← Chapters

ရွှေဝါးမြိုခြင်းဝိညာဉ်ဓား

Vol. 48 Ch. 663

ရွှေဝါးမြိုခြင်းဝိညာဉ်ဓား

Vol. 48 Ch. 663

ထိုနှစ်ယောက်က အသိအမှတ်ပြုလာကြသည့်အခါ ဟန်လိအနေဖြင့် စိတ်ထဲ၌ ဖော်ပြမရသောခံစားမှုတစ်ခု ဖြစ်ပေါ်သွားသည်။ ခဏတိတ်ဆိတ်နေပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“တာအိုလိုက်စားဖို့အတွက် ငါ ရွာက ထွက်လာခဲ့တဲ့နှစ်တုန်းက နောက်တစ်ချိန်မှာ ဟန်မျိုးနွယ်ဟာ ခုလိုဩဇာအာဏာရှိတဲ့မျိုးနွယ်စုတစ်စု ဖြစ်လာခဲ့လိမ့်မယ်လို့ ငါ့အနေနဲ့ မမျှော်လင့်ထားမိခဲ့ဘူး။ “လောကရေးရာဟာ ခန့်မှန်းဖို့ ခက်လှတယ်” ဆိုတဲ့ ဆိုရိုးစကားက မှန်တယ်ပုံပဲ။ ကဲ…မင်းတို့နှစ်ယောက်…ထကြပါ။ အိမ်ပြန်မရောက်တာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီဆိုတော့ ငါဟာ ဟန်မျိုးနွယ်အတွက်ဆို သူစိမ်းတစ်ယောက်လို့ သတ်မှတ်နိုင်တယ်။ ဆိုတော့ ငါ့အပေါ် ဒီလောက်ထိ ယဉ်ကျေးနေစရာ မလိုပါဘူး…”

သက်လတ်ပိုင်းလူက ထရပ်ပြီး လေးစားကြည်ညိုစွာ ပြောလိုက်သည်။

“ကြီးမြတ်တဲ့ဦးလေးအနေနဲ့ အဲ့လို့တော့ ပြောလို့မရပါဘူးဗျ။ ဘာလို့ဆို ဒီမျိုးဆက်သစ်တွေကသာ ဦးလေး အသက်ရှင်လျက်ရှိနေသေးမှန်း မသိခဲ့တာပါ။ ဒီလိုသာ သိခဲ့မယ်ဆို ကျုပ်တို့ရဲ့ တူသားဝတ္တရားကို ဖြည့်ဆည်းပေးဖို့အတွက် ဦးလေးဆီ လူတွေစေလွှတ်ခဲ့မိမှာပါပဲ…”

ဟန်လိက လက်ဝေ့ရမ်းပြပြီး တည်ငြိမ်စွာ ပြောပြသည်။

“ဝတ္တရားဖြည့်ဆည်းပေးဖို့လား…မလိုပါဘူး။ ကျုပ် ဒီကို တစ်ချက်လောက်ပြန်လာကြည့်ရုံပဲ။ ဒီမှာ ကြာကြာနေမှာ မဟုတ်ဘူး။ အင်မောတယ်လမ်းစဉ်နောက်ကို လိုက်စားမဲ့သူတစ်ယောက်ဖြစ်တဲ့ ကျုပ်အတွက် သေမျိုးလောကနဲ့ ချည်နှောင်မှုနည်းလေ ပိုကောင်းလေပဲ။

ပညာရှိအသွင်နှင့်လူက ထိတ်လန့်တကြား ဝင်ပြော၏။

“ကြီးမြတ်တဲ့ဦးလေးခင်ဗျာ…မကြာခင် ထွက်သွားတော့မလို့လား။ ဦးလေးအနေနဲ့ အချိန်တစ်ခုထိ နေပေးပြီး ရဲတိုက်ထဲမှာရှိတဲ့ ဟန်မျိုးနွယ်ရဲ့ တခြားဂျူနီယာတွေကို တစ်ချက်လောက် ကြည့်သွားမပေးတော့ဘူးလားဗျ…”

ဟန်လိက သက်ပြင်းချကာ ပြောလိုက်သည်။

“ကျုပ် ရောက်လာတဲ့အချိန်တည်းက ဟန်မျိုးနွယ်ရဲတိုက်တစ်ခုလုံးနဲ့ ဒီထဲမှာရှိတဲ့လူအားလုံးကို စိတ်ဝိညာဉ်အာရုံနဲ့ ကြည့်ရှုပြီးသွားပြီ။ ကံမကောင်းတာက ဟန်မျိုးနွယ်ဝင်တွေထဲမှာ စိတ်ဝိညာဉ်ရင်းမြစ်ပိုင်ဆိုင်တဲ့သူ ဘယ်သူမှ ရှိမနေခဲ့ဘူး။ သူတို့က ကျုပ်နဲ့ ကံမစပ်ဘူး။ မဟုတ်ရင် ဟန်မျိုးနွယ်မျိုးဆက်သစ်ထဲက တစ်ယောက်နှစ်ယောက်လောက်ကို ကျင့်ကြံခြင်းလမ်းကြောင်းမှာ ကျုပ်နဲ့အတူ ခေါ်သွားပေးဖို့ တွန့်တိုနေမှာ မဟုတ်ပါဘူးလေ…”

ပညာရှိအသွင်နှင့်လူ၏မျက်နှာထက်တွင် စိတ်အားလျော့သွားဟန် ဖြစ်ပေါ်သွား၏။ သူက ခါးသီးစွာပြုံး၍ ဆိုသည်။

“ကျုပ်တို့မျိုးနွယ်က ကြွယ်ဝချမ်းသာတယ်ဆိုပေမဲ့ ကြီးမြတ်တဲ့ဦးလေးနဲ့အတူ အင်မောတယ်လမ်းစဉ်နောက်ကို လိုက်ဖို့ ဘယ်သူမှ မရှိနေဘူးပဲကို…”

“စိတ်ဝိညာဉ်ရင်းမြစ်ပိုင်ဆိုင်တဲ့သူတွေကသာ အင်မောတယ်ကျင့်ကြံသူတွေ ဖြစ်လာနိုင်တာ။ ဒီလိုလူတွေကလည်း လူတစ်သောင်းမှာ တစ်ယောက် ပေါ်ထွန်းဖို့ ခက်တယ်။ ဟန်မျိုးနွယ်ဝင်ရာချီထဲမှာ စိတ်ဝိညာဉ်ရင်းမြစ်ပိုင်ဆိုင်တဲ့သူ မရှိနေတာဟာ မျှော်လင့်ထားလို့ရတဲ့ အရာတစ်ခုပဲ။ ဒါ့အပြင် ကျုပ် မြင်သလောက် ဟန်မျိုးနွယ်နဲ့လီမျိုးနွယ်တို့ဟာ ကျင့်ကြံခြင်းလောကနဲ့ မပတ်သက်တာက ပိုကောင်းလိမ့်မယ်။ ခုလက်ရှိ ကျင့်ကြံခြင်းလောကဟာ မငြိမ်မသက် ဖြစ်နေပြီး ဂိုဏ်းတစ်ခုလုံး ရှင်းလင်းခံရတာမျိုးတွေလည်း ဖြစ်နေကြတယ်…”

ပညာရှိအသွင်နှင့်လူသည် စစချင်းတော့ အံ့အားသင့်သွား၏။ ယင်းနောက် သူက နာခံစွာပြောသည်။

“ကြီးမြတ်တဲ့ဦးလေးရဲ့ စကားတိုင်းကို ကျနော် နားလည်လက်ခံပါတယ်…ခင်ဗျာ…”

ထို့နောက် ဟန်လိက ဆံပင်ထူထူနှင့်သိုင်းသမားလီထံ အကြည့်ရောက်သွားသည်။

“ဒီတစ်ယောက်က လီဖေးယွီရဲ့ မျိုးဆက်မလား။ မင်း…နာမည် ဘယ်လိုခေါ်လဲ…”

သိုင်းသမားလီက ခပ်သွက်သွက် ဦးညွှတ်ကာ ပြန်ဖြေသည်။

“ဂျူနီယာနာမည်က လီဖန်းပါ။ ဘိုးဘေးလီဖေးယွီရဲ့ ဆယ့်တစ်ဆက်မြောက်မျိုးဆက်ပါဗျ။ ကြီးမြတ်တဲ့ဦးလေးဟန်ကို လေးစားသမှု ပေးပါတယ်…”

“အတိတ်တုန်းက ငါနဲ့လီဖေးယွီကြား ရင်းနှီးတဲ့ပတ်သက်မှုကြောင့် မင်းအနေနဲ့ ငါ့ကို “ကြီးမြတ်တဲ့ဦးလေး” လို့ ခေါ်ဝေါ်တာကို လက်ခံတယ်။ အခုမင်းက ထျန်ရှောင်းရဲ့ ကာကွယ်သူမလား။ ကြည့်ရတာ ပြီးခဲ့တဲ့နှစ်တွေတုန်းက လီမျိုးနွယ်ဟာ ဟန်မျိုးနွယ်အပေါ် အတော်လေး ထည့်သွင်းစဉ်းစားပေးခဲ့ပုံပဲ။ ဟန်မျိုးနွယ်ဘိုးဘေးရဲ့ ညီငယ်တစ်ယောက်အနေနဲ့ ငါဟာ မင်းကို မမျှမတ ဆက်ဆံလိမ့်မှာ မဟုတ်ဘူး။ ဒီမှာ ဆေးလုံးတချို့။ ဒါတွေက သိုင်းပညာရှင်တွေအတွက် အများကြီး အသုံးတည့်လိမ့်မယ်။ ဒီဆေးလုံးတွေက လီမျိုးနွယ်လူငယ်တွေကို အတွင်းအားကျင့်ကြံရာမှာ အချိန်အများကြီး သက်သာစေလိမ့်မယ်။ ဒါတွေကို လက်ခံယူလိုက်…”

ဟန်လိက သူ့သိုလှောင်အိတ်ကိုပုတ်ကာ ရောင်စုံပုလင်းရှစ်လုံးကို ထုတ်ယူပြီး သိုင်းသမားလီထံ ပစ်ပေးလိုက်သည်။

သိုင်းသမားလီသည် ပျော်ရွှင်သွားလေ၏။ သူက ထပ်တလဲလဲကျေးဇူးတင်ကြောင်း ပြောပြီး ထိုပုလင်းငယ်များကို လက်ခံယူသည်။ ကျင်းဟူ (ခေါ်) သိုင်းလောက၌ သိုင်းပညာရှင်များသည် အတွင်းအားရရှိနိုင်ရန် ငယ်ရွယ်စဉ်၌ အချိန်များစွာ ပေးရသည်ပင်။ ဤဆေးလုံးများနှင့်ဆို လီမျိုးနွယ်၌ ကျွမ်းကျင်သိုင်းပညာရှင်များစွာ ပေါ်ထွက်လာပေတော့မည်။

ပညာရှိအသွင်နှင့်လူသည် သူ့မိတ်ဆွေကောင်း၏ကိုယ်စား ပျော်မိ၏။ သို့သော် ဟန်လိထံ သူ့အကြည့်၌ မျှော်လင့်ချက်အရိပ်အယောင်တစ်ခု ပါနေလေသည်။

ဤသည်ကိုမြင်သည့်အခါ ဟန်လိက မသိမသာပြုံး၍ သူ့ခါးမှ သိုလှောင်အိတ်ကို တည်ငြိမ်စွာ ဆွဲယူပြီး ၎င်းကို ခပ်သာသာ ပုတ်သည်။ ခဏအကြာတွင် အနက်ရောင်အစင်းနှင့်ရွှေဝါးမြိုခြင်းပိုးတောင်မာတစ်ထောင်ကျော်သည် ယင်းအိတ်ထဲမှ ထွက်လာပြီး အနက်ရောင်၊ငွေရောင်နှင့်ရွှေရောင် ရောစပ်ထားသည့်သုံးမီတာမျှ ဗျက်ရှိသော မြူခိုးစုအသွင် တောက်ပစွာ ဖန်တီးသည်။ ထိုမြင်ကွင်းကြောင့် ဂျူနီယာနောက်ယောက်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

အပိုစကားတွေဆိုမနေဘဲ ဟန်လိက သူ့အပေါ်ရှိအင်းဆက်အုပ်ထံ လက်ညွှန်လိုက်ပြီး ၎င်းတို့ကို သုံးရောင်စုံဓားတစ်လက်အဖြစ် သိပ်သည်းဖွဲ့စည်းစေသည်။ ထို့နောက် ဟန်လိက သူ့လက်ကို ဆန့်ထုတ်ကာ ယင်းဓားက သူ့လက်ထဲ ဝှီခနဲ့ ကျရောက်လာ၏။

ယင်းထူးခြားလှသောမြင်ကွင်းကြောင့် ဂျူနီယာနှစ်ယောက်သားမှာ ပြောစရာစကားပင် ဆွံ့အနေတော့၏။ ဟန်လိက ထိုဓားကို ဝေ့ရမ်းကြည့်နေ၏။ ယင်းနောက် သူက သက်ပြင်းချကာ ဓားအပေါ်သို့ မိုးပြာမြူကို မှုတ်ထုတ်သည်။ မိုးပြာအလင်းတောက်ပသွားပြီး ဓားသွားပေါ်၌ ရိုးစင်းသောအစိမ်းရောင်ဓားအိမ်တစ်ခု ထပ်အုပ်သွား၏။ ဟန်လိက အလေးအနက် စကားဆိုသည်။

သူ့ရှေ့၌ ယုတ္တိမတန်သောဖြစ်ရပ်ကို တွေ့မြင်ရပြီးသည့်အခါ ပညာရှိအသွင်နှင့်လူသည် ဟန်လိအပေါ် သံသယဟူ၍ မရှိနေတော့ပေ။ သူက ကျေနပ်အားရစွာဖြင့် ခပ်မြန်မြန် ပြောသည်။

“ဒီတူတော်မောင်က ကြီးမြတ်တဲ့ဦးလေးရဲ့ ညွှန်ကြားချက်တွေကို အသေအချာမှတ်သားထားပါ့မယ်…”

ဟန်လိက ပြုံး၍ တုံ့ပြန်သည်။ သို့သော် သူသည် ဓားနှင့်ကျောက်စိမ်းဆွဲပြားကို ချက်ခြင်းမပေးသေးပေ။ ထိုအစား သူက အလေးအနက်လေသံဖြင့် စကားထပ်ဆက်သည်။

“မင်းတို့မှတ်ထားရမဲ့ နောက်တစ်ခုရှိသေးတယ်။ ဒီဓားအိမ်ကိုချိတ်ပိတ်ထားတဲ့ ဆွဲပြားဟာ ငါ့စိတ်ဝိညာဉ်ချီနဲ့ ပြုလုပ်ထားတာ။ ဒီဓားကို သုံးကြိမ်ပဲ အသုံးပြုနိုင်လိမ့်မယ်။ သုံးကြိမ်ပြီးရင် ဒီဓားဟာစိတ်ဝိညာဉ်ပိုးတောင်မာတွေအဖြစ် ပြောင်းပြီး ပျောက်ကွယ်သွားလိမ့်မယ်။ မင်းတို့ဘိုးဘေးရဲ့ညီငယ်တစ်ယောက်အနေနဲ့ ဟန်မျိုးနွယ်စုကို ကပ်ဘေးကနေ သုံးကြိမ်တိုင် ကယ်တင်ပေးဖို့တော့ ငါ လုပ်ပေးခဲ့မယ်။ တကယ်တော့ ထာဝရတည်မြဲတဲ့ ကံကောင်းခြင်းဆိုတာ မရှိလေဘူး။ ဓားကို မသာမာတဲ့ ရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ်၊ အခွင့်အရေးတစ်ခု လိုချင်လို့ပဲဖြစ်ဖြစ် အသုံးမပြုနိုင်အောင် ဒီဘိုးဘေးခန်းမထဲကနေ ဒီဓားကို အပြင်ဘက်ယူသွားခွင့်ရှိမှာ မဟုတ်ဘူး။ မဟုတ်ရင် ဒီဓားဟာ ပျောက်ကွယ်သွားလိမ့်မယ်။ နောင်နှစ်ပေါင်းများစွာထိ ဟန်မျိုးနွယ် ဩဇာအာဏာရှိရှိနဲ့ နေနိုင်အောင် ဒီဓားကို အသုံးပြုနိုင်ဖို့ ငါ မျှော်လင့်ပါတယ်။ တကယ်တော့ ဟန်မျိုးနွယ်ဟာ သာမန်သာမည မျိုးနွယ်စု ဖြစ်သွားခဲ့ရင်လည်း ဆိုးရွားတဲ့အရာတွေ ဖြစ်လာတော့မှာ မဟုတ်ပါဘူးလေ…”

ထိုသို့ပြောပြီးနောက် ဟန်လိက ဓားနှင့်ကျောက်စိမ်းပြားကို ပညာရှိအသွင်နှင့်လူထံ လွှဲပြောင်းပေးလိုက်သည်။

ပညာရှိအသွင်နှင့်လူက ထပ်တလဲလဲ ကျေးဇူးစကားဆိုပြီး ဦးညွှတ်ကာ လက်ခံသည်။ သူက ၎င်းတို့ကို အမှတ်တရကျောက်ပြားများတင်ထားသောစားပွဲအလယ်၌ သေချာနေရာချထားပြီး ဟန်လိထံမှ ထပ်မံပြောကြားလာမည့် ညွှန်ကြားချက်များကို စောင့်ဆိုင်းနေလေသည်။

ဟန်လိသည် သူ့မျိုးနွယ်မှမျိုးဆက်သစ်ဖြစ်သူ ပညာရှိအသွင်နှင့်လူ၏ အကင်းပါးနားမှုအပေါ် အတော်လေးကျေနပ်မိသည်ဟု ဆိုရမည်။ သူက ခဏစဉ်းစားပြီးနောက် အဝါရောင်ဆေးပုလင်းနှစ်လုံးကို ထုတ်ယူကာ ပညာရှိအသွင်နှင့်လူရယ်၊ သိုင်းသမားလီရယ်တို့ကို ပေးလိုက်သည်။ သူက ပြုံး၍ ပြောလာသည်။

“ဒီဆေးလုံးနှစ်လုံးကို ဟန်နဲ့လီမျိုးနွယ်စုတို့အတွက် ငါ ချန်ထားပေးခဲ့မယ်။ မင်းတို့က ငါ့ရဲ့ဂျူနီယာတွေ ဖြစ်ပြီး ငါ့ကိုယ်လည်း ကြီးမြတ်တဲ့ဦးလေးအဖြစ် အသိအမှတ်ပြုခဲ့ကြတာဆိုတော့ မင်းတို့နဲ့ငါ့ကြားမှာ ကံမ္မရေစက်ရှိတယ်လို့ သတ်မှတ်နိုင်တယ်။ ဆိုတော့ မင်းတို့အတွက် ချီးမြှင့်မှုတချို့ ငါ ပေးခဲ့မယ်။ ဒီဆေးပုလင်းထဲက ဆေးလုံးတွေဟာ ငါ့အတွက် ဘာအကျိုးအာနိသင်မှ မရှိတော့ဘူးဆိုပေမဲ့ သေမျိုးတွေအတွက်တော့ သက်တမ်းကို ဆွဲဆန့်ပေးနိုင်လိမ့်မယ်။ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းမှုကို ပေးနိုင်လိမ့်မယ်။ ဒီဆေးလုံးတွေကို မင်းတို့ သုံးစွဲလိုက်ရင် မင်းတို့ရဲ့သက်တမ်းဟာ အနည်းဆုံး နှစ်တစ်ရာထိ နေထိုင်ရလိမ့်မယ်...”

“ကျေးဇူးအများကြီးတင်ပါတယ်…ကြီးမြတ်တဲ့ စတုတ္ထဦးလေး…”

“ကျေးဇူးးအများကြီးတင်ပါတယ်…ဦးလေးဟန်…”

ပညာရှိအသွင်နှင့်လူနှင့် သိုင်းသမားလီတို့သည် ထိုစကားကိုကြားသည့်အခါ အကြိမ်ကြိမ်ကျေးဇူးတင်ကြောင်းပြော၍ ဝမ်းမြောက်ဝမ်းသာ လက်ခံယူကြသည်။ သူတို့နှစ်ယောက်လုံးမှာ မျှော်လင့်ထားသည်ထက်ပို၍ ကျေနပ်ပျော်ရွှင်နေကြ၏။

ဟန်လိက ခေါင်းညိတ်၍ ဘေးပတ်ပတ်လည်သို့ တစ်ချက်ကြည့်သည်။ ထို့နောက် သူက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“မင်းတို့နှစ်ယောက်က ငါ့ကို ဘယ်သူဘယ်ဝါမှန်း မျက်မှန်းတန်းမိသွားခဲ့တာဆိုတော့ ငါ့ပုံတူပန်းချီတော့ ဒီမှာ ရှိထားတဲ့ပုံပဲ။ ဒါက ဘိုးဘေးခန်းမဆောင်ဖြစ်တဲ့အတွက် ငါ့အနေနဲ့ ဒါကို တစ်ချက်လောက် ကြည့်ချင်တယ်။ ပြီးတော့ ငါ့ပုံတူပန်းချီကို ဘယ်သူဆွဲခဲ့လဲဆိုတာလည်း သိချင်တယ်…”

ပညာရှိအသွင်နှင့်လူက ချက်ခြင်း တုံ့ပြန်သည်။

“ဒီမှာ တကယ်ပဲ ပုံတူပန်းချီကားတွေ ရှိပါတယ်ခင်ဗျာ။ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ…”

သူက သာမန်နံရံတစ်ခုဟုထင်ရသော နေရာထံ လျှောက်သွားပြီး ၎င်းကို တွန်းလိုက်သည်။ ခပ်သဲ့သဲ့မြည်သံနှင့်အတူ နံရံအစိတ်အပိုင်းတစ်ခုသည် ဘေးတိုက်ရွှေ့သွားပြီး ပိုးသားပုံတူပန်းချီကားခြောက်ခုကို အတွင်းဘက်၌ တွေ့မြင်ရသည်။ ဟန်လိက ရှေ့သို့ကဲ၍ ထိုပန်းချီကားများကို သေချာကြည့်သည်။ သူသည် အသက်ဆယ့်ခုနစ်နှစ်အရွယ်လောက်ရှိမည့် ပြုံးရွှင်နေသောကောင်လေးတစ်ယောက်၏ရုပ်ပုံကို တွေ့မြင်သည်။ ၎င်းမှာ ဟိုးလွန်လေခဲ့ပြီးသောအချိန်က ဟန်လိ၏ရုပ်သွင်ပင်။

ဟန်လိနောက်တွင် ရပ်နေသော ပညာရှိအသွင်နှင့်လူက တိုးညင်းစွာ ရှင်းပြလိုက်၏။

လီမျိုးနွယ်ဘိုးဘေးကနေ ဒီပန်းချီကားကို ကျနော်တို့ဟန်မျိုးနွယ်စု ပေးခဲ့တာပါ။ ဒါပေမဲ့ ဒီပန်းချီကို ဆွဲခဲ့တဲ့သူကတော့ ဘယ်သူမှန်း မသိရပါဘူး…”

ဟန်လိသည် သူ့စကားကို မကြားသည့်အလား။ သူ့အာရုံက ပန်းချီကားထံသို့သာ ကျရောက်နေသည်။ သူ့အကြည့်သည် သားသားနားနားဝတ်ထားသော သူ့အဖေ၏ပုံတူပန်းချီကားထံ ကျရောက်သွားသည်။ ရုပ်ပုံထဲ၌ သူ့အဖေမှာ သူ ရွာက ထွက်သွားခဲ့ချိန်ကထက် ပိုကြီးရင့်နေဟန် ပေါက်သော်လည်း ပျော်ရွှင်နေသည့်ပုံပင်။ ဟန်လိ၏မျက်နှာထက်တွင် ဝမ်းနည်းမှုအရိပ်အယောင် ပေါ်လာသည်။ ထို့နောက် သူ့အကြည့်က အခြားပုံတူပန်းချီကား တစ်ခုချင်းစီပေါ် ကျရောက်သွား၏။

အခြားပုံတူပန်းချီကားများမှာ အဘိုးအိုများအသွင်ပင်။ သူသည် သူတို့၏ပုံထဲရှိ ရုပ်သွင်နှင့် ငယ်ရွယ်စဉ်က သူ့အစ်ကိုများ၏ရုပ်သွင်တို့ကို အပ်စပ်ကြည့်ပြီး သူတို့ကို ပြန်အမှတ်ရသွားမိ၏။ သူသည် နေရာတွင်ရပ်နေရင်း စိတ်ထဲ၌ ခံစားချက်များ ပြည့်နေသည်။

ပညာရှိအသွင်နှင့်လူရယ်၊ သိုင်းသမားလီရယ်ကမူ အလိုက်သိစွာဖြင့် ဆိတ်ဆိတ်သာ နေပေးကြ၏။ အချိန်တစ်ချို့ကြာပြီးနောက် ဟန်လိသည် တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။ အခြားနှစ်ယောက်သည် သူ ပြောသည့်စကားကို ကြားချင်ကြ၏။ သို့သော် သူတို့နှစ်ယောက်ရှေ့၌ မိုးပြာရောင်လင်းလက်ကာ မျက်လုံးပြာထွက်သွားသည်။ သူတို့ ကောင်းကောင်းပြန်ကြည့်ရှုနိုင်သည့်အချိန်တွင်မူ ဟန်လိကို မတွေ့ရတော့ပေ။ ဟန်လိ၏အသံကသာ သူတို့နားထဲ တိုးဝင်လာ၏။

“ငါက ဒီကုန်းမြေမှာ အတော်လေးအစွမ်းထက်တဲ့ အင်မောတယ်တစ်ယောက် ဖြစ်နေပေမဲ့ ငါ့မှာ ကြမ်းကြုတ်ရက်စက်တဲ့ ရန်သူတော်တွေ အများကြီးလည်း ရှိနေတယ်။ ဆိုတော့ ဒီကနေ့ ကိစ္စကို အခြားဘယ်သူ့မှ ပြန်မပြောကြနဲ့။ ဒီကိစ္စသာ မပေါက်ကြား၊ မပျံ့နှံ့ဘူးဆို၊ ရွှေဝါးမြိုခြင်းစိတ်ဝိညာဉ်ဓားကို အပြင်လူတွေ မြင်ခွင့်မပေးဘူးဆို အင်မောတယ်လောကက လူတွေဟာ မင်းတို့ကို သတိထားလည်း ထားမိမှာမဟုတ်သလို အနှောက်အယှက်လည်း ပေးလိမ့်မှာ မဟုတ်ဘူး။ ခု ငါဟာ မဟာတာအိုနဲ့ အင်မောတယ်လမ်းစဉ်နောက်ကို ဆက်ပြီး လိုက်စားတော့မှာ ဖြစ်တယ်။ ဒါကြောင့် ငါ့အနေနဲ့ ဟန်မျိုးနွယ်ရဲ့ အရေးကိစ္စတွေထဲ ဝင်ပါတော့မှာ မဟုတ်ဘူး။ မင်းတို့ ကိုယ့်ဟာကိုယ် ဂရုစိုက်ပါ…”

ပညာရှိအသွင်နှင့်လူ၊ သိုင်းသမားလီတို့မှာ တစ်ယောက်နှင့်တစ်ယောက် အကြောင်သားကြည့်ကာ ကျန်ခဲ့ကြလေ၏။

All Chapters