← Chapters

နှင်းခဲနှင့်အပြာရောင်မီးတောက်

Vol. 48 Ch. 670

နှင်းခဲနှင့်အပြာရောင်မီးတောက်

Vol. 48 Ch. 670

ထိုအမျိုးသမီး၏ရှင်းပြချက်ကြောင့် ဟန်လိသည် သူ ဖမ်းဆီးခဲ့သော သစ်သားကနဦးဝိညာဉ်နှင့်ပတ်သတ်၍ အကြမ်းဖျင်းနားလည်သွားသည်။ ၎င်းမှာ လူသားကိုယ်တိုင် သန့်စင်ရသော သူ၏ငိုကြွေးဝိညာဉ်နှင့် အတော်အသင့် ဆင်တူသည်။ သို့ရာတွင် ကျင့်ကြံသူတစ်ယောက်၏ မူလစိတ်ဝိညာဉ်ကို ဝါးမြိုနိုင်သည့်စွမ်းရည်ကို ကြည့်ရသလောက် ၎င်း၏ကြမ်းကြုတ်မှုမှာ ထင်ရှားသိသာနေသည်။ အတိတ်တုန်းက သူ့ငိုကြွေးဝိညာဉ်သားရဲနှင့် ၎င်းမှာ သိသိသာသာ ကွဲပြားမှုရှိ၏။

ဟန်လိသည် စိတ်ထဲအတွေးပေါင်းစုံ ဝင်ပြီးနောက် တခြားအကြောင်းအရာတစ်ခုကို ပြောင်းပြောလိုက်သည်။

“နင့်ရဲ့ တောင်ပံခြောက်ဖက်နှင်းခဲကင်းခြေများတွေဟာ ရှားပါးသားရဲမျိုးစိတ်ပဲ။ နင် အဲ့ကောင်တွေကို ဘယ်လိုရခဲ့တာလဲ။ နင့်ရဲ့ခုလက်ရှိကျင့်ကြံမှုအရဆို ဒီအင်းဆက်သားရဲတွေမျိုးတွေကို အသုံးပြုနိုင်စွမ်း၊ မွေးမြူနိုင်စွမ်း ရှိဖို့ မဖြစ်နိုင်လောက်ဘူး။ နင့်ရဲ့စီနီယာတွေက ဒီကိစ္စကို မေးမြန်းလာတာမျိုး မရှိဘူးလား…”

လျှိုယုသည် ဟန်လိ၏ရုတ်တရက် မေးလာမှုကြောင့် ခဏတော့ ဘာပြောရမှန်းမသိ ဖြစ်သွားရ၏။ သေချာစဉ်းစားပြီး သူမက ပြန်ဖြေသည်။

“စီနီယာတွေကလည်း ဒီအင်းဆက်သားရဲတွေကို သိကြပါတယ်။ ဂျူနီယာက ရှေးဟောင်းကျင့်ကြံသူတစ်ယောက်ရဲ့လှိုဏ်ဂူကနေ ဒီအင်းဆက်ဥတွေကို ရရှိခဲ့တာပါ။ အစတုန်းကတော့ ဒါက ဥအသေတွေ၊ အကောင်မပေါက်နိုင်တော့ဘူးလို့ ထင်ခဲ့မိတာ။ နောက် သေချာစူးစမ်းကြည့်ကြည့်မှ တချို့တလေက ဥအရှင်တွေ ဖြစ်နေမှန်း သိခဲ့ရတာ။ စီနီယာတွေက ဒီအင်းဆက်တွေဟာ ရှေးဟောင်းမျိုးစိတ်တွေမှန်း၊ ဒီကောင်တွေ ကြီးပြင်းလာခဲ့ရင် စွမ်းရည်မြင့်မားလှမှန်း သိပေမဲ့ ပျိုးထောင်ဖို့ အင်မတန်ခက်ကြောင်း နားလည်ထားကြပါတယ်။ မှန်ကန်တဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုမှာတောင် ဒီအင်းဆက်တွေဟာ အပြည့်အဝကြီးပြင်းဖို့အတွက် နှစ်ပေါင်းတစ်ထောင်လောက် အချိန်ယူရမှာလေ။ ဒါကြောင့် ဘယ်ကျင့်ကြံသူကမှ ဒီအင်းဆက်တွေကို မယူချင်ကြတော့ဘူး။ ဂျူနီယာကတော့ ဒီအင်းဆက်တွေဟာ အရွယ်မရောက်သေးတဲ့အချိန်မှာတောင် သူတို့ရဲ့စွမ်းရည်အပေါ် ယုံကြည်မှုရှိထားပါတယ်။ ဒါကြောင့် ဒီအင်းဆက်တွေကို ဆက်ပြီးထိန်းသိမ်းထားဖို့ ဆုံးဖြတ်ခဲ့တာပါ…”

“သူက ခုလက်ရှိကျင့်ကြံမှုနဲ့ အင်းဆက်တွေအကြောင်း စိတ်ဝင်တစားရှိပြီး ဘာလို့ မေးလာရတာလဲ။ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်ဆိုလည်း သက်တမ်းထောင်ဂဏန်းပဲ ရှင်သန်နေထိုင်နိုင်မှာ။ သူ့အနေနဲ့ ဒီတောင်ပံခြောက်ဖက်နှင်းခဲကင်းခြေများတွေအပေါ် အချိန်နဲ့အားစိုက်ထုတ်မှု အများကြီးပေးနိုင်လောက်မှာ မဟုတ်ဘူး…”

လျှိုယုက စိတ်ထဲကနေ ဤသို့ကြိတ်၍ တွေးလိုက်မိသည်။

ဟန်လိက သူမကို ကြည့်ပြီး တည်ငြိမ်စွာပြော၏။ ဟန်လိ၏စကားက သည်အမျိုးသမီးကို စိတ်နှလုံးချောက်ချားသွားစေသည်။

“ငါက နင့်ရဲ့အင်းဆက်သားရဲတွေအပေါ်မှာ အတော်လေး စိတ်ဝင်စားမိတယ်။ အချိန်တိုအတွင်း ဒီအင်းဆက်တွေ အဆင့်နှစ်ထိ ရောက်အောင်လုပ်နိုင်တဲ့ နည်းလမ်းတစ်ခု ငါ့မှာ ရှိတယ်။ နင်…ငါနဲ့ အလဲအလှယ်တစ်ခုလုပ်ဖို့ စိတ်ဝင်စားလား…”

လျှိုယူ၏မျက်လုံးအကြည့်က တလက်လက်ဖြစ်သွား၏။ သူမက ပြောသည်။

“စီနီယာ တစ်ခုခု ပြောချင်ရင် အားမနာတမ်း ပြောနိုင်ပါတယ်ရှင့်…”

ဟန်လိက သူမ၏အပြုအမူကို လစ်လျူရှုကာ သေချာပြောလိုက်သည်။

“နင့်ရဲ့ဒီကင်းခြေများတွေ ကြီးပြင်းလာအောင် ငါ ကူညီပေးနိုင်တယ်။ ဒါပေမဲ့ ဥအားလုံးကတော့ ငါ့အပိုင်ပဲ။ ငါ အဲ့ဥတွေကို အသုံးချစရာရှိတယ်။ ဒါ့အပြင် နင်တို့ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းရဲ့ အင်းဆက်ထိန်းချုပ်ခြင်းပညာရပ်တွေဟာ ထူးကဲတယ်လို့ ငါ ကြားဖူးတယ်။ နင့်အနေနဲ့ ဒီပညာရပ်တွေ ငါ့ကို သင်ပေးနိုင်မလား…”

“အင်းဆက်ထိန်းချုပ်ခြင်းပညာရပ်တွေလား…”

လျှိုယု၏အပြုံးမှာ တောင့်တင်းသွားလေ၏။

အင်းဆက်များနှင့်သားရဲများကို ထိန်းချုပ်သည့် အဆင့်မြင့်လျှို့ဝှက်ပညာရပ်များသည် ဂိုဏ်းအတွက် အရေးကြီးဆုံးအရာများပင်။ ထိုပညာရပ်များကို အပြင်လူများဆီ ပေးလိုက်ခြင်းသည် သစ္စာဖောက်သည့်လုပ်ရပ်ဟု ယူဆနိုင်သည်။ သူမက ဟန်လိအမိန့်ဟူသမျှကို နာခံမည်ဟု စဉ်းစားထားပြီး ဖြစ်သော်ငြား ဤစကားများကို ကြားရသည့်အခါ သူမ၏မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး စိတ်ထဲ၌ ခါးသီးစွာ အပြစ်ဖို့မိနေတော့သည်။

လျှိုယုက ဟန်လိကိုကြည့်၍ စိုးရိမ်တကြီး ပြောလိုက်၏။

“ဂိုဏ်းရဲ့ပညာရပ်တွေကို ခွင့်ပြုချက်မရှိဘဲ ပေါက်ကြားစေမယ်ဆို ကျမရဲ့စိတ်ဝိညာဉ်သန့်စင်ခံရလိမ့်မယ်ဆိုတာ စီနီယာလည်း သိထားပြီး ဖြစ်မှာပါ။ ကျမက လျှို့ဝှက်ပညာရပ်တွေ ရှင့်ဆီ ပေးလိုက်မယ်ဆို ကျမအတွက် ဘာဖြစ်လာနိုင်လဲဆိုတာ စီနီယာ သိသင့်ပါတယ်…”

“အင်းဆက်ဥတွေနဲ့ဒီပညာရပ်တွေ ငါ ရမယ်ဆို ငါ နင်ကို လွှတ်ပေးနိုင်တယ်။ နည်းနည်းလေးမှ တားဆီးမှာ မဟုတ်ဘူး။ လောကကြီးက ကျယ်ပြောပါတယ်…နင် သွားစရာနေရာ အများကြီးပါ။ နင် ဘာသာနင် ရပ်တည်နိုင်တယ် မဟုတ်ဘူးလား…”

ဟန်လိက သည်ကိစ္စအပေါ် အသေးအဖွဲ့ကိစ္စတစ်ခုလို သဘောထား၍ ပြောလိုက်သည်။

ထိုစကားကို ကြားသည့်အခါ လျှိုယု၏အမူအရာမှာ မတည်ငြိမ်နိုင်တော့ပေ။ အချိန်အတော်ကြာမှ သူမက မချိပြုံးပြုံး၍ စိတ်အားငယ်စွာဖြင့် ပြောလာ၏။

“စီနီယာ…ပြောလိုက်တော့ လွယ်လွယ်လေးပေါ့။ ဒါပေမဲ့ ကျမအခြေအနေကို ကျမ ကောင်းကောင်းသိပါတယ်။ ကျမကသာ လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သွားခဲ့ရင် စဦးစိတ်ဝိညာဉ်အဆင့်ကို တက်လှမ်းနိုင်မဲ့ အခွင့်အရေး ရှိလာတော့မှာ မဟုတ်ဘူး။ ဒါ့အပြင် စီနီယာရဲ့ နောက်ခံ၊ ဘယ်သူဘယ်ဝါဆိုတာကိုပါ ကျမက သိထားသေးတယ်။ စီနီယာ့အနေနဲ့ ကျမကို လွယ်လွယ်ဘယ်ထွက်သွားခွင့်ပေးပါ့မလဲ။ ကျမ ထွက်သွားတာနဲ့ သေရမှာ စိုးရိမ်မိပါတယ်…”

ဟန်လိက သူမ၏စကားများကို မထူးမခြားနားဟန်ဖြင့် နားထောင်နေပြီး ပြန်ပြောလိုက်သည်။

“နင်က ငါ လိမ်ပြောနေတာလို့ ဆိုလိုချင်တာလား…ဒါမှမဟုတ် နင်က ငါ့ကို အကြပ်ကိုင်ဖို့ ကြိုးစားနေတာလား…”

လျှိုယုက ခေါင်းခါ၏။

“အကြပ်ကိုင်ဖို့လား။ ကျမ မဝံ့ရဲပါဘူး။ ကျမကိုယ်ကျမ ကာကွယ်နိုင်မဲ့ နည်းလမ်းတစ်ခု ရှာကြည့်ရုံသာသာပါ…”

“ဆိုတော့…နင်…ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ…”

လျှိုယုက ခေါင်းညွှတ်ကာ ပြောလာ၏။

“စီနီယာ စိတ်မကွက်ဘူးဆို ဒီအမျိုးသမီးလေးက ရှင့်ရဲ့တပည့် ဖြစ်လာချင်ပါတယ်။ စီနီယာ လက်ခံပေးနိုင်မလား…ရှင့်…”

“နင်က…ငါ့တပည့် ဖြစ်လာချင်တယ်တဲ့လား…”

ဟန်လိ အံ့အားသင့်သွားတာတော့ အမှန်ပင်။

“ဟုတ်ပါတယ်။ စီနီယာရဲ့ကျင့်ကြံမှုနဲ့ဆို ကျမက စီနီယာရဲ့တပည့်တစ်ယောက် ဖြစ်လာချင်စိတ် ရှိပါတယ်။ စီနီယာရဲ့တပည့်တစ်ယောက် ဖြစ်လာမယ်ဆို ရှင့်ရဲ့ကာကွယ်မှုကိုလည်း ရမယ်။ ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းရဲ့ပညာရပ်တွေကိုလည်း စိတ်ဖြောင့်လက်ဖြောင့် ပေးအပ်နိုင်တော့မှာပါ။ ဒါ့အပြင် စီနီယာက ကျမကို မသတ်ခဲ့ဘူးဆိုရင်တောင် ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းက ကျမရဲ့လက်ကျန်ဘဝတစ်ခုလုံး အမဲလိုက်တော့မှာပါ…”

သူမသည် ကြောက်ရွှံ့ဟန် ပေါ်နေ၏။

ဟန်လိက မျက်မှောင်ကြုတ်၍ ခုံကိုလက်ဖြင့်တောက်ကာ စဉ်းစားခန်းဝင်သည်။ သူ့မေးစေ့ကိုပွတ်ကာ မထူးခြားနားစွာဖြင့် ပြောလိုက်သည်။

“နင် ပြောပုံဆိုပုံအရ ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းမှာ ခုထိ နင့်မှာ ဆရာတစ်ယောက် မရှိသေးတဲ့ပုံပဲ။ ဒါပေမဲ့ နင် ငါ့တပည့်ဖြစ်လာခဲ့တယ်ဆို နင့်ဂိုဏ်းနဲ့ပတ်သက်ပြီးတော့ကော။ ဘယ်လိုမျိုးရင်ဆိုင်တော့မလဲ။ ကောင်းကင်တာအိုမဟာမိတ်နဲ့မိစ္ဆာတာအို အဖွဲ့အစည်းနှစ်ခုဟာ တစ်ဖက်နဲ့တစ်ဖက် ရန်လိုနေတာ‌တော့ နင် ကောင်းကောင်း သဘောပေါက်မှာပါ…”

လျှိုယုက တည်ငြိမ်စွာ ပြန်ဖြေသည်။

“အခြေခံတည်ဆောက်ခြင်းအဆင့်ကနေ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်လာတဲ့အထိ ဒီဂျူနီယာက ခြေလှမ်းတိုင်းမှာ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးခဲ့ရတာပါ။ ဆရာတစ်ယောက် လုံးဝ မရှိခဲ့ပါဘူး။ ဆိုတော့ ဂိုဏ်းနဲ့ပတ်သက်လို့လည်း ခံစားချက်ကြီးကြီးမားမား ရှိမနေပါဘူး…”

ဟန်လိက ထူးဆန်းစွာပြုံး၍ ပြောလိုက်သည်။

“နင်က ငါ့အကာကွယ်ရဖို့အတွက် တပည့်တစ်ယောက်ဖြစ်လာချင်ရုံသပ်သပ်ဆို ဒီကိစ္စက မဖြစ်နိုင်စရာတော့ မရှိပါဘူးး။ ဒါပေမဲ့ အရင်ဆုံး ငါ့အနေနဲ့ နင့်ကို စိတ်ဝိညာဉ်အတားအဆီးတစ်ခု ပြုလုပ်ရလိမ့်မယ်။ ဒါ့အပြင် နင့်ကျင့်ကြံမှုနဲ့ပတ်သက်လို့လည်း ငါ ဝင်ပါမှာ မဟုတ်ဘူး။ အတိုချုံ့ပြောရရင်တော့ နင်က ငါ့ရဲ့ အမည်ခံတပည့်သပ်သပ်။ မျောလွင့်တိမ်ဂိုဏ်းကို ဝင်ရောက်ပြီး နင့်ဘာသာနင် ကျင့်ကြံရမယ်။ ဘယ်လိုသဘောရလဲ…”

လျှိုယုက မတုံ့မဆိုင်းဘဲ ပြန်ဖြေသည်။

“စိတ်ဝိညာဉ်အတားအဆီးတစ်ခု ကျမအပေါ်မှာ ပြုလုပ်တာ သဘာဝကျပါတယ်။ တကယ်တော့ ကျမက ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းသားတစ်ယောက်ပဲကို။ စီနီယာရဲ့အရိပ်အာဝါသအောက်မှာ ခိုလှုံ့ခွင့်ပေးနေသ၍ ကျမအတွက် ဘာမှအထွန့်တက်စရာ မရှိပါဘူး။ ကျင့်ကြံခြင်းအတွက် လမ်းညွှန်မှုကိုတော့ လုံးဝမမျှော်လင့်ဝံ့ပါဘူး။ ကျမ အသက်မသေရတာနဲ့တင် ကံကောင်းလှပြီလို့ ထင်ထားတာပါ…”

သည်အမျိုးသမီး၏ပွင့်လင်းစွာ သဘောတူညီမှုကြောင့် ဟန်လိ၏မျက်လုံးထဲ၌ အမူအရာတစ်မျိုး ဖြတ်ခနဲ့ ဖြစ်ပေါ်သွား၏။ သူက ခဏငြိမ်သွားပြီးနောက် ခေါင်းညိတ်ပြ၏။

“ကောင်းတယ်။ နင်…ဒီအခြေအနေတွေကို သဘောတူမှတော့ ငါ့ဘက်ကလည်း ပြောထားတဲ့အတိုင်း လုပ်ပေးမှာ။ မနက်ဖြန်ကျရင် မျောလွင့်တိမ်ဂိုဏ်းက တခြားအကြီးအကဲနှစ်ယောက်ဆီ ငါ နင့်ကို ခေါ်သွားပေးမယ်။ တခြားနာမည်တစ်ခုခုနဲ့ ဂိုဏ်းထဲ ဝင်ပေါ့…”

“ရှင့်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်…စီနီယာ…”

လျှိုယုက သူမ၏အသက်ဘေး လုံခြုံမှုရှိသွားပြီမှန်း သေချာသွားပြီး စိတ်အေးသွားတော့၏။ သူမက ဟန်လိကို ခပ်သွက်သွက် ဦးညွှတ်လိုက်လေသည်။

ဟန်လိက လက်ကာပြပြီး ပြောသည်။

“အခန်းထဲ ပြန်ပြီး အရင်ဆုံး နားလိုက်ဦး။ ပြီးမှပဲ နင့်အပေါ်မှာ စိတ်ဝိညာဉ်အတားအဆီးတစ်ခု ပြုလုပ်တော့မယ်။ နင့်ရဲ့မှော်စွမ်းအားကို ချိပ်ပိတ်ထားတဲ့အတားအဆီးတွေကိုလည်း ပြီးရင် ဖယ်ရှားပေးမယ်…”

ကျေးဇူးတင်ကြောင်း ထပ်မံပြသပြီးနောက် သူမက ခန်းမထဲမှ တလေးတစား ထွက်လာခဲ့တော့သည်။

ခန်းမ၏နံရံတစ်ခုထံမှ အဝါရောင်အလင်းတန်းတစ်ခု ဖြတ်ခနဲ့ ပေါ်လာ၏။ ထိုအလင်းတန်းမှာ လူသားအသွင်ဖြင့် ပေါ်လာသော ငွေရောင်လပင်။

ဟန်လိက ငွေရောင်လကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။

“နင်က ခုထိ မူလအသွင်ပုံစံ ပြန်မပြောင်းသွားသေးဘူးလား…”

“ဒီအစေခံရဲ့ မြေခွေးခန္ဓာကိုယ်ကျင့်ကြံမှုမှာ တိုးတက်မှုကြီးကြီးမားမား ရှိလာခဲ့ပါတယ်။ ဒါကြောင့် လူသားအသွင်ပုံစံနဲ့ နေနိုင်တဲ့အချိန် ပိုတိုးလာခဲတာပါ။ ဒါနဲ့နေပါဦး…သခင်က အဲ့မိန်းကလေးကို တပည့်အဖြစ် လက်ခံဖို့ တကယ်ကြီး စီစဉ်ထားတာလား။ ကျမ သိသလောက် သခင့်မှာ ဒီလိုစိတ်ကူးမျိုး မရှိထားပါဘူး။ တောင်ပံခြောက်ဖက်နှင်းခဲကင်းခြေများက သခင့်အတွက် အတော်လေး အရေးကြီးလို့လား။ အဲ့မိန်းကလေးဆီက လျှို့ဝှက်ပညာရပ်အတွက်ဆိုလည်း အိပ်မက်ဆုတ်ဖြဲခြင်းပညာရပ်နဲ့ အလွယ်တကူ ရယူနိုင်တာပဲလေ…”

သူမက စဉ်းစားမရဟန် ပေါ်နေသည်။

ဟန်လိက ခုံပေါ် ကျောမှီလိုက်ပြီး ပျင်းရိပျင်းတွဲဟန်ဖြင့် ပြောလာ၏။

“နင်…ပြောတာ မမှားပါဘူး။ ငါ့ရဲ့ ကောင်းကင်ရေခဲမီးတောက်အပေါ် ခုလက်ရှိ သန့်စင်မှုနှုန်းက တစ်ကြိမ်မှာ အမျှင်တန်းတစ်ခုသာသာပဲ ရှိနေတာ။ အဲ့နှုန်းနဲ့ဆို ဒီမီးတောက်ကို အပြည့်အဝ သန့်စင်နိုင်ဖို့ အချိန်အတော်ကြာလိမ့်မယ်လို့ ငါ ထင်တယ်…”

ငွေရောင်လက ခဏ တုံ့ဆိုင်းသွားပြီး မေးလိုက်သည်။

“ဘယ်လောက်လောက် ကြာနိုင်လို့လဲ…ရှင့်…”

“အမှန်တိုင်း ပြောရမယ်ဆို ဒီမီးတောက်အားလုံးကို သန့်စင်ဖို့ဆို အနည်းဆုံးနှစ်ပေါင်းနှစ်ရာလောက် ကြာနိုင်တာ။ နှင်းခဲကင်းခြေများတွေရဲ့ ရေခဲချီနဲ့ဆို ဒါကို သန့်စင်ဖို့ အချိန်အများကြီး သက်သာသွားနိုင်တယ်။ ဒါ့အပြင် အဲ့အင်းဆက်တွေရဲ့ ရေခဲချီဟာ ကောင်းကင်ရေခဲမီးတောက်အပေါ် အသုံးချနိုင်စွမ်း ရှိသေးတယ်…”

ထို့နောက်တွင် ဟန်လိက လက်မြှောက်ကာ လက်ချောင်းများကို ဆန့်ထုတ်လိုက်၏။

ငွေရောင်လ၏အံ့ဩတကြီး အကြည့်အောက်မှာပင် ဟန်လိ၏လက်ချောင်းထိပ်များမှာ အဖြူနှင့်အပြာအလင်းတို့ဖြင့် တောက်ပလာ၏။ အပြာရောင်တောက်ပနေသော ရေခဲမီးတောက်နှင့်အတူ နှင်းကဲ့သို့ ဖြူနေသော နှင်းခဲလွှာတစ်ခုလို ဖြစ်နေသည်။ ၎င်းတို့က သူ့လက်ချောင်းထိပ်များပေါ်တွင် ရစ်ဝဲနေ၏။

ငွေရောင်လက အံ့အားတသင့် ထပြောမိ၏။

“ဒါက…”

ဟန်လိက တည်ငြိမ်စွာဖြင့် ထိုနှင်းခဲနှင့်အပြာရောင်မီးတောက်များအပေါ်သို့ မိုးပြာရောင်ချီတစ်စုကို ထွေးထုတ်လိုက်သည်။ ထို့နောက် ၎င်းတို့သည် ကြယ်ရောင်အလင်းအစက်အပြောက်များအဖြစ်သို့ ပြောင်းလဲကာ အတူတကွ ရောယှက်သွားသည်။

ခဏအကြာတွင် ပေါက်ကွဲသံ ခပ်သဲ့သဲ့ကို ကြားရ၏။ စူးရှတောက်ပသော အဖြူနှင့်အပြာ ရောစပ်ထားသည့်အလင်းသည် အခန်းထဲ၌ ထွန်းလင်းသွားသည်။ မိုးပြာချီအတွင်းမှ ခရမ်းရောင်မီးတောက်ငှက်တစ်ကောင် ပေါ်လာပြီး ၎င်း၏တောင်ပံကို ခတ်၏။ ၎င်း၏လှည့်ပတ်ပျံသန်းနေပုံမှာ ကြည့်ကောင်းလှသည်။

ဟန်လိက လက်မအရွယ်အစားလောက်သာရှိမည့် ဤခရမ်းရောင်ငှက်ကို ကျေနပ်စွာ ကြည့်နေသည်။ သူမျက်လုံးအတွင်းနက်ပိုင်း၌လည်း စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ရှိနေ၏။

“ငွေရောင်လ…မိစ္ဆာအိုကြီးအရိုးသူတော်စင်ရဲ့ အဇူရာမီးတောက်တွေကို မှတ်မိလား…”

All Chapters