← Chapters

ဒုတိယမြောက်စဦးစိတ်ဝိညာဉ်

Vol. 48 Ch. 672

ဒုတိယမြောက်စဦးစိတ်ဝိညာဉ်

Vol. 48 Ch. 672

ဟန်လိ၏ခုလက်ရှိကျင့်ကြံမှုအဆင့်နှင့် နားလည်သဘောပေါက်မှုစွမ်းရည်အရ အင်းဆက်ထိန်းချုပ်ခြင်းပညာရပ်များကို သူ့အနေဖြင့် လွယ်ကူစွာ သင်ယူနိုင်သည်။ မည်သို့ပင်ဖြစ်စေ ထိုလျှို့ဝှက်ပညာရပ်များသည် သူ့ကို အတော်လေး အမြင်ကျယ်သွားစေသည်။ တိုက်ခိုက်ရာ၌ အင်းဆက်များကို တိုက်ရိုက်အသုံးပြုနိုင်သည့် မှတ်တမ်းတင်ထားသောနည်းလမ်းများမှာ အထင်ကြီးစရာပင်။ အင်းဆက်ချပ်ဝတ်ပညာရပ်သည် သူ့အရင်တုန်းက စိတ်ကူးအကြံကို အကောင်အထည်ဖော်နိုင်ခွင့် ပြုခဲ့ပေသည်။

သည့်အရင်တုန်းက ဟန်လိသည် အနက်ရောင်အကွက်နှင့်ရွှေဝါးမြိုခြင်းပိုးတောင်မာများကို ဓားသွားများကဲ့သို့ ရိုးစင်းသောအသွင်များအဖြစ်သာ ပြောင်းနိုင်ခဲ့သည်။ ယခုလို တိုက်ပွဲဝင်ချပ်ဝတ်ကဲ့သို့ ရှုပ်ထွေးသောအရာများအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိပေ။ ထိုသည်မှာ သူ့အတွက် ခက်ခဲသောကိစ္စတစ်ခု ဖြစ်ခဲ့ရသည်။ ကျောက်စိမ်းပြားတွင် မှတ်တမ်းတင်ထားသော အင်းဆက်ချပ်ဝတ်ပညာရပ်ကြောင့် ဟန်လိသည် တစ်လအတွင်း တိုက်ပွဲဝင်ချပ်ဝတ်တစ်ခုကို မည်သို့ဖွဲ့စည်းရမလဲဆိုတာ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ခဲ့ခြင်းပင်။

ဟန်လိက ကျေနပ်စွာ ပြုံးနေ၏။ သည်ပညာရပ်ကို ရှာဖွေတွေ့ရှိခဲ့သူမှာ သူ့လို ရွှေဝါးမြိုခြင်းပိုးတောင်မာများကဲ့သို့ အင်းဆက်များကို ပိုင်ဆိုင်ခဲ့သူ ဖြစ်နိုင်ခြေများသည်။ ထို့အပြင် ဤပညာရပ်သည် လူသိမများလှပေ။ ကျင့်ကြံသူ အနည်းငယ်ကသာ သိရှိထားကြ၏။

ဟန်လိလက်ထဲတွင်တော့ ရွှေဝါးမြိုခြင်းပိုးတောင်မာများ၏ အံ့မခန်းကြံ့ခိုင်မှု၊ ၎င်းတို့၏ ထူးခြားသောအသွင်ပြောင်းစွမ်းရည်တို့နှင့်အတူ သူ့အတွက် သင့်တော်လှသော တိုက်ပွဲဝင်ချပ်ဝတ်ကို ဤပညာရပ်ဖြင့် ဖန်တီးနိုင်ခဲ့ပေသည်။ ဤချပ်ဝတ်၌ ပုံမှန်ချပ်ဝတ်များကို ဖိနှိပ်နိုင်သော အကာအကွယ်စွမ်းရည်မျိုး ပိုင်ဆိုင်ထား၏။ ထို့အပြင် သူ၏ရွှေဝါးမြိုခြင်းပိုးတောင်မာများသည် အပြည့်အဝ ဖွံ့ဖြိုးတိုးတက်လာပြီး အင်းဆက်ထိန်းချုပ်ခြင်းပညာရပ်များအပေါ်၌လည်း သူ့အနေဖြင့် ပို၍ ကျွမ်းကျင်လာပါက ဟန်လိသည် ၎င်းပိုးတောင်မာများကို သည့်ထက်ပိုကောင်းမွန်လှသောချပ်ဝတ်အဖြစ် ပြောင်းလဲပစ်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။

ထိုအကြောင်းတွေးမိသည်နှင့် ဟန်လိသည် စိတ်လှုပ်ရှားမှုကို ထိန်းနိုင်ရန် ခက်ခဲသွားရ၏။

တအောင့်အကြာတွင် ဟန်လိက တည်ငြိမ်မှု ပြန်ရလာ၏။ သူက ချပ်ဝတ်ကို စဉ်းစားခန်းဝင်ရင်း ပွတ်သပ်ကြည့်ပြီး ၎င်းပေါ်သို့ စိတ်ဝိညာဉ်ချီ အပြည့်အဝ မှုတ်ထုတ်လိုက်သည်။ ချပ်ဝတ်သည် ပိုးတောင်မာများအဖြစ်သို့ အလျင်အမြန် ပြန့်ကြဲသွားတော့၏။ ၎င်းပိုးတောင်မာများသည် သူ့အမိန့်အတိုင်း သိုလှောင်အိတ်ထဲ ပြန်ဝင်ရောက်သွားသည်။

ဟန်လိက ကြမ်းပြင်ပေါ်တွင် တင်ပလ္လင်ခွေချိတ်ကာ ထိုင်နေပြီး သိုလှောင်အိတ်ထဲမှ မိုးပြာကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ ရှင်းယုယင် သူ့အတွက် ချန်ထားပေးခဲ့သောအရာပင်။ သူ့စိတ်ဝိညာဉ်အာရုံကို ၎င်းအတွင်းသို့ စေလွှတ်နစ်မြုပ်စေလိုက်၏။ သူသည် အချိန်တစ်ခုကြာသည့်အထိ ၎င်းအတွင်းရှိ ရှေးဟောင်းအစီအရင်မန္တာန်များကို ကြည့်ရှုလို့နေ၏။ အဆုံးသတ်တွင် နက်နဲသောစဦးအဆင့်အစီအရင်ပညာရပ်ကို သူ ရှာတွေ့သွားသည်။

ရှေးဟောင်းခေတ်တုန်းက အမည်မသိမိစ္ဆာတာအိုကျင့်ကြံသူတစ်ယောက်က ၎င်းပညာရပ်ကို ရှာတွေ့ခဲ့တာ ဖြစ်၏။ ၎င်းပညာရပ်၏ မန္တာန်များသည် နက်နဲရှုပ်ထွေးရုံသာမက မန္တာန်စာသားများ၏နောက်ကွယ်၌လည်း ဖုံးကွယ်ထားသည့်အဓိပ္ပာယ်များ ရှိနေ၏။ ဟန်လိသည် စဉ်းစားဆင်ခြင်ရင်း ယင်းစကားလုံးတစ်လုံးချင်းစီကို လေ့လာလို့နေသည်။

နှစ်ဝက်ခန့်ကြာပြီးနောက် ဟန်လိက ဤပညာရပ်အကြောင်း ပိုနားလည်လာခဲ့လေပြီ။ ထိုအခါ သည်ပညာရပ်ကို ရှာဖွေဖော်ထုတ်ခဲ့သော ရှေးဟောင်းကျင့်ကြံသူအပေါ် ရှိန်လာမိသလို လေးစားစိတ်လည်း ဖြစ်ပေါ်လာသည်။

ထိုပညာရပ်သည် လမ်းမှန်တာအိုဘက်မှ သုံးဘဝဖြတ်တောက်ခြင်းပညာရပ်နှင့် တစ်ချို့တစ်ဝက်ဆင်တူသည်။ လမ်းမှန်တာအိုဘက်မှ ထိုပညာရပ်ကို သိရှိနိုင်မည့် နည်းလမ်း ရရှိရန် ဟန်လိအတွက် မဖြစ်နိုင်ပေ။ ကောင်းကင်ဘုံကိုဖိဆန်သောဤပညာရပ်သည် အပြင်ပန်းပြန်လည်မွေးဖွားခြင်းပညာရပ်နှင့် သိသိသာသာ ကွဲပြားသည်။ ဤပညာရပ်ကား လူတစ်ယောက်ကို ဒုတိယအကြိမ် ပြန်လည်မွေးဖွားနိုင်မည့်အခွင့်အရေးကို အမှန်တကယ် ပေးစွမ်းနိုင်ပေသည်။ ၎င်းကို အပြည့်အဝသာ ကျင့်ကြံပြီးပါက လူတစ်ယောက်သည် အမှီမခိုကင်းသည့်စဦးစိတ်ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်လာနိုင်မည် ဖြစ်သည်။ နဂိုစဦးစိတ်ဝိညာဉ်နှင့် နောက်ထပ်မွေးဖွားလာသောစဦးစိတ်ဝိညာဉ်တို့ကြား သခင်အစေခံ ပတ်သက်မှုအချို့ ရှိသော်လည်း အခြားတစ်ယောက် သေဆုံးသွားလျှင်ပင် ကျန်တစ်ယောက်သည် ရှင်သန်နိုင်မည် ဖြစ်သည်။

တစ်ခုတော့ရှိသည်။ ပင်မစဦးစိတ်ဝိညာဉ် သေဆုံးသွားလျှင်တော့ ဒုတိယစဦးစိတ်ဝိညာဉ်၏အသက်ဓာတ်သည် အကြီးအကျယ် ထိခိုက်သွားပေလိမ့်မည်။ ဒုတိယစဦးစိတ်ဝိညာဉ် သေဆုံးသွားလျှင်တော့ ပင်မစဦးစိတ်ဝိညာဉ်အပေါ် လုံးဝသက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။

ဟန်လိသည် ဒုတိယစဦးစိတ်ဝိညာဉ်ကို အစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏အလောင်းခန္ဓာကိုယ်ထဲ ပေါင်းစပ်ကာ ပြန်လည်မွေးဖွားမှုတစ်ခု ဖွဲ့စည်းနိုင်သည့်အပေါ် တွေးမိတိုင်း ပို၍စိတ်လှုပ်ရှားလာရသည်။ ယင်းပြန်လည်မွေးဖွားမှု ပြီးပြည့်စုံသွားသည်နှင့် ပင်မခန္ဓာကိုယ်နှင့်မသက်ဆိုင်သော နောက်ထပ်တည်ရှိမှုတစ်ခုကို ပိုင်ဆိုင်လာနိုင်မည် မဟုတ်လား။ သူ့ပင်မခန္ဓာကိုယ် သေဆုံးသွားလျှင်ပင် ဟန်လိသည် ဤပြန်လည်မွေးဖွားမှုကို ပြုလုပ်နိုင်သ၍ ရှင်သန်နိုင်နေပေလိမ့်မည်။ တကယ်တော့ ခန္ဓာကိုယ်နှစ်ခုလုံးမှာ တူညီသောမှတ်ဉာဏ်နှင့်ခံစားချက်များ ပိုင်ဆိုင်ထားကြ၏။

ဤပညာရပ်သည် ဝိညာဉ်သေကို ဟန်လိအနေဖြင့် မိစ္ဆာအမြုတေဖြင့်ပြန်လည်မွေးဖွား ရှင်သန်စေတုန်းကနှင့် လုံးဝကွဲပြား၏၊ ထိုစဉ်တုန်းက ဝိညာဉ်သေသည် ဟန်လိ၏ကနဦးစိတ်ဝိညာဉ်အမျှင်တန်းလောက်ဖြင့် ထိန်းချုပ်နိုင်သော ရုပ်သေးတစ်ရုပ်မျှသာ ဖြစ်ခဲ့၏။ ၎င်း၌ ကိုယ်ပိုင်ခံစားချက်လည်း ရှိမနေသလို အမှီအခိုကင်းကင်းလှုပ်ရှားနိုင်သည့်စွမ်းရည်မျိုးလည်း ကင်းမဲ့ခဲ့၏။ ထို့အပြင် ဝိညာဉ်သေသည် ဟန်လိ၏စိတ်ဝိညာဉ်အာရုံဖြင့် ထိန်းချုပ်နိုင်သည့် အကွာအဝေးအတွင်း၌သာ အသုံးတည့်၏။ သို့မဟုတ်ပါက သူ့အနေဖြင့် ဝိညာဉ်သေကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

နက်နဲသောစဦးအဆင့်အစီအရင်ပညာရပ်မှ ဖန်တီးသည့် ပြန်လည်မွေးဖွားမှုကမူ အကွာအဝေးကို လစ်လျူရှု၍ ၎င်းဘာသာရပ်တည်နိုင်သည်။ မည်သည့်အမိန့်မျှပေးစရာ မလိုဘဲ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားနိုင်၏။ ၎င်းသည် အခြားသောကျင့်ကြံသူတစ်ယောက်ကဲ့သို့ပင်။

ဟန်လိသည် ဤပညာရပ်အကြောင်း ဖတ်မိသည့်အခါ၌ စိတ်ဂနာမငြိမ် ဖြစ်ရ၏။ သွေးများ အေးစက်သွာသလို သူ ခံစားရ၏။ သို့ပေမည့် နောက်ထပ်ဖတ်ရှုကြည့်သည့်အခါ ဤပညာရပ်၌လည်း အတားအဆီးများ၊ အခက်အခဲများ၊ ပြစ်ချက်များရှိကြောင်း သူ သိလာ၏။

ဟန်လိသည် ဤပညာရပ်အကြောင်း ဖတ်ရှုပြီးသည့်အခါ သူ့တစ်ကိုယ်လုံး ရေအေးဖြင့် လောင်းချခံရသည့်နှယ် ခံစားမိရလေ၏။ သူ၏စိတ်ကူးယဉ် စိတ်ခံစားချက်မှာ ခဏအတွင်း ပြန်ပျောက်သွားခဲ့လေပြီ။ စဦးစိတ်ဝိညာဉ်တစ်ခုကို ဖွဲ့စည်းရမည့် အခက်အခဲသည် သူ့ကို လုံးဝ ဆွံ့အသွားစေခဲ့ပေပြီ။

သာမန်ကျင့်ကြံသူများအဖို့ သူတို့၏အမြုတေကို တစစီဖျက်စီးပြီး စဦးစိတ်ဝိညာဉ်ဖွဲ့စည်းရန်မှာ နှစ်ရာနှင့်ချီ အချိန်ယူရသည်။ ဒုတိယမြောက် စဦးစိတ်ဝိညာဉ်ကိုကျင့်ကြံရန် ဒုတိယအမြုတေကို ဖျက်စီးရပေလိမ့်မည်။ ထိုအခါ ထပ်မံ၍ အချိန်များစွာ ကြာမြင့်သွားပေလိမ့်မည်။ သို့အတွက်ကြောင့် ဒုတိယမြောက်စဦးစိတ်ဝိညာဉ်အတွက် တစ်ခုတည်းသောနည်းလမ်းမှာ အခြားကျင့်ကြံသူတစ်ယောက်၏ စဦးစိတ်ဝိညာဉ်ကို ရှာဖွေရယူပြီး ၎င်း၏အသိစိတ်ကို ပယ်ဖျက်ပစ်ရမည် ဖြစ်သည်။ ပယ်ဖျက်ပြီးပါက မိမိ၏ကိုယ်ပိုင်အသိစိတ်အာရုံနှင့် အံဝင်ခွင်ကျဖြစ်ဖြစ် ပေါင်းစပ်ကာ မိမိအပိုင်စဦးစိတ်ဝိညာဉ် ဖြစ်လာပေလိမ့်မည်။ ဤကျောက်စိမ်းပြားထဲ၌ အခြားစဦးစိတ်ဝိညာဉ်တစ်ခုကို ရှာဖွေရမည့်နည်းလမ်း၊ ၎င်း၏အသိစိတ်ကို ပယ်ဖျက်ရမည့်နည်းလမ်းတို့ကို ဖော်ပြထားသော်လည်း အောင်မြင်နိုင်ခြေနည်းပြီး အန္တရာယ်များလွန်းတာကတော့ အထူးတလည် ပြောနေရန် မလိုပေ။

ကံကောင်းထောက်မပြီး အခြားစဦးစိတ်ဝိညာဉ်တစ်ခုကို ရရှိပိုင်ဆိုင်နိုင်ခဲ့လျှင်ပင် အံဝင်ခွင်ကျဖြစ်အောင် လုပ်ရမည့်ဖြစ်စဉ်သည် သာ၍ အန္တရာယ်များလှသည်။ အောင်မြင်အောင် လုပ်နိုင်ခဲ့လျှင်တော့ လူတစ်ယောက်သည် ဒုတိယမြောက်စဦးစိတ်ဝိညာဉ်ကို ပိုင်ဆိုင်ကာ အကျိုးကျေးဇူးများစွာ ရရှိပေလိမ့်မည်။

လူတစ်ယောက်သည် နောက်တစ်ဆင့်တပ်ကာ ပြန်လည်မွေးဖွားခြင်းတစ်ခုကို ဖန်တီးလိုပါက သင့်တော်သောအလောင်းတစ်ခုကို ရှာပြီး ဒုတိယမြောက်စဦးစိတ်ဝိညာဉ်က ၎င်းကို သိမ်းပိုက်လိုက်ရုံပင်။ ဤကိစ္စ၌ အလောင်းခန္ဓာကိုယ်၏ကျင့်ကြံခြင်းအဆင့်က ပိုမြင့်လေလေ ပိုကောင်းလေပင်။ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ခန္ဓာကိုယ်သာဖြစ်ခဲ့လျှင် ဒုတိယမြောက်စဦးစိတ်ဝိညာဉ်သည် ၎င်း၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်အသုံးပြုနိုင်မည် ဖြစ်၏။

မည်သို့ပင်ဖြစ်စေ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများသည် အဆင့်တူချင်း ပေါ့ပေါ့ပါးပါး သတ်ဖြတ်နိုင်သည်ဟု ပြောနိုင်ခြင်း မရှိပါ။ ဤကိစ္စမှာ အလွန်ခက်ခဲလှ၏။ ဟန်လိ၏ခွန်အားဖြင့်ပင် ထိုသို့ပြုလုပ်ရန် သူ့ကိုယ်သူ သံသယဝင်ရသည်သာ။

တကယ်တော့ နက်နဲသောစဦးအဆင့်အစီအရင်ပညာရပ်ကို အောင်မြင်သွားခဲ့လျှင်ပင် လူတစ်ယောက်သည် အပူအပင်ကင်းသွားရပြီဟု မဆိုသာပါ။ တန်ပြန်ဆိုးကျိုးတစ်ခုကတော့ ရှိနေဆဲသာ။

ပြန်လည်မွေးဖွားခြင်းဟူသည် နောက်ထပ်မိမိ၏ကိုယ်ပွားတစ်ခုဟု ပိုင်ဆိုင်ထားနိုင်ခြင်းဟု ဆိုနိုင်၏။ အချိန်ကာလတစ်ခု ကြာမြင့်လာသည့်အခါ မိမိနှင့်ကိုယ်ပွားကြားရှိ စိတ်ခံစားချက်များနှင့်မှတ်ဉာဏ်များကြား ကွာဟချက်တစ်ခု ဖြစ်ပေါ်လာမည်သာ။ ကိုယ်ပွားက ပင်မခန္ဓာကိုယ်ကို ထိန်းချုပ်တာမျိုးလည်း ဖြစ်လာနိုင်သေးသည်။ ကိုယ်ပွားက ပင်မခန္ဓာကိုယ် ပိုစွမ်းသွားလျှင် နေရာချင်းလဲသလို ဖြစ်သွားနိုင်၏။

ဤပညာရပ်ဖြင့် ပြန်လည်မွေးဖွားခြင်းသည့်ခန္ဓာကိုယ်သည် ပင်မခန္ဓာကိုယ်၏အမိန့်များမလိုအပ်ဘဲ ဝေးကွာသောအရပ်မှာ နေထိုင်နိုင်သော်လည်း အဝေး၌ အချိန်ကြာကြာ မနေထိုင်စေခြင်းက အကောင်းဆုံး ဖြစ်၏။

ဒုတိယမြောက်စဦးစိတ်ဝိညာဉ်အဆင့်ကို ပိုင်ဆိုင်ခြင်းသည် နက်နဲသောစဦးအဆင့်အစီအရင်ပညာရပ်၌ ကနဦးအဆင့်အောင်မြင်မှု ရရှိခြင်းဟု သတ်မှတ်နိုင်၏။ ဒုတိယမြောက်အဆင့် ပြန်လည်မွေးဖွားခြင်းကို ကျင့်ကြံစရာမလိုဘဲ လူတစ်ယောက်သည် တိုက်ပွဲ၌ များစွာအသာစီးရနိုင်သည်။ အကြောင်းကား ဒုတိယမြောက်စဦးစိတ်ဝိညာဉ်သည် စွမ်းရည်မျိုးစုံကို အသုံးပြုနိုင်သောကြောင့်ပင်။ ထိုအခါ တိုက်ပွဲကြား၌ ရှင်သန်နိုင်မည့်အခွင့်အရေး ပိုရလာမည် ဖြစ်သလို ပညာရပ်၏တန်ပြန်ဒဏ်အန္တရာယ်လည်း မရှိတော့ပေ။

ဟန်လိသည် ဤကျင့်ကြံခြင်းပညာရပ်၏ ကောင်းကျိုးဆိုးကျိုးကို ချိန်ဆလို့နေ၏။

၎င်းပညာရပ်သည် ကျင့်ကြံရန် ခက်ခဲလှသော်လည်း အထင်ကြီးဖွယ်စွမ်းရည်ကြောင့် သူ့အနေဖြင့် လွယ်လွယ်ကူကူ လက်မလျှော့ချင်ပေ။ သူသာ ၎င်းပညာရပ်ကို အပြည့်အဝ ကျင့်ကြံပြီးပါက အသက်ပိုတစ်ခု ထပ်ပိုင်ဆိုင်ထားခြင်းနှင့် တူတူဖြစ်နေသည် မဟုတ်လား။ သူ့အနေဖြင့် နောက်ထပ်ကျင့်ကြံသူတစ်ယောက်၏စဦးစိတ်ဝိညာဉ်ကို မည်သို့ရရှိအောင်လုပ်မလဲဟု စဉ်းစားကြည့်သည့်အခါ၌ သူ မကြာသေးခင်က ဖမ်းဆီးခဲ့သော သစ်သားကနဦးဝိညာဉ်အကြောင်း ရုတ်တရက် ခေါင်းထဲပေါ်လာမိ၏။

ဟန်လိက မျက်မှောင်ကြုတ်ကာ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းသေတ္တာကို ထုတ်ယူလိုက်၏။ သူက ၎င်းကို ညင်သာစွာပွတ်သပ်နေရင်း အချိန်အကြာကြီး ငြိမ်သက်ကာ စဉ်းစားခန်းဝင်နေမိသည်။

သူက လျှိုမေထံမှ သစ်သားကနဦးဝိညာဉ်၏ဇစ်မြစ်အကြောင်းအရာကို အနည်းနှင့်အများ ကြားထားပြီး ဖြစ်သည်။ ၎င်းမှာ ပုံမှန်စဦးစိတ်ဝိညာဉ်များနှင့် သိသိသာသာ ကွဲပြား၏။ သို့ရာတွင် ဝိညာဉ်ထိန်းချုပ်ခြင်းဂိုဏ်း၏ဒြပ်စင်ငါးခုကနဦးဝိညာဉ်များနှင့်ပတ်သက်သည့်ပညာရပ်မှာ ဟန်လိခုလက်ရှိ ပိုင်ဆိုင်ထားသည့် နက်နဲသောစဦးအဆင့်အစီအရင်ပညာရပ်နှင့် အချို့အရာများတွင် တူညီမှုရှိနေသည်။ ဤသစ်သားကနဦးဝိညာဉ်သည် အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ပေါင်းစည်းမည်ဟု ရည်စူးထားသည်ဖြစ်၍ ဒုတိယမြောက်စဦးစိတ်ဝိညာဉ်အဖြစ်လည်း ၎င်းကို အသုံးပြုနိုင်လောက်သည်။ ထို့အပြင် ဟန်လိ၌ ဤသစ်သားကနဦးဝိညာဉ်ကို ဘေးအန္တရာယ်ကင်းကင်းနှင့် အခြားအသုံးပြုနိုင်တာမျိုးလည်း ရှိမနေပေ။

ကနားဝိညာဉ်၏အသိစိတ်ကိုဖယ်ရှားခြင်းနှင့်ပတ်သက်၍မူ သူ့အစွမ်းထက်ရတနာများနှင့်စိတ်ဝိညာဉ်အာရုံတို့ကြောင့် ပြဿနာ မရှိလောက်ပေ။ တစ်ခုတည်းသော အခက်အခဲပြဿနာမှာ ပုံစံအသွင်မဲ့သည့်ကနဦးဝိညာဉ်တစ်ခုနှင့် သဟဇတဖြစ်ရန်ပင်။

အကယ်၍ ပြဿနာတစ်ခုခု ရှိလာပါက သူ သိမ်းပိုက်ထားသောကနဦးဝိညာဉ်နှင့် သူ့စိတ်ဝိညာဉ်အာရုံ တစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်ပစ်တာမျိုးတော့ သူ့အနေဖြင့် လုပ်နိုင်၏။ သို့သော် ဤသို့ ပြုလုပ်ပါက သူ့စိတ်ဝိညာဉ်ကို ကြီးစွာထိခိုက်စေနိုင်သည်။

အကောင်းအဆိုး ချင့်ချိန်နေရင်း ဟန်လိ၏မျက်နှာထက်တွင် ချီတုံချတုံဖြစ်နေသည့်အမူအရာ ပေါ်လာသည်။

All Chapters