← Chapters

ဒြပ်စင်ငါးခုကနဦးဝိညာဉ်

Vol. 48 Ch. 668

ဒြပ်စင်ငါးခုကနဦးဝိညာဉ်

Vol. 48 Ch. 668

တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းမှ ကျင့်ကြံသူများ သေဆုံးကုန်သည့်အချိန်၌ အတိတ်တုန်းက လမျက်နှာဖုံးဂိုဏ်း၏ အခြေတည်ရာအဆောက်အဦတစ်ခုအတွင်းရှိ သီးသန့်အခန်းထဲမှ ဝတ်ရုံနက်ကျင့်ကြံသူတစ်ယောက်သည် လှမ်းထွက်လာသည်။ သူ၏အရည်အချင်းရှိသော တပည့်များ အဆုံးသတ်မလှချိန်တွင် ဤစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူသည် ဤကိစ္စကို လစ်လျူရှု၍ တံခါးပိတ်ကာ ဆက်ပြီးကျင့်ကြံနိုင်ခြင်း မရှိတော့ပေ။ သူက သတင်းပို့အဆောင်များကို ထုတ်လွှတ်လိုက်တော့သည်။ သူ့တပည့်များ၏ဆိုးဝါးစွာသေဆုံးခဲ့ရသည့်သတင်းကို ယွဲ့ဒေသရှိ တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းခွဲတိုင်းသို့ ပေးပို့လိုက်သည်။ သူ ကိုယ်တိုင်လည်း ထွက်ရှာပေတော့မည်။ သူ ခွဲထွက်စိတ်ဝိညာဉ်၏တပည့်များကို သတ်ပစ်သည့်အထိ ရဲတင်းသောသူက မည်သူဖြစ်သနည်း။ သူ ရှာဖွေကြည့်ရပေမည်။

သို့သော် သူ့လှုပ်ရှားလုပ်ဆောင်မှုများက မသိမသာ နောက်ကျနေဆဲပင်။ တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းနှင့်မိစ္ဆာတာအိုဘက်မှကျင့်ကြံသူများက ကျယ်ကျယ်ပြန့်ပြန် မရှာဖွေနိုင်ခင်မှာပင် ဟန်လိသည် ယွဲ့ဒေသမှ ထွက်ခွာကာ ယွမ်ဝူဒေသရှိ မြောက်အရပ်သို့ ဦးတည်သွားနေခဲ့ပေပြီ။

တာအိုအရှင်ခွဲထွက်စိတ်ဝိညာဉ်သည် နောက်ဆုံး၌ လက်ဗလာသာ ဖြစ်ကျန်ခဲ့ရ၏။ သူ့တပည့်များကို သတ်ပစ်ခဲ့သော စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူသည် ဤတိုင်းပြည်မှ ထွက်ခွာသွားခဲ့လောက်ပြီဟု ထင်မြင်ချက်တစ်ခုတော့ ရှိထား၏။ ထို့ကြောင့် ဒေါသပုန်ထနေသော်ငြား သူ့အနေဖြင့် တတ်နိုင်တာ ဘာမျှမရှိတော့ပေ။

ဆယ်ရက်ကြာပြီးနောက် ဟန်ယွမ်ဇီသည် ထျန်လောဒေသရှိ မြင့်မြတ်ဝိညာဉ်တောင်တန်းဒေသဆီ ပြန်ရောက်လာခဲ့ပေပြီ။ သူမက မဟူရာကျောက်သားအခန်းတစ်ခုရှေ့၌ ဒူးထောက်လျက်ရှိ၏။ သူမက အဘိုးအိုတစ်ယောက်ကို တွေ့ကြုံခဲ့ရသမျှအား သေချာရှင်းပြပြီး ခွင့်လွှတ်ပေးရန် တောင်းပန်နေသည်။

“နင်တို့ကို ကီလိုမီတာတစ်ရာအကွာလောက်တည်းက ထောက်လှမ်းခံခဲ့ရတယ်တဲ့လား။ ငါတို့ဂိုဏ်းနဲ့ တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းက ကျင့်ကြံသူတွေကြားထဲမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူဆိုလို့ နင် တစ်ယောက်တည်းလား…”

အဘိုးအိုက လေသံမာမာဖြင့် မေးလာခဲ့လေပြီ။

“အမှန်ပါပဲ…စီနီယာ။ ကျမနဲ့ညီမလျှိုတို့က အသက်ရှင်ဖို့ တစ်ကွဲတပြား ထွက်ပြေးခဲ့ကြပါတယ်။ ဒါပေမဲ့ ကျမတစ်ယောက်ပဲ လွတ်မြောက်နိုင်ခဲ့ပါတယ်။ တခြားသူတွေနဲ့ပတ်သက်ပြီးလို့တော့ ကျမ သေချာမသိပါဘူး။ ဒါပေမဲ့ သူတို့ အသတ်ခံရဖို့ များပါတယ်…”

“ဒီလူက ကနဦးဝိညာဉ်ကို ချုပ်နှောင်နိုင်တယ်ဆိုတော့ စဦးစိတ်ဝိညာဉ်အဆင့်တစ်ယောက်ပဲ ဖြစ်ရမယ်။ ဒါပေမဲ့ သူက ကီလိုမီတာငါးဆယ်ကျော်အကွာက မင်းတို့ရဲ့လှုပ်ရှားမှုတွေကို အာရုံခံနိုင်တယ်ဆိုတဲ့အချက်ကတော့ တကယ်လန့်စရာပဲ။ ငါ သိသလောက်ဆို ကောင်းကင်တောင်ပိုင်းဒေသတစ်ခုလုံးမှာ နောက်ဆုံးအဆင့်စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူဟာ နည်းပါးလွန်းတယ်။ ဒီလူက အဲ့မွန်းစတားအိုကြီးတွေထဲက တစ်ယောက်များ ဖြစ်နေမလား…”

အဘိုးအို၏အသံက ပို၍ပျက်ယွင်းလာပြီး နက်ရှိုင်းသောကြောက်ရွှံ့မှုလည်း တစွန်းတစ ပါဝင်နေသည်။

“ဂျူနီယာညီမနဲ့ပတ်သက်တဲ့ တစ်ခုခုကိုတော့ ကျမ သိမနေဘူး။ အဲ့လူရဲ့အစွမ်းထက်လှတဲ့ စိတ်ဝိညာဉ်အာရုံကြောင့် ကျမဟာ သူ့နောက်ကို နီးနီးကပ်ကပ် နောက်ယောင်ခံပြီး မလိုက်ဝံ့ခဲ့ပါဘူး။ သူက ယွဲ့ဒေသကနေ အတော်ဝေးဝေးကို ရောက်သွားပြီးလို့တော့ ကျမ ခံစားမိပါတယ်။ သူဟာ ယွမ်ဝူဒေသကို ဦးတည်သွားတာနေမယ်။ လမ်းမှန်တာအိုနဲ့ကောင်းကင်တာအိုမဟာမိတ်အဖွဲ့အစည်းပဲ ဖြစ်ရမယ်။ ဒါကြောင့် ကျမအနေနဲ့ သူ့နောက်ကို မလိုက်ဝံ့ခဲ့ပါဘူး။ အဆုံးသတ်မှာ သူ ဘယ်သူဘယ်ဝါမှန်းမသိရဘဲ ဂိုဏ်းကိုပဲ ပြန်လာခဲ့ရပါတော့တယ်။ ကျေးဇူးပြုပြီး…ခွင့်လွှတ်ပေးပါ…စီနီယာ…”

“ဒါက နင့်အမှားမဟုတ်ပါဘူး။ ဘာလို့ ခွင့်လွှတ်ပေးဖို့ တောင်းဆိုနေစရာ လိုပါ့မလဲ။ အဲ့လူကသာ တကယ်ကြီး နောက်ဆုံးအဆင့်စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့မယ်ဆို ငါ ကိုယ်တိုင်သွားခဲ့ရင်တောင် ရလဒ်က တူတူပဲ ဖြစ်နေခဲ့မှာ။ ငါ့အတွက်လည်း အသက်ရှင်နိုင်ဖို့ပါ ခက်သွားနိုင်လောက်တယ်။ ငါ သေချာမစဉ်းစားခဲ့ဘဲ နင်နဲ့လျှိုယုတို့ကို ဂိုဏ်းရဲ့ အာရုံခံနိုင်တဲ့ပညာရပ်တွေကြောင့် တစ်ဖက်လူကို နောက်ယောင်ခံလိုက်ခိုင်းခဲ့မိတာ။ နောက်ဆုံးအဆင့်စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်နဲ့ တွေ့ကြံနိုင်ခြေရှိတာကို ငါ တကယ်ပဲ မတွေးခဲ့မိဘူး။ ခုလက်ရှိ ငါတို့ဟာ ကနဦးဝိညာဉ်ရဲ့တည်နေရာကို မထောက်လှမ်းနိုင်တော့ဘူး။ ခုချိန်မှာတော့ နင် အချိန်တစ်ခုလောက် အနားယူသင့်တယ်။ ဒါ့အပြင် နင့်ရဲ့ဂျူနီယာညီလေးဟန်က တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်လာပြီ။ နင် သူ့ဆီ ဘာလို့ အလည်အပတ် မသွားသေးတာလဲ…”

“နားလည်ပေးတဲ့အတွက်‌ ကျေးဇူးအများကြီး တင်ပါတယ် စီနီယာ…။ ဒါဆို ကျမ ခုပဲ ထွက်သွားပါတော့မယ်…”

စိတ်ထဲ၌ ကြိတ်၍သက်ပြင်းချကာ ဟန်ယွမ်ဇီသည် လေးစားသမှုပေး၍ ထွက်လာခဲ့တော့သည်။

ဟန်ယွမ်ဇီ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့် အခန်းမှာ တိတ်ဆိတ်မှုကြီးစိုးသွားလေသည်။ ခဏအကြာတွင် ထိုအဘိုးအိုက အခန်းထောင့်အလွတ်တစ်ခုဘက်သို့ လှည်ကြည့်ကာ စကားဆိုသည်။

“မင်းရဲ့ဂျူနီယာညီမ ပြောခဲ့သမျှ အမှန်တရားလို့ ထင်လား။ နောက်ဆုံးအဆင့်စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ကသာ အမှန်တကယ် ပေါ်ထွက်လာခဲ့မယ်ဆို အဲ့ကောင်မလေးအနေနဲ့ ဘယ်လိုမှ ကံကောင်းပြီးလွတ်လာစရာအကြောင်း မရှိနေဘူး…”

ထိုအဘိုးအို၏အသံသည် စိတ်ခံစားချက် ကင်းမဲ့လို့နေသည်။

သူ ပြောပြီးသည်နှင့် အခန်းထောင့်မှ အလင်းတစ်ခု ဖြတ်ခနဲ့ ပေါ်ထွက်လာသည်။ မျက်ခုံးမွှေးကောင်းကောင်း၊မျက်လုံးမျက်ဆန်ကောင်းကောင်းနှင့်သက်လတ်ပိုင်းလူတစ်ယောက်သည် တလေးတစားဖြင့် ပြန်ဖြေလာသည်။

“စီနီယာ….ကျနော် ညီမဟန်ရဲ့စိတ်အခြေအနေကို လျှို့ဝှက်ပညာရပ်တစ်ခု အသုံးပြုပြီး အာရုံခံကြည့်ခဲ့ပါတယ်။ သူ့စိတ်က တည်ငြိမ်မှုရှိတာတော့မှန်တယ်။ ဒါပေမဲ့ သူမ လွတ်မြောက်လာခဲ့ရတဲ့အကြောင်းကို ပြောတဲ့အချိန်မှာတော့ စိတ်လှုပ်ရှားမှု ဖြစ်သွားခဲ့တယ်။ သူ့အနေနဲ့လွတ်မြောက်လာခဲ့ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး တစ်ခုခု ထိန်ချန်ထားတယ်လို့ ကျနော် ထင်ပါတယ်…”

အဘိုးအိုက သက်ပြင်းရှည်ကြီးချကာ နှာခေါင်းရှုံ့လိုက်သည်။ သူက သုန်မှုန်စွာ ပြောလိုက်၏။

“ငါလည်း အဲ့လိုပဲ ထင်တယ်။ သူမကသာ ဂျူနီယာညီလေးဟန်ရဲ့မျိုးဆက်တစ်ယောက် မဟုတ်နေခဲ့ရင် သူမ ဘာဖုံးကွယ်ထားလဲ သိရအောင်လို့ စိတ်ဝိညာဉ်ရှာဖွေခြင်းပညာရပ်ကို ငါ အသုံးပြုမိလောက်တယ်။ ဒါပေမဲ့ သူမနဲ့ ညီလေးဟန်တို့ရဲ့ ပတ်သက်မှုကို ထည့်တွက်မယ်ဆို စိတ်ဝိညာဉ်ကို ဆိုးဆိုးဝါးဝါး ထိခိုက်စေတဲ့ အဲ့ဒီပညာရပ်ကို သူမအပေါ်မှာ အသုံးပြုလို့ မရနိုင်ဘူး။ တကယ်တော့ ဂျူနီယာညီလေးဟန်က သူမအပေါ် အတော်လေး နှစ်သက်သဘောကျတာကို။ အဲ့ကောင်မလေး အမြုတေဖွဲ့စည်းနိုင်အောင်လို့ သူ့အသက်ဓာတ် အများအပြား အကုန်ခံပြီးတော့ကို ပြုလုပ်ပေးခဲ့တာ မဟုတ်လား…”

“ပြီးတော့ သူမကိုယ်တိုင်ကလည်း အရေးကြီးတဲ့အကြောင်းအရာတွေကို ဖုံးကွယ်ထားတာမျိုး မရှိခဲ့ဘူးဆိုတော့ ဒီကိစ္စကို ငါ့အနေနဲ့ လျှော်ပေးလို့ရတယ်။ ဒါပေမဲ့ တခြားလူတစ်ယောက်ရဲ့လက်ထဲ သစ်သားကနဦးဝိညာဉ် ကျရောက်သွားတာကတော့ ပြဿနာ အတော်လေး ရှိနေတယ်။ အဆိုးထဲကအကောင်းကတော့ ဖမ်းဆီးခံလိုက်ရတဲ့ သစ်သားကနဦးဝိညာဉ်တစ်ခုပဲ ဖြစ်ခဲ့ပြီး တခြားကနဦးဝိညာဉ်နှစ်ခု မပါသွားခဲ့တာပဲ။ ငါ မှတ်မိသလောက် အဲ့ဒီသစ်သားကနဦးဝိညာဉ်က အပိုဆောင်းရှိထားတဲ့တစ်ခု မဟုတ်လား။ ဒြပ်စင်ငါးခုကနဦးဝိညာဉ် ဖြစ်တည်လာတဲ့နေ့ ရောက်လာနိုင်၊ မလာနိုင်နဲ့ ပတ်သက်ပြီးတော့ ငါ မသိတာတော့ အမှန်ပဲ။

သက်လတ်ပိုင်းလူက အလေးအနက် ပြောလာ၏။

“ဒြပ်စင်ငါးခုကနဦးဝိညာဉ်တွေရဲ့ လျှို့ဝှက်ပညာရပ်ဟာ မူလတုန်းက ဂိုဏ်းကနေ ပျောက်ကွယ်သွားခဲ့တဲ့ ထူးကဲတဲ့ပညာရပ်တစ်ခု ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်တစ်ချို့တုန်းက စီနီယာ အမှတ်မထင် သန့်စင်နိုင်ခဲ့တဲ့ မြေကြီးကနဦးဝိညာဉ်ကြောင့်သာမဟုတ်ရင် ဒြပ်စင်ငါးခုကနဦးဝိညာဉ်တွေကို စုဆောင်းနိုင်စွမ်းမရှိမှာ ကျနော် စိုးရိမ်မိပါတယ်။ ကနဦးဝိညာဉ်တွေကို အချိန်ယူပြင်ဆင်ထားပြီး လျှို့ဝှက်ပညာရပ်တစ်ခုကို အသုံးချလိုက်မယ်ဆို အဲ့ဝိညာဉ်တွေကို တပည့်တစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာ ထည့်ပေါင်းနိုင်စွမ်းရှိမှာပါ…”

“ခုကစပြီး မဝေးတော့တဲ့အနာဂတ်မှာ ကျနော်တို့ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းက စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူငါးယောက်ကို ပိုင်ဆိုင်နိုင်လာတော့မှာပါ။ အဲ့အခါကျရင် မိစ္ဆာတာအိုရဲ့ ခေါင်းဆောင်နေရာအတွက် သဟဇာတအနှောင်အဖွဲ့ဂိုဏ်းနဲ့ ယှဉ်လို့ရနိုင်ပြီ။ ဒါပေမဲ့ အဲ့ငါးယောက်မှာက စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေရဲ့ စွမ်းရည်တွေပဲ ပိုင်ဆိုင်ထားပြီး လူတစ်ယောက်ရဲ့ဘဝသက်တမ်း ကင်းမဲ့နေတာကတော့ နှမြောစရာပါပဲ။ သစ်သားကနဦးဝိညာဉ်နဲ့ပတ်သက်ပြီး ပြောရရင်ကတော့ အဲ့ကနဦးဝိညာဉ်ကို သန့်စင်ဖို့က စောလွန်းပါသေးတယ်။ အဲ့သစ်သားကနဦးဝိညာဉ်က ကနဦးဝိညာဉ်တွေကြားမှာ အရိုင်းဆန်ဆုံးဖြစ်ပြီး ယဉ်ပါးအောင်လုပ်ဖို့ ခက်လှတယ်။ ဟိုးအရင်တုန်းကဆို ကျနော်တို့ဂိုဏ်းရဲ့ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေထဲကတစ်ယောက်ကိုတောင် ၎င်းက ဝါးမြိုခဲ့ဖူးတာမျိုး ရှိခဲ့ဖူးသေးတယ်။ ဒီသစ်သားကနဦးဝိညာဉ်ကို ခန္ဓာကိုယ်တစ်ခုနဲ့ ပေါင်းစည်းဖို့ဟာ အတော်လေး ခက်ခဲမှာတော့ အမှန်ပဲ။ ဒါကြောင့် အဲ့သစ်သားကနဦးဝိညာဉ်ကို ဆုံးရှုံးသွားခဲ့တာဟာလည်း ကံကောင်းခြင်းတစ်မျိုးလို့ ဆိုနိုင်ပါတယ်လေ…”

“ဟားဟား…ငါလည်း အဲ့အချက်ကို သတိထားမိပါတယ်။ အဲ့ဒီသစ်သားကနဦးဝိညာဉ်က ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော်လောက်တည်းက အသိစိတ်တစ်ခု ရသွားခဲ့တာ။ ဒါ့အပြင် ဒီဝိညာဉ်က လျှို့ဝှက်ကျမ်းစာခန်းမဆောင်ထဲ ခိုးဝင်ခဲ့ပြီး လျှို့ဝှက်ပညာရပ် တော်တော်များများကိုလည်း မြင်တွေ့ဖူးးသွားခဲ့တယ်။ ဒါကြောင့် ဒီကောင်ဟာ စွမ်းဆောင်ရည်ကြီးမားလာပြီး အတားအဆီးအချုပ်အနှောင်ကနေ လွတ်သွားခဲ့တာ။ နောက်ဆုံးအဆင့်စဦးစိတ်ဝိညာဉ်ကျင့်ကြံသူ အကြီးအကဲကသာ အဲ့အချိန်တုန်းက ၎င်းကို မဖိနှိပ်ခဲ့ရင် ဒီလောကမှာ ကပ်ဘေးတစ်ခုတောင် ဖြစ်ပွားခဲ့လောက်တယ်…”

“ဒါပေမဲ့ ဒီကနဦးဝိညာဉ်ကို တပည့်တစ်ယောက်နဲ့ ပေါင်းစည်းစေမယ်ဆို အလယ်အဆင့်စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းရည်မျိုး ရလာနိုင်တယ်လို့ ငါ ထင်တယ်။ အဲ့လိုဖြစ်လာနိုင်ခြေ နည်းပါးလွန်းပေမဲ့လည်း ဒီလိုအရာမျိုးဟာ လွယ်လွယ်လက်လျှော့ပစ်လို့ရတာမျိုး မဟုတ်နေဘူး။ ဒီလိုအကြောင်းရင်းကြောင့် အဲ့ဒီသစ်သားကနဦးဝိညာဉ်ရဲ့ခန္ဓာကိုယ်ကို ရွှေဒြပ်၊လေဒြပ်တို့နဲ့ သန့်စင်ပစ်နိုင်အောင်လို့ ယွမ်ဝူဒေသက ရွှေရှားပါးခြင်းတောင်ကြားဆီ ၎င်းကို ခေါ်သွားဖို့ ငါတို့က အုပ်စုတစ်စု စေလွှတ်ခဲ့တာ…”

ထိုစကားကိုကြားသည့်အခါ သက်လတ်ပိုင်းလူက တစ်ခုခုပြန်ပြောရန် အတွေးပေါ်လာသည်။ သို့သော် သူက သေချာထပ်စဉ်းစားကြည့်ပြီး နှုတ်ဆိတ်၍သာ နေလိုက်တော့သည်။ သူ့မျက်နှာထက်တွင်မူ ခါးသက်သက်အပြုံးတစ်ခု ရှိနေ၏။

တစ်လအကြာ၌ ဟန်လိသည် ရှီဒေသရှိ သူ့လှိုဏ်ဂူထံ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။ ဟန်လိက သက်ပြင်းချကာ ကျင့်ကြံခြင်းအခန်းထဲ၌ အမျိုးသမီးလျှိုကို ထားရစ်ခဲ့ပြီး မူပိုင်လင်းထံ သွားရောက်လည်ပတ်သည်။

သူမက တံခါးပိတ်ကျင့်ကြံနေတာ မြင်ရသည့်အခါ ဟန်လိ ကျေနပ်သွား၏။ ထို့နောက် သူက မျောလွင့်တိမ်တောင်တန်းပေါ်ရှိ အကြီးအကဲနှစ်ယောက်ထံ သွားလည်ပတ်ကာ သူ ပြန်ရောက်ကြောင်း ပြောပြမည်ဟု ဆုံးဖြတ်လိုက်သည်။

ထိုစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူနှစ်ယောက်က ဟန်လိ ပြန်ရောက်လာတာ တွေ့မြင်ရသည့်အခါ ကျေနပ်သွားကြသည်။ သူတို့က ဟန်လိ၏ခရီးစဉ်အကြောင်း မေးကြမြန်းကြသည်။ ဟန်လိကလည်း သူတို့အမေးကို ပါးပါးနပ်နပ် ပြန်ဖြေပြီး တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းနှင့်မိစ္ဆာမီးတောက်ဂိုဏ်းမှ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူအချို့ကို လမ်းမှာ သတ်ဖြတ်ခဲ့ကြောင်း ဖော့၍ ပြန်ပြောပြလိုက်သည်။ ထိုအကြောင်းကို ကြားသည့်အခါ စိုးရိမ်ပူပန်မှု ပြသမည့်အစား ဤစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူနှစ်ယောက်သည် သူ့ကို ချီးကျူးကြလေ၏။

သည်နှစ်ယောက်က လမ်းမှန်နှင့်မိစ္ဆာတာအိုတို့ကြား ရန်ငြှိုးကို နက်နက်နဲနဲ ဆုပ်ကိုင်ထားကြပုံပင်။ အထူးသဖြင့် အရင်တုန်းက တိုက်ပွဲတစ်ခု၌ သူ့အသတ်မသေအောင် လျှို့ဝှက်ပညာရပ်တစ်ခု အသုံးပြုခဲ့သော ငွေရောင်ဆံပင်နှင့်အဘိုးအိုပင်။ ထိုပညာရပ်ကို အတင်းအကျပ်အသုံးပြုခဲ့ရသဖြင့် သူ့အသက်ဓာတ်အများအပြား ဆုံးရှုံးခဲ့ရပြီး အခုထိ ပြန်မကောင်းမွန်သေးပေ။ ထို့ကြောင့် ဟန်လိ၏လုပ်ဆောင်ချက်က သူတို့၏အမျက်ဒေါသကို ပုံချရာရပြီး စိတ်သက်သာသွားစေသည်။

ဤကိစ္စနှင့်ပတ်သက်၍ ဟန်လိသည် အတော်အဆင်ပြေသွားပြီဟု ခံစားမိရ၏။ သူက ထိုနှစ်ယောက်နှင့် အချိန်အတော်ကြာ စကားပြောဆိုပြီးနောက် သူ့လှိုဏ်ဂူထံ ပြန်လာခဲ့သည်။ လမ်းတွင် သူသည် ဝတ်ရုံဖြူမိန်းမလှနှင့်ပတ်သက်၍ မည်သို့မည်ပုံ ကိုင်တွယ်ရမလဲဟု စဉ်းစားလာခဲ့သည်။

ကျင့်ကြံသူလျှိုက ဖြည်းဖြည်းချင်း သတိရလာချိန်၌ သိတစ်ဝက်မသိတစ်ဝက် ဖြစ်နေပြီး ကြိုးစား၍မျက်လုံးဖွင့်ကြည့်လာသည်။ သူမနားကပ်ကြည့်နေသော မျက်နှာတစ်ခုကို ဗြုန်းစားကြီး မြင်လိုက်ရသည့်အခါ လန့်ပြီး ထခုန်မိကာ နံရံနှင့််ကျော ကပ်သွားသည့်အထိ ဖြစ်သွားရသည်။ ထိုအခိုက်တွင် သူမက ထိုမျက်နှာပိုင်ရှင်မှာ မိန်းမလှတစ်ယောက်ဖြစ်မှန်း သိလိုက်ရ၏။ သူမက ချိုသာစွာပြုံး၍ သူ့ကို ကြည့်နေသည်။ ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်သည့်အခါ သူမသည် ချိပ်ပိတ်ထားသောအခန်းတစ်ခုထဲ၌ ရောက်နေမှန်း သိလိုက်ရသည်။ သည်အခန်းထဲတွင် မြက်ဖျာတစ်ချပ်ကလွဲ၍ အခြားဘာမျှရှိမနေပေ။

မိန်းမလှလေးက ရွှင်ရွှင်မြူးမြူးနှင့် စကားစလာ၏။

“တာအိုရောင်းရင်း…နိုးလာပြီပေါ့။ အထွေအထူးမရှိရင် သခင်နဲ့တွေ့ဖို့ ရှင့်ကို ခေါ်သွားပေးမယ်…”

လျှိုယု၏စိတ်သည် ရှုပ်ထွေးနေဆဲပင်။ သူမသည် ဖြစ်ပျက်ခဲ့ပုံကို အခုထိ ကောင်းကောင်း သဘောမပေါက်သေးပေ။ သူမက ချီတုံချတုံဖြင့် မေးလိုက်မိသည်။

“သခင်လား…သူက ဘယ်သူလဲ။ ဒီနေရာကကော ဘယ်နေရာလဲ…”

ငွေရောင်လက လျှိုယုကို စူးစမ်းကြည့်ဖြင့် ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောပြသည်။

“ရှင်…ကျမ နောက်ကို လိုက်ခဲ့မယ်ဆို အဖြေ သိရပါလိမ့်မယ်။ ဒီနေရာကတော့ ရှီဒေသရဲ့ အိပ်မက်တိမ်တောင်တန်းပါ။ ဒါဆို ဘယ်နေရာလဲဆိုတာ ရှင် သိလောက်ပါပြီ…”

တအောင့်စဉ်းစားပြီးနောက် လျှိုယုသည် တစ်ခုခုကို ချက်ခြင်း သဘောပေါက်သွားပြီး အလန့်တကြားဖြင့် ထမအော်မိဘဲ မနေနိုင် ဖြစ်သွားရ၏။

“ရှီဒေသမှာရှိတဲ့ အိပ်မက်တိမ်တောင်တန်း ဟုတ်လား။ ဒါဆို နင်က ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ဝင် တစ်ယောက်ပေါ့…”

All Chapters