ကြီးမြတ်သောစတုတ္ထဦးလေး
Vol. 48 Ch. 662
အွတ်ခနဲ မြည်သံနှင့်အတူ ပါးသိုင်းမွှေးနှင့်လူ၏လက်သီးချက်မှာ ဟန်လိ၏ကျောမှ ပြန်ကန်ထွက်သွားသည်။ သူ အံ့အားတသင့်ဖြစ်သွား၏။ ဟန်လိ၏ခန္ဓာကိုယ်၌ မိုးပြာအလင်းကို တွေ့မြင်သည့်အခါ သူ့မျက်နှာအမူအရာ အကြီးအကျယ် ပျက်ယွင်းသွားသည်။ သူက နောက်တစ်ကြိမ်တိုက်ခိုက်ရန် ကြံရွယ်နေတုန်း လွင့်ထွက်သွား၏။
သက်လတ်ပိုင်းအရွယ်ပညာရှိအသွင်နှင့်လူက အံ့အားတသင့်ဖြစ်သွား၏။ ပါးသိုင်းမွှေးနှင့်လူသည် အနောက်သို့ လွင့်ထွက်သွားသော်ငြား ငှက်မွှေးတောင်တစ်ခုနှယ် ပေါ့ပေါ့ပါးပါးဖြင့် ဟန်ချက်မပြန် အောက်သို့ပြန်ကျသည်။ သူ လုံးဝ ဒဏ်ရာမရသွားသည့်ပုံပင်။
“အစ်ကိုလီ…ခင်ဗျား အဆင်ပြေရဲ့လား။ အတွင်းဒဏ်ရာများ ရသွားတာလား…”
ပညာရှိအသွင်နှင့်လူက တိုက်ခိုက်စွမ်းတွင် မထူးချွန်သော်လည်း သိုင်းလောက၌ ပြင်ပဒဏ်ရာမရစေဘဲ အတွင်းဒဏ်ရာရသွားစေသော နည်းလမ်းများစွာရှိကြောင်း သိထားသည်။ ထို့ကြောင့် သူ စိတ်ပူပန်သွားခြင်းပင်။
သိုင်းသမားလီက အသက်ဝဝရှိုက်သွင်းလိုက်၏။ သူ့ခန္ဓာကိုယ်၌ ဒဏ်ရာရသွားသည်ဟု မခံစားရပေ။ သူသည် အံ့ဩတကြီး ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
“ဘာမှ မဖြစ်သွားပါဘူး။ ကျုပ် အဆင်ပြေပါတယ်။ သူ့ကျွမ်းကျင်မှုကတော့ ခန့်မှန်းလို့မရတဲ့အဆင့်ပဲ။ ဒါပေမဲ့ သူက ရန်လိုတဲ့ပုံမပေါ်နေဘူး…”
ပညာရှိအသွင်နှင့်လူက ထိုစကားကို ကြားသည့်အခါ ခေါင်းညိတ်လိုက်၏။ သူသည် နည်းနည်းတော့စိတ်အေးသွားမိသည်။ ထို့နောက် သူက ဟန်လိကို လှမ်းကြည့်ကာ အေးအေးဆေးဆေး ပြောဆိုလိုက်သည်။
“ကြီးမြတ်တဲ့စစ်သည်တော်…ကျုပ်က ဟန်မျိုးနွယ်စုခေါင်းဆောင် ဟန်ထျန်ရှောင်ပါ။ စစ်သည်တော်အနေနဲ့ ဒီကို လာခဲ့တာ ကျုပ်ကြောင့်လား သိပါရစေ…”
“ဟန်မျိုးနွယ်ခေါင်းဆောင်…” ဟန်လိက ဖြည်းဖြည်းချင်း နောက်သို့လှည့်လာသည်။
“ဟန်…ခင်ဗျားက…”
“မဖြစ်နိုင်ဘူး…”
ဟန်လိ မည်သည့်စကားမျှမဆိုနိုင်ခင် ပညာရှိအသွင်နှင့် သက်လတ်ပိုင်းလူတို့က သူ၏ပုံပန်းသွင်ပြင်ကို မြင်သည့်အခါ အလန့်တကြားဖြင့် ထမအော်ဘဲ မနေနိုင် ဖြစ်ကုန်သည်။ ခဏအကြာတွင် ပညာရှိအသွင်နှင့်လူက တစ်ခုခု တွေးမိသွားပြီး သူ့အမူအရာမှာ ပျက်ယွင်းသွားသည်။
သိုင်းသမားလီလည်း အလန့်တကြား ဖြစ်နေရာကနေ သတိပြန်ဝင်လာသည့်အခါ သူကော တစ်ခုခုကို သဘောပေါက်သွားပြီး မျက်နှာပျက်သွားသည်။
“မင်းတို့က ငါ့ကို သိတာလား…”
ဟန်လိက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သူသည် ထိုနှစ်ယောက်ကို ကြည့်ကာ ရင်းနှီးသလိုလို ခံစားမိသည်။ သို့သော် စိတ်ထဲ၌မူ သူသည် မချင့်ပြုံး ပြုံးမိနေ၏။
ပညာရှိအသွင်နှင့်လူက ဟန်လိကို စိုက်ကြည့်ရင်း တစ်လုံးချင်း ပြောသည်။
“လူကြီးမင်းက...အဖြေကို သိပြီးသားပေမဲ့ ဘာလို့ပြန်မေးနေရသေးတာလဲ။ ခင်ဗျားရဲ့ရုပ်အသွင်ဟာ ကျုပ်တို့ဟန်မျိုးနွယ်စုရဲ့ ကြီးမြတ်တဲ့စတုတ္ထဦးလေးနဲ့ ချွတ်ဆွတ်တူနေတာကို။ ဒါကြောင့် ကျုပ်က ခင်ဗျားကို မသိဘဲ ဘယ်နေပါ့မလဲ…”
“ကြီးမြတ်တဲ့စတုတ္ထဦးလေးတဲ့လား…”
ဟန်လိက ထိုစကားကို ကြားသည့်အခါ ထူးဆန်းစွာပြုံးသွားသည်။ သူသည် မွေးချင်းမောင်နှစ်မများကြားတွင် စတုတ္ထမြောက် ဖြစ်၏။ ထို့ကြောင့် ကြီးမြတ်သောစတုတ္ထဦးလေးသည် သူ့ကို ရည်ညွှန်းနေခြင်းပင်။ သို့သော် ခုလက်ရှိ သူ့ရုပ်သွင်ကို သူတို့အနေဖြင့် ထင်ထင်ရှားရှား သိနိုင်လိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ သူသည် ငယ်စဉ်တည်းက အိမ်မှ ထွက်ခွာလာခဲ့တာဖြစ်၍ သူ့ဆွေမျိုးသားချင်းများသည် သူ့အရွယ်ရောက်ပြီး ရုပ်ရည်သွင်ပြင်ကို မမြင်ဖူးကြတော့သောကြောင့်ပင်။
ဟန်လိက ပြုံး၍ ပြောလိုက်သည်။
“အို…ငါက မင်းတို့ရဲ့ စတုတ္ထဦးလေးနဲ့ တူတယ်တဲ့လား။ ဒါက ငါ့ရဲ့ ပင်ကိုယ်ရုပ်ကော မဖြစ်နိုင်ဘူးလား…”
ပညာရှိအသွင်နှင့်လူက ဒေါသထွက်သွားပြီး အေးစက်စက် ပြောလိုက်သည်။
“ကမ္ဘာပေါ်မှာ ရုပ်ချင်းဆင်တဲ့သူတွေ အများကြီး။ ခင်ဗျားက ရုပ်ချင်းဆောင်ယောင်ဆောင်ပြီး ကျုပ်တို့ဟန်မျိုးနွယ်စုခန်းမကို ရောက်လာခဲ့တာလား။ ခင်ဗျား ထွက်သွားပေးလို့ ရနိုင်မလား…”
ဟန်လိ၏အမူအရာမှာ သက်သောင့်သက်သာပင်။ သူက အသိအမှတ်ပြုသည့်လေသံဖြင့် ပြောလိုက်သည်။
“မင်းရဲ့ အဖြေက အချက်အချာ ကျသားပဲ။ မင်းက တော်ဝင်ရုံးတော်ရဲ့ အရာရှိတစ်ယောက် ဖြစ်ထိုက်ပါပေတယ်။ ဟန်မျိုးနွယ်စုက နောက်မျိုးဆက်တွေရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ဒီကနေ့လို ကြယ်ဝချမ်းသာတဲ့အဆင့်အတန်းတစ်ခု ရောက်လာတာ သံသယရှိနေစရာ မလိုတော့ဘူး…”
သူ့မျက်နှာထက်၌ ရန်လိုသည့်ဟန်ပေါ်လာပြီး သူက ဒေါသတကြီး ဆိုသည်။
“ဘာလဲ…လူကြီးမင်းက ကျုပ်တို့ဘိုးဘေးအဖြစ် ဟန်ဆောင်ဖို့ တကယ်ပဲ စီစဉ်ထားတာလား…”
“ဟန်ဆောင်တာ။ ကျုပ်က ဘာကြောင့် အဲ့လိုလုပ်ချင်ရမှာလဲ။ နေပါဦး…မင်းက ကျုပ်ရဲ့ ရုပ်သွင်ကို ဘယ်လိုလုပ် သိတယ်ဆိုတဲ့အကြောင်းကိုလည်း ပြောပြဦးမှပေါ့။ ငါ အိမ်က ထွက်လာတည်းက ငါ့မိသားစုဟာ ငါ့ရုပ်ကို မမြင်မတွေ့တော့တာ။ ခုနှစ်ထွေဆန်းကြယ်ဂိုဏ်းက လူတွေကများ ငါ့ပုံတူကို ပေးခဲ့တာများလား...”
ဟန်လိ၏အကြည့်က သိုင်းသမားလီထံ ကျရောက်သွားသည်။ သူက မျက်မှောင်ကြုတ်ကာ လီကို ကြည့်၏။ တဖြည်းဖြည်းဖြင့် သည့်လူကို သူ ရင်းနှီးသလို ခံစားမိသည်။
“အင်း…မင်းရဲ့နာမည်က လီနော်။ မင်းက လီဖေးယွီနဲ့ ဘယ်လိုပတ်သက်လဲ…”
သိုင်းသမားလီသည် အလန့်တကြားဖြစ်သွားသလို ဒေါသလည်း ထွက်သွားသည်။
“ခင်ဗျား…ခင်ဗျားက ကျုပ်တို့မျိုးနွယ်ရဲ့ဘိုးဘေး နာမည်ကို ဘယ်လိုလုပ် သိနေတာလဲ။ ခင်ဗျားက လီမျိုးနွယ်အကြောင်း အနည်းနဲ့အများ သိထားတာလား…”
ဟန်လိက ထိုစကားကို ကြားသည့်အခါ ပြုံးသည်။
ပညာရှိအသွင်နှင့်လူက “ခုနစ်ထွေဆန်းကြယ်ဂိုဏ်း”၊ “လီဖေးယွီ” နာမည်တို့ကို ကြားသည့်အခါ ထိတ်ပြာသွားသည်။ သူက အံ့ဩတကြီး ပြော၏။
“လူကြီးမင်းက ကျုပ်တို့ဘိုးဘေးရဲ့ ညီငယ်လို့ ထပ်တလဲလဲ ပြောခဲ့တယ်နော်။ ဒါကြောင့် ခင်ဗျားက ကျုပ်တို့ဟန်မျိုးနွယ်ရဲ့ ကြီးမြတ်တဲ့ဦးလေး ပျောက်ကွယ်သွားတဲ့အကြောင်းကို သေချာပေါက် သိထားမှာပဲ။ ဒါပေမဲ့ နှစ်ပေါင်းနှစ်ရာကျော်လောက် ကြာပြီးမှ ပြန်ပေါ်လာခဲ့တာလေ။ ဒါကြောင့် ခင်ဗျားရဲ့အသက်အရွယ်အမှန်ကို ကျုပ်အနေနဲ့ မမြင်နိုင်ဘူး…”
ပညာရှိအသွင်နှင့်လူသည် မကြာသေးခင်ကမှ ဟန်နှင့်လီမျိုးနွယ်စုတို့ကြား သမိုင်းမှတ်တမ်းစာကို တွေ့ရှိထားခြင်းပင်။ ခု သူ့ရှေ့မှလူကလည်း သည်စာကို တွေ့မြင်ထားပြီး ဖြစ်နေသလား။ ထိုအတွေးကြောင့် သူသည် အမှတ်တရကျောက်ပြားများထားထားသော စားပွဲပေါ်သို့ အကြည့်ရောက်သွားမိသည်။ ယင်းစာကို ဤကျောက်ပြားများကြားတွင် ဝှက်ထားခြင်းပင်။
ပညာရှိအသွင်နှင့်လူ၏အကြည့်က ထူးဆန်းသွားသည်။ ယင်းစာမှာ သည်ကျောက်ပြားများထဲတွင် နေရာတကျ ရှိနေဆဲဖြစ်တာ သူ တွေ့ရသည်။ ဟန်လိက အပိုစကားဆိုမနေဘဲ သူ့လက်ကို ပင့်မြှောက်ကာ စားပွဲထံ လက်လှမ်းလိုက်သည်။
နောက်ဖြစ်လာသည့် ကိစ္စရပ်ကြောင့် သည်လူနှစ်ယောက်မှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ စားပွဲထံမှ အလင်းတောက်ပသွားပြီး အဝါရောင်စာရွက်တစ်ခုသည် မိုးပြာအလင်း ခြုံလွှမ်းလျက် ဟန်လိထံ ပျံဝဲလာသည်။ ဟန်လိက ၎င်းကို ယူကာ အလင်းသည် ပျံ့ကြဲသွားသည်။ ထို့နောက် သူက ၎င်းကို လှန်လှောဖတ်ကြည့်သည်။
ပညာရှိအသွင်နှင့်လူသည် တုန်လှုပ်ဖွယ်ကိစ္စရပ်များကို မြင်တွေ့ရခြင်းအပေါ် အသားကျပြီးသူ၊ အတွေ့အကြုံများသူ တစ်ယောက်ပင်။ သို့သော် ခုချိန်တွင်တော့ သူသည် အာစေးကပ်ကာ ကြောက်လန့်ခြင်းကြီးစွာဖြင့် သိုင်းသမားလီကို မကြည့်မိဘဲ မနေနိုင် ဖြစ်သွားရသည်။ သိုင်းသမားလီ၏အမူအရာမှာလည်း ထိုနည်းလည်းကောင်းပင်။ သူ့အမူအရာမှာ တစ်မျိုးဖြစ်နေ၏။ သူ့မျက်နှာအမူအရာတွင် ပျော်ရွှင်မှုကော၊ အကြောက်တရားကော ရောယှက်နေပုံပင်။
ပညာရှိအသွင်နှင့်လူက စိတ်ရှုပ်ထွေးနေစဉ် သိုင်းသမားလီက သူ့လက်နှစ်ဖက်ကိုဆုပ်ကာ ဟန်လိကို လေးနက်စွာ ဦးညွှတ်၍ ချီတုံချတုံဖြင့် ပြောလိုက်သည်။
“အရှင်က ဒဏ္ဌာရီထဲက အင်မောတယ်တစ်ယောက်များ ဖြစ်နေတာလား…ခင်ဗျာ။ အင်မောတယ်တစ်ယောက်အနေနဲ့ ကျုပ်တို့လို သေမျိုးတွေရဲ့ အရေးကိစ္စတွေမှာ ဝင်ပါရတာ သဘောမကျဘူးလို့ ကျနော်မျိုး သိထားပါတယ်။ အရှင်အနေနဲ့ သက်သေပြဖို့ရာ ဘယ်လိုအမှတ်တရပစ္စည်းမျိုး ရှိထားပါသလဲ။ တကယ်တော့ ခုကိစ္စက အင်မတန်အရေးကြီးလို့ပါ။ အစ်ကိုဟန်နဲ့ကျုပ်တို့က စကားလုံးသပ်သပ်အပေါ် ယုံကြည်တတ်တဲ့သူမျိုးတွေ မဟုတ်လို့ပါ…”
ပညာရှိအသွင်နှင့်လူက သိုင်းသမားလီ၏စကားကို ကြားသည့်အခါ မင်သက်သွားသည်။ သို့သော် တအောင့်အကြာ၌ ဒဏ္ဌာရီလာအကြောင်းများက သူ့စိတ်ထဲဝင်လာပြီး သူ့ခန္ဓာကိုယ်တောင့်တင်းသွားသည့်နှယ် ခံစားမိသွားသည်။ သူက ဟန်လိကို အလန့်တကြား လှမ်းကြည့်မိသည်။
“အို…မင်းက အင်မောတယ်ကျင့်ကြံသူတွေအကြောင်း သိနေလိမ့်မယ်လို့ ကျုပ် မမျှော်လင့်ထားမိခဲ့ဘူး။ အထင်ကြီးစရာပဲ။ သမိုင်းမှတ်တမ်းအရဆို မင်းက လီဖေးယွီရဲ့ မျိုးဆက်မလား။ လီဖေးယွီရဲ့မျိုးဆက်ကလေးက ကျုပ်တို့ဟန်မျိုးနွယ်နဲ့ တရင်းတနှီး ဆက်ဆံရေးရှိတာ ကောင်းပါတယ်လေ။ အမှတ်တရပစ္စည်းနဲ့ ပတ်သက်လို့ကတော့ ကျုပ် စဉ်းစားမိသလောက် မင်းတို့ကို ပြပေးစရာ ဘာမှရှိမနေဘူး။ ကျုပ်ဟာ တာအိုနောက်ကို လိုက်စားခဲ့ပြီး မွေးရပ်မြေကနေ အလျင်စလို ထွက်ခွာလာခဲ့ရတဲ့သူ ဖြစ်တယ်။ ကျုပ်ထွက်လာခဲ့တုန်းကဆို အစ်ကိုလီကိုတောင် ကောင်းကောင်းမနှုတ်ဆက်နိုင်ခဲ့ဘူး။ ကျုပ်က သူ့အတွက် စာလိပ်တစ်ခုနဲ့ ဆေးလုံးတချို့ပဲ ချန်ပေးထားနိုင်ခဲ့တာ…”
ဟန်လိက အေးဆေး ပြောပြလိုက်သည်။
သိုင်းသမားလီက ထိတ်လန့်အံ့အားသင့်စွာ ပြောလာသည်။
“ဆေးလုံးတွေလား။ ကျုပ်တို့ဂိုဏ်းရဲ့ ဂိုဏ်းဗိမာန်မှာ ချန်ထားခဲ့တဲ့ ဆေးပုလင်းတွေက စီနီယာချန်ထားပေးခဲ့တဲ့ဟာတွေများ ဖြစ်နေမလား…”
ဟန်လိက သက်ပြင်းချ၍ ပြောလိုက်သည်။
“ဟိုးတစ်ချိန်တုန်းကပေါ့…မင်းတို့ဘိုးဘေးဟာ သိုင်းပညာရပ်မှာ ကျွမ်းကျင်စွာ တတ်မြောက်နိုင်ဖို့အတွက် အနှစ်သာရထုတ်ယူခြင်းဆေးလုံးကို သုံးစွဲခဲ့တယ်လေ။ ကျုပ် အထင် ကျုပ် ချန်ထားခဲ့တဲ့ဆေးလုံးတွေနဲ့ဆိုရင်တောင် သူဟာ အသက်ရှည်ရှည် မနေရလောက်ဘူး။
အချိန်ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သိုင်းသမားလီက ဂရုတစိုက် ပြောသည်။
“အဲ့ကိစ္စတော့ ကျနော် မသိထားပါဘူး။ ဒါပေမဲ့ ကျနော့်အဖေက သက်ရှိထင်ရှား ရှိနေဆဲဆိုတော့ ဘိုးဘေးနဲ့ပတ်သက်ပြီး တစ်ခုခု သိထားနိုင်လောက်ပါတယ်။ တကယ်တော့ ဒီလိုလျှို့ဝှက်ကိစ္စတွေဟာ မျိုးဆက်တစ်ဆက်ရဲ့ ဂိုဏ်းသခင်တွေကပဲ သိနိုင်တာမျိုးပါ။ စီနီယာ ခွင့်ပြုမယ်ဆို ဒီစကားတွေ မှန်၊မမှန် သိရဖို့ ကျုပ် သတင်းစကားပါးခွင့် ရနိုင်မလား…”
ထိုအခိုက်တွင် သူသည် ဟန်လိအပေါ် အတော်လေး ယုံကြည်နေပေပြီ။ လီမျိုးနွယ်ကို တည်ထောင်သူဘိုးဘေးမှာ ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးခဲ့သည် မဟုတ်လား။
ဟန်လိက လက်ဝှေ့ရမ်းကာ အတိတ်ကိုအောက်မေ့စွာ ပြောလိုက်သည်။
“မလိုဘူး။ ကျုပ် ဒီကို ပြန်လာတာ အနှောက်အယှက်ပေးဖို့ မဟုတ်လေဘူး။ ကျုပ်အနေနဲ့ သေမျိုးတွေအပေါ် ပူပန်ရတာမျိုးကနေ ကင်းလွတ်တဲ့စိတ်အခြေအနေ ရချင်လို့ပဲ။ အခု ဟန်မျိုးနွယ်နဲ့ ကျုပ်ရဲ့မိတ်ဆွေကောင်းတို့ရဲ့ မျိုးဆက်တွေဟာ အဆင်ပြေပြေရှိနေတာ မြင်ရတော့ ကျုပ် စိတ်အေးနိုင်ပြီ…”
ထိုသို့ကြားရသည့်အခါ သိုင်းသမားလီသည် စိုးရိမ်ကြောင့်ကြသွားပြီး ပညာရှိအသွင်နှင့်လူကို မျက်စိမှိတ်ကာ ခပ်မြန်မြန် အချက်ပြလိုက်သည်။ သူသည် ဟန်နှင့်လီမျိုးနွယ်စုတို့၏နောက်ကွယ်၌ အင်မောတယ်ကျင့်ကြံသူတစ်ယောက်ရှိနေခြင်း၏အဓိပ္ပာယ်ကို ကောင်းကောင်း သိထားလေ၏။
ပညာရှိအသွင်နှင့်လူသည်လည်း ထိုနည်းလည်းကောင်းပင်။ ခဏစဉ်းစားပြီးနောက် သူက တလေးတစား ပြောသည်။
“အရှင်ကသာ ကျုပ်ရဲ့ကြီးမြတ်တဲ့ဦးလေး အမှန်တကယ် ဖြစ်မယ်ဆို ခုချက်ခြင်း အရှင် ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေပြနိုင်တဲ့ နည်းလမ်းတစ်ခု ကျုပ်မှာ ရှိထားပါတယ်။ ကျုပ်တို့ဟန်မျိုးနွယ်စုဗိမာန်မှာ အတိတ်ကဘိုးဘေးတွေရဲ့ပိုင်ဆိုင်မှု တချို့တလေ ရှိထားပါတယ်။ စီနီယာကသာ အဲ့ပစ္စည်းတွေကို ခွဲခြားသိနိုင်မယ်ဆို ဂျူနီယာအနေနဲ့ စီနီယာ့ရဲ့နောက်ခံကို အပြည့်အဝ ယုံကြည်ပါ့မယ်။ မျိုးဆက်တိုင်းရဲ့ဟန်မျိုးနွယ်စုခေါင်းဆောင်တွေကပဲ ဒီအရာတွေကို ကိုယ်တိုင်ကိုယ်ကျ ဂရုစိုက်ရတာဖြစ်တဲ့အတွက်ကြောင့် အပြင်လူတွေအနေနဲ့ ဒီပစ္စည်းတွေကို ခွဲခြားသိနိုင်စွမ်း ရှိလိမ့်မှာ မဟုတ်ပါဘူး…”
“အတိတ်တုန်းက ပိုင်ဆိုင်မှုတွေလား။ တစ်ချက်ကြည့်ကြည့်မယ်။ ငါဟာ ငယ်စဉ်တည်းက အိမ်ကထွက်လာခဲ့တာ ဖြစ်တဲ့အတွက် ဒီအရာတွေကို ခွဲခြားသိနိုင်စွမ်း ရှိချင်မှတော့ ရှိလိမ့်မယ်…”
ဟန်လိက မထူးခြားနားစွာ ပြောသည်။ ကထိကယမများသေးသ၍ ဟန်လိသည် ဟန်မျိုးနွယ်၏နောက်မျိုးဆက်များထံမှ အသိအမှတ်ပြုရန် တောင်းဆိုမှုကို ငြင်းဆန်လိမ့်မည် မဟုတ်ပေ။
“ကျနော် ခုပဲ ယူလာပေးပါ့မယ်…”
ဟန်လိကို ဦးညွှတ်ကာ ပညာရှိအသွင်နှင့်လူသည် ဒုတိယထပ်မှ ဆင်းသွားသည်။ တအောင့်နေ အောက်ထပ်မှ ဟိုရှာဒီရှာသံတစ်ချို့ ကြားရပြီးနောက် ထိုသူသည် အနီရောင်ပိတ်စအုပ်ထားသောဗန်းတစ်ခုယူ၍ အပေါ်ပြန်တက်လာသည်။ ထို့နောက် သူက ၎င်းကို ဟန်လိထံ တရိုတသေကမ်းပေးလိုက်သည်။
ဟန်လိက လက်ခံယူပြီး ပိတ်စကို ဖယ်ကြည့်လိုက်သည်။ သူ့ရှေ့၌ ပစ္စည်းတချို့ပေါ်လာ၏။ သူက ကျေနပ်အံ့အားသင့်စွာဖြင့် ဆိုလိုက်သည်။
“အို…လက်စသပ်တော့ ဒီပစ္စည်းတွေကို။ ဒီဘဝမှာ ဒီအရာတွေကို ထပ်တွေ့ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိခဲ့ဘူး…”
“စီနီယာ…ဒီပစ္စည်းတွေကို သိတာလား…”
ပညာရှိအသွင်နှင့်လူက စိတ်လှုပ်တရှားဖြင့် သိချင်စိတ်ပြင်းပြစွာ မေးလာသည်။
“ဒီထဲက တော်တော်များများကို ငါ သိတယ်။ ဒါပေမဲ့ ငါ အိမ်ကထွက်လာခဲ့တဲ့နောက်ပိုင်းမှာ ရှိခဲ့တဲ့ပစ္စည်းသုံးခုကိုတော့ ဘယ်သူဘယ်ဝါ ပိုင်ဆိုင်မှန်း မသိနေဘူး။ ဒီလောက်လေးခွနဲ့ ဒူးလေးက ငါ့ဒုတိယအစ်ကို ဟန်ထိုက်ပိုင်ဆိုင်တာ။ သူ ငယ်ငယ်တုန်းက ဒါတွေနဲ့ ဆော့ကစားရတာကို သဘောကျခဲ့တာပေါ့။ ဒီသစ်သားဆံထိုးကတော့ ငါ့အမေဟာပဲ။ ဒီဆေးတံကတော့…”
ဟန်လိသည် ၎င်းတစ်ခုချင်းစီကို ကောက်ယူကြည့်ပြီး တရင်းတနှီးဖြစ်နေဟန်ဖြင့် ထိုသို့ရေရွတ်လိုက်သည်။
ထိုအခါ ပညာရှိအသွင်နှင့်လူသည် ဟန်လိအပေါ် သံသယဝင်နေခြင်းမျိုး ရှိမနေတော့ပေ။
ဟန်လိ ပြော၍ ပြီးသည့်အထိ စောင့်မနေဘဲ သူက သိုင်းသမားလီကိုပါ ဆွဲခေါ်၍ သူနှင့်အတူ ဒူးထောက်စေပြီး ဟန်လိကို လေးနက်စွာ ဂါဝရပြုလိုက်တော့၏။
“ဒီမသိတတ်တဲ့ မျိုးဆက်သစ်ဟန်ထျန်ရှောင်းက စတုတ္ထဦးလေးကို အသိအမှတ်ပြုပါတယ်။ စောစောတုန်းက ကျနော့်ရဲ့ အလိုက်ကန်းဆိုးမသိခဲ့တဲ့ အပြုအမူတွေအတွက် ခွင့်လွှတ်ပေးပါဗျ…”
သိုင်းသမားလီ၏အမူအရာမှာလည်း တည်ကြည်လေးနက်နေပြီး လေးစားသမှု အပြည့်အဝ ထုတ်ဖော်ထားလေသည်။