လေတိုက်သလို
Vol. 48 Ch. 666
ထိုအမျိုးသမီးလှည့်ကြည့်လိုက်စဉ် လူအရိပ်အယောင် လုံးဝ မတွေ့ရ။ သို့သော် တုန်ခါသံက ပိုကျယ်လောင်လာ၏။ တစ်ခုခု သူမထံ ချဉ်းကပ်လာသည့်အလား။
သူမ၏မျက်နှာက ချက်ခြင်းဖြူရော်သွား၏။ သူမက ဘေးဘီဝဲယာကို အထိတ်တလန့် ကြည့်မိသည်။ ထိုစဉ် သူမ၏စိတ်ထဲ တစ်ခုခု တွေးမိသွားပြီး အရင်ထက် ပိုမြန်ဆန်စွာ ပျံသန်းသည်။ သည့်နောက်မှာတော့ ငွေရောင်အလင်းတစ်ခုသည် ဗလာနယ်ထဲမှ ဖြတ်ခနဲ့ ထွက်ပေါ်လာပြီး များမကြာမီ ပြန်ပျောက်သွားသည်။ ထိုအလင်းပြန်ပေါ်လာချိန်တွင်မူ ၎င်းမှာ မီတာသုံးရာကျော်အကွာသို့ ရောက်နေလေပြီ။ ၎င်းအလင်းအတွင်း၌ ဟန်လိ၏ပုံရိပ်ကို မြင်ရနိုင်၏။
ဟန်လိသည် အနီရောင်အလင်းခြုံလွှမ်း၍ ပျံသန်းနေသောအမျိုးသမီးကို တစ်ချက်ကြည့်ကာ သူမ၏အမြန်နှုန်းအပေါ် အံ့အားသင့်သွားမိ၏။ သူမ၏အသည်းအသန်နိုင်သော လှုပ်ရှားမှုပညာရပ်မှာ သူ့မိုးကြိုးတောင်ပံလျှပ်စီးလှုပ်ရှားမှုနှင့်ပင် ယှဉ်၍ရနိုင်သည်။ ကြည့်ရသည်မှာ ၎င်းနည်းစနစ်သည် လောကရှိ အံ့မခန်းလှုပ်ရှားမှုပညာရပ်များထဲတွင် ပါဝင်နေပုံပင်။
ဟန်လိသည် စိတ်မကောင်းဖြစ်မိသွားသေးသည်။ ထို့နောက်တွင် သူ့နောက်ဘက်ရှိ တောင်ပံကို ဖြန့်ကျက်လိုက်သည်။ တောင်ပံတစ်ချက်ခတ်ကာ ဟန်လိက လျှပ်စီးတန်းအဖြစ် ပြောင်း၍ အမျိုးသမီး၏ရှေ့တွင် ပေါ်လာသည်။ ထို့နောက် သူက တည်တည်ငြိမ်ငြိမ်ဖြင့် လက်မြှောက်ကာ သူ့လက်ချောင်းများကို တောက်ထုတ်လိုက်သည်။ မိုးပြာဓားအလင်းတန်းများက သူ့လက်ချောင်းများထံမှ ပြေးထွက်သွားလေ၏။
အလန့်တကြားဖြင့် အမျိုးသမီးဖြစ်သူမှာ အသည်းအသန် လှမ်းအော်သည်။
“စီနီယာ…ကျေးဇူးပြုပြီး…အသက်ချမ်းသာပေးပါ…”
ခဏအကြာ သူမခန္ဓာာကိုယ်ကို ခြုံလွှမ်းထားသော အနီရောင်အလင်းက သူမ၏မိုးပြာရောင်ဖဲကြိုးများနှင့် ပေါင်းစပ်၍ သိပ်သည်းသောအလင်းအကာအရံတစ်ခု ပေါ်လာသည်။
ဟန်လိသည် မသိမသာ မျက်မှောင်ကြုတ်သွားပြီး သူမကို တစ်ချက်လှမ်းကြည့်သည်။ ထို့နောက်တွင် မိုးပြာဓားအလင်းတန်းငါးခုက အမျှင်တန်းတစ်ခုအဖြစ် သိပ်သည်းစုဝေးပြီး ၎င်းအလင်းအကာအရံနှင့် ထိပ်တိုက်တွေ့သွား၏။
ပေါက်ကွဲသံ ခပ်မဆိတ် ထွက်ပေါ်လာ၏။ ၎င်းအကာအရံသည် ဦးဆုံးဓားအလင်းတန်းသုံးခုကို အမှန်တကယ် ကာကွယ်လိုက်နိုင်သည်။ သို့သော် လေးခုမြောက် ဓားချီတိုက်ခိုက်မှု ကျရောက်လာချိန်တွင်မူ အကာအရံသည် ပျက်စီးသွားရ၏။ ဓားချီတန်းနှစ်ခုက ၎င်းအမျိုးသမီး မတုံ့ပြန်နိုင်ခင်မှာပင် သူမ၏အသက်ကို နှုတ်ယူသွားလေ၏။
ဟန်လိက ပြိုလဲကျသွားသောသူမ၏ခန္ဓာကိုယ်ကို တစ်ချက်ကြည့်ကာ ခေါင်းရမ်းမိသည်။ သူက လက်တောက်ထုတ်၍ မီးလုံးတစ်လုံးကို စေလွှတ်ကာ အမျိုးသမီး၏အလောင်းကို ပြာဖြစ်စေလိုက်သည်။ သူက အမျိုးသမီး၏ အလင်းဖဲကြိုးများနှင့်သိုလှောင်အိတ်တို့ကိုမူ ဆင့်ခေါ်လိုက်ပြီး ၎င်းတို့က သူ့လက်ထဲ ကျရောက်လာခဲ့သည်။
“ငါသာ မင်းကို မသတ်ဘူးဆိုရင် မိစ္ဆာတာအိုဘက်က စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေက ငါ့ကို အမဲလိုက်လိမ့်မယ်…”
ဟန်လိက သက်ပြင်းချကာ လျှပ်စီးအသွင်ဖြင့် လှုပ်ရှားမှုပြုသည်။ သူက နောက်ထပ်ထွက်ပြေးနေသောပုံရိပ်တစ်ခုထံ စိတ်ဝိညာဉ်အာရုံဖြင့် ထောက်လှမ်းထားပြီးပင်။
နောက်ပစ်မှတ်က သည်အုပ်စုထဲ၌ ကျင့်ကြံမှုအမြင့်ဆုံး အနက်ရောင်ဝတ်စုံနှင့်ကျင့်ကြံသူပင်။ သူက အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့်၏အထွတ်အထိပ်တွင် ရှိနေသူပင်။ နောက်ဆုံးအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ဟန်လိက သူ ထွက်ပြေးနေသောအရပ်ထံ ပျံသန်းလာနေရင်း စိတ်ဝိညာဉ်သားရဲသိုလှောင်အိတ်ကို ဖွင့်လှစ်ကာ အနက်ရောင်စွန်းထင်းနေသည့် ရွှေဝါးမြိုခြင်းပိုးတောင်မာ မြောက်များစွာကို ထုတ်လွှတ်လိုက်သည်။ သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ထိန်းချုပ်မှုအောက်မှာ ၎င်းပိုးတောင်မာများက ချက်ခြင်းပင် သုံးရောင်စုံဓားသွားဆယ်လက်ကျော်အသွင် သိပ်သည်းပြောင်းလဲကာ ပြေးလွှားနေသော အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူများနောက်သို့ လိုက်လံလေ၏။ သူတို့၏ကျင့်ကြံမှုအဆင့်က နိမ့်ကျသဖြင့် ဟန်လိသည် သူ ကိုယ်တိုင်မသတ်ပေ။ သူ့အစား ပိုးတောင်မာများကိုသာ စေလွှတ်လိုက်ခြင်းပင်။ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများကိုသာ သူကိုယ်တိုင် ဖြေရှင်းပေမည်။
တကယ်တော့ သည်အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများက အတော်လေးမြန်ဆန်ကြ၏။ ပိုးတောင်မာများက သူတို့ကို လိုက်မှီနိုင်စရာအကြောင်း ရှိမနေပေ။ ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် တိုတောင်းသောအကွာအဝေးအတွင်း၌သာ မြန်ဆန်ကြခြင်းပင်။ အဝေးသို့ လိုက်လံရာတွင်မူ အားမသာလှပေ။
ဝတ်ရုံနက်ကျင့်ကြံသူက ဓားပျံစီးနင်းကာ ပျံသန်းနေခြင်းပင်။ သူ့အမူအရာမှာ သုန်မှုန်နေ၏။ သူသည် ညီခြောက်ကို သတ်သွားသည့် လူသတ်သမားအား လာရှာချိန်၌ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် လာကြုံရလိမ့်မည်ဟု မထင်ထားမိပေ။ ဤကျင့်ကြံသူက ညီခြောက် သေဆုံးသွားခြင်းနှင့် ပတ်သက်ခြင်း၊မသက်ခြင်းကို သူ မသိ။ ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းမှ ကျင့်ကြံသူများနှင့် ပတ်သက်နေမှန်းကိုသာ သူ သိသည်။ ဤစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူက သူတို့နောက်သို့ လိုက်လံလိုခြင်းကြောင့်သာ ပေါ်ထွက်လာတာ ဖြစ်ရမည်။
သူသည် သူတို့အပေါ် မည်သည့်သတ်ဖြတ်လိုစိတ်မှ မရှိနေလျှင်ပင် သူတို့အနေဖြင့် လူမသိသူမသိ အသတ်ခံရနိုင်ခြေ များနေ၏။ မည်သို့ပင်ဖြစ်စေ အခုအခါ၌ ညီခြောက်သေဆုံးမှုတွင် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်ပါ ပါဝင်လာပြီ ဖြစ်သောကြောင့် သူ ကိုင်တွယ်နိုင်သည့်ကိစ္စ မဟုတ်တော့ပေ။ သည်ကနေ ထွက်ပြေးလွတ်မြောက်ပြီးပါက သူ့ဆရာကို ဤကိစ္စနှင့်ပတ်သက်ပြီး တင်ပြရပေမည်။
ထိုကျင့်ကြံသူက မိစ္ဆာတာအိုမှ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများနောက်သို့ လိုက်ဖမ်းဝံ့မှတော့ မည်သည့်ဂိုဏ်းဂဏနှင့်မျှ ပတ်သက်ပုံမရပေ။ လေလွင့်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ရမည်။ သို့မဟုတ်ပါက သူသည် မိစ္ဆာတာအိုဘက်မှ ကြီးမားသည့်အင်အားစုများကို ထည့်တွက်စဉ်စားပေလိမ့်မည်။
ဝတ်ရုံနက်ကျင့်ကြံသူက စိုးရိမ်ပူပန်စွာ စဉ်းစားနေရင်း သူ့ဘေးမှ ထူးခြားသောတုန်ခါသံများကို ရုတ်တရက် ကြားလိုက်ရ၏။ အလန့်တကြားဖြစ်သွားကာ သူက ဘေးဘီကို အလျင်စလို ကြည့်၏။ သူ့အမြင်အမှောင်အတိ မကျသွားခင် မိုးပြာအလင်းတစ်ခု လင်းလက်သွားတာကိုသာ သူ တွေ့မြင်ခဲ့ရ၏။
ဟန်လိသည် သူ့လက်ကို ဝေ့ရမ်းကာ ဝတ်ရုံနက်ကျင့်ကြံသူ၏အလောင်းမှ မိုးပြာဓားကြီးကို သာမန်ကာလျှံကာ ပြန်ရုတ်သိမ်းလိုက်လေသည်။
သည်ဝတ်ရုံနက်ကျင့်ကြံသူက ထွက်ပြေးနေရင်း သူ့ဘေးပတ်လည်၌ အလင်းအကာအရံတစ်ခုကို ထုတ်ဖော်ထားသည့်အထိ သတိရှိသော်ငြား ဟန်လိ၏ဝါးတိမ်အုပ်ဓားများ ပေါင်းစည်းတိုက်ခိုက်မှုကို ခံရသည့်အခါ စက္ကူတစ်စနှယ် စွမ်းအားမဲ့သွားရသည်သာ။ အခု ဟန်လိက နောက်တစ်နေရာသို့ အကြည့်ရောက်သွားပြန်သည်။
အစိမ်းရင့်ရောင်အရိုးစုနှစ်ခုဖြင့် ရှေ့သို့ခရီးနှင်နေသော ကျောင်းတော်သားက စိုးရိမ်တကြီးဖြင့် သူ့ပတ်ဝန်းကျင်ကို တစ်ချက်တစ်ချက် ကြည့်နေ၏။ သူသည် အတော်ဝေးဝေးထိ ပျံသန်းလာပြီး ဖြစ်သော်လည်း အနှီစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ၏စိတ်ဝိညာဉ်အာရုံက သူ့ကို ခြုံလွှမ်းထားဆဲဖြစ်ကြောင်း ကောင်းကောင်း သဘောပေါက်သည်။
သို့ဖြစ်၍ သူက တတ်နိုင်သမျှ အစွမ်းကုန် ပျံသန်းနိုင်ရန် ကြိုးစားနေသည်။ သူ့နှလုံးခုန်သံကိုပင် သူ ပြန်ခံစားမိနေသည်။ စိတ်ထင့်သည့်ခံစားချက်တစ်ခု ရုတ်တရက်ပေါ်လာပြီးနောက် သူက ခေါင်းလှည့်ကာ ကြည့်သည်။ သူ့စိတ်နှလုံးကား အသူတရာချောက်နက်ထဲ ကျဆင်းသွားသည့်နှယ် ခံစားလိုက်ရ၏။ မလှမ်းမကမ်းတွင် အသက်နှစ်ဆယ်ဝန်းကျင်ခန့်လူငယ်တစ်ယောက်က မည်သည့်အချိန်ကမှန်းမသိ ပေါ်ထွက်လာတာ သူ မြင်လိုက်ရ၏။ ထိုလူငယ်က သူ့ကို ပြုံး၍ကြည့်နေသည်။
ကျောင်းတော်သားက နောက်ပြန်မလှည့်နိုင်ခင်မှာပင် လူငယ်က တရင်းတနှီးဆိုလာသည်။
“ရောင်းရင်းက ဒီလောက်အဝေးကြီးထိ ပြေးလာရတာ ပင်ပန်းနေရောပေါ့။ ခင်ဗျားကို အနားယူခိုင်းမှ ရတော့မယ်…”
ထိုသို့ပြောကာ ဟန်လိက သူ့အင်္ကျီလက်အိုးကို ဝေ့ရမ်းလိုက်ပြီး ရွှေရောင်အစက်အပြောက်များကို ကောင်းကင်တခွင် ပြန့်ကြဲစေလိုက်သည်။ ယင်းတို့က ရွှေရောင်တိမ်တိုက်တစ်ခုအဖြစ် သိပ်သည်းဖြစ်ပေါ်ကာ ကောင်းကင်ယံ၌ ကြောက်မက်ဖွယ်တည်ရှိမှုတစ်ခုအသွင် ပေါ်ထွက်လာသည်။ ရွှေရောင်တိမ်တိုက်က ကျောင်းတော်သားကို သူ့လက်နက်နှင့်အတူ ထွေးခြုံသွားသည်။ သူ့အနေဖြင့် စူးစူးဝါးဝါး အော်ဟစ်ရုံသာ တတ်နိုင်ခဲ့သည်။
ခဏအကြာ ထိုတိမ်တိုက်ပြန့်ကြဲသွားချိန်၌ ကျောင်းတော်သား၏အရိပ်အယောင်မှာ လုံးဝမကျန်ရစ်တော့ပေ။
ဤသည်ကိုမြင်သည့်အခါ ဟန်လိ၏အမူအရာမှာ ပြောင်းလဲသွားသည်။ သူက တီးတိုးရေရွတ်လိုက်မိသည်။
“ဒီသန္ဓေပြောင်း ရွှေဝါးမြိုခြင်းပိုးတောင်မာတွေက အတော်လေး ကြောက်ဖို့ကောင်းတာပဲ။ သူတို့က မှော်ရတနာတွေကိုတောင် ချက်ခြင်း ဝါးမြိုပစ်နိုင်နေပြီ။ အရာအားလုံးကို ဝါးမြိုနိုင်တယ်ဆိုတဲ့ ဂုဏ်သတင်းနဲ့ တကယ်ပဲ ထိုက်တန်ပါပေတယ်…”
ဟန်လိက သူ့သိုလှောင်အိတ်ကို ဝေ့ခါလိုက်ရာ ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် လေထဲ၌ အတန်ကြာ ဝဲနေပြီးမှ မဝင်ချင့်ဝင်ချင်နဲ့ ပြန်ဝင်ရောက်လာသည်။ ထိုမြင်ကွင်းကို ဟန်လိက မျက်မှောင်ကြုတ်၍ ကြည့်လိုက်မိပြီး သက်ပြင်းချမိသွားသည်။
၎င်းတို့၏ခွန်အား သိသိသာသာ မြင့်မားလာခြင်းကြောင့် ပိုးတောင်များကို ထိန်းချုပ်ရတာ အရင်လောက် မလွယ်ကူ၊မချောမွေ့တော့ပေ။ ထို့ကြောင့် စောစောလေးတုန်းက အားတက်နေရာကနေ ဟန်လိသည် အကူအညီမဲ့မှုကိုပါ မသိမသာ ခံစားမိသွားသည်။
ယင်းနောက် ဟန်လိသည် ငွေရောင်အလင်းတန်းအဖြစ် ထပ်မံပျောက်ကွယ်သွားပြန်သည်။
ဟန်ယွမ်ဇီက ဖြူစွတ်နေသည့်စိတ်ဝိညာဉ်ငှက်တစ်ကောင်ကို စီးနင်နေသည်။ သူမသည် အဖြူရောင်အလင်းတန်းအသွင်ဖြင့် ကောင်းကင်ပေါ်မှာ အလျင်စလို ပျံသန်းနေ၏။ ထိုအခိုက်အတန့်၌ ငှက်ကော၊ဤအမျိုးသမီးကိုကော ခပ်ဖျော့ဖျော့အလင်းတစ်ခု ခြုံလွှမ်းလျက်ရှိသည်။ သူမ၏ဟန်ပန်သွင်ပြင်မှာ တင့်တယ်လှပနေတော့၏။
သို့သော်ငြား သူမက ခုလက်ရှိတွင် သူမက မျက်မှောင်ကြုတ်ထားပြီး လက်ထဲ၌ လက်ဝါးအရွယ်အစားလောက်ရှိမည့် ကျောက်စိမ်းပြားတစ်ခုကို ကိုင်ထားသည်။ သူမက ၎င်းကို ဂနမငြိမ်စွာဖြင့် သေချာကြည့်နေမိသည်။ ထိုကျောက်စိမ်းပြားအဝိုင်းက အံ့မခန်းမြစိမ်းရောင်ချီဖြင့် တောက်ပနေ၏။ ၎င်းပေါ်၌ လှပသောသေသပ်သောဒီဇိုင်းကွက်များကိုလည်း ရေးထွင်းထားသေးသည်။ ရှေးကျသောငွေရောင်အက္ခရာများနှင့်လည်း တောက်ပနေလျက် ရှိ၏။ တစ်ချက်ကြည့်ရုံဖြင့် ၎င်းကျောက်စိမ်းပြားအဝိုင်းမှာ သာမန်ရတနာတစ်ခုမဟုတ်ကြောင်း ပြောနိုင်သည်။
ကျောက်စိမ်းပြားအဝိုင်း၏ဗဟိုချက်မှာ မှန်ကဲ့သို့ ကြည်လင်ချောမွေ့၏။ ၎င်းအတွင်း၌ ယှက်ထွေးလိမ်နေသော အနီရောင်အလင်းစက်ခြောက်စက်လည်း ရှိနေသည်။ ၎င်းတို့သည် ပိုးစုန်းကြူးများအလား။ ထိုစဉ် အလင်းစက်တစ်စက်က ဖြတ်ခနဲ တောက်ပသွားပြီး ရုတ်တရက် မြင်ကွင်းကနေ ပျောက်ကွယ်သွားသည်။
ဤသည်ကိုမြင်သည့်အခါ ဟန်ယွမ်ဇီက စိုးရိမ်တကြီး နှုတ်ခမ်းလှုပ်သွားမိသည်။ သူမက လက်ထဲရှိကျောက်စိမ်းပြားအဝိုင်းကို အာရုံစိုက်ကြည့်လိုက်သည်။ သို့သော် ခဏအကြာတွင် နောက်ထပ်အလင်းစက်နှစ်စက်မှာ လင်းထင်းတောက်ပသွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားပြန်သည်။ ဟန်ယွမ်ဇီ၏တည်ငြိမ်သောဟန်ပန်အသွင်မှာ ရုတ်ချည်းပြောင်းလဲသွားလေပြီ။
နောက်ထပ်အနီရောင်အလင်းစက် မပျောက်ကွယ်ခင် အခုအခါ ကျောက်စိမ်းပြားအဝိုင်းပေါ်၌ အလင်းစက်နှစ်စက်မျှသာ ကျန်တော့၏။
ဟန်ယွမ်ဇီက မျက်နှာပေါ်ကျနေသောဆံနွယ်စကို အသာအယာဖယ်ရှားလိုက်ပြီး ခါးသီးစွာပြုံးမိ၏။ သူမက တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။
“ဂျူနီယာညီမလျှိုနဲ့ငါကလွဲလို့ အသက်ရှင်တဲ့သူ မရှိတော့ဘူးပဲ။ အခြေခံတည်ဆောက်ခြင်းတပည့်လေးယောက်လည်း သေသွားခဲ့ပြီ။ အဲ့လူမှာ ကိုယ်ပွားပညာရပ် ဒါမှမဟုတ် ထူးးခြားတဲ့တခြားပညာရပ်တွေ ပိုင်ဆိုင်ထားတာများလား။ ကြည့်ရတာ ငါတို့က စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကို လျှော့တွက်မိခဲ့ပြီပဲ။ တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းက ကျင့်ကြံသူတွေလည်း အခြေအနေမကောင်းလောက်ဘူးလို့ ငါ ထင်တယ်။ ခုလိုဖြစ်လာမှန်း စောစောကသာ ကြိုသိခဲ့ရင် ငါတို့အနေနဲ့ ပူးပေါင်းရင်ဆိုင်တာကမှ ပိုကောင်းခဲ့လိမ့်မှာ…”