လျှိုယု
Vol. 48 Ch. 669
ငွေရောင်လ၏မျက်လုံးသည် ဖြတ်ခနဲ့တောက်ပသွားပြီး စကားဆိုလာသည်။
“ရောင်းရင်းက အတော်လေး ဉာဏ်ကောင်းသားပဲ…”
“ဟုတ်ကဲ့ပါ…ကျမကလည်း စီနီယာနဲ့ တွေ့ချင်ပါတယ်။ ရောင်းရင်းအနေနဲ့ လမ်းပြပေးပါဦး…”
လျှိုယုက သူမကိုယ်သူမ မြန်မြန်ဆန်ဆန် ပြန်တည်ငြိမ်အောင်လုပ်၏။
ငွေရောင်လက မသိမသာ ပြုံးလိုက်ပြီး အခန်းထဲကနေ ကျော့ကျော့မော့မော့ ထွက်လာ၏။ လျှိုယုက သူမနောက်ကနေ တိတ်တဆိတ် လိုက်ပါလာခဲ့သည်။ ခဏအကြာတွင် သည်အမျိုးသမီးနှစ်ယောက်က အဆောင်ကျယ်တစ်ခုရှေ့သို့ ရောက်လာသည်။
ဟန်လိက ကျောက်သားခုံတစ်ခုပေါ်တွင် ထိုင်၍ အခန်းအလယ်ရှိ အဝါရင့်ရောင်အလင်းအရံအတားကို ကြည့်နေသည်။ ၎င်းအရံအတားကို စိတ်ဝိညာဉ်သားရဲတစ်ကောင်က အကြမ်းပတမ်း တိုက်ခိုက်နေသည်။
လျှိုယုသည် ထိုစိတ်ဝိညာဉ်သားရဲကို အာရုံစူးစိုက်ကာ စောင့်ကြည့်နေသည်။ ၎င်းသားရဲ၏ကျောပေါ်တွင် ကြေးခွံများရှိနေ၏။ ငွေရောင်ခွာလည်း ပိုင်ဆိုင်ထား၏။ ၎င်းသည် အစိမ်းရောင်နွားထီးတစ်ကောင်နှင့် ဆင်တူလေသည်။ ၎င်းမှာ မြင်ရခဲသော သံမဏိကြံ့ ဖြစ်၏။
ထိုသားရဲစိတ်ဝိညာဉ်သည် ရှေးဟောင်းမျိုးစိတ်ဝင် မဟုတ်သော်ငြား ကျင့်ကြံခြင်းလောက၌ ရှားပါးသောစိတ်ဝိညာဉ်သားရဲတစ်ကောင်ပင်။ မကြာသေးခင်ကဖျက်စီးခြင်းခံခဲ့ရသော ယွမ်ဝူဒေသရှိ ဖူဂိုဏ်းတွင် ဤစိတ်ဝိညာဉ်သားရဲကို မွေးမြူထားခဲ့ပေသည်။ ၎င်း၌ အမြုတေဖွဲ့စည်းခြင်းအလယ်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်နိုင်သောစွမ်းရည် ပိုင်ဆိုင်ထားပေသည်။
ဤသံမဏိကြံ့ကကော ထိုဂိုဏ်းမှသားရဲနှင့် အတူတူပင် ဖြစ်နေလား။ အတူတူ ဖြစ်နေခဲ့မယ်ဆို သူမရှေ့မှလူသည် ဖူဂိုဏ်းကို ရှင်းပစ်ခဲ့သူ ဖြစ်ရပေမည်။
ဟန်လိ၏ပြတ်သားရက်စက်မှုအကြောင်း တွေးမိကာ လျှိုယုသည် ကြိတ်၍ ကြောက်ရွှံ့လာမိသည်။ ဤစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ၏ဖမ်းဆီးခြင်းခံရခြင်းတွင် ကောင်းသည့်အရာဟူ၍ ရှိမလာနိုင်တော့ပေ။
မည်သို့ပင်ဖြစ်စေ သူမသည် ဟန်လိ၏ငယ်ရွယ်သောရုပ်သွင်ကြောင့် အံ့အားတသင့် ဖြစ်သွားရသည်ပင်။ စဦးစိတ်ဝိညာဉ်အဆင့်သို့ ရောက်သည့်အခါ လူတစ်ယောက်သည် အနည်းဆုံးသက်လတ်ပိုင်းအရွယ်လောက်တော့ ရှိတတ်ကြ၏။ တကယ်တော့ သက်လတ်ပိုင်းအရွယ်ဆိုသော်ငြား ရှိရင်းစွဲအသက်အရွယ်ထက် ပိုအသက်ကြီးကြသည်ပင်။ ကျင့်ကြံမှုအဆင့်မြင့်မားခြင်းကြောင့်သာ သူတို့၏ရုပ်သွင်သည် အိုမင်းမှုနှေးကွေးသွားတာ ဖြစ်၏။ ထို့ကြောင့် အဘိုးအိုအရွယ်ကျင့်ကြံသူတစ်ယောက်က သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူတစ်ယောက်ကို သိုင်းဦးလေး သို့မဟုတ် သိုင်းဘိုးဘေးဟု ခေါ်ဝေါ်သုံးစွဲခြင်းသည် ကျင့်ကြံခြင်းလောက၌ မြင်တွေ့နေကြပင်။
ထိုအခိုက်တွင် ငွေရောင်လက ဟန်လိရှေ့တွင် ရပ်ကာ အလေးအနက်ပြော၏။
“သခင်…ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းက ရောင်းရင်းကို ကျမ ခေါ်လာခဲ့ပါတယ်…”
ဟန်လိက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“နင်…ထွက်သွားလို့ရပြီ…”
“ဟုတ်ကဲ့ပါ…သခင်…”
ငွေရောင်လက ဟန်လိ၏အမိန့်ကို ပြုံး၍ တုံ့ပြန်ပြီး ခပ်သွက်သွက်လေး ပြန်ထွက်သွား၏။ သူမအနေဖြင့် လူသားပုံစံ ကြာကြာပြောင်းမထားနိုင်မှန်း သူတို့နှစ်ယောက်လုံး သိထားကြ၏။
လျှိုယုက ဟန်လိထံ လျှောက်လာကာ ကျော့ရှင်းစွာဖြင့် ဦးညွှတ်ပြီး ဘေးမှာရပ်နေသည်။ သူမသည် နာခံမည့်အသွင်ပုံစံ ပေါ်နေသည်။
ဟန်လိက သူ့ရှေ့ရှိအမျိုးသမီးကို အေးတိအေးစက်ဖြင့် တစ်ချက်စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်က အလင်းအရံအတားအတွင်းရှိ သံမဏိကြံ့ထံ ပြန်ရောက်သွားသည်။ သူ့လက်ချောင်းထိပ်မှ လျှပ်စီးတန်းတစ်ခု ထိုးထွက်သွားပြီး အရံအတားကိုဖြတ်ကာ အနှီသံမဏိကြံ့ကို ထိမှန်သွားလေ၏။
သံမဏိကြံ့၏ခန္ဓာကိုယ်မှာ လျှပ်စီးဖြင့် တောက်ပသွားသည်။ ငြီးသံတစ်ချက်ပေးကာ ၎င်းသည် ဘေးသို့ လဲကျသွား၏။ ၎င်းသည် မြေသားပေါ်တွင် လဲကျသွားလျက် ခြေထောက်များက အဆက်မပြတ် တွန့်လိမ်နေတော့သည်။
အစွမ်းထက်သော စိတ်ဝိညာဉ်သားရဲတစ်ကောင်က တစ်ချက်တည်းဖြင့် လဲကျနာကျင်သွားရသည့်အဖြစ်ကို မြင်သည့်အခါ လျှိုယု၏နာခံသည့်ဟန်အမူအရာမှာ မသိမသာ ပြောင်းလဲသွားသည်။ ခဏအကြာတွင်မူ သူမက တည်ငြိမ်မှုပြန်ရသည်။ ဟန်လိသည် ထိုအပြောင်းအလဲကို အာရုံခံနိုင်စွမ်းရှိ၏။ သူမ၏နှလုံးခုန်သံသည် အရင်ထက်ပိုမြန်လာမှန်းကိုပင် သူ ကြားနိုင်သည်။
ဟန်လိက လျှိုယုထံ အကြည့်ရောက်သွား၏။ သူက တည်ငြိမ်စွာ မေးလိုက်သည်။
“နင့် နာမည် ဘယ်လိုခေါ်လဲ။ နင်က ဘာကြောင့် ငါ့ကို နောက်ယောင်ခံလိုက်ခဲ့တာလဲ။ မိစ္ဆာမီးတောက်ဂိုဏ်းနဲ့တစ္ဆေစိတ်ဝိညာဉ်ဂိုဏ်းကသူတွေ ငါ့ကို နောက်ယောင်ခံလိုက်တယ်ဆို နားလည်လက်ခံလို့ရသေးတယ်။ ဒါပေမဲ့ ငါ မှတ်မိသလောက် နင်တို့ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းကို ငါ ရန်စမိခဲ့တာမျိုး မရှိခဲ့ပါဘူး…”
ဟန်လိ၏အမေးကို ကြားသည့်အခါ လျှိုယုက ကြောင်ငေးသွား၏။ သူမ၏အမူအရာက ပျက်ယွင်းလာသည်။ သူမက အောက်နှုတ်ခမ်းကိုက်၍ လေသံတိုးတိုးညင်းညင်းဖြင့် ပြန်ဖြေလိုက်သည်။
“စီနီယာဟာ ကျမတို့ဂိုဏ်းရဲ့ သစ်သားကနဦးဝိညာဉ်ကို ဖမ်းဆီးသွားခဲ့တာပါ။ ကျမအနေနဲ့ ဂိုဏ်းကအမိန့်အတိုင်း ရှင့်နောက်ကို နောက်ယောင်ခံလိုက်ရုံကလွဲလို့ ရွေးချယ်စရာ မရှိခဲ့ပါဘူး။ ကျမက ရှင့်ကို ရန်စသလိုမျိုး ဖြစ်ခဲ့တယ်ဆို ကျမလိုမျိုးလူအတွက် ကိုယ့်ကိုယ်ကိုယ် အဆင့်နိမ့်ကျခံပြီး ဗွေမယူဖို့ မျှော်လင့်မိပါတယ်…ရှင့်။ ကျမက အမိန့်အတိုင်း လိုက်လုပ်ခဲ့ရရုံသပ်သပ်ပါ...”
စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ရှေ့၌ သူမအနေဖြင့် အမှန်တိုင်းသာ မပြောပြလျှင် အတင်းအကျပ် စိတ်ဝိညာဉ်ရှာဖွေခံရမည်မှန်း သိထားပေသည်။ ထိုအခါကျလျှင် သူမ၏စိတ်ဝိညာဉ် ပျက်စီးထိခိုက်ပြီး ငတုံးငအဘဝ ရောက်သွားမည့်အခြေအနေမျိုးကိုတော့ သူမ မဖြစ်ချင်ပေ။
ဟန်လိက မျက်မှောင်ကြုတ်ကာ သူ တွေ့ကြုံခဲ့ရသောမွန်းစတားဆန်လှသောအရိပ်ငယ်တစ်ခုအကြောင်း ပြန်တွေးမိသွား၏။
“သစ်သားကနဦးဝိညာဉ်။ နင် ပြောတဲ့ဟာက အစိမ်းရောင်ကနဦးနတ်ဆိုးလား…”
လျှိုယုက မသာမယာပြုံး၍ ရှင်းပြလာသည်။
“အမှန်ပါပဲ။ အဲ့တာက ကနဦးဝိညာဉ်ပါ။ ဒါကို ကျမတို့ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းက သေချာအားစိုက်ထုတ်ပြီး သန့်စင်မွေးမြူခဲ့တာပါ။ ဒါက ကျမတို့ဂိုဏ်းအတွက် အင်မတန်အရေးပါပါတယ်။ ဒါပေမဲ့ ဒီဝိညာဉ်က ထွက်ပြေးလွတ်မြောက်သွားနိုင်ပြီး စီနီယာရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရလိမ့်လို့ ကျမတို့ မထင်ထားမိခဲ့ဘူး…”
ဟန်လိ၏အကြည့်သည် တဖြတ်ဖြတ် တောက်ပသွားသည်။ သူက အေးစက်စွာ ပြောလိုက်သည်။
“မွေးမြူသန့်စင်ခဲ့တာလား။ ငါက ဒီဝိညာဉ်ကို နတ်ဆိုးတစ်ကောင်ရဲ့ဝိညာဉ်ကနေ ပြန်လည်မွေးဖွားလာတာလို့ ထင်မိခဲ့တာ။ ဒါပေမဲ့ ဒီအရာလေးက တကယ်ပဲ ပြဿနာ ပေးနိုင်လွန်းတယ်။ ငါ အဲ့ကိစ္စထဲသာ ဝင်မပါမိခဲ့ဘူးဆိုရင်လည်း နင်တို့အုပ်စုက ဒီကနဦးဝိညာဉ်နဲ့ပတ်သက်ပြီး ကျိန်းသေပေါက် ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး…”
လျှိုယုက အရှက်ရသွားပုံပင်။ သူ့အနေဖြင့် ဘာမျှပြန်မပြောနိုင်ဘဲ ဆွံ့အသွားရသည်။
ဟန်လိကလည်း သူမ၏အတွေးကို ဖတ်နိုင်၏။ သူက အခြားမေးခွန်းတစ်ခုကို အလေးအနက် မေးလိုက်သည်။
“နင်တို့က ငါ ဖမ်းဆီးခဲ့တဲ့ကနဦးဝိညာဉ်ကို ဘယ်လိုလုပ် မြန်မြန်ဆန်ဆန် နောက်ယောင်ခံနိုင်ခဲ့တာလဲ။ ဒီကနဦးဝိညာဉ်ပေါ်မှာ အမှတ်အသားတစ်ခုခု ရှိနေလို့လား။ အဲ့လိုရှိခဲ့တယ်ဆိုရင်လည်း ငါ့စိတ်ဝိညာဉ်အာရုံနဲ့ ထောက်လှမ်းမိနိုင်မှာပဲ…”
“အဲ့ဒီသစ်သားကနဦးဝိညာဉ်အပေါ်မှာ ဘာအတားအဆီးမှာ မရှိပါဘူးရှင့်။ ကျမနဲ့စီနီယာအစ်မတို့က သစ်သားကနဦးဝိညာဉ်ရဲ့ ခန့်မှန်းတည်နေရာကို အဝေးကနေ အာရုံခံနိုင်တဲ့ လျှို့ဝှက်ပညာရပ်ကို ကျင့်ကြံထားလို့ပါ။ ဒါကြောင့် ဂိုဏ်းရဲ့စီနီယာက နောက်ယောင်ခံလိုက်ဖို့ ကျမတို့ကို စေလွှတ်ခဲ့တာပါ။ တကယ်တော့ ကျမတို့က ဒီကနဦးဝိညာဉ်ကို အကွာအဝေးတစ်ခုကနေပဲ အာရုံခံနိုင်တာပါ။ ကီလိုမီတာရာထောင်ချီဝေးလွန်းတဲ့နေရာကဆို စီနီယာအစ်မနဲ့ကျမတို့က ၎င်းရဲ့တည်နေရာကို အာရုံခံနိုင်စွမ်း မရှိပါဘူး…”
လျှိုယုသည် ဟန်လိ၏မေးခွန်းကို အမှန်တိုင်း ဖြေရုံသာမက လက်ခံနိုင်သောအချက်အလက်အချို့ကိုလည်း ဖြည့်ပြော၏။ ထိုစကားကိုကြားသည့်အခါ ဟန်လိက ခေါင်းညိတ်လက်ခံသည်။ သည်အမျိုးသမီး၏ပါးနပ်မှုအပေါ်လည်း သူ အတော်လေး ကျေနပ်မိ၏။
သို့ရာတွင် ဟန်လိ၏နောက်ဆက်တွဲမေးခွန်းက သူမကို အကြီးအကျယ် ထိတ်ပျာသွားစေသည်။
“နင်တို့ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းက ဒီကနဦးဝိညာဉ်အပေါ် အရင်းအမြစ်အများကြီး စိုက်ထုတ်ခဲ့ရတာဆိုတော့ ဒီဝိညာဉ်က အသုံးတည့်လွန်းလို့ ဖြစ်ရမယ်။ အဲ့အကြောင်းကိုကျ ငါ့ကို ဘာလို့ မပြောခဲ့တာလဲ...”
ဟန်လိက ထိုသို့ပြောရင်း လျှိုယုကို တိတ်တဆိတ်စိုက်ကြည့်နေသည်။ သူ့မျက်လုံးထဲ၌လည်း အေးစက်မှုတစ်ခု ရှိနေ၏။
လျှိုယုသည် ချက်ခြင်းပြန်မဖြေနိုင်။ ချီတုံချတုံ ဖြစ်နေ၏။ ဟန်လိ၏အေးစက်စက်အမူအရာကို မြင်ရသည့်အခါ သူမသည် တုန်တုန်ရီရီ ဖြစ်သွား၏။ သူမက တုံ့ဆိုင်းဆိုင်းနှင့် ပြန်ဖြေသည်။
“သစ်သားဓာတ်စိတ်ဝိညာဉ်ရင်းမြစ်ကို ကျင့်ကြံတဲ့သူတွေက ဒီကနဦးဝိညာဉ်နဲ့ ပေါင်းစပ်နိုင်စွမ်း ရှိကြပါတယ်။ အဲ့လိုပေါင်းစပ်နိုင်ခဲ့ရင် အဲ့လူက ကိုယ်တိုင်ကိုယ်ကျ စဦးစိတ်ဝိညာဉ်တစ်ခုကို ဖွဲ့စည်းစရာမလိုဘဲနဲ့ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းနှင့်စွမ်းရည်တွေကို ရရှိပိုင်ဆိုင်လာနိုင်မှာပါ…”
သူမအနေဖြင့် ဂိုဏ်း၏လျှို့ဝှက်ချက်ကို အခုလို ထုတ်ပြောသောကြောင့် ဂိုဏ်းသို့ပြန်ရောက်လျှင် ပြဿနာတတ်နိုင်မှန်း သိ၏။ သို့သော် အခုအခြေအနေတွင် သူမအနေဖြင့် မပြော၍လည်း မဖြစ်ပေ။ မဟုတ်ပါက သူမအနေဖြင့် အသက်ရှင်နိုင်တော့မည်မဟုတ်မှန်း သိနေသည်။ သူမရှေ့မှ အနှီစဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူသည် အမျိုးသမီးဖြစ်နေ၍ သူမအပေါ် သက်ညှာပေးမည့်သူမျိုး မဟုတ်ပေ။
ဟန်လိက သူမ၏အဖြေကိုကြားသည့်အခါ အံ့ဩသွားမိ၏။ သူ့စိတ်ကို ပြန်တည်ငြိမ်စေပြီးနောက် စကားဆိုသည်။
“စဦးစိတ်ဝိညာဉ်အဆင့်ကို ဒီလိုတိုက်ရိုက် တက်လှမ်းနိုင်တဲ့ နည်းလမ်းတစ်ခု အမှန်တကယ် ရှိနေတာလား။ အဲ့လိုသာအမှန်တကယ်ဖြစ်နေမယ်ဆို နင်တို့ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းက မိစ္ဆာတာအိုအဖွဲ့အစည်းမှာ ထိပ်ဆုံးရောက်နေပြီ။သဟဇာတအနှောင်အဖွဲ့ဂိုဏ်းထက် နိမ့်ကျနေမှာ မဟုတ်တာ အသေအချာပဲ။ အဲ့ဒီလျှိုဝှက်ပညာရပ်မှာ အတားအဆီးတစ်ခုခုများ ရှိနေလို့လား…”
လျှိုယုက ဝန်ခံသည်။
“စီနီယာဟာ အမှန်တကယ် အမြင်စူးရှလှပါတယ်။ ဒီကနဦးဝိညာဉ်တွေကို အရည်အတွက် အများအပြား သန့်စင်မွေးမြူလို့ မရနိုင်ပါဘူး။ အဲ့တာနဲ့ပတ်သက်တဲ့လျှို့ဝှက်ပညာရပ်ကို တွေ့ရှိခဲ့တာ ကြာပြီဆိုပေမဲ့ ကနဦးဝိညာဉ်တစ်ခုကို သန့်စင်ဖို့ဟာ ခက်ခဲလွန်းပါတယ်။ ဒါကို သန့်စင်ဖို့အတွက် အသုံးပြုရတဲ့ အမျိုးအမည်ပစ္စည်းတွေဟာ ရှားပါးလွန်းတဲ့အပြင် သက်တမ်းကုန် သေဆုံးခါနီး ဂိုဏ်းအကြီးတွေကသာ ဒီလိုကနဦးဝိညာဉ်ကို သန့်စင်နိုင်ကြတာ။ ကနဦးဝိညာဉ်တွေကို သန့်စင်ဖို့အတွက် အဲ့လိုသေဆုံးသွားတဲ့အကြီးအကဲတွေရဲ့ စဦးစိတ်ဝိညာဉ်တွေ လိုအပ်ပါတယ်။ ပြီးတော့ ဆယ်ကြိမ်မှာ တစ်ကြိမ်လောက်ပဲ အောင်မြင်နိုင်ခြေ ရှိတာပါ။ ဒါတင် မကသေးပါဘူး။ ကနဦးဝိညာဉ်နဲ့ ပေါင်းစည်းနိုင်တဲ့ ပညာရပ်မှာလည်း မတူညီတဲ့ ဒြပ်စင်ငါးခုကနဦးဝိညာဉ်တွေ အသုံးပြုဖို့ လိုအပ်ပါသေးတယ်။ မဟုတ်ရင် ကျရှုံးနိုင်ပါတယ်…”
“ကျမတို့ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းက ဒီကနဦးဝိညာဉ်တွေကို အခုထိ စုဆောင်းနေခဲ့တာကိုမှ စုစုပေါင်းခုနစ်ခုထိပဲ ရပါသေးတယ်။ ဒီကနဦးဝိညာဉ်တွေထဲမှာလည်း အမြဲတမ်းလိုလို ရွှေဓာတ်ကနဦးဝိညာဉ်က ကင်းမဲ့နေခဲ့တာမျိုးပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဆယ်နှစ်ကျော်လောက်မှာတော့ ရွှေဓာတ်ကနဦးဝိညာဉ်ကို ရရှိပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဂိုဏ်းက ကနဦးဝိညာဉ်တွေနဲ့ ပေါင်းစည်းနိုင်အောင်လို့ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ ဆယ်ယောက်ကို ရွေးချယ်ခဲ့ပါတယ်။ သူတို့ကို အဲ့လိုပေါင်းစည်းနိုင်အောင်လို့ ဆက်စပ်လျှို့ဝှက်ပညာရပ်တွေကိုလည်း ကျင့်ကြံစေခဲ့ပါတယ်။ အကုန်အဆင်ပြေပြီ၊ အဆင်သင့်ဖြစ်ပြီဆို ပေါင်းစပ်ခြင်းအခမ်းအနား လုပ်ဖို့အတွက် သူတို့ထဲကငါးယောက်ဟာ ရွေးချယ်ခံရမှာ ဖြစ်ပါတယ်…”
ဟန်လိသည် အမူအရာမပြောင်းသွားသော်လည်း စိတ်ထဲတွင်မူ အတော်လေး လှုပ်ခတ်သွားမိသည်။ သူက မေးစေ့ကိုလက်ဖြင့်ကိုင်ကာ ငြိမ်သက်စွာ စဉ်းစားခန်းဝင်နေ၏။ အချိန်တစ်ခုကြာပြီးမှ သူက ဖြည်းဖြည်းချင်း ပြောလာသည်။
“ဘယ်လိုပဲဖြစ်ဖြစ် အဲ့ကျင့်ကြံသူတွေက စဦးဝိညာဉ်အဆင့်ကို ရောက်ဖို့ အလွယ်လမ်းလိုက်တဲ့အတွက် အားနည်းချက်တချို့တော့ ရှိနေမှာ သေချာတယ်…”
“စီနီယာ ပြောတာ အမှန်ပါပဲ။ ကျမအနေနဲ့ တခြားအားနည်းချက်တွေကို သေချာမသိပေမဲ့လည်း ကနဦးဝိညာဉ်နဲ့ပေါင်းစည်းနိုင်တဲ့ကျင့်ကြံသူတွေရဲ့ သက်တမ်းဟာ အမြုတေဖွဲ့စည်းခြင်းအဆင့်မှာပဲ ရှိနေမယ်ဆိုတဲ့တစ်ချက်ကိုတော့ သိထားပါတယ်။ ဒီလျှို့ဝှက်ပညာရပ်ကို အသုံးပြုမယ်ဆို လူတစ်ယောက်ဟာ သူကိုယ်တိုင် စဦးစိတ်ဝိညာဉ် ဖွဲ့စည်းနိုင်တဲ့အခွင့်အရေးကိုလည်း စွန့်လွှတ်ရမှာပါ။ သူတို့ရဲ့ကျင့်ကြံမှုကလည်း တန့်သွားမှာပါ။ ဆက်ပြီးတိုးတက်လာနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဒီလျှို့ဝှက်ပညာရပ်ကို အသုံးပြုပြီး စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်တဲ့ ဒီကိစ္စမှာ ကောင်းကျိုးတွေလည်း အများကြီး ရှိနေပါတယ်…”
ကိစ္စက သည်အခြေအနေထိ ရောက်လာမှတော့ သူမအနေဖြင့် အသေးစိတ် အပြည့်အစုံ ပြောပြလိုက်တော့သည်။ မထူးဇာတ်ခင်းရတော့မည်သာ။