အင်းဆက်ကြေးခွံပညာရပ်
Vol. 48 Ch. 671
ငွေရောင်လက အံ့အားတသင့် ပြောလာသည်။
“အဇူရာမီးတောက်လား။ ကျမ…ကောင်းကောင်းမှတ်မိတာပေါ့။ ဒီမီးတောက်တွေဟာ တစ္ဆေတာအိုရဲ့ မိစ္ဆာမီးတောက်တွေအဖြစ် ကျော်ကြားတယ်လေ။ အရိုးသူတော်စင်က ဒီမီးတောက်တွေကိုသာ အမှန်တကယ် သန့်စင်နိုင်ခဲ့မယ်ဆို ဒီလောကမှာ သူ့ကို ယှဉ်နိုင်မဲ့သူ လက်တစ်ဆုပ်စာလောက်ပဲ ရှိတော့မှာ။ ဒါပေမဲ့…သခင်လေး အသုံးပြုခဲ့ဖူးတဲ့မီးတောက်တွေက အဲ့နေ့တုန်းက အရိုးသူတော်စင်အသုံးပြုခဲ့တဲ့ မီးတောက်တွေနဲ့ ဆင်တူတဲ့ပုံမပေါ်ပါဘူး…”
“ဒီမီးတောက်တွေက အဇူရာမီးတောက်တွေမှ မဟုတ်တာ။ ဒါပေမဲ့ ဒီထူးခြားတဲ့မီးတောက်ရဲ့အကြောင်းရင်းကို ငါကိုယ်တိုင် သေချာမသိပေမဲ့ သူ့ရဲ့စွမ်းအားကတော့ ကောင်းကင်ရေခဲမီးတောက်နီးပါးလောက်ကို ရှိနိုင်တယ်။ ငါထင်တာမမှားရင် တောင်ပံခြောက်ဖက်ကင်းခြေများရဲ့ ရေခဲချီနဲ့ ဒီမီးတောက်တွေကိုသာ ပေါင်းစပ်လိုက်မယ်ဆို အဇူရာမီးတောက်ကို ယှဉ်နိုင်တဲ့စွမ်းအားထိ တိုးလာနိုင်လိမ့်မယ်။ ဒီကင်းခြေများတွေရဲ့ ရေခဲချီကို စုပ်ယူခဲ့ပြီးတဲ့နောက် ဒီအချက်ကို ငါ့အနေနဲ့ အမှတ်မထင် ရှာတွေ့ခဲ့တာပဲ...။ ကံကောင်းတဲ့တိုက်ဆိုင်မှုတစ်ခုပေါ့…”
ဟန်လိက ထိုသို့ပြောပြီးသည်နှင့် သူ့လက်ချောင်းကို ကစားလိုက်၏။ ရစ်ဝဲနေသော ငှက်သည် သူ့လက်ထဲ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ ငွေရောင်လသည် ကြားကြားချင်းတော့ မင်သက်နေသေးသည်။ ခဏအကြာတွင် သူမက ကျေနပ်ဝမ်းသာသွားသည်။ ကျက်သရေရှိလှစွာပြုံး၍ တလေးတစား ဦးညွှတ်ပြီး သူမက စကားဆိုလာသည်။
“သခင့်အတွက် ဂုဏ်ပြုပါတယ်။ ကောင်းကင်ရေခဲမီးတောက်ဟာ စဦးစိတ်ဝိညာဉ်ကျင့်ကြံသူအများစု မထိတွေ့ရဲတဲ့အရာပဲ။ ဒီအသစ်ပေါင်းစပ်ထားတဲ့မီးတောက်တွေနဲ့သာဆို သခင်ဟာ ကောင်းကင်တောင်ပိုင်းဒေသတစ်ခုလုံးမှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့သူ ဖြစ်လာနိုင်တော့မှာ…”
ဟန်လိက ခေါင်းခါပြီး ပြော၏။
“ကောင်းကင်တောင်ပိုင်းကို လွှမ်းမိုးနိုင်ဖို့လား။ ဒီစကားတွေက ရဲတင်းလွန်းရာကျပါတယ်လေ။ ကောင်းကင်တောင်ပိုင်းဒေသမှာ နောက်ဆုံးအဆင့်စဦးစိတ်ဝိညာဉ်ကျင့်ကြံသူတွေ ဘယ်လောက်များများရှိမှန်း ငါ မသိထားဘူး။ ဒါပေမဲ့ ဒီလူကြီးတွေအကုန်လုံးဟာ နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်ခဲ့ပြီး အတွေ့အကြုံကြယ်ဝကျသလို သူတို့မှာ လျှို့ဝှက်လူသတ်ကွက်တွေလည်း ပိုင်ဆိုင်ထားဦးမှာ။ သူတို့ထဲကတစ်ယောက်မှာ ငါ့ရဲ့မိစ္ဆာမီးတောက်တွေကို ထိန်းချုပ်နိုင်တဲ့တစ်စုံတစ်ခု ပိုင်ဆိုင်ထားတာမျိုးလည်း ဖြစ်နိုင်တယ်…”
ငွေရောင်လက နှုတ်ခမ်းသပ်ကာ ဂရုမစိုက်သည့်ပုံဖြင့် ပြော၏။
“သခင်က နှိမ့်ချလွန်းနေပါပြီ။ ဒီလောက်ကမှာ အဲ့လောက်တိုက်ဆိုင်တာမျိုး ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ…”
ဟန်လိက ပြုံး၍ ပြောသည်။
“ကံသေကံမ ပြောဖို့တော့ခက်တယ်။ ရွှေဝါးမြိုခြင်းပိုးတောင်မာတွေဆို အဆင့်မြင့်အင်းဆက်မျိုးတွေ။ ဒါပေမဲ့ သူတို့ထက် အလွန်အဆင့်နိမ့်တဲ့ သွေးကျောက်စိမ်းပင့်ကူတွေက သူတို့ကို ထိန်းချုပ်နိုင်စွမ်း ရှိနေတယ်လေ။ ဆိုတော့…အဲ့မီးတောက်တွေကို ထိန်းချုပ်နိုင်တဲ့တစ်စုံတစ်ခုတော့ ရှိနေနိုင်တာပဲ။ တကယ်တော့ လောကတစ်ခွင် ပြိုင်ဘက်ကင်းတဲ့ ရတနာတစ်ခု ဒါမှမဟုတ် ပညာရပ်တစ်ခုဆိုတာ မရှိနိုင်ပါဘူး…”
“သခင်က အတော် သတိကြီးတဲ့သူပဲ။ သခင် ပြောပုံအရဆို တခြားသူတွေ ထိန်းချုပ်နိုင်ခြင်းကနေ ကာကွယ်ဖို့အတွက် သင်ဟာ လျှိုကွက်အတော်များများကို ပြင်ဆင်ထားချင်တဲ့ပုံမျိုး ဖြစ်နေတယ်…”
သူ ပြော၍ မပြီးခင် ဟန်လိက လေသံမှန်မှန်နှင့် ဆက်ပြောသည်။
“အရင်တုန်းက ငါ့ကျင့်ကြံမှုက မလုံလောက်တဲ့အတွက် ဘယ်တုန်းကမျှ တပည့်လက်မခံခဲ့ဘူး။ လေနှင်သလို သွားချင်ရာသွားနေပြီး ငါ့နေအိမ်လှိုဏ်ဂူကလည်း အမြဲတမ်း ပြောင်းလဲနေတာ။ ငါ့အတွက်တပည့်လက်ခံတာဟာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ငါဟာ မျောလွင့်တိမ်ဂိုဏ်းမှာ အထိုင်ချပြီး ဖြစ်တယ်။ ငါ့ကိုယ်ပိုင်လွှမ်းမိုးနိုင်စွမ်းအတွက် ရင်းမြစ်တချို့ကို ပျိုးထောင်ရတော့မှာ သဘာဝပဲ။ ကျင့်ကြံခြင်းလောကမှာ လူတစ်ယောက်ရဲ့ခွန်အားဟာ အလွန်တရာအရေးကြီးလှတယ်ဆိုပေမဲ့ အန္တရာယ်တွေကို တစ်ကိုယ်တည်း ရင်ဆိုင်တာကလည်း အဆင်မပြေလှဘူး။ ပိုပြီးတော့လည်း အန္တရာယ်များနိုင်သေးတယ်…”
“အနည်းဆုံးတော့ အသုံးဝင်တဲ့သတင်းအချက်အလက်တွေကို ငါ့ကွန်ရက်ကနေ ရနိုင်မယ် မဟုတ်လား။ ဥပမာ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ယွဲ့ဒေသမှာ ကျင်းပခဲ့တဲ့ လေလံပွဲအကြောင်း ငါသာ တစ်ကိုယ်တော် ဖြစ်နေခဲ့ရင် ဘယ်သူမှ သတင်းလာပေးခဲ့မှာ မဟုတ်ဘူး။ ဒီဂိုဏ်းက အကြီးအကဲနှစ်ယောက်က ငါ့ကို ဒီပွဲအကြောင်း အသိပေးခဲ့တအတွက်ကြောင့်သာ ငါ့အနေနဲ့ ကြိုတင်ပြင်ဆင်နိုင်ခဲ့တာ။ ငါ ခုလက်ခံခဲ့တဲ့ တပည့်အသစ် လျှိုယု။ သူမရဲ့ကျင့်ကြံမှုက မမြင့်မားပေမဲ့ ပေါ့ပေါ့ဆဆ ကျင့်ကြံခဲ့တဲ့လူစားမျိုး ဟုတ်မနေဘူး။ မျောလွင့်တိမ်ဂိုဏ်းထဲ ဝင်ရောက်ပြီးတဲ့နောက် ငါ့အမိန့်မပါဘဲတောင် သူမဘာသာ လွှမ်းမိုးမှုရအောင် ကြိုးစားလိမ့်မယ်…”
ငွေရောင်လက ပြုံး၍ ထပ်ပြောသည်။
“သူမအပေါ် စိတ်ဝိညာဉ်အတားအဆီးတစ်ခု ချထားမယ်ဆို…သူမရဲ့ကျင့်ကြံမှုက သခင့်ထက် မသာလွန်သေးသ၍ သခင့်အပေါ် သစ္စာဖောက်နိုင်မှာ မဟုတ်တော့ဘူး။ သူမအတွက် လွှမ်းမိုးမှုရအောင် ကိုယ်တိုင်လုပ်ဆောင်ရမှာကတော့ ဖြစ်သင့်ပါတယ်။ ဒါက သာမန်တပည့်တစ်ယောက်ကို လက်ခံတာထက်စာရင် အကျိုးကျေးဇူးအများကြီး ပိုရှိပါတယ်…”
ဟန်လိက ငွေရောင်လကို တစ်ချက်ကြည့်ပြီး မထူးမခြားနားစွာ ပြောလိုက်သည်။
“ဒါကို နင် သိထားတာ ကောင်းတယ်…”
ထို့နောက် ဟန်လိ အကြည့်က သံမဏိကြံထံ ကျရောက်သွားသည်။ ထိုသားရဲကောင်သည် ၎င်းဘာသာ ပြန်ထရပ်လာနိုင်၏။ သို့သော် ၎င်း၏ကြမ်းကြုတ်မှုကမူ အများကြီး လျော့ကျသွားလေပြီ။ အခုအခါ ဟန်လိထံ ၎င်း၏အကြည့်၌ ကြောက်ရွှံ့မှု တစ်စွန်းတစ်စ ပါဝင်နေပြီ ဖြစ်သည်။
“ဒီစိတ်ဝိညာဉ်သားရဲက ငါ့အတွက် အများကြီး အသုံးမဝင်ပေမဲ့ ပစ္စည်းကောင်းတွေနဲ့ လဲလှယ်လို့ ရနိုင်သေးတယ်။ နင် ဒီကောင့်ကို လေ့ကျင့်ပေးပြီးရင် စိတ်ဝိညာဉ်သားရဲအခန်းကို ပိတ်ထားလိုက်တော့။ ယွဲ့ဒေသမှာ လေလံပွဲတစ်ခုခု ရှိလာတာနဲ့ ရှားပါးပစ္စည်းအမယ်အချို့နဲ့ လဲလှယ်သင့်၊ မသင့် ကြည့်ကြည့်တာပေါ့။ ခုတော့ လျှိုယုအပေါ်မှာ စိတ်ဝိညာဉ်အတားအဆီးတစ်ခု ပြုလုပ်ဖို့ သွားလိုက်ဦးမယ်…”
ဟန်လိသည် သူ့သိုလှောင်အိတ်ထဲမှ အနက်ရောင်အမိန့်ပေးအဆောင်တစ်ခုကို ထုတ်ယူပြီး ငွေရောင်လကို ကမ်းပေးလိုက်သည်။
ငွေရောင်လက ၎င်းကို လက်ခံယူပြီး တလေးတစား တုံ့ပြန်သည်။
“အမိန့်အတိုင်းပါ…သခင်…”
ထို့နောက် ဟန်လိက ထရပ်ပြီး အခန်းထဲမှ မည်သည့်စကားမျှမဆိုဘဲ ထွက်လာတော့၏။
ငွေရောင်လက အမိန့်ပေးတံဆိပ်ပြားကို လက်ထဲ၌ ပစ်မြှောက်ကစားနေရင်း ဟန်လိပြောခဲ့သည့်အကြောင်းအရာများကို အလေးအန်က စဉ်းစားနေ၏။ တအောင့်အကြာတွင် သူမက အမိန့်ပေးတံဆိပ်ပြားကို အလင်းအရံအတားထံ ပင့်မြှောက်လိုက်၏။ အဝါရောင်အလင်းတန်းတစ်ခု ထိုးထွက်လာလေသည်။ ခဏအကြာတွင် သည်အခန်းထဲ၌ နာကျင်ငြီးတွားသံများ ပြည့်နှက်သွားသည်။
ဟန်လိက လျှိုယုအပေါ်၌ စိတ်ဝိညာဉ်အတားအဆီးကို နေရာချပြီးနောက် မျောလွင့်တိမ်ဂိုဏ်းမှ အကြီးအကဲဖြစ်သူ ငွေရောင်ဆံပင်နှင့်အဘိုးအိုထံ သူမကိုခေါ်သွား၏။ သူက သူတို့နှစ်ယောက်ကြား ပတ်သက်မှုကို အနည်းငယ် မိတ်ဆက်ပေးလိုက်သည်။ သူ့အနေဖြင့် သူမကို တပည့်အဖြစ် လက်ခံပေးချင်ကြောင်း၊ မျောလွင့်တိမ်ဂိုဏ်းထဲ ဝင်စေချင်ကြောင်း ပြောပြသည်။
သည်အဘိုးအိုက ဤအကြောင်းကို ကြားရသည့်အခါ စစချင်း မင်သက်သွားသေး၏။ ပြီးမှ သူက သဘောပေါက်သွားဟန်ဖြင့် ရယ်မောကာ ပြောလိုက်သည်။
“ညီလေးဟန်က မိစ္ဆာတာအိုနယ်မြေဘက်ကို ဘာကြောင့်ခရီးသွားခဲ့တာလဲလို့ ငါ စဉ်းစားနေတာ။ လက်ဆက်သပ်တော့ တူမလေးလျှိုကြောင့်ကို။ ကောင်းတယ်…သိပ်ကောင်းတယ်။ ကျုပ်တို့ဂိုဏ်းမှာ နောက်ထပ် အသုံးဝင်တဲ့ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက် ထပ်ရတာပေါ့လေ…”
ငွေရောင်ဆံပင်နှင့်အဘိုးအိုက မည်သည့်ပြဿနာမျှမရှိဘဲ လျှိုယုကို မျောလွင့်တိမ်ဂိုဏ်းမှ လက်ခံလိုက်သည်။
သည့်အတွက် ဟန်လိလည်း အတော်လေး ကျေနပ်သွားသည်။ အဘိုးအိုနှင့်စကားစမြည်ခဏ ထပ်ပြောပြီးနောက် လျှိုယုကိုခေါ်ကာ ထွက်ခွာလာသည်။ သည့်နောက်မှာ လျှိုယုက သူမ၏နာမည်ကို လျှိုမေဟု တရားဝင်ပြောင်းပြီး ဟန်လိ၏အမည်ခံတပည့်တစ်ယောက် ဖြစ်လာခဲ့တော့သည်။
ဟန်လိက သည်အမျိုးသမီးကို ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်မှုမပေးနိုင်ဟု ပြောထားခဲ့သော်လည်း သူ့အမည်ခံတပည့်တစ်ယောက်အဖြစ် လက်ခံပေးဖို့ကိုတော့ တွန့်တိုမနေပေ။ သူက မှော်ရတနာနှစ်ခုနှင့် နတ်ဆိုးသားရဲအမြုတေမှ သန့်စင်ထားသော ဆေးဝါးပုလင်းများအား သူမကို ပေးလိုက်သည်။
လျှိုမေက ဟန်လိကို ဆရာတစ်ယောက်အဖြစ် လက်ခံရန် ဝန်လေးနေခဲ့သော်လည်း ဤလက်ဆောင်များကို ရရှိပြီးနောက် လေးစားသမှုကို ကျေနပ်ပျော်ရွှင်စွာ ပြသမိတော့၏။ ပထမဆုံးအကြိမ်အဖြစ် ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းကနေ ထွက်ပြီး ဟန်လိ၏တပည့်တစ်ယောက် ဖြစ်လာခြင်းမှာ သိပ်မဆိုးလှဟု ခံစားမိသည်။
ဤအမျိုးသမီးက အကင်းပါးလှ၏။ သူမက သူမသိရှိထားသည့် အင်းဆက်ထိန်းချုပ်ခြင်းပညာရပ်အားလုံးပါဝင်သည့် ကျောက်စိမ်းပြားကို ကမ်းပေးလိုက်သည်။ သူမ၏တောင်ပံခြောက်ဖက်နှင်းခဲကင်းခြေများကိုလည်း ပေးလိုက်သေးသည်။ ဟန်လိက ယင်းတို့ကို တည်တည်ငြိမ်ငြိမ် လက်ခံယူပြီး သူ၏တပည့်လက်ခံခြင်းအခမ်းအနားကို အပြီးသတ်လိုက်၏။ ဟန်လိ၏လှိုဏ်ဂူနေအိမ်မှ ထွက်ခွာလာပြီးနောက် မျောလွင့်တိမ်ဂိုဏ်း၏ဖီးနစ်ဖြူတောင်၌ ကိုယ်ပိုင်လှိုဏ်ဂူနေအိမ်တစ်ခုကို တည်ထောင်ပြီး မျောလွင့်တိမ်ဂိုဏ်း၏ အဆင့်မြင့်ကျင့်ကြံသူများထဲမှတစ်ယောက် ဖြစ်လာခဲ့တော့သည်။
ငွေရောင်ဆံပင်နှင့်အဘိုးအိုက ဟန်လိကို မျက်နှာသာပေးသည့်သဘောလားတော့ သေချာမသိရသော်ငြား လျှိုမေကို ဖီးနစ်ဖြူတောင်၏ ဒုတိယတောင်သခင်အဖြစ် ရာထူးပေးလိုက်သည်။ သူမက တောင်သခင်စုန့်ကို အကူအညီပေးရပေမည်။ ဟန်လိက ဤကိစ္စအကြောင်း ကြားသိရသည့်အခါ ပြုံးရုံသာပြုံးလိုက်တော့၏။
ဟန်လိက ကင်းခြေများများကို ရရှိပြီးနောက် ၎င်းတို့ကို ပျိုးထောင်ရန် သက်တံမြက်ကို အသုံးပြု၏။ ၎င်းမြက်က ရွှေဝါးမြိုခြင်းပိုးတောင်မာများအပေါ်၌သာ အကျိုးရှိသည်မဟုတ် သည်ကင်းခြေများများအပေါ်တွင်လည်း ထိုနည်းလည်းကောင်းပင်။ သူကိုယ်တိုင်လည်း အင်းဆက်ထိန်းချုပ်ခြင်းပညာရပ်များနှင့် ရှင်းယုယင် သူ့အတွက် ချန်ထားခဲ့သည့် နက်နဲစဦးအဆင့်အစီအရင်ပညာရပ်တို့ကို လေ့လာရန် တံခါးပိတ်ဝင်ရောက်သည်။
ဟန်လိက ကြမ်းပြင်ပေါ်တွင် မျက်လုံးမှိတ်၍ ကျောက်ရုပ်တစ်ရုပ်နှယ် ထိုင်နေ၏။ ပညာရပ်တစ်ခုကို ကျင့်ကြံနေသည့်အလား သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မိုးပြာအလင်းတစ်ခု စီးဆင်းလျက်ရှိသည်။ အချိန်အတော်ကြာပြီးနောက် သူက မျက်လုံးပြန်ဖွင့်လာသည်။ သူ့မျက်လုံးတို့က တောက်ပနေ၏။ သူက ခါးရှိ သိုလှောင်အိတ်ကို ယူလိုက်ပြီး လက်ညှိုးထိုးကာ စကားဆိုသည်။
“ထွက်လာစမ်း…”
သိုလှောင်အိတ်ထဲမှ အနက်ရောင်အကွက်စွန်းနှင့်ရွှေဝါးမြိုခြင်းပိုးတောင်မာများက တစ်အုပ်တမ ပျံသန်းထွက်လာပြီး ဟန်လိ၏အထက်၌ သုံးမီတာလောက်ကြီးမားသည့်အစုအဝေးတစ်ခုအဖြစ်သို့ မြန်ဆန်စွာ ပြောင်းလဲသွားသည်။
ဟန်လိက တုံ့ဆိုင်းမနေဘဲ ထရပ်၏။ တစ်ကိုယ်တည်း တီးတိုးရေရွတ်ရင်း ခြေလှမ်းကွက်ဖြင့် လှုပ်ရှားမှုပြုသည်။ သူ့လက်ကိုပင့်မြှောက်ပြီး မိုးပြာအလင်းမြူကို စေလွှတ်ကာ ပိုးတောင်မာအုပ်စုကို ခြုံလွှမ်းစေလိုက်သည်။ ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် ရုတ်တရက် တစီစီအသံပေးနေရာကနေ ရပ်တန့်သွားပြီး ကျပ်တည်းသောအစီအရင်တစ်ခုအတွင်း၌ ခေါက်တုန့်ခေါက်ပြန် စတင်ပျံသန်းကြသည်။ တစ်ကောင်နှင့်တစ်ကောင်လုံးဝ ထိမိကြခြင်းမျိုး မရှိကြပေ။ အံ့ဖွယ်မြင်ကွင်းတစ်ခုပင်။
ဟန်လိက ပိုးတောင်မာအုပ်စုကို စောင့်ကြည့်နေရင်း သူ့မျက်လုံးတို့က တဖျတ်ဖျတ်တောက်ပနေ၏။ သူသည် အချိန်တစ်ခုကြာ စိုက်ကြည့်နေပြီးနောက် လက်တစ်ဖက်ဖြင့် မန္တာန်ချိပ်ဟန်တစ်ခု ဖန်တီးသည်။ ထို့နောက် သူ့အားနေသောလက်ကို ၎င်းပိုးတောင်မာအုပ်စုထံ ဆန့်ထုတ်ပြီး တိုးတိုးဖွဖွ ရေရွတ်လိုက်သည်။
ပိုးတောင်မာအုပ်စုထံမှ မိုးပြာအလင်းတောက်ပသွား၏။ ၎င်းတို့သည် ဟန်လိထံ ချက်ခြင်းကျရောက်လာပြီး ခြုံလွှမ်းသွားသည်။ ပိုးတောင်မာများက သူ့ကို ဝိုင်းပတ်သွားပြီး ထိုးဖောက်မရသော အရံအတားတစ်ခုကို ဖြစ်ပေါ်စေသည်။
ဟန်လိက ထိုမြင်ကွင်းကို ပြုံး၍ ကြည့်နေ၏။ သို့သော် ခဏအကြာတွင် သူ့အပြုံးက ပျောက်ကွယ်သွားတော့သည်။ သူက လေးနက်သောမန္တာန်စာသားများကို စတင်ရေရွတ်ပြန်သည်။ ရုတ်တရက် တောက်ပစူးရှသောမိုးပြာအလင်း ပေါက်ကွဲမှုနှင့်အတူ ၎င်းအင်းဆက်အုပ်က ဟန်လိထံ တိုးဝင်လာသည်။
တအောင့်အကြာတွင် ယင်းအလင်းက ပျောက်ကွယ်သွား၏။ ထိုအခါ ရွှေရောင်၊ငွေရောင်၊အနက်ရောင်အကွက်များနှင့်ချပ်ဝတ်တစ်ခု ဝတ်ဆင်ထားသော ဟန်လိ၏အသွင်ကို တွေ့မြင်ရသည်။ ၎င်းချပ်ဝတ်မှာ မိုးပြာအလင်းနှင့်တောက်ပနေ၏။ အဆက်မပြတ် လင်းထင်းနေ၏။ တစ်ချက်ကြည့်ရုံဖြင့် ၎င်းမှာ မာကြောအကြမ်းခံမှန်း သိသာလှသည်။
ဟန်လိက ပြုံးဖြီးကာ ချပ်ဝတ်ကို ပွတ်သပ်ကြည့်သည်။ ၎င်းသည် ပြစ်ချက်ကင်းမဲ့သည့်နှယ် ချောမွေ့နေကြောင်း သူ ခံစားမိသည်။
ဟန်လိ၏အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ သူက သက်ပြင်းချကာ တီးတိုးရေရွတ်လိုက်သည်။
“မဆိုးပါဘူး။ ကောင်းကင်လေဟာနယ်ခန်းမထဲမှာတုန်းက ဒီပိုးတောင်မာတွေကို ချပ်ဝတ်အဖြစ် အသုံးပြုလို့ရရင်ကောင်းမယ်ဆိုတဲ့ ငါ့ရဲ့အတွေးစိတ်ကူးက အလုပ်ဖြစ်လာမယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ အင်းဆက်တွေအပေါ် ထိန်းချုပ်တဲ့ ပညာရပ်အရာမှာ ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်းက နာမည်ဂိုဏ်းသတင်းနဲ့ တကယ်ပဲ ထိုက်တန်ပါပေတယ်။ ငါ စိတ်ကူးမိတာထက်ကို သူတို့ရဲ့ပညာရပ်တွေက ပိုစွမ်းနေသေး…”