မွေးရပ်မြေ
Vol. 48 Ch. 660
ကျင်းစီရင်စုသည် ယွဲ့ဒေသ၏အနောက်မြောက်အရပ်တွင် တည်ရှိလေ၏။ လူသူကင်းမဲ့သောဒေသတစ်ခုဖြစ်သောကြောင့် ကျေးလက်တောရွာများပြီး မြို့ငယ်အချို့သာ ရှိလေ၏။ ဤစီရင်စုအတွင်း၌ တောင်တန်းငယ်များ၊ တောင်ကုန်းများရှိသလို လူသူလုံးဝမနေထိုင်သောနေရာတွေလည်း ရှိသည်။ ယင်းကြောင့် ကျင်းစီရင်စုသည် အခြားစီရင်စုများထက်စာလျှင် တောပုန်းဓားပြတွေ ပိုများပြားသည်။ အလားတူပင် ကျန်းဟူ (သိုင်းလောက)၏ သိုင်းပညာရှင်များလည်း နေထိုင်ကျက်စားကြသည်။ ဤဒေသကို စုစည်းကာ စီမံအုပ်ချုပ်နိုင်လောက်သည့် သိုင်းအင်အားစုကြီးတစ်စု မရှိခဲ့သောကြောင့် လူသူပေါင်းစုံလှသည်။ တောပုန်းဓားပြများစွာရှိသောကြောင့် ဤဒေသ၌ သွားလာသည့်အခါ ကိုယ်ရံတော်များနှင့်သော်လည်းကောင်း၊ အစုအဖွဲ့ပြု၍လည်းကောင်း သွားကြလာကြသည်။
ယနေ့တွင် သွေ့ခြောက်နေသောလမ်းမတစ်ခုဘေး၌ ကျန်းစီရင်စုအတွင်း တွေ့မြင်ရလေ့ရှိသော မြင်ကွင်းတစ်ခုကို ဖြစ်ပွားနေလေသည်။
အနက်ရောင်ခေါင်းစွပ်များ ဝတ်ထားသော ဗလတောင့်တောင့်နှင့်လူတစ်ရာကျော်သည် လက်နက်မျိုးစုံကိုင်ဆောင်ထားပြီး မိုးပြာဝတ်စုံနှင့်လူသုံးဆယ်ကို ဝိုင်းရံထားကြသည်။ မိုးပြာဝတ်စုံနှင့်လူများ၏ အလယ်တွင်မူ ရထားလုံးများ ရှိနေကြသည်။ သူတို့က ရထားလုံးများကို အကာအကွယ်ပေးကြသူများ ဖြစ်၏။ ဤမြင်ကွင်းကား ခရီးသွားလှည်းတန်းကို ဓားပြအုပ်က ဝိုင်းရံထားသော မြင်ကွင်းပင်။
ဓားပြအုပ်၏နောက်၌ ရုပ်ချင်းဆင်သော လူသုံးယောက် ရပ်နေကြသည်။ သူတို့က ရှေ့မှမြင်ကွင်းကို အေးတိအေးစက် စိုက်ကြည့်နေ၏။ သူတို့၏မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်မည့်ဟန်များကိုလည်း တွေ့နေရသည်။
ရထားလုံးများ အနီးအနားတွင် သတ်မှတ်ဆင်တူဝတ်စုံများ ဝတ်ဆင်ထားကြသော အမျိုးသားများ၊ လူငယ်လူရွယ်များနှင့်သက်ကြီးရွယ်အိုတို့ ရှိနေကြသည်။ သူတို့အသီးသီး၏လက်ထဲ၌ တုတ်များကိုင်ဆောင်ထားပြီး စိုးရိမ်ပူပန်သည့်အမူအရာများနှင့် ရှိနေသည်။ ရထားလုံးလေးလုံးအတွင်းထဲတွင်မူ သားနားထည်ဝါစွာ ဝတ်ဆင်ထားသော အမျိုးသမီးများနှင့်ကလေးများ ရှိနေကြသည်။ ရထားလုံးရှေ့တည့်တည့်တွင်မူ ကျောင်းတော်သားဝတ်ရုံဖြင့် သက်လတ်ပိုင်းလူတစ်ယောက်ရှိနေ၏။ သူ၏အသွင်က တည်ငြိမ်လှသည်။ သူ့အသွင်က ခွန်အားသန်မာပုံမရပေ။ သို့သော် သူ့ထံ၌ ဩဇာအာဏာရှိသည့်ဟန် ပေါ်လွင်နေ၏။ သူ့ကိုမြင်သူတိုင်း အထင်အမြင်သေးဝံ့လိမ့်မည် မဟုတ်ချေ။
ထိုသက်လတ်ပိုင်းလူ၏မျက်နှာချင်းဆိုင်တွင် အပြာရောင်ဝတ်စုံနှင့်လူတစ်ယောက် ထိုင်နေသည်။ ထိုသူသည် သားသားနားနား ဝတ်စားထားပြီး မုတ်ဆိတ်မွှေး၊ပသိုင်းမွှေးတို့နှင့်ပင်။ သူ့လက်များက တုတ်ခိုင်သန်မာပြီး စူးရဲသောအကြည့်ကို ပိုင်ဆိုင်ထားသည်။ သူသည် သိုင်းပညာရှင်တစ်ဦးပင်။
သူတို့နှစ်ဦးသားသည် တည်ငြိမ်စွာဖြင့် တိတ်တဆိတ်ရှိနေကြသော်လည်း ရထားလုံးလိုက်ကာစကနေ အပြင်ဘက်ရှိ အဖြစ်အပျက်အားလုံးကို စူးစမ်းနေကြသည်။ အပြင်ဘက်တွင်မူ လက်နက်ချင်းထိခိုက်သံများ၊ မာန်သွင်းအော်ဟစ်သံများကို ကြားနေရ၏။
ဓားပြအုပ်စုက အရေအတွက်အားဖြင့် သာလွန်သော်လည်း မိုးပြာရောင်ဝတ်စုံနှင့်အစောင့်အကြပ်များ၊ အစေခံများကမူ တိုက်ခိုက်ရေး၌ ပိုကျွမ်းကျင်ကြသည်။ နှစ်ဖက်တိုက်ပွဲသည် သူမသာ၊ကိုယ်မသာအခြေအနေတွင် ရှိနေ၏။
ပညာရှိအသွင်နှင့်သက်လတ်ပိုင်းလူက ထိုမြင်ကွင်းကို ကြည့်၍ ပြုံးလိုက်ပြီး သူ့မျက်နှာချင်းဆိုင်မှ သိုင်းပညာရှင်ကို စကားလှမ်းပြောသည်။
“အစ်ကိုလီ ဒုက္ခခံပြီး ဝင်ပါဖို့ မလိုတော့ဘူးထင်တယ်။ သိုင်းကောင်းကင်သက်တော်စောင့်အဖွဲ့နဲ့တင် ဒီပြဿနာကို ကိုင်တွယ်နိုင်လောက်တယ်…”
“ဟားဟား…ဓားပြတွေဘက်က ခေါင်းဆောင်သုံးယောက်သာ ဝင်မပါရင် သိုင်းကောင်းကင်သက်တော်စောင့်အဖွဲ့အတွက် ဒီပမွှားလေးတွေကို ကိုင်တွယ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ဘက်က ဓားပြခေါင်းဆောင်သုံးယောက် ဝင်ပါလာရင်တော့ သက်တော်စောင့်တွေ အချိန်ကြာကြာ ပြန်ခုခံနိုင်မှာ မဟုတ်ဘူး။ တကယ်တော့ အဲ့ခေါင်းဆောင်သုံးယောက်က ကျင်းစီရင်စုမှာ ရက်စက်ကြမ်းကြုတ်မှုအတွက် ကျော်ကြားတဲ့သူတွေပဲ။ သူတို့ညီကိုသုံးယောက်က သွေးသစ္စာကျိန်ဆိုထားပြီး ပူးပေါင်းတိုက်ကွက်တွေမှာ ကျွမ်းကျင်ကြတယ်လို့ ကျုပ် ကြားဖူးထားတယ်။ သာမန်ကျွမ်းကျင်သူတွေက သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး…”
လူကောင်ထွားထွားနှင့်သိုင်းပညာရှင်က ထိုသို့ပြောနေရင်း သူ့မျက်နှာထက်၌ စိတ်လှုပ်ရှားဟန် အရိပ်အမြွက်တစ်ခု ဖြစ်ပေါ်သွားသည်။ သူက သူ့လက်သီးကို ခပ်တင်းတင်းဆုပ်လိုက်ရာ တဂျွတ်ဂျွတ်မည်သံများ ထွက်ပေါ်သွား၏။ ထိုသူသည် အပြင်ပိုင်းသိုင်းပညာရပ်များ၌ အဆင့်မြင့်မြင့်ကျွမ်းကျင်သူမှန်း သိသာလှသည်။
“အစ်ကိုလီ…ခင်ဗျားရဲ့တိုက်ချင်ခိုက်ချင်စိတ်ကတော့ ခင်ဗျားအဖေအတိုင်းပဲ…”
လူထွားသိုင်းပညာရှင်က အကူအညီမဲ့စွာပြုံး၍ ပြန်တုံ့ပြန်သည်။
“ညီလေးဟန်…ထင်သလိုပါပဲ။ ကျုပ်တို့ လီမျိုးနွယ်ဟာ သိုင်းအမွေအနှစ်ဆက်ခံထားတဲ့ မျိုးနွယ်စုတွေထဲက တစ်စုလေ။ ကျုပ်တို့က စိတ်ဝင်စားဖို့ကောင်းတဲ့ ရန်သူတစ်ယောက်နဲ့ လာဆုံရင် သိုင်းစွမ်းချင်း ယှဉ်ကြည့်ချင်တာ သဘာဝပါပဲ။ ခင်ဗျားတို့ဟန်မျိုးနွယ်စုကတော့ မဟာစာပေအရာမှာ ဂုဏ်သတင်းကျော်ကြားတဲ့သူတွေ မဟုတ်လား။ ဒါကြောင့်လည်း ခင်ဗျားတို့ မျိုးနွယ်ဝင် တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက်က အင်ပါယာခုံရုံးအဖွဲ့မှာ အရာရှိအဖြစ် ဝင်ရောက်နိုင်ကြတာမလား…”
ပညာရှိအသွင်နှင့်လူကြီးက ပြုံး၍ ပြောလိုက်သည်။
“ဟားဟား…ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ကျုပ်ဟာ စာတမ်းစာရွက်အချို့ လှန်လှောကြည့်မိခဲ့ပြီး မထင်မှတ်ဘဲ အတိတ်တုန်းက အဖြစ်အပျက်တစ်ချို့ကို ရှာတွေ့ခဲ့တယ်။ အစ်ကိုလီသာ ဆန္ဒရှိမယ်ဆို အဲ့အကြောင်း ပြောပြပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီအကြောင်းအရာဟာ ဘယ်လောက်မှန်နိုင်လိမ့်မလဲတော့ ကျုပ်လည်း မသိဘူး…”
လူထွားသိုင်းပညာရှင်လီက ထိုစကားကိုကြားသည့်အခါ သိချင်စိတ်ဖြစ်သွားသည်။
“တကယ်ကြီးလားဗျ။ ကျုပ်တို့လီဂိုဏ်းဟာ ဘိုးဘေးတွေနဲ့ပတ်သက်လို့ မှတ်တမ်းမှတ်ရာ သိပ်မရှိလှဘူး။ ကျုပ်တို့မျိုးနွယ်ချင်း ဆက်ဆံရေးနောက်ကွယ်က သမိုင်းမပြောနဲ့ သိုင်းပညာရပ်မှတ်တမ်းမှတ်ရာကလွဲလို့ ကျန်တဲ့မှတ်တမ်းမှတ်ရာမျိုး ချန်ရစ်ထားခဲ့တာ မရှိနေဘူး…”
လီက အကွာအဝေးတစ်ခုသို့ ငေးကြည့်ရင်း သူ့အမူအရာက ပြောင်းလဲသွားသည်။
“မကောင်းတော့ဘူး…ဟိုဓားပြခေါင်းဆောင်သုံးယောက် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ကြပြီ။ ကျုပ် ဝင်ပါမှ ဖြစ်တော့မယ်။ ဒီသုံးယောက်ကိစ္စရှင်းပြီးမှပဲ အဲ့အကြောင်း ကျုပ်ကို ဆက်ပြောပြတော့…”
ထို့နောက် သူသည် ရထားလုံးထဲမှ မြားတစ်စင်းနှယ် လှစ်ခနဲ ပြေးထွက်သွားတော့သည်။
ခဏအကြာတွင် သူ၏အားပါးတရ ရယ်မောသံကို ကြားရသည်။ ယင်းရယ်မောသံနှင့်အတူ နာကျင်စွာအော်ဟစ်သံများက ကပ်ပါလာ၏။ ပညာရှိအသွင်နှင့်လူက သက်ပြင်းချကာ ခေါင်းခါရမ်းပြီး ရထားလုံးလိုက်ကာစကို ပိတ်လိုက်သည်။ သူသည် အပြင်ဘက်မှ အခြေအနေကို ကြည့်နေရန် မလိုဟု ခံစားမိသည်။ အကြောင်းကား သူ့အနေဖြင့် သိုင်းပညာရှင်လီအပေါ် အပြည့်အဝ ယုံကြည်မှုရှိသောကြောင့်ပင်။
မိနစ်နှစ်ဆယ်လောက်ကြာပြီးနောက် အပြင်ဘက်မှ တိုက်သံခိုက်သံများသည် ရုတ်ချည်းရပ်စဲသွားသည်။
ရထားလိုက်ကာစသည် ထိုအခိုက်တွင် လှုပ်ခါသွားပြီး လူထွားလီသည် ဖြတ်ခနဲ့ ရထားလုံးထဲ၌ ပြန်ပေါ်လာသည်။ သူသည် ချွေးနဲနဲပြန်နေပုံရ၏။ သူ့ပုခုံးတွင် သွေးစွန်းနေ၏။ ဒဏ်ရာအနည်းငယ် ရထားခဲ့ပုံပင်။ သို့ပေမည့် သူက ထိုအခြေအနေကို ထည့်မတွက်လေဘဲ ပညာရှိအသွင်လူနှင့် စိတ်ပါလက်ပါ ရယ်မောကာ စကားပြောနေသည်။
“အဲ့ဓားပြသုံးကောင်က အရည်အချင်းရှိတာတော့ အမှန်ပဲ။ သူတို့က ကျုပ်ကို အနည်းနဲ့အများ အားစိုက်ထုတ်ရအောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကျုပ် သိုင်းစွမ်းနဲ့ ကြုံရမှတော့ ဒီဓားပြသုံးကောင်ဟာ ကျင်းစီရင်စုကနေ ပျောက်ကွယ်သွားခဲ့ပြီပေါ့လေ…”
လူထွားလီသည် သူ့ကိုယ်သူ ကျေနပ်နေလေသည်။
ပညာရှိအသွင်နှင့်လူက ထိုစကားကိုကြားသည့်အခါ တောင်းပန်လိုသည့်ပုံပင်။
“ကျုပ်သာ အစ်ကိုလီကို ခေါ်မလာခဲ့ရင် ဒီလမ်းဘေးတစ်နေရာဟာ ကျုပ် သင်္ချိုင်းဖြစ်သွားမှာ စိုးရိမ်ရတယ်။ ကျုပ်အပေါ် ရန်ငြှိုးရန်စထားတဲ့ ရန်သူတော်တွေများတာကြောင့် ကျုပ်လည်း အစ်ကိုလီကို မဖြစ်မနေ ဝင်ပါခိုင်းရတော့တာဗျို့…”
လူထွားလီက အေးဆေးဟန်ဖြင့် ပြောသည်။
“ခင်ဗျားကလည်း အဲ့လို မပြောပါနဲ့။ ကျုပ်တို့လီမျိုးနွယ်ဟာ ကျန်းဟူ(သိုင်းလောက)မှာ ကိုယ့်ကိုယ်ကိုယ် ထိပ်တန်းလို့ ကြေညာနိုင်ခဲ့တာဟာ ဟန်မျိုးနွယ်ရဲ့ကြီးမားတဲ့အကူအညီပေးမှုကြောင့်လည်း ပါတာကို။ ကျုပ်တို့တစ်ယောက်နဲ့တစ်ယောက် ကူညီပေးတာဟာ အသေးအဖွဲ့ကိစ္စပါဗျာ…”
“ဟုတ်ပါတယ်…ကျုပ် သူစိမ်းဆန်တဲ့စကားတွေ ပြောမိသွားတာပါ…”
ပညာရှိအသွင်နှင့်လူ၏အပြုံးနေရာ၌ တည်ငြိမ်မှုအစားထိုးသွားသည်။ ကြည့်ရတာ သူသည် စိတ်ထားတတ်သူ ဖြစ်ပုံပင်။
လူထွားလီက သူ့နောက်ကျောမှ လူးဆေးပုလင်းတစ်လုံးကို ထုတ်ယူလိုက်ပြီး ရုတ်တရက် တိုက်ပွဲမတိုင်ခင်က ကိစ္စကို ပြန်အမှတ်ရသွားသည်။
“ဒါပေမဲ့လို့…အစ်ကိုဟန်…ကျုပ်ကို ကျုပ်တို့မျိုးနွယ်စု အတိတ်အကြောင်း ပြောပြပေးဖို့ မမေ့နဲ့ဦး။ ကျုပ် အဲ့အကြောင်း အတော်လေး သိချင်မိတယ်…”
“ဒါပေါ့ဗျာ။ ကျုပ် အဲ့အကြောင်း ပြောရမယ်ဆို့ ကျုပ်တို့မျိုးနွယ်စုချင်းကြား ပတ်သက်မှုက အတော်လေး နက်နဲခဲ့တယ်ဆိုတာပဲ။ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ကျင်းစီရင်စုရဲ့ ဦးစီးဦးဆောင်ဖြစ်ခဲ့တဲ့ ခုနစ်ထွေဆန်းကြယ်ဂိုဏ်းအကြောင်း မှတ်မိသေးလား။ ကျုပ်တို့ဘိုးဘေးတွေဟာ ကျင်းစီရင်စုထဲမှာ သိုင်းညီအစ်ကိုတွေ ဖြစ်ခဲ့တာပေါ့။ မှတ်တမ်းမှတ်ရာတွေအရဆို ကျုပ်တို့ရဲ့ ကြီးမြတ်တဲ့ဦးလေးနဲ့ ခင်ဗျားတို့ဘိုးဘေးတို့ဟာ ညီအစ်ကိုတွေအဖြစ် သစ္စာဆိုခဲ့ကြတယ်။ ကျုပ်တို့မျိုးနွယ်ရဲ့ ပတ်သက်မှုဟာ သူငယ်ချင်းမိတ်ဆွေအဖြစ်ကနေ သက်ဆင်းလာခဲ့တာမျိုးပေါ့။ ပြီးတော့ ကျုပ်တို့ရဲ့ကြီးမြတ်တဲ့ဦးလေးဟာ ဖြုံလောက်တဲ့စရိုက်လက္ခဏာမျိုး ပိုင်ဆိုင်ထားတဲ့သူပဲ…သူ့အကြောင်း ပြောရရင်တော့…”
သက်လတ်ပိုင်းလူက တည်ငြိမ်စွာ ပြောပြနေစဉ် မိုးပြာဝတ်စုံနှင့်သက်တော်စောင့်အစေခံများသည် ဘက်နှစ်ဘက်လုံးမှ အလောင်းများကို မြေမြှုပ်ပေးနေသည်။ ထို့နောက်တွင် ရထားလုံးတန်းက ဆက်လက်၍ ခရီးနှင်သွားကြသည်။ ရထားလုံးများက အကွာအဝေးတစ်ခုထိ ရောက်သွားကာ ဖြည်းဖြည်းချင်း ဤလူသူကင်းမဲ့သောလမ်းထံမှ ပျောက်ကွယ်သွားသည်။
...
“နွားစိမ်းကျေးရွာ…”
ဟန်လိက လေထဲတစ်ကီလိုမီတာအကွာတွင် ရပ်နေ၏။ သူ့ကို မိုးပြာအလင်းက ဖုံးလွှမ်းထား၏။ သူသည် အောက်ဘက်မှကျေးရွာကို သံသယဝင်ဟန်ဖြင့် ငုံ့ကြည့်နေသည်။
ဤကျေးရွာသည် သေးငယ်နေသော်လည်း ဟန်လိအနေဖြင့် သူ သိရှိမှတ်မိဖူးသောလမ်းများအကြောင်း ပြန်စဉ်းစားကြည့်၍မရနိုင် ဖြစ်နေသည်။ သို့သော် သည်ပတ်ဝန်းကျင်ကိုမူ သူ ကောင်းကောင်းမှတ်မိနိုင်သေးသည်။ ဤရွာမှာ သူ့မွေးရပ်မြေဖြစ်တာ အမှန်ပင်။
နှစ်ပေါင်းများစွာ အဝေးသို့ ရောက်နေခဲ့စဉ် ဤကျေးရွာသည် ပျားပန်းခတ်စည်လာသော မြို့ငယ်တစ်ခု ဖြစ်လာခဲ့ပေပြီ။ ကောင်းကင်ထက်မှ ငေးကြည့်နေရင်း သူသည် ကွယ်ဝှက်ခြင်းပညာရပ်ကို အသုံးပြု၍ လူသူကင်းမဲ့သောလမ်းကြားတစ်ခုထံ ဆင်းသက်လာ၏။ ထို့နောက် သူက ထိုလမ်းအတိုင်း မားမားမတ်မတ် လျှောက်လာပြီး လမ်းအောက်ဘက်အတိုင်း ဦးတည်သည်။
မရင်းနှီးသောအိမ်များ၊ အဆောက်အဦများကို လမ်းလျှောက်ရင်း ကြည့်လာနေသော ဟန်လိသည် တစ်ကိုယ်တည်းတီးတိုးရေရွတ်လိုက်သည်။
“တော်တော်လေး ပြောင်းလဲသွားခဲ့ပြီပဲ…”
မည်သည့်အကြောင်းရင်းကြောင့်မှန်း မသိရဘဲ ဟန်လိသည် သူသာ အနောက်ဘက်သို့ ဦးတည်သွားပါက သူ ငယ်စဉ်ကလေးဘဝ ကုန်ဆုံးခဲ့သော စိမ်းလန်းစိုပြေသောတောင်ငယ်နှင့်တောအုပ်ကို တွေ့ရလိမ့်မည်ဟု ခံစားမိနေသည်။
ထိုအခိုက်တွင် ဟန်လိ၏အမူအရာမှာ တည်ငြိမ်နေ၏။ မကြာခင် သူနှင့်ရင်းနှီးခဲ့ဖူးသော တစ်စုံတစ်ရာကို တွေ့ရလိမ့်မည်ဟု မျှော်လင့်မိနေသည်။
သို့ရာတွင် သုံးလမ်းစုံသို့ ရောက်လာချိန်တွင်မူ သူ စိတ်ပျက်သွားရသည်။ သူက လမ်းလျှောက်နေတာ ရပ်ပြီး လမ်းဘေးတစ်ဖက်ရှိ စားသောက်ဆိုင်ငယ်တစ်ခုကို စိုက်ကြည့်သည်။ ထိုဆိုင်သည် နှစ်ထပ်ရှိ၏။ နွေဦးရနံ့ဟူသည့် ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲထား၏။ ယင်းစားသောက်ဆိုင်သည် ဟန်လိ၏တတိယဦးလေးဖတ်တီးဟန် စီမံခဲ့သော စားသောက်ဆိုင်ပင်။
ဟန်လိက ၎င်းကို တစ်ချက်ကြည့်ပြီး အတိတ်တုန်းက အဖြစ်အပျက်ကို ပြန်အောက်မေ့မိသွားသည်။
ဤစားသောက်ဆိုင်၏အနောက်ဘက် ခြံဝန်းငယ်ထဲ၌ သူ့တတိယဦးလေး၏ လုံးဝန်းဝန်းမျက်နှာ၊ အခန်းငယ်တစ်ခု၊ အရသာရှိသောအစားအသောက်၊ ခုနစ်ထွေဆန်းကြယ်ဂိုဏ်းအလံနှင့် အခြားအမှတ်ရစရာများသည် သူ့စိတ်ထဲတွင် တရေးရေးနှင့် ပြတ်ပြတ်သားသား ပေါ်လာလေသည်။
ဟန်လိက ဤစားသောက်ဆိုင်ကို စိတ်ရှုပ်ထွေးစွာ တစ်ချက်ကြည့်လိုက်သည်။ ဝမ်းနည်းမှုအရိပ်အယောင်က သူ့မျက်လုံးထဲ၌ ပေါ်လာ၏။
သူက စားသောက်ဆိုင်ကို ခဏငေးကြည့်နေသည်။ လမ်းမပေါ်ရှိ ဖြတ်သွားဖြတ်လာ သူစိမ်းအချို့က သူ့ကို အထူးအဆန်းဟန်ဖြင့် ကြည့်ကြည့်သွားကြသည်။ ဤသည်မှာ အံ့အားသင့်စရာမရှိနေပေ။ လူငယ်တစ်ယောက်က စားသောက်ဆိုင်အိုတစ်ခုကို မလှုပ်မယှက် ငေးငေးငိုင်ငိုင်ကြည့်နေတာ မဟုတ်ပါလား။
ထို့နောက်တွင် ဟန်လိသည် ခဏစဉ်းစားပြီးနောက် လက်နှစ်ဖက်နောက်ပစ်ကာ စားသောက်ဆိုင်ထဲ တည်တည်ငြိမ်ငြိမ် လှမ်းဝင်လာသည်။