကျင့်ကြံသူများသည် ဟန်လိ ကျင့်ကြံသူအုပ်စုကို သတ်ဖြတ်ခဲ့သောနေရာကို ခြေရာခံမိသွားကြသည်။ အသေးစိတ်စုံစမ်းမှုများ ပြုလုပ်ပြီးနောက် ဟန်လိ၏မူလလှိုဏ်ဂူနေအိမ်ကိုပါ သူတို့ တွေ့သွားကြသည်။
ထိုသတင်းကို ကြားသိသောအခါ ခွဲထွက်ဝိညာဉ်၏တပည့်သုံးယောက်သည် ထိုက်ယွဲ့တောင်တန်းထံ တပည့်များနှင့်အတူ ထွက်ခွာလာကြသည်။ ဟန်လိ၏မူလတုန်းကရှိနှင့်ခဲ့သော လှိုဏ်ဂူထဲသို့ ဝင်ရောက်လာသည့်အခါ အရင်က စိတ်ဝိညာဉ်စိမ့်တွင်း ဖြစ်ခဲ့သောနေရာ၌ တွင်းပေါက်ကြီးတစ်ခုရှေ့တွင်ရပ်ကာ သူတို့သုံးယောက်သားသည် အကြောင်သား ဖြစ်ကုန်ကြသည်။
တစ်ချိန်တည်းတွင် သည်နေရာနှင့် အဝေးတစ်နေရာရှိ ကုန်းမြေတစ်ခုတွင် ဟန်ယွမ်ဇီနှင့်အမျိုးသမီးလျှိုတို့သည် ယွဲ့ဒေသထဲသို့ မိုးမျှော်တောင်တန်းများကိုဖြတ်သန်း၍ အလျင်အမြန် ဝင်ရောက်လာနေသည်။