← Chapters

အကြောက်အကန် ထွက်ပြေးကြခြင်း

Vol. 48 Ch. 665

အကြောက်အကန် ထွက်ပြေးကြခြင်း

Vol. 48 Ch. 665

ထိုသူတို့မှာ ခိုင်မာပြတ်သားသည့်အသွင်ရှိသော အနက်ရောင်ဝတ်စုံနှင့်လူ၊ သားသားနားနားဝတ်ထားသော အကြည့်စူးစူးပိုင်ရှင် ကျောင်းတော်သား၊ အရွယ်တင်လှပနေသော သက်လတ်ပိုင်းအမျိုးသမီးတို့ပင်။

အမျိုးသမီးလျှိုက အရှင်ခွဲထွက်ဝိညာဉ်၏ တပည့်သုံးယောက်ကို မြင်သည့်အခါ ချိုသာစွာပြုံး၍ စကားဆိုသည်။

“စီနီယာအရှင်ခွဲထွက်ဝိညာဉ်ရဲ့ တပည့်ကျော်တွေဖြစ်တဲ့ စီနီယာအစ်ကိုရွှမ်တို့ကို။ အချိန်ကိုက်ကို လာတွေ့တာပဲ…”

သို့ပေမည့် သူမ၏စကားကို ကြားသည့်အခါ သူတို့သုံးယောက်က တစ်ဖက်အုပ်စုကို အေးတိအေးစက်ဖြင့် စူးစမ်းစွာကြည့်လာ၏။ သူတို့က မျက်နှာပျက်လာသည်။ သုံးယောက်ထဲမှ အမျိုးသမီးဖြစ်သူက မဖော်ရွှေစွာ မေးလာသည်။

“ဘာကို အချိန်ကိုက်လဲ။ ဝိညာဉ်ထိန်းချုပ်ဂိုဏ်းရဲ့ ဂျူနီယာညီမနှစ်ယောက်က ယွဲ့ဒေသကို ဘာလို့ ရောက်လာတာလဲ။ ဘာလဲ နင်တို့က ငါတို့ တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းကို အထင်အမြင်သေးတာလား…”

ကျင့်ကြံသူလျှိုက ပြုံး၍ ရှင်းပြသည်။

“အစ်မတော် နားလည်မှုလွဲနေပါပြီ။ စီနီယာအစ်မဟန်နဲ့ ကျမတို့က ဘိုးဘေးအမိန့်အရ ယွဲ့ဒေသကို ရောက်လာခဲ့ရတာပါ။ ဒီကိစ္စက အလျင်စလို ဖြစ်သွားပြီး နှောင့်နှေးလို့မရလို့ ရှင်တို့ဂိုဏ်းကို အကြောင်းမကြားနိုင်ခဲ့တာပါ။ ဒါ့အပြင် ကျမတို့ဟာ ယွဲ့ဒေသကို ရောက်တာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ ရှင်တို့ဂိုဏ်းကို လစ်လျူရှုတဲ့ ရည်ရွယ်ချက်မျိုး လုံးလုံး မရှိရပါဘူးရှင့်…”

အနက်ရောင်ဝတ်စုံနှင့်ကျင့်ကြံသူက ကျင့်ကြံသူလျှိုကို စိုက်ကြည့်ပြီး မင်သေသေဖြင့် မေးလိုက်သည်။

“နင်တို့ ယွဲ့ဒေသကို ဘာကိစ္စနဲ့ဖြစ်ဖြစ် လာခဲ့လာခဲ့ ငါတို့အနေနဲ့ မေးချင်တာ တစ်ခုပဲ ရှိတယ်။ နင်တို့က လွန်ခဲ့တဲ့ရက်ပိုင်းက ထိုက်ယွဲ့တောင်တန်းကနေ တစ်ခုခု ရလာခဲ့သေးလားဆိုတာပဲ…”

ဟန်ယွမ်ဇီက မျက်မှောင်ကြုတ်သွားမိ၏။ သူမ၏မျက်နှာအမူအရာမှာ တမျိုးဖြစ်သွားသည်။

“ထိုက်ယွဲ့တောင်တန်းလား။ အရင်တုန်းက အဝါရောင်မေပယ်တောင်ကြားက ပိုင်ဆိုင်ခဲ့တဲ့ တောင်တန်းများလား…”

“ဟား…ဂျူနီယာညီမနှစ်ယောက်…နင်တို့ အဲ့တောင်တန်းကို ဖြတ်သန်းခဲ့ကြတယ်မလား….”

ဝတ်ရုံနက်နှင့်သူက တည်ငြိမ်ဟန်ရ၏။ သို့သော် သူ့မျက်လုံးထဲတွင်မူ အေးစက်မှုဖြတ်ပြေးသွားသည်။ ကျောင်းတော်သားနှင့် သက်လတ်ပိုင်းအမျိုးသမီးတို့၏အမူအရာများမှာ တင်းမာလာသည်။ ရန်လိုသည့်အရိပ်အယောင်များ သူတို့မျက်နှာထက်တွင် ပေါ်လာကြသည်။

ဟန်ယွမ်ဇီနှင့်ကျင့်ကြံသူလျှိုတို့က ဤသည်ကိုမြင်သည့်အခါ မသိမသာ အကြည့်ချင်းဖလှယ်မိကြသည်။

သူတို့နှစ်ယောက်သည် အရူးများ မဟုတ်ကြပေ။ တစ်ဖက်အုပ်စုက ရန်လိုနေတာ အသိသာကြီးပင်။ သို့ရာတွင် ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းမှကျင့်ကြံသူများက ထိုက်ယွဲ့တောင်တန်းထဲ မဝင်ရောက်ခဲ့ကြတာ အမှန်ပင်။ သူတို့သည် အကွာအဝေးတစ်ခုကနေသာ ကနဦးဝိညာဉ်၏တည်နေရာကို ထောက်လှမ်းကြည့်နေရုံမျှသာ။ ထိုဝိညာဉ်ကို ဖမ်းသွားခဲ့သည့်သူသည်သာ ထိုက်ယွဲ့တောင်တန်း၌ နေ့တစ်ဝက်ကြာနေထိုင်ခဲ့ခြင်းပင်။

ကျင့်ကြံသူလျှိုက စူးစမ်းသည့်ဟန်ဖြင့် မေးလိုက်သည်။

“ကျမတို့ ထိုက်ယွဲ့တောင်တန်းကို ဖြတ်မသွားခဲ့ပါဘူး။ ဒါပေမဲ့ ကျမတို့နောက်က ကီလိုမီတာငါးဆယ်အကွာက ကျင့်ကြံသူကတော့ ထိုက်ယွဲ့တောင်တန်းထဲ တကယ် ဝင်ရောက်ခဲ့တာပါ။ အစ်ကိုရွှမ်က သူ့ကို ရှာနေတာများလား…”

ကျောင်းတော်သားက ဟန်ယွမ်ဇီတို့နှစ်ယောက်ကို စူးစူးရဲရဲကြည့်ရင်း ရုတ်တရက် ပြုံးလိုက်သည်။

“နင်တို့ရဲ့ ကီလိုမီတာငါးဆယ်အကွာက ဟုတ်လား။ နင် နောက်နေတာလား။ အဲ့လူက ထိုက်ယွဲ့တောင်တန်းမှာ နေခဲ့မှန်း နင် ဘယ်လိုသိလဲ။ သူက နင်တို့ဂိုဏ်းက ကျင့်ကြံသူတစ်ယောက် ဖြစ်ချင်ဖြစ်နေမှာပေါ့…”

ထိုသို့မေးခံရသောကြောင့် ကျင့်ကြံသူလျှိုမှာ အရှက်ရသွား၏။ သူမက ရွှန်းလဲ့စွာကြည့်၍ ပြောလိုက်သည်။

“အစ်ကိုချွဲ့က တကယ်နောက်တတ်တာပဲ။ ယွဲ့ဒေသထဲ ရောက်နေမှတော့ ကျမတို့က ဘယ်လိုလုပ် အစ်ကိုတို့ကို လိမ်ညာဝံ့ပါ့မလဲ။ ရှင်…မယုံဘူးဆို ကျမ မိုးကောင်းကင်ကို တိုင်တည်ပြီး ရှင့်အမေးတွေကို ဖြေပါ့မယ်။ ကျမ ပြောတာ အမှန်တွေဆိုတာ ရှင် သိသင့်တယ်။ ကျမတို့က အဲ့လူနဲ့မသိဘူး။ ထိုက်ယွဲ့တောင်တန်းက ကိစ္စကို ဘယ်လိုသိလဲဆိုတာကို ရှင်းပြရမဲ့ ကိစ္စကကျ နည်းနည်းတော့ရှုပ်တယ်။ ခု ဒီဂျူနီယာညီမက အရေးတကြီး၊အလောတကြီး လုပ်စရာကိစ္စတစ်ခု ရှိနေတာမလို့ နောက်နေ့ကျမှပဲ ရှင့်ကို အကြောင်းစုံသေချာ ရှင်းပြပေးပါ့မယ်…”

သူမ၏အမူအရာကိုကြည့်ကာ ဝတ်ရုံနက်နှင့်လူက မျက်မှောင်ကြုတ်သွား၏။ သူက သံသယပိုဝင်လာသည်။ ခဏစဉ်းစားနေပြီးနောက် သူ့အမူအရာက စိတ်ကျေနပ်သွားပြီး တည်တည်ငြိမ်ငြိမ် ပြောလာ၏။

“အဲ့တာက သာမန်ကိစ္စသာ ဖြစ်နေရင် ငါ နင့်ကို သံသယဝင်နေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့ရဲ့ညီခြောက်နဲ့သူ့တပည့်တွေဟာ ထိုက်ယွဲ့တောင်တန်းမှာ အသတ်ခံလိုက်ရတယ်။ သူတို့ရဲ့ပြာတောင်မကျန်ခဲ့ဘူး။ အဲ့ကိစ္စကြောင့် ဆရာက ဒေါသထွက်နေပြီး လတ်တလော ယွဲ့ဒေသထဲ ဝင်ရောက်လာတဲ့ အဆင့်မြင့်ကျင့်ကြံသူတွေကို စုံစမ်းဖို့ ငါတို့ကို စေခိုင်းလိုက်တာ။ ဂျူနီယာညီမတို့အုပ်စုကလည်း အတော်လေး ထူးထူးခြားခြားဖြစ်နေတော့ ငါတို့နဲ့ နင်တို့အုပ်စု ပေါင်းပြီး အဲ့ကျင့်ကြံသူကို ရင်ဆိုင်တွေ့လိုက်ရင် ပိုမကောင်းဘူးလား။ အဲ့လူကသာ ငါတို့ဂိုဏ်းက ညီခြောက်ကို သတ်ခဲ့တဲ့ လူသတ်သမား ဖြစ်နေခဲ့မယ်ဆို ငါတို့အနေနဲ့ နင်တို့ကို ကျေးဇူးတင်မိမှာပဲ…”

ထို့နောက် ဝတ်ရုံနက်ကျင့်ကြံသူက ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းမှကျင့်ကြံသူများကို ခပ်တင်းတင်းစိုက်ကြည့်နေသည်။

“ရင်ဆိုင်တွေ့မှာတဲ့လား…”

ကျင့်ကြံသူလျှို၏အမူအရာမှာ အပျက်အပျက်အယွင်းယွင်း ဖြစ်သွားတော့၏။

“ဘာလဲ…ဂျူနီယာညီမနှစ်ယောက်က ငါတို့ကို မကူညီနိုင်လောက်အောင် အလုပ်များနေလို့လားပြော…”

ဝတ်ရုံနက်နှင့်ကျင့်ကြံသူက ဤသို့ ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းပင်။ သို့သော် သူ့နောက်မှ တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းမှကျင့်ကြံသူများသည် တစ်ဖက်အုပ်စုကို ဝိုင်းပတ်တားဆီးလာသည်။ ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းမှ ကျင့်ကြံသူများက သဘောမတူပါက သူတို့သည် တိုက်ခိုက်ကြတော့မည့်ပုံပင်။

ဤသည်ကိုမြင်သည့်အခါ ကျင့်ကြံသူလျှို၏အမူအရာက ပြောင်းလဲသွား၏။ သမူက တစ်ခုခု ပြောရန်ဟန်ပြင်သည်။ သို့သော် ရုတ်တရက် သူမက အလန့်တကြားဖြင့် နောက်သို့ ခေါင်းလှည့်ကြည့်မိ၏။

သူမ တစ်ယောက်တည်းသာမက။ ဤနေရာတွင် ရှိနေသောကျင့်ကြံသူတိုင်းက အေးစက်လှသောစိတ်ဝိညာဉ်အာရုံတစ်ခုက သူတို့အပေါ် ခြုံလွှမ်းသွားတာကို ခံစားမိလိုက်ရပေပြီ။

၎င်းစိတ်ဝိညာဉ်အာရုံ၏ပိုင်ရှင်ကို ယခုထိ မမြင်ရသေးသော်ငြား သူတို့သည် အရိုးထဲထိ အေးစိမ့်သွားသည့်အလား ခံစားသွားရ၏။

သက်လတ်ပိုင်းအမျိုးသမီးက ဒေါသတကြီးဖြင့် အလန့်တကြား ထအော်၏။

“စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ။ နင် ပြောခဲ့တဲ့လူက တကယ်ကြီး စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်လား။ နင်က ငါတို့ကိုပါ ရောပြီးသေစေချင်နေတာပဲ…”“အပိုတွေ မပြောကြနဲ့တော့…မြန်မြန်ပြေးကြ။ အစွမ်းကုန်သာ ပြေးကြတော့…”

ဝတ်ရုံနက်နှင့်လူကလည်း ဒေါသထွက်သွားသော်ငြား အခုက အချိန်ကောင်းမဟုတ်မှန်းသိ၏။ သည်ကိစ္စကို နောက်မှရှင်းရပေမည်။ သူက ပြော၍ ပြီးသည်နှင့် အနက်ရောင်အလင်းတန်းအဖြစ်ပြောင်းကာ တန်းပြေးလေတော့သည်။

ကျောင်းတော်သားက အလန့်တကြားဖြင့် တုံ့ဆိုင်းဆိုင်း ပြောလာ၏။

“အဲ့လူက ညီခြောက်ကို သတ်ခဲ့တဲ့သူ ဟုတ်ချင်မှဟုတ်မှာ။ ငါတို့သူ့ကို ကြောက်နေစရာမှ မလိုတာ…”

သက်လတ်ပိုင်းအမျိုးသမီးက နှာခေါင်းရှုံ့ကာ အေးစက်စက်ပြောလိုက်သည်။

“စီနီယာအစ်ကိုက ကိုယ့်အသက်ကိုယ်ကို တစ်ပါးသူဆီ အသနားခံချင်တယ်ဆိုလည်း ရှင့်လို့ လိုက်လုပ်မနိုင်တဲ့အတွက် ဒီဂျူနီယာညီမကို ခွင့်လွှတ်ပေးပါ…”

ထို့နောက် သူမက အနီရောင်အလင်းတန်းအဖြစ်ပြောင်းကာ ကောင်းကင်ထက်သို့ ပျံသန်းသွားတော့သည်။

ကျောင်းတော်သား၏အမူအရာမှာ အလွန်ပျက်ယွင်းသွားသည်။ သူသည် သူ့ဂိုဏ်းဖော်နှစ်ယောက် ထွက်ပြေးသွားသောအရပ်သို့ တစ်ချက်ကြည့်ပြီး ထိုနှစ်ယောက်နောက်သို့ လိုက်ပါသွားတော့သည်။

တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူများက သူတို့စီနီယာများ ထွက်ပြေးသွားတာ မြင်သည့်အခါ သူတို့လည်း ကိုယ့်အသက်ကိုယ်ရှင်သန်နိုင်ရန် ကြုံရာထွက်ပြေးကြတော့သည်။ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူတို့အနေဖြင့် လားလားမျှ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

ကျင့်ကြံသူလျှိုက ဒေါသတကြီး ရေရွတ်လိုက်၏။

“ဒီလူတွေက သုံးစားလို့ကို မရဘူး။ တို့ကို မကူတဲ့အပြင် ငါတို့ထွက်ပြေးနိုင်မဲ့ အချိန်ကိုပါ ဖြုန်းတီးစေခဲ့တာပဲ…”

“မဟုတ်ဘူး…။ အခုက ပိုကောင်းသွားတာ။ လူပိုများလေ ငါတို့အတွက် ထွက်ပြေးလွတ်မြောက်နိုင်ခြေ ပိုများလေပဲ။ ငါတို့အကုန်လုံး ဘေးကင်းမကင်းကတော့ ကိုယ့်ကံပေါ်ပဲ မူတည်တော့တယ်…”

ဟန်ယွမ်ဇီက တည်ငြိမ်လှသည်။ သူမ၏သိုလှောင်အိတ်ကိုပုတ်၍ နှင်းဖြူငှက်ကို လေထဲသို့ဆင့်ခေါ်လိုက်သည်။

ကျင့်ကြံသူလျှိုနှင့်အခြားသူများကလည်း မြန်မြန် လှုပ်ရှားကြတော့သည်။ သူတို့သည် သက်ဆိုင်ရာမှော်ရတနာများကို အသုံးပြု၍ဖြစ်စေ၊ ကိုယ်ပိုင်စိတ်ဝိညာဉ်သားရဲများကို အသုံးချ၍ဖြစ်စေ ထွက်ပြေးကြတော့၏။ သို့ပေမည့် မည်သူကမျှ တူညီသောဦးတည်ရာတစ်ခုတည်းသို့ မပြေးကြပေ။ သူတို့နောက်၌ လူချန်နိုင်ခဲ့ပါက အသက်ရှင်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြ၏။

စဦးစိတ်ဝိညာဉ်တစ်ယောက်သည် အဘက်ဘက်သို့ ထွက်ပြေးသောကျင့်ကြံသူတိုင်းကို ဖမ်းဆီးနိုင်လိမ့်မည် မဟုတ်၍ အခြားသူများထက် ပိုမြန်မှဖြစ်မည်ဟု သူတို့ တွေးနေကြခြင်းပင်။ ထိုအတွေးဖြင့် သူတို့သည် တတ်နိုင်သမျှ အမြန်ပျံသန်းထွက်ပြေးကြခြင်းပင်။

ကီလိုမီတာငါးဆယ်အကွာသို့ ရောက်လာချိန်တွင် ဟန်လိက နောက်ထပ်မိစ္ဆာတာအိုကျင့်ကြံသူများ ပေါ်လာတာ မြင်သည့်အခါ အံ့အားသင့်သွားခဲ့သည်။ သို့သော် သူတို့က လူစုခွဲ၍ ထွက်ပြေးကြတာ မြင်သည့်အခါ သူ မျက်မှောင်ကြုတ်မိသွား၏။ သူ့အနေဖြင့် ကထိကယပိုများတော့မည်ဟု ခံစားလိုက်ရသည်။

သူ အသက်ခပ်ပြင်းပြင်း ရှိုက်သွင်း၏။ သူ့နောက်ကျော၌ ငွေရောင်လျှပ်စီးများ လင်းလက်ကာ မိုးကြိုးသံနှင့်အတူ ငွေရောင်တောင်ပံနှစ်ဖက် ပေါက်လာ၏။နတ်မိစ္ဆာနှင်ထုတ်ခြင်းလျှပ်စီးအမျှင်တန်းတစ်ခုကို မိုးကြိုးမုန်တိုင်းတောင်ပံနှင့် ပေါင်းစပ်ပြီးနောက် ဟန်လိသည် ချက်ခြင်းပင် လျှပ်စီးအလာား ပျောက်ကွယ်သွားလေပြီ။ ခဏအကြာတွင် သူသည် စောစောက ကျင့်ကြံသူများ ထွက်ပြေးသွားသောနေရာ၌ ပေါ်လာသည်။

ဟန်လိက သူ့စိတ်ဝိညာဉ်အာရုံကို အသုံးပြု၍ ထွက်ပြေးသူများကို ချက်ခြင်းရှာဖွေ၏။ ယင်းနောက် အဝေးဆုံး ထွက်ပြေးသွားသူကို ကီလိုမီတာနှစ်ဆယ်အကွာ၌ တွေ့ရ၏။ သူနှင့် အနီးဆုံးကမူ ငါးကီလိုမီတာအကွာပင်။ သူ နှာခေါင်းရှုံ့ကာ အပြေးမြန်ဆုံး အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူထံ ဦးတည်လိုက်သည်။

အဝေးဆုံးတွင် ရောက်နေသောသူမှာ အရင်ဆုံးထွက်ပြေးသွားသော ဝတ်ရုံနက်ကျင့်ကြံသူရွှမ် မဟုတ်နေပေ။ သူ့အစား သက်လတ်ပိုင်းအမျိုးသမီး ဖြစ်နေ၏။

သူမက မီးလုံးကြီးတစ်လုံးအသွင်ဖြင့် ကောင်းကင်ထက်တွင် ပျံသန်းနေ၏။ ထိုထူးခြားသောပညာရပ်ကြောင့် သူမသည် အစောပိုင်းအမြုတေဖွဲ့စည်းခြင်းအဆင့်သာ ဖြစ်သော်လည်း သူမ၏ပြိုင်ဘက်များထက် ရှေ့ကြိုရောက်နေတာပင်။

သူမ၏ခန္ဓာကိုယ်ထံမှ အတိုင်းအတာမတူသောအလင်းဖွဲကြိုးများစွာ ထွက်ပေါ်လာသည်။ ဖဲပြားတစ်ခုက မိုးပြာအလင်းတောက်ပသွားတိုင်း သူမက ရှေ့မီတာတစ်ရာထိ ရောက်သွားနိုင်စွမ်း ရှိသည်။ ဤသို့ဖြင့် သူမက အံ့မခန်းအမြန်နှုန်း ရရှိလာခြင်းတည်း။

သူမသည် ဤလေမီးလှုပ်ရှားမှုပညာရပ်ကြောင့် ဂုဏ်ယူသည်။ သူမ ကျင့်ကြံထားသော လေဓာတ်ရတနာဖြစ်သည့် မျောလွင့်စိတ်ဝိညာဉ်ဖဲကြိုးကိုပါ ထပ်ပေါင်းသည့်အခါ သူမ၏အမြန်နှုန်းသည် သာ၍ပင် တိုးလာ၏။ သူမ၏ခုလက်ရှိအမြန်နှုန်းမှာ အစောပိုင်းစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့်ပင် ယှဉ်နိုင်နေသည်။

သို့ဖြစ်၍ ထွက်ပြေးသူများထဲ၌ ဘေးအကင်းဆုံးမှာ သူမသာ ဖြစ်နိုင်ခြေများပေလိမ့်မည်။

ထိုသို့တွေးနေရင်း သူမက အနီးအနားမှတုန်ခါသံကို ရုတ်တရက် ကြားလိုက်ရသည်။ ထိုအသံကား မကျယ်။ သို့သော် သူမသည် အလန့်တကြားဖြင့် လှည့်မကြည့်ဘဲ မနေနိုင် ဖြစ်ရလေ၏။

All Chapters