တောင်ပံခြောက်ဖက်နှင်းခဲကင်းခြေများ
Vol. 48 Ch. 667
ဟန်ယွမ်ဇီက သူမ၏သည့်အရင် ဆုံးဖြတ်ချက်အပေါ် နောင်တရမိသလို ခံစားခဲ့ရသော်လည်း အခုနေ ဘာမျှမတတ်နိုင်တော့မှန်း သိသည်။ သူမက ကျောက်စိမ်းပြားအဝိုင်းကိုသာ သက်ပြင်းချ၍ သိမ်းဆည်းလိုက်သည်။ ထို့နောက် သူမက ကြည်လင်တောက်ပသည့်ပုလဲတစ်လုံးကို ထွေးထုတ်လိုက်သည်။ ထိုပုလဲက သူမကို လှည့်ပတ်ပြီးနောက် ငှက်၏ဦးခေါင်းပေါ် ကျရောက်သွားကာ မည်သည့်လှုပ်ရှားမှုမျှမရှိဘဲ တန့်သွားသည်။ သူမက လက်နှစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခုကို ထုတ်ဖော်ပြီး ပုလဲကို အလေးအနက်ဟန်ဖြင့် လက်ညွှန်သည်။ ပုလဲသည် တောက်ပစွာ လင်းဖြာသွား၏။ ငှက်က ခေါင်းမော့ကာ အော်မြည်သည်။ ယင်းနောက် ၎င်း၏တောင်ပံကို ခတ်ကာ အဖြူရောင်အလင်းတန်းတစ်ခုကို ချန်ထားရစ်ခဲ့ပြီး ပိုမြန်ဆန်သည့်နှုန်းဖြင့် ရှေ့သို့ ပြေးထွက်သွားလေသည်။
ဟန်ယွမ်ဇီက ထိုပညာရပ်ကို အလွယ်တကူ ထုတ်ဖော်နိုင်ခဲ့တာ မဟုတ်ပေ။ အခုလို ထုတ်ဖော်ခဲ့သည့်အတွက်ကြောင့် သူမ၏အသားအရေမှာ ဖြူရော်သွားခဲ့လေပြီ။ ထိုလျှို့ဝှက်ပညာရပ်က သူမ၏အသက်ဓာတ်ကို မြောက်များစွာ ကုန်ဆုံးစေတာ သိသာလှသည်။ သို့သော် ခုလက်ရှိအချိန်၌ သူမသည် ရွေးချယ်စရာမရှိဘဲ ပြုလုပ်ရတော့မည်သာ။
ထိုလျှို့ဝှက်ပညာရပ်ကို အသုံးပြုပြီး သိပ်မကြာခင်မှာပင် သူမသည် တုန်ခါသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။ သူမ၏မျက်နှာထက်၌ ထိတ်လန့်ဟန်ပေါ်လာသည်။ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူက နောက်ဆုံးတွင် သူမကို လိုက်မီလာပြီမှန်း သိလိုက်ပေပြီ။ သူမကိုယ်သူမ ကာကွယ်ရန် အကာအရံတစ်ခု ထုတ်ဖော်ရုံကလွဲ၍ သူမ တတ်နိုင်တာ ဘာမျှမရှိတော့ပေ။
မိုးကြိုးမြည်သံကို ကြားရ၏။ ငွေရောင်လျှပ်စီးအလင်းသည် သူမဘေး၌ ဖြတ်ခနဲ့လင်းလက်သွားသည်။ သူမရှေ့မီတာလေးဆယ်လောက်အကွာတွင် တောင်ပံအရိပ်တစ်ခု ပေါ်လာ၏။ ထိုအရိပ်ထဲ၌ ပုံရိပ်ကိုမူ မိုးပြာအလင်းကာ ပိတ်ဆို့ကာဆီးထား၏။ ထိုသူက မည်သည့်စကားမျှမဆိုဘဲ သူ့လက်ကိုပင့်မြှောက်ကာ မိုးပြာအလင်းတန်းများကို ဆင့်ခေါ်လိုက်လေပြီ။
ဟန်ယွမ်ဇီမှာ မျှော်လင့်ချက်မဲ့သွားခဲ့ပြီ ဖြစ်၏။ သူမက သေခြင်းတရားကို ရင်ဆိုင်ရန် မျက်လုံးမှိတ်ထားလိုက်တော့သည်။
“အို…နင်ကို…”
ထိုအရိပ်သည် ဟန်ယွမ်ဇီကို ရှင်းရှင်းလင်းလင်း တွေ့မြင်သည့်အခါ အံ့အားတသင့် ပြောမိသွားသည်။ သူ့လက်ထံမှအလင်းသည် ချက်ခြင်း မှိန်ဖျော့သွား၏။
ယင်းကြောင့် ဟန်ယွမ်ဇီမှာ စဉ်းစားမရ ဖြစ်သွားသည်။ သူမက တစ်ဖက်သူ၏ပုံပန်းသွင်ပြင်ကို စူးစမ်းကြည့်မည်ဟု အတွေးပေါက်သွားစဉ် ထိုပုံရိပ်သည် ငွေရောင်လင်းလက်ကာ ပျောက်ကွယ်သွား၏။ ဟန်ယွမ်ဇီသည် ဆွံ့အသွားမိသည်။ သို့သော် သူမ၏နောက်ဘက်မှ မိုးကြိုးမြည်ဟိန်းသံကို ကြားရချိန်တွင်မူ သူမက အသိစိတ်ပြန်ဝင်သွား၏။ သူမက နောက်သို့လှည့်ကြည့်မလို့ ဟန်ပြင်စဉ် သူမ၏အလင်းအကာအရံသည် တစစီဖြစ်သွား၏။ ထိုသို့ဖြစ်သွားရခြင်းနှင့်အတူ ရွှေရောင်လျှပ်စီးအမျှင်တန်းတစ်ခုက လိုက်ပါလာသည်။
ဟန်ယွမ်ဇီသည် ထုံထိုင်းသွားသည့်နှယ် ခံစားလိုက်ရ၏။ သူမသည် ငှက်ပေါ်မှ ပြုတ်ကျသွား၏။ တစ်ချိန်တည်းမှာ သူမသည် တစ်စုံတစ်ဦးက သူမကို ထွေးပွေ့လိုက်သလိုလို ခံစားလိုက်ရသည်။ လန့်ဖျန့်သွားပြီး ဒေါတသကြီး အော်ဟစ်တော့မည့်အချိန်မှာပင် သူမက သတိမေ့သွားတော့သည်။
ဟန်လိက သူ့ရင်ခွင်ထဲမှအမျိုးသမီးကို တစ်ချက်ကြည့်ကာ အကူအညီမဲ့ဟန်ဖြင့် မချိပြုံးပြုံးမိတော့သည်။
အချိန်မည်မျှကြာသွားမှန်းမသိရပြီးနောက် ဟန်ယွမ်ဇီသည် မျက်လုံး ဖြည်းဖြည်းချင်း ပြန်ဖွင့်လာသည်။ တိမ်မြူကင်းစင်နေသည့် ကောင်းကင်ပြာကို သူမ မြင်ရ၏။ ထို့နောက် ဘေးဘီဝဲယာသို့ ထိတ်ထိတ်ပြာပြာနှင့် ကြည့်မိပြီး အလျင်စလို ထထိုင်သည်။ ခုလက်ရှိတွင် သူမက တောင်ငယ်တစ်ခုပေါ်တွင် ရောက်နေမှန်း သိလိုက်ရသည်။ သူမ၏စီးတော်ငှက်ကမူ အနီးအနားတွင် ရှိနေ၏။ ထိုငှက်ကလည်း သတိလစ်နေပုံပင်။
ဟန်ယွမ်ဇီက ငှက်ထံသို့ ကသောကမြော လှမ်းသွားသည်။ ကံကောင်းသည်မှာ ငှက်အပေါ်၌ အလွယ်တကူ ပယ်ဖျက်၍ရသော ရိုးရှင်းသည့်အတားအဆီးမန္တာန်တစ်ခုသာ ရှိနေခြင်းပင်။ သူမက ငှက်ကို နိုးထစေပြီး လေထဲသို့ ပျံသန်းတက်ကာ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်သည်။ အစောပိုင်းတုန်းက အခင်းဖြစ်ပွားသည့်နေရာ၌ အဝေးကြီးသို့ ရောက်မနေမှန်း၊ သူမ သတိမေ့နေတာ အချိန်သိပ်မကြာသွားမှန်း သိလိုက်၏။
သူမက အချိန်အတော်အတန်ကြာသည့်အထိ ဆွံ့အနေမိသည်။ ရုတ်တရက် သူမက လန့်စရာကိစ္စတစ်ခုကို ပြန်စဉ်းစားမိသွား၏။ အလျင်စလိုဖြင့် သူမ၏ဝတ်ရုံနှင့်ခန္ဓာကိုယ်တို့ကို စစ်ဆေးကြည့်မိသည်။ သူမ၏ခန္ဓာကိုယ်နှင့်အဝတ်အစားတို့မှာ မထိမခိုက်သာ ရှိနေဆဲပင်။ ထိုမျှသာမကသေး။ သူမ ဆောင်ထားသည့်မှော်ရတနာများနှင့်သိုလှောင်အိတ်တို့မှာလည်း အကောင်းအတိုင်းပင်။ ထိုအခြင်းအရာက ဟန်ယွမ်ဇီကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ သူမက အသတ်မခံရသည့်အပြင် ဗလာကာယပြုခံရခြင်း၊ နှိပ်စက်ခံရခြင်းမျိုးလည်း ရှိမနေခဲ့ပေ။ သူမအနေဖြင့် မည်သို့ဖြစ်ပျက်ခဲ့မှန်းမသိ ဖြစ်နေမိတော့သည်။
ဟန်ယွမ်ဇီက သတိမမေ့ခင် အဖြစ်သနစ်ကို ပြန်ပြောင်းစဉ်းစားကြည့်မိသည်။ ထိုစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူက မထင်ထားသည့်ဟန်ဖြင့် အသံပြုခဲ့ပြီး အံ့အားတသင့်ဖြစ်သွားခဲ့မှန်း သူမ ပြန်မှတ်မိသွားသည်။
ထိုသူသည် သူမကို သိနေတာများလား။ သူတို့က မိတ်ဆွေများ ဖြစ်ခဲ့ကြတာလား။ သို့ရာတွင် သူမသည် အခြားဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းမှ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်ယောက်နှင့် ဆုံခဲ့မိဖူးသလဲကို စဉ်းစာလို့ကို မရပေ။
ကံဆိုးသွားသည်မှာ ထိုသူ၏လှုပ်ရှားမှုက မြန်ဆန်လွန်းခဲ့ပြီး သူမအနေဖြင့် တစ်ဖက်သူ၏ပုံပန်းသွင်ပြင်ကို မြင်တွေ့နိုင်စွမ်း မရှိခဲ့ခြင်းပင်။
ဟန်ယွမ်ဇီက စဉ်းစားကြည့်နေသေးသည်။ သို့သော် သူမအနေဖြင့် မည်သည့်အဖြေမျှမရပေ။ ခဏအကြာတွင် သူမက ဝတ်ရုံထဲမှ ကျောက်စိမ်းပြားအဝိုင်းကို ထုတ်ယူပြီး မန္တာန်ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ မန္တာန်စာသားအချို့ တီးတိုးရေရွတ်လိုက်သည့်နောက် အဖြူရောင်အလင်းတန်းတစ်ခုက ၎င်းအဝိုင်းကို ထိုးစိုက်သွားပြိး အစိမ်းရောင်အလင်း တောက်ပကာ ကျောက်စိမ်းပြားအဝိုင်း၏အလယ်၌ တစ်ခုတည်းသာကျန်တော့သည့် အနီရောင်အလင်းစက်တစ်စက် ပေါ်ထွက်လာသည်။
ဟန်ယွမ်ဇီသည် ထိုမြင်ကွင်းကိုကြည့်ကာ မျက်မှောင်တင်းကြပ်စွာ ကြုတ်မိသည်။ သူမသည် အနှီစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူက သူမ၏အသက်ကို တမင်တကာ ချမ်းသာပေးခဲ့မှန်း ခံစားမိ၏။ သူမ၏ဂျူနီယာညီမလျှိုမှာ အသက်ခံခဲ့ရတာဖြစ်ချင်ဖြစ် သို့မဟုတ် သူမ၏မှော်ရတနာဖြင့် တိုင်းတာနိုင်သောအကွာအဝေးကနေ ထွက်ခွာသွားတာမျိုးလည်း ဖြစ်ချင်ဖြစ်နိုင်လောက်သည်။ ထိုစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ၏ သတ်ပုံဖြတ်ပုံအရ ပထမတစ်ခုကသာ ဖြစ်နိုင်ခြေ ပိုများပေလိမ့်မည်။
သူမ သက်ပြင်းသဲ့သဲ့ချမိတော့၏။ ထို့နောက် သူမသည် သူမ၏မှော်ရတနာကို ပြန်သိမ်းကာ ငှက်ပေါ်သို့တက်၍ ပျံသန်းထွက်ခွာသွားတော့သည်။
သည်နေရာနှင့်အဝေးတစ်နေရာ၌ တစ်ချိန်တည်းလိုလိုတွင် ဟန်လိသည် လေထဲ၌ ပျံသန်းနေသည်။ သူက အမျိုးသမီးတစ်ယောက်ကိုပါ ပွေ့ချီထားသေး၏။ သူသည် အလွန်တည်ငြိမ်သည့်ဟန်ပန်ဖြင့် ပွေ့ချီထားသောအမျိုးသမီးကို ငုံ့ကြည့်လိုက်သည်။ ဟန်ယွမ်ဇီကို သတိမေ့အောင် ပြုလုပ်ပြီးသည်နှင့် ဟန်လိက ချက်ခြင်းဦးတည်ရာပြောင်းကာ ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းမှ နောက်ထပ်ကျင့်ကြံသူတစ်ယောက်ထံသို့ လိုက်လံခဲ့၏။ ထိုအမျိုးသမီးက ဟန်လိ လိုက်လံလာတာ မြင်သည်နှင့် မျှော်လင့်ချက်ပျက်သုဉ်းသွားပြီး ပေအတော်အတန်ရှည်လျားသည့် တောင်ပံကင်းခြေများတို့ကို လေထဲသို့ ပစ်လွှတ်လိုက်သည်။
ထိုကင်းခြေများတို့သည် သာမန်မဟုတ်လှပေ။ ၎င်းတို့၏ခန္ဓာကိုယ်မှာ မဟူရာရောင်တောက်ပနေပြီး ကျောဘက်တွင်မူ နှင်းကဲ့သို့ဖြူစွတ်နေသည့် တောင်ပံနှစ်ခု ပိုင်ဆိုင်ထားသည်။ ၎င်းတို့က စိတ်ဝိညာဉ်သိုလှောင်အိတ်ထဲကနေ ထွက်လာသည်နှင့် မာန်ဖီသံပေးလာ၏။ ၎င်းတို့၏ပုံပန်းသွင်ပြင်မှာ ကြောက်မက်ဖွယ်ပင်။ ဟန်လိသည် ၎င်းတို့ကို တွေ့တွေ့ချင်း မင်သက်သွားသေး၏။ သို့သော် ခဏအကြာ၌ သူက ကျေနပ်သွားသည်။ သူ အမှတ်မမှားလျှင် ဤအင်းဆက်များမှာ အဆင့်ရှစ် တောင်ပံနှင်းခဲကင်းခြေများများ ဖြစ်ပေလိမ့်မည်။
၎င်းတို့မှာ သူ့ရွှေဝါးမြိုခြင်းပိုးတောင်မာများနှင့် အဆင့်တူပင်။ ရှေးဟောင်းခေတ်အချိန်တည်းက တည်ရှိခဲ့သော အင်းဆက်မျိုးဆက်များဆိုလည်း ဟုတ်၏။
နှင်းဓာတ်အခြေပြု နဂါးမျိုးနွယ်မှ သက်ဆင်းလာတာ ဖြစ်ခြင်းကြောင့် ၎င်းတို့၏ခန္ဓာကိုယ်သည် အပြည့်အဝ အရွယ်ရောက်သည်နှင့် နှင်းကဲ့သို့ဖြူဖွေးလာမည်၊ တောင်ပံခြောက်ဖတ်ရှိလာမည် ဖြစ်ပြီး ကီလိုမီတာငါးဆယ်အတွင်းရှိ အရာရာကို အေးခဲသွားစေရန် ရေခဲချီကို ထွေးထုတ်နိုင်စွမ်းပါ ရှိလာပေလိမ့်မည်။ သို့သော် ၎င်းကင်းခြေများများသည် သူ၏အရင်တုန်းက ရွှေဝါးမြိုခြင်းပိုးတောင်မာများကဲ့သို့ သားပေါက်ခါစအခြေအနေတွင်သာ ရှိကြသေးသည်။ ၎င်းတို့ ထွေးထုတ်သည့် ရေခဲချီသည် ပုံမှန်ကျင့်ကြံသူများအတွက် အခက်အခဲ ရှိကောင်းရှိနိုင်လောက်၏။ သို့ပေမည့် ကောင်းကင်ရေခဲမီးတောက်တစွန်းတစကို သန့်စင်ထားနိုင်သောဟန်လိအတွက်မူ ဟန့်နေစရာလုံးဝ မရှိပေ။
ဟန်လိက သူ့ကျင့်ကြံမှုကို ချက်ခြင်းလှည့်ပတ်လိုက်၏။ သူသည် ရေခဲချီကို အင်္ကျီလက်အိုးဖြင့် လွယ်လင့်တကူ ဝေ့ခါထုတ်လိုက်ပြီး ရှေ့သို့ ချက်ခြင်းတိုးဝင်လာသောကြောင့် ကျင့်ကြံသူလျှိုမှာ များစွာ ထိတ်လန့်သွားရသည်။ ထိုအခွင့်အရေးကို အသုံးချကာ ဟန်လိက လျှပ်စီးလှုပ်ရှားမှုကိုသုံးပြီး သူမကို သတိမေ့အောင် တိုက်ခိုက်ပစ်လိုက်၏။ စိတ်ဝိညာဉ်အာရုံဖြင့် အမိန့်ပေးစေခိုင်းမှု မရှိသောအခါ တောင်ပံကင်းခြေများများသည် ၎င်းတို့၏သိုလှောင်အိတ်ထဲသို့ ပြန်လည်ဝင်ရောက်သွားကြသည်။ ဟန်လိက သူ့လက်ထဲ၌ သတိမေ့နေသော အမျိုးသမီးကိုကြည့်ကာ တွေဝေနေသည်။
သည်အမျိုးသမီးကို သူ့အနေဖြင့် အသာလေး သတ်ဖြတ်ပစ်နိုင်၏။ သို့ဆိုလျှင် သူ့အနေဖြင့် တောင်ပံခြောက်ဖက် နှင်းခဲကင်းခြေများများကို ပိုင်ဆိုင်နိုင်တော့မည် မဟုတ်ပေ။ ပုံမှန်အားဖြင့် စိတ်ဝိညာဉ်သားရဲအသုံးပြုသူများသည် သူတို့အသတ်ခံရသည့်အခါ သူတို့၏အင်းဆက်သားရဲများ အခြားသူများ၏လက်ထဲသို့ ကျရောက်သွားမည်ကို ဟန့်တားသည့်အနေဖြင့် သားရဲများအပေါ်၌ အတားအဆီးများ ပြုလုပ်ထားကြ၏။ ယင်းကြောင့် သခင်ဖြစ်သူ မမျှော်လင့်ဘဲ သေဆုံးကာ သူတို့၏စိတ်ဝိညာဉ် တစစီဖြစ်သွားသည်နှင့် စိတ်ဝိညာဉ်သားရဲမှာလည်း ပေါက်ကွဲသေဆုံးသွားပေလိမ့်မည်။ သက်တမ်းကုန်ဆုံးခါနီး ကျင့်ကြံသူများကသာ သူတို့၏စိတ်ဝိညာဉ်သားရဲများကို လွတ်လပ်မှုပေးသည့်အနေဖြင့် ထိုသို့သောအတားအဆီးများကို ဖယ်ရှားပေးတတ်ကြတာများ၏။
ဥပမာအားဖြင့် ဟန်လိ၏ရွှေရောင်ဝါးမြိုခြင်းပိုးတောင်မာများပေါ်၌လည်း ဟန်လိကိုယ်တိုင် အလားတူအတားအဆီးများ ချထား၏။
ဟန်လိသည် ဤကင်းခြေများဥများကို ရယူချင်စိတ်ရှိနေသည်ဖြစ်၍ သူမကို သတ်ပစ်၍မရတော့ပေ။ ထို့အပြင် ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်း၏ အင်းဆက်သားရဲများအပေါ် ထိန်းချုပ်ခြင်းနည်းလမ်းကိုလည်း သူ စိတ်ဝင်စားနေမိသည်။ တကယ်တော့ ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းသည် တောင်ပိုင်းဒေသ၌ သူတို့၏ သားရဲများနှင့်အင်းဆက်များ အသုံးပြုရာတွင် နာမည်ကျော်ကြားသည် မဟုတ်ပါလား။ အင်းဆက်များကို ထိန်းချုပ်ရာတွင် သူတို့၌ အတွေ့အကြုံကောင်းကောင်း ရှိထားမည်သာ။ သူတို့သည် ရွှေဝါးမြိုခြင်းပိုးတောင်မာများကို ထိန်းချုပ်ခဲ့သည့် သူ့နည်းလမ်းထက် ပိုသာလွန်သော လျှို့ဝှက်ပညာရပ်များ ပိုင်ဆိုင်ထားမည်မှာ သေချာသည်။
ထိုအတွေးဖြင့် ဟန်လိသည် သူမ၏ခန္ဓာကိုယ်ပေါ်၌ စိတ်ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ရန်နှင့် သူမ သတိရမလာရန်အတွက် အဆောင်များကို နေရာချ၏။ ထို့နောက်တွင် သူက ထိုအမျိုးသမီးကို သယ်ဆောင်ကာ ကောင်းကင်ထက်သို့ မိုးပြာအလင်းတန်းအဖြစ်ပြောင်း၍ ပျံသန်းလာခဲ့တော့သည်။
ဟန်ယွမ်ဇီ။ ထိုအမျိုးသမီးက သူ ငယ်ရွယ်စဉ်တုန်းက တွေ့ဆုံသိကျွမ်းခဲ့ဖူးသည်ဖြစ်၍ သူ့အနေဖြင့် သူမကို မသတ်ရက်ခဲ့ပေ။ အဆုံးသတ်တွင်မူ သူသည် နှလုံးသားမဲ့သူ တစ်ယောက် ဟုတ်မနေပေ။
ယခုဖြစ်ရပ်တွင် ဟန်ယွမ်ဇီသည် သူ့ရုပ်သွင်အမှန်ကို မမြင်ခဲ့ရသည်ဖြစ်၍ သူမ၏ဂိုဏ်းသို့ တိတိပပ ပြန်တင်ပြနိုင်တော့မည် မဟုတ်ပေ။ ရှီဒေသသို့ ပြန်ရောက်သွားသည့်အချိန်၌ ဤကိစ္စများက ပေါက်ကြားသွားခဲ့လျှင်ပင် ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းနှင့်တစ္ဆေဝိညာည်ဂိုဏ်းတို့သည် သူ့ကို ဘာများ လုပ်နိုင်ပါတော့မည်နည်း။
ကောင်းကင်တာအိုမဟာမိတ်အဖွဲ့နှင့်မိစ္ဆာတာအိုအဖွဲ့တို့သည် တစ်ဘက်နှင့်တစ်ဘက် ရန်စရှိနှင့်ထားပြီး ဖြစ်၏။ ကောင်းကင်မိစ္ဆာဂိုဏ်းချုပ်ကိုယ်တိုင် အိပ်မက်တိမ်တောင်တန်း၏ တော်ဝင်မြေသို့ လာရောက်တိုက်ခိုက်ခဲ့ပါက ဂိုဏ်းခေါင်းဆောင်သုံးယောက်သည် ဒေါသပုန်ထမည်မှာ မလွဲပေ။
ယင်းကဲ့သို့အခြေအနေများကို ဟန်လိသည် ကောင်းကောင်းသိထားသော်လည်း သူ့အတွက် အခြားစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများ၏ ဝိုင်းရံခံရခြင်းမှ လွတ်အောင် မြန်မြန်ဆန်ဆန်သွားတာကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ထိုအတွေးဖြင့် ဟန်လိသည် အရှိန်ပိုမြှင့်လိုက်၏။