← Chapters

ဖော်ထုတ်ခံလိုက်ရသော လမ်းကြောင်း

Vol. 48 Ch. 664

ဖော်ထုတ်ခံလိုက်ရသော လမ်းကြောင်း

Vol. 48 Ch. 664

သူ့နောက်ဆုံးစကားကို ပြောဆိုပြီးသည့်အချိန်၌ သုံးကီလိုမီတာတောင်ကြားနှင့်အဝေးကို ရောက်နေပေပြီ။ သူသည် မိုးပြာအလင်းအသွင်နှင့် ကောင်းကင်ထက်မှာ ပျံသန်းနေသည်။

သူသည် ဟန်မျိုးနွယ်စုနှင့် ဆွေရယ်မျိုးရယ်ပတ်သက်မှုအချို့ ရှိသော်ငြား သူ့မိဘနှစ်ပါးနှင့် ညီအစ်ကိုမောင်နှစ်မများကိုသာ သူ့မိသားစုဟု အမြဲရှုမြင်ခဲ့သူပင်။ ပညာရှိအသွင်နှင့်လူ၊ သိုင်းသမားလီတို့က သူ့အား အလွန်လေးစားစွာ ဆက်ဆံခဲ့သော်လည်း ဟန်လိအနေဖြင့် သူတို့အပေါ် ရင်းနှီးတွယ်တာမှု ရှိမနေပေ။ တကယ်တော့ မျိုးဆက်များစွာ ခြားခဲ့ပြီ မဟုတ်ပါလား။ အတိတ်က နွားစိမ်းကျေးရွာမှာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့သလို သုံးကီလိုမီတာတောင်ကြားမှာလည်း ထိုနည်းသာပင်။ ဟန်လိသည် အပြင်လူတစ်ယောက်ကဲ့သို့သာ ခံစားရတော့၏။

သို့ပေမည့် သူ့မွေးရပ်မြေသို့ ပြန်သည့်ခရီးစဉ်ကြောင့် သူ့စိတ်နှလုံးထဲရှိ တွယ်ကျန်နေသောစိုးရိမ်ပူပန်မှုများမှာ လျော့ကျသွားခဲ့ပေပြီ။ စိုးရိမ်ပူပန်မှုများ အပြီးအပိုင် ပျောက်ကွယ်သွားရန် အချိန်တစ်ခုသာ လိုမည်မှန်း သူ သေချာသိ၏။ ထိုမျိုးဆက်သစ်များနှင့် ချည်နှောင်မှုမှာ အမှန်တကယ် လွင့်ပြယ်သွားပါလိမ့်မည်။

ဤသို့ဖြင့် ဟန်လိသည် ရှေ့ဆက်လာခဲ့တော့သည်။

သုံးလေးငါးရက်လောက်ကြာပြီးနောက် ဟန်လိက လန်စီရင်စုကို ကျော်ဖြတ်လာစဉ် ကျားယွမ်မြို့ကို ဖြတ်သွားဖြတ်လာ ကြည့်ရှုလိုက်သည်။ ဤမြို့မှာလည်း မြို့ခံနေထိုင်သူများကလွဲ၍ မသိမသာ ပြောင်းလဲသွားခဲ့လေပြီ။ စွန်းအာကုံနှင့်စတုတ္ထဂိုဏ်းတို့ မတည်ရှိတော့သလို သက်တံဂိုဏ်းမှာလည်း ပျောက်ကွယ်သွားခဲ့ပေပြီ။ ကောင်းကင်မဟာမိတ်အဖွဲ့အစည်း၏အမည်ဖြင့် ဂိုဏ်းအသစ်တစ်ခုက အစားထိုးပေါ်ပေါက်ခဲ့ပေပြီ။

သူ အမှတ်မမှားလျှင် သက်တံဂိုဏ်းသည် အတိတ်တုန်းက စိတ်ဝိညာဉ်သားရဲတောင်၌ ဌာနချုပ်ကို အထိုင်ချခဲ့ခြင်းပင်။ သို့ရာတွင် မိစ္ဆာတာအိုဂိုဏ်းများနှင့် အပြင်းအထန်စစ်ပွဲကာလ၌ စိတ်ဝိညာဉ်သားရဲတောင်မှာ ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းလက်ထဲ ကျရောက်သွားခဲ့၏။ ယခုအခါ ယွဲ့ဒေသသည် တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်း၏လက်အောက်တွင် ရှိနေပြီဖြစ်သောကြောင့် သက်တံဂိုဏ်း၏ကျဆုံးခန်းမှာ အံ့အားသင့်စရာ မရှိတော့ပေ။ ထို့အပြင် မော့ယုကျူးနှင့်သူ့သမီးများမှာ မည်သည့်ဒုက္ခများ ကြုံဆုံခဲ့သလိုကို သူ မတွေးတတ်တော့ပေ။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်၍ ဟန်လိအနေဖြင့် သည်အနီးပတ်ဝန်းကျင်မှာ မေးမြန်းစုံစမ်းကြည့်လျှင်ပင် မည်သည့်သတင်းအစအနမျှ ရနိုင်တော့မည် မဟုတ်ပါ။ ဟန်လိက သက်ပြင်းချကာ ခပ်မြန်မြန် ပြန်ထွက်ခွာလာခဲ့တော့၏။

စွန်းအာကုံမျိုးဆက်အကြောင်းကိုလည်း ဟန်လိအနေဖြင့် မည်သည့်သတင်းမျှမရခဲ့ပေ။ သို့သော် ထိုအတွက် သူက စိတ်ထဲသိပ်မထည့်ထားပေ။ နောင်တရစိတ်လည်း မဖြစ်မိပေ။ အတိတ်တုန်းက သူသည် စွန်းအာကုံကို အနည်းငယ်မျှသာ အသုံးချခဲ့ပြီး အပြန်အလှန်အနေဖြင့် ထိုသူ့ကို အကျိုးအမြတ် အများအပြားပေးပြီးခဲ့ပြီး မဟုတ်လား။

ဤသို့ဖြင့် ဟန်လိသည် ကျားယွမ်မြို့မှထွက်ခွာကာ ယွမ်ဝူဒေသထံ ဦးတည်ပျံသန်းလာခဲ့သည်။ သူသည် ယွမ်ဝူဒေသကို ကျော်လွန်လာသည်နှင့် မျောလွင့်တိမ်တိုက်ဂိုဏ်းထံ ပြန်ရန် စီစဉ်ထားခဲ့၏။ သို့သော် ကျားယွမ်မြို့မှ ထွက်ခွာလာပြီး နေ့တစ်ဝက်အကြာတွင် သူ့အမူအရာမှာ အေးစက်သွား၏။ သူက လေထဲ၌ ရပ်လိုက်သည်။ ခေါင်းလှည့်ကာ အကွာအဝေးတစ်ခုထံ လှမ်းကြည့်၏။ သူ မျက်မှောင်မကြုတ်မိဘဲ မနေနိုင် ဖြစ်သွား၏။

ထိုအခိုက်၌ ကီလိုမီတာတစ်ရာကျော်လောက်တွင် ရှိနေကြသော ကျင့်ကြံသူအုပ်စုတစ်စုက သွားလာနေရင်းကနေ ရုတ်တရက် ရပ်သွားကြ၏။ ထိုအဖွဲ့ထဲမှ အဖြူရောင်ဝတ်စုံနှင့်မိန်းမလှနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အင်တင်တင်ဖြစ်ဟန်ဖြင့် ကြည့်လိုက်ကြသည်။ သူတို့က စိတ်လေးလံသွားခြင်းပင်။

သူတို့နောက်တွင် ရှိနေသောအဘိုးအိုက စိုးရိမ်တကြီး လှမ်းမေး၏။

“သိုင်းဒေါ်လေးတို့…ဘာများဖြစ်လို့လဲ…”

“အင်း…စောစောလေးကတင် ကနဦးဝိညာဉ်ရဲ့ တည်နေရာဟာ ရုတ်တရက် ရပ်သွားတယ်လို့ ငါ ခံစားမိလိုက်လို့။ ငါတို့ကို ရှာတွေ့သွားလား၊ မလားတော့ ငါလည်း မသိဘူး…”

စူးရှသောမျက်ဝန်းပိုင်ရှင်ဖြစ်သူ အမျိုးသမီးလျှိုသည် ခါတိုင်းကဲ့သို့ ပျင်းတိပျင်းရိဟန် မဖြစ်နေတော့ပေ။

ဗလကြီးတစ်ယောက်က တမျိုးဖြစ်ဟန်ဖြင့် ဝင်ပြောသည်။

“မဖြစ်နိုင်လောက်ပါဘူး။ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်နေရင်တောင် အဲ့လောက်အကွာအဝေးကနေ တစ်ခုခုကို အာရုံခံနိုင်မှာမှ မဟုတ်တာ။ သိုင်းဒေါ်လေးရဲ့ လျှို့ဝှက်ပညာရပ်က ကနဦးဝိညာဉ်ကို အနှောက်အယှက် ဖြစ်စေပြီး သူ့ကို သတိပေးမိသလိုများ ဖြစ်သွားတာလား…”

အမျိုးသမီးလျှိုက ခေါင်းရမ်းကာ အခိုင်အမာ ပြောသည်။

“အဲ့လို မဟုတ်တာ သေချာတယ်။ ငါတို့ရဲ့ပညာရပ်ဟာ မင်းတို့သိုင်းဘိုးဘေး ကိုယ်တိုင် လွှဲပြောင်းပေးခဲ့တဲ့အရာဖြစ်တယ်။ ဒီပညာရပ်က အသုံးပြုသူဘက်ကနေပဲ သစ်သားကနဦးဝိညာဉ်ကို ထောက်လှမ်းနိုင်တာ။ တစ်ဖက်လူက စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့် မရောက်သေးသ၍ တစ်ခုခုမူမမှန်တာကို အာရုံခံမိနိုင်စွမ်း ရှိလိမ့်မှာ မဟုတ်ဘူး။ တကယ်တော့ စိတ်ဝိညာဉ်အာရုံခံနိုင်စွမ်းမှာ ထူးချွန်လွန်းလှတဲ့ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေဆိုရင်တောင် ကီလိုမီတာငါးဆယ်ပတ်ပတ်လည်ထိပဲ အာရုံနိုင်စွမ်း ရှိတာလေ။ ဆိုတော့ ငါတို့ဟာ စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့် ပုဂ္ဂိုလ်ကြီးတစ်ယောက်ယောက်ရဲ့ လိုက်လံခြင်းကို ခံရတာများလား…”

ရုတ်တရက် ထိုအဖွဲ့ထဲမှ ဟန်ယွမ်ဇီသည် တိတ်ဆိတ်နေရာကနေ ကနဦးဝိညာဉ်၏တည်နေရာကို အာရုံခံမိကာ အလန့်တကြား ထပြောသည်။

“မကောင်းတော့ဘူး…ကနဦးဝိညာဉ်ရဲ့တည်နေရာဟာ ငါတို့ဆီ တန်းတန်းမတ်မတ် တိုးဝင်လာနေတယ်…”

“အန်…တို့ဆီတန်းလာနေတာလား။ အဲ့လူက ငါတို့ကို တကယ်ပဲ ရှာတွေ့သွားတာပေါ့…”

အမျိုးသမီးလျှိုက ဖြူရော်သွားသည်။ သူမက မန္တာန်ချိပ်ဟန်ကို မြန်မြန်ထုတ်ဖော်၏။ ခဏအကြာတွင် သူမက မျက်စိမျက်နှာပျက်ကာ ပြောလာသည်။

“အဟုတ်ပဲ…သူ ငါတို့ဆီ အလွန်မြန်ဆန်တဲ့နှုန်းနဲ့ လာနေတာ။ သူဟာ ကျိန်းသေပေါက် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်ပဲ…”

ထိုသို့တီးတိုးရေရွတ်ပြီးနောက် ဟန်ယွမ်ဇီက ပြောလိုက်လေ၏။

“မြန်မြန်ပြေးကြ…တိုက်ကြခိုက်ကြမယ်ဆို ငါတို့ပဲ သေရလိမ့်မယ်။ လန်စီရင်စု အနီးပတ်ဝန်းကျင်မှာ တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းခွဲတစ်ခုရှိတာ ငါ မှတ်မိတယ်။ အဲ့ကို ပြေးကြမယ်။ တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းနဲ့ ငါတို့က တရင်းတနှီးမရှိလှဘူးဆိုပေမဲ့ ဘာပဲဖြစ်ဖြစ် ငါတို့က ဘက်တစ်ဘက်တည်းကပဲ။ သူတို့ရဲ့မန္တာန်အစီအရင်နဲ့ဆို အဲ့အမည်မသိ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူကို ငါတို့ တိုက်ခိုက်နိုင်လောက်မှာပါ။ ဒါ့အပြင် အဲ့လူက တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းခွဲကို လွယ်လွယ်ကူကူ ရန်စတိုက်ခိုက်ဝံ့မှာ မဟုတ်ဘူး။ အဲ့ဂိုဏ်းခွဲကို ပြေးတာကသာ ငါတို့ လွတ်မြောက်နိုင်မဲ့ အခွင့်အရေးတစ်ခု ဖြစ်လိမ့်မယ်…”

“သိုင်းဒေါ်လေးဟန် ပြောတာ အမှန်ပါပဲ။ ကျုပ်တို့ မြန်မြန် သွားကြရအောင်။ မဟုတ်ရင် နောက်ကျလွန်းသွားလိမ့်မယ်…”

ဗလကြီးသည် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက် ရောက်လာတော့မည့်အကြောင်း ကြားသည့်အခါ လန့်ဖြန့်၍ အာစေးမိနေသည့်အလား ခံစားမိသွားသည်။

အမျိုးသမီးလျှိုက မျက်ခုံးပင့်ကာ ထိုသူ့ကို အေးစက်စက်ကြည့်၍ ဟောက်လိုက်သည်။

“တော်လောက်ပြီ အကြောက်လွန်ပြီး အပိုတွေ ပြောမနေနဲ့။ စိတ်ဝိညာဉ်ပူးပေါင်းခြင်းပညာရပ်ကို အသုံးပြုပြီး ငါတို့မှော်စွမ်းအားတွေကို တစ်စုတစ်စည်းတည်း အသုံးပြုကြမယ်။ အဲ့နည်းလမ်းနဲ့ဆို ငါတို့ရဲ့ အမြန်နှုန်းက သိသိသာသာသာ တိုးလာလိမ့်မယ်။ မြန်မြန်လုပ်ကြမယ်…”

ဗလကြီးသည် ကြောက်လန့်သွားပြီး မည်သည့်စကားမျှထပ်မဆိုဝံ့တော့ပေ။

ဟန်ယွမ်ဇီနှင့်ကျင့်ကြံသူလျှိုတို့ ဦးဆောင်မှုအောက်တွင် သူတို့ခြောက်ယောက်သားသည် စိတ်ဝိညာဉ်ပူးပေါင်းခြင်းပညာရပ်ကို ချက်ခြင်းအသုံးပြု၍ မှော်ရတနာများ၊ မှော်လက်နက်များကို အသက်ဝင်စေကာ အဝါရောင်အလင်းတန်းအသွင်ပြောင်း၍ ပျံသန်းထွက်လာကြသည်။ စိတ်ဝိညာဉ်ချီများကို ပေါင်းစည်းထားချိန်၌ သူတို့၏အမြန်နှုန်းကား အံ့မခန်းပင်။

ထိုအခိုက်တွင် ဟန်လိကလည်း ဤအခြင်းအရာကို သတိပြုမိ၏။ သူက မျက်နှာပျက်သွားပြီး အမြန်ဆုံးနှုန်းဖြင့် ရှေ့ဆက်လာသည်။ တကယ်က ဟန်လိကိုယ်တိုင်လည်း ခုလက်ရှိ သူ့စိတ်ဝိညာဉ်အာရုံခံနိုင်စွမ်း မည်မျှအစွမ်းထက်နေကြောင်း အလုံးစုံနားမလည်သေးပေ။ သူသည် မဟာဖွံ့ဖြိုးခြင်းပညာရပ်၏ အဆင့်လေးကထိသာ နားလည်ထားရုံဖြင့် သူ၏ဘေးပတ်ဝန်းကျင်ကီလိုမီတာငါးဆယ်ထိ သူ့စိတ်ဝိညာဉ်အာရုံဖြင့် ခြုံလွှမ်းနိုင်စွမ်း ရှိလေ၏။ ထိုထက်ကျော်လွန်လျှင် သူ့အနေဖြင့် အသေးစိတ်ထောက်လှမ်းသိရှိနိုင်စွမ်း မရှိတော့ပေ။

စောစောတုန်းက ဟန်လိသည် ထူးဆန်းစွာကွယ်ဖုံးနေသည့် စိတ်ဝိညာဉ်စွမ်းအားအမျှင်တန်းတစ်ခုကို ခံစားမိကာ အလန့်တကြား ဖြစ်သွားခဲ့ခြင်းပင်။ သာမန်စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများဆို သူတို့၏စိတ်ဝိညာဉ်အာရုံဖြင့် ၎င်းကို လွယ်လင့်တကူ ထောက်လှမ်းနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ၎င်းမှာ မည်သည့်အရာဖြစ်မှန်း အတိအကျ မသိသော်လည်း ပြဿနာက သူ့ကို တံခါးလာခေါက်မှန်းတော့ သိလိုက်၏။ ၎င်းသည် ယွမ်ဝူဒေသထဲရှိ ဖူဂိုဏ်းကို အမြစ်ဖျက်ခဲ့ခြင်းထက်စာလျှင် တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းနှင့် ပတ်သက်နိုင်ခြေပိုများသည်ဟု သူ ခန့်မှန်းမိသည်။

ယင်းအတွက်ကြောင့် ဟန်လိက သူ့စိတ်ဝိညာဉ်အာရုံကို ဖြန့်ကျက်ကြည့်ရာ ကီလိုမီတာတစ်ရာအကွာလောက်ကနေ သူ့နောက်သို့ ခိုးကြောင်ခိုးဝှက်လိုက်နေသော ကျင့်ကြံသူတစ်စုကို တွေ့ရှိခဲ့ခြင်းပင်။ သူနှင့်ဝေးကွာလွန်းနေသောကြောင့် ထိုသူတို့၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူ့အနေဖြင့် သတ်ဖြတ်ချင်စိတ်ပေါက်လာကာ သူတို့ရှိရာအရပ်ထံသို့ ချက်ခြင်းဦးတည်လာခဲ့တာပင်။

ထိုကျင့်ကြံသူများက သူ့နောက်သို့ နောက်ယောင်ခံလိုက်နိုင်စွမ်းရှိသောကြောင့် သူ့အနေဖြင့် ထိုသို့ဆက်ဖြစ်ရန် ခွင့်ပြုပေးနိုင်မည် မဟုတ်ပေ။ သူတို့ကို ရှင်းထုတ်ခြင်းအားဖြင့် အနာဂတ်တွင်ဖြစ်လာနိုင်မည့် ပြဿနာများကို တားဆီးထားရလိမ့်မည်။ ထိုအုပ်စု၌ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်သာ ပါနေသောကြောင့် အေးဆေးကိုင်တွယ်၍ ရသည်။

ဤသို့ဖြင့် အဝါရောင်အလင်းတန်းနောက်သို့ မိုးပြာအလင်းတန်းတစ်ခုသည် လျင်မြန်စွာ လိုက်ပါလာခဲ့လေပြီ။

ခဏအတွင်း ဟန်လိက ရှေ့ကအုပ်စုနှင့် ကီလိုမီတာငါးဆယ်လောက် ပိုနီးကပ်လာခဲ့ပေပြီ။ ကျင့်ကြံသူလျှိုက သူမ၏ပညာရပ်များမှတဆင့် ဟန်လိ၏တည်နေရာကို ယောင်ဝါးဝါးထောက်လှမ်းမိချိန်၌ ကြောက်လန့်ကာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

ဤအမြန်နှုန်း။ ယင်းနှုန်းဖြင့်ဆို သူတို့ခြောက်ယောက်သည် တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းခွဲသို့ မရောက်ခင် လမ်းတစ်ဝက်မှာပင် အနှီစဦးစိတ်ဝိညာဉ်ကျင့်ကြံသူ၏ လိုက်မီခြင်းကို ခံရပေတော့မည်။

စိုးရိမ်ပူပန်လွန်းကာ သူမက ဟန်ယွမ်ဇီဘက်သို့ ခေါင်းလှည့်ကြည့်ပြီး မည်သို့မည်ပုံ ထွက်ပြေးရင်ကောင်းမလဲဟု ဆွေးနွေး၏။ ထိုစဉ်မှာပင် ဟန်ယွမ်ဇီက ရုတ်တရက် ပြုံးယောင်သမ်းသွားပြီး ခပ်တိုးတိုးဆိုလိုက်သည်။

“မြန်မြန်…ရှေ့ကိုကြည့်ကြည့်။ တို့ဆီကို တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းက ကျင့်ကြံသူတွေ ဦးတည်လာနေကြတယ်…”

“တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းက ကျင့်ကြံသူတွေလား…”

ဟန်ယွမ်ဇီ၏ ညင်သာတိုးညှင်းသောစကားသံက ကျင့်ကြံသူလျှိုကိုသာမက အခြားအခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူလေးယောက်ကိုပါ စိတ်အားတက်ကြွသွားစေသည်။

ထင်ထားသလိုပင် ခဏအကြာ၌ သူတို့အုပ်စုက အကွာအဝေးတစ်ခုထံမှ ချဉ်းကပ်လာသော အနက်ရောင်အစက်ဆယ်စက်ကို လှမ်းမြင်သည်။

ထိုအခါ ကျင့်ကြံသူလျှိုက စိတ်အေးသွားမိ၏။ မည်သို့ပင်ဖြစ်စေ သူမက ဟန်ယွမ်ဇီကိုကြည့်ကာ တုန်လှုပ်မိသွားသေး၏။ အကြောင်းမှာ စီနီယာအစ်မဖြစ်သူ သူမထက် ဟန်ယွမ်ဇီက တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းမှ ကျင့်ကြံသူများကို အရင်ထောက်လှမ်းမိနိုင်စွမ်း ရှိနေသောကြောင့်ပင်။

ကနဦးသစ်သားဝိညာဉ်က တစ်ခုတည်းသာ ရှိသောကြောင့် သူတို့နှစ်ယောက်သည် အပေါ်ယံ၌ သိုင်းညီမများ ဖြစ်နေသော်ငြား အမှန်တကယ်ကမူ ပြိုင်ဘက်များပင်။ ဂိုဏ်းတွင်းပတ်သက်မှုအတိုင်းအတာအရ အစ်မ၊ညီမ ခေါ်နေသော်ငြား သူတို့စိတ်ထဲ၌ ကနဦးသစ်သားစိတ်ဝိညာဉ်နှင့် ပေါင်းစပ်နိုင်မည့် အခွင့်အရေးအတွက် ပြိုင်ဆိုင်နေကြသည်သာ။ ယင်းသို့ပေါင်းစပ်နိုင်ခြင်းမှာ အမြင့်တက်လှမ်းနိုင်မည့် အခွင့်အလမ်းတစ်ခု ဖြစ်နေသည် မဟုတ်ပါလား။

ထိုအခိုက်တွင် သူတို့ခြောက်ယောက်သားသည် တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းမှ ကျင့်ကြံသူအုပ်စုရှေ့သို့ ရောက်လာကြသည်။ သူတို့ပတ်ပတ်လည်ရှိ စိတ်ဝိညာဉ်ချီများကို ပြန့်ကျဲစေသည့်အခါ သူတို့၏ပုံပန်းသဏ္ဌာန်များ ပေါ်လာ၏။ တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းမှကျင့်ကြံသူများက ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းမှကျင့်ကြံသူများ ဖြစ်နေမှန်း သိသွားကြသည်။ သူတို့သည် ရန်လိုတိုက်ခိုက်မည့်အပြုအမူများ မလုပ်ဆောင်သော်ငြား သတိအနေအထား ဖြစ်သွားသည်။

အို…ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းက ဂျူနီယာညီမဟန်နဲ့ ညီမလျှိုတို့မလား။ ခင်ဗျားတို့က ယွဲ့ဒေသကို မလာစဖူးအလာထူးပြီး ရောက်လာကြတာပဲ…”

တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းဘက်မှ အနက်ရောင်ဝတ်စုံနှင့်ကျင့်ကြံသူသည် အံ့အားတသင့် ပြောလာသည်။ ထို့နောက် သူတို့အုပ်စုထဲမှ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူသုံးယောက်က ရှေ့သို့လှမ်းလာကြ၏။ ထိုသုံးယောက်မှာ အမျိုးသားနှစ်ယောက်၊ အမျိုးသမီးတစ်ယောက်တို့ပင်။

All Chapters