နေရာခြေရာခံမိခြင်း
Vol. 1 Ch. 195
ကျင်းရှန် နိုင်ငံဘက်မှ တပ်ဖွဲ့သည် ရုပ်ပျက် ဆင်းပျက် ဖြစ်နေလေသည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် ကိုးယောက်မှ ငါးယောက် သေဆုံးပြီး နှစ်ယောက်မှာ ဒဏ်ရာ အပြင်းအထန် ရသွားကြသည်။ ကျန်နှစ်ယောက် သည်လည်း ပွန်းပဲ့ ဒဏ်ရာများ ရကုန်ကြသည်။ ခရမ်းရောင် နန်းတော်ရှင် အဆင့်များ အားလုံးသည် ထိခိုက်ဒဏ်ရာများ ရကုန်ကြပြီး စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အဆင့် တစ်ယောက်က သေရေးရှင်ရေး အချိန်တွင် သူ့အား ဦးတည်၍ ဖိအားပေး တိုက်ခိုက် ခဲ့သောကြောင့် ဆံပင်ပြာနှင့် သခင်လေးသည် ကိုယ်တွင်းအင်္ဂါများ ထိခိုက် သွားခဲ့သည်။
"ဘန်း"
လူတိုင်း မှင်တက် နေကြချိန်တွင် မြေပြင်သည် ရုတ်တရက် ပွင့်ထွက် လာခဲ့သည်။ ကျန်းရီသည် အော်ဟစ်၍ ထွက်ပေါ်လာရာ ကျင်းရှန်နိုင်ငံမှ စစ်သည်တော် များ၏ အာရုံသည် သူ့အပေါ် ရောက်ရှိ လာခဲ့သည်။ ခရမ်းရောင် နန်းတော်ရှင် ဒုတိယ အဆင့်မှ လူငယ်လေး တစ်ယောက်သာ ဖြစ်ကြောင်း သိလိုက်ရသည့် အခါ သူတို့ မျက်နှာများ ထက်တွင် အထင်အမြင် သေးမှုများ ဖြစ်တည် လာခဲ့သည်။ ကျန်းရီသည် အနီးအနားတွင် ပုန်းအောင်း နေ၍ ယခု ထွက်ပြေးရန် ကြိုးစား နေခြင်းဟု သူတို့ ယူဆလိုက်ကြသည်။
သို့သော် ကျန်းရီသည် ထွက်မပြေးရုံ သာမက မြေပေါ်မှ တံဆိပ်ပြား များကို အလျင်အမြန် ကောက်ယူရင်း သူတို့ထံ ပြေးလာ နေခဲ့သည်။ ကျင်းရှန်နိုင်ငံမှ လူများ ဆွံ့အ သွားကြ လေသည်။ သူတို့သည် လူထူးဆန်း များကို မြင်ဖူးသော်လည်း ဤလူလိုမျိုး ကျားပါးစပ်ထဲမှ အစာကို လုရ လောက်အောင် ထူးဆန်းသည့် သူကို မမြင်ဖူးကြပေ။ ခဏလေး အတွင်း သူတို့အားလုံး ဒေါသတကြီး ဖြစ်လာ ကြလေသည်။
"မင်း အသက်ရှင်ရ တာကို ငြီးငွေ့ နေတာပဲ ဖြစ်ရမယ်"
ခရမ်းရောင် နန်းတော်ရှင် အဆင့်မှ လူရှစ်ယောက် ပြေးဝင် လာကြသောကြောင့် ကျန်းရီသည် တံဆိပ်ပြားများ ကောက်နေခြင်းကို ရပ်တန့်လိုက်သည်။ သူသည် မြေပြင်ပေါ် ခြေဆောင့်နင်း၍ လေထဲ ခုန်တက်ကာ အော်ဟစ် လိုက်သည်။
"ငွေလဝံပုလွေ"
အပြာရောင် ဝံပုလွေကြီး ထွက်ပေါ်လာခဲ့ပြီး ကျန်းရီသည် ဝံပုလွေထက် စီးနင်းလိုက်သည်။ သူသည် ဓားတစ်ချောင်း အလား ခရမ်းရောင် နန်းတော်ရှင် အဆင့် လူရှစ်ယောက်ကို ရှောင်ကွင်းကာ ဆံပင်ပြာနှင့် သခင်လေးထံ ဦးတည်လိုက်သည်။
"ငွေလဝံပုလွေ ... ခေါင်းဆောင်ငယ် ... ဂရုစိုက်"
အသက်ရှင် ကျန်ရစ်သူ စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် လေးယောက်သည် မျက်နှာများ ပျက်သွားကြသည်။ ဒဏ်ရာ မရထားသော လူနှစ်ယောက်သည် ဆံပင်ပြာနှင့် သခင်လေးထံ ချက်ချင်း ပျံသန်း လာကြလေသည်။ ဒဏ်ရာ အပြင်းအထန် ရထားသူ နှစ်ယောက်သည် အတွင်းအားဖြင့် ဆေဘာ ဓားချက် နှစ်ခုကို ထုတ်ဖော် လိုက်ကြလေသည်။
ငွေလဝံပုလွေ ခုန်လိုက် …
ကျန်းရီသည် ထိုလူ လေးယောက်အား မပြတ် အကဲခတ် နေခဲ့သည်။ ထိုလေးယောက် လှုပ်ရှား လာသည်နှင့် ငွေလဝံပုလွေအား စိတ်ဖြင့် ချက်ချင်း အမိန့်ပေး လိုက်သည်။ ငွေလ ဝံပုလွေသည် ခြေလေးချောင်းအား မြေပြင်တွင် နစ်သွားသည် အထိ အားယူ၍ မြင့်မြင့်ခုန်ကာ ဆေဘာ ဓားအလင်း နှစ်ချက်ကို လွယ်ကူစွာ ရှောင်တိမ်း လိုက်နိုင်သည်။
ကွေ့လိုက် …
ငွေလ ဝံပုလွေကြီး မြေပြင်ပေါ် ပြန်ရောက်သည်နှင့် ကျန်းရီသည် ဘေးဘက်သို့ သွားရန် ထိန်းချုပ် လိုက်သည်။ နတ်ဘုရား သတ်ဖြတ်ခြင်း လေးသည် သူ့လက်ထဲတွင် ပေါ်ထွက် လာခဲ့ပြီး ဒဏ်ရာ အပြင်းအထန် ရထားသော စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် တစ်ဦးထံ မြားခုနစ်ချောင်းကို လျင်မြန်စွာ ပစ်လွှတ်လိုက်သည်။
ငွေလ ဝံပုလွေကြီးသည် မြန်ဆန် လွန်းသည်။ သို့သော် နတ်ဘုရား သတ်ဖြတ်ခြင်း မြားများက ပို၍ မြန်ဆန်လေသည်။ အနက်ရောင် အလင်းများစွာ ပျံသန်း သွားခဲ့ပြီး စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်လူ၏ ကိုယ်အား စိုက်ဝင် သွားကြလေသည်။ အစကတည်းက သွေးလွှမ်းနေသော ကိုယ်သည် အမူအရာပါ ကင်းမဲ့ သွားခဲ့သည်။ ထိုလူ သေဆုံး သွားခဲ့လေပြီ။
"ဝူထျန်း ... နတ်ဘုရား သတ်ဖြတ်ခြင်း မြား"
"သေစမ်း"
ပွန်းပဲ့ရာ အနည်းငယ်သာ ရထားသော စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် နှစ်ယောက်သည် ဆံပင်ပြာနှင့် သခင်လေး၏ ဘေးသို့ ရောက်နေကြပြီ ဖြစ်လေသည်။ ကျန်းရီသည် သူတို့ အဖွဲ့ဝင် တစ်ဦးအား သတ်လိုက်သည်ကို တွေ့သော အခါ ဒေါသတကြီး ဖြစ်သွားကြသည်။ တစ်ယောက်သည် သခင်လေးကို ကာကွယ်ရန် နေရစ်၍ အခြား တစ်ယောက်သည် ပြေးထွက်လာကာ အတွင်းအားများ ထုတ်ဖော်၍ ဆေဘာ ဓားအလင်း နှစ်ချက်ကို ပစ်လွှတ်လိုက်သည်။
လခြမ်းကွေးပုံ ဓားအလင်း နှစ်ချက်သည် ကျန်းရီထံ ပျံသန်း လာခဲ့သည်။ တစ်ဖက်တွင် ခြေတစ်ဖက် ကျိုးနေခဲ့သော စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်သည် သူ့ခန္ဓာကိုယ် အခြေအနေအား ဂရုမစိုက်ပါပဲ ငွေလ ဝံပုလွေထံ လက်ညှိုးဖြင့် အတွင်းအား တစ်ချက် ပစ်ထုတ်လိုက်သည်။
ငွေလ ဝံပုလွေ … ဘယ်ဘက်ကို ကွေ့လိုက် …
ကျန်းရီ၏ စိတ်သည် နောက်မှလာသော လခြမ်းကွေးပုံ ဓားအလင်း နှစ်ချက်တွင် အာရုံ ရောက်နေ၍ ငွေလ ဝံပုလွေအား အမြန်ဆုံးနှုန်းနှင့် ရှောင်တိမ်း စေလိုက်သည်။ ငွေလ ဝံပုလွေသည် ပြန်လှည့် လိုက်သော အခါ သူ့မျက်လုံးများ ပြူးကျယ် သွားခဲ့သည်။ လက်ညှိုးမှ ထုတ်ဖော် လိုက်သော အတွင်းအား တစ်စသည် သူတို့ထံ ရောက်ရှိ လာတော့မည်။ ငွေလ ဝံပုလွေသည် ရှောင်တိမ်းရန် အချိန် မရှိတော့ရာ ၎င်း၏ ကိုယ်ပေါ် အတွင်းအား ကျဆင်း လုဆဲဆဲ ဖြစ်သွားခဲ့သည်။
ငွေလ ဝံပုလွေသာ ထိခိုက်ဒဏ်ရာ ရခြင်း၊ သေခြင်းတို့ ဖြစ်သွားခဲ့လျှင် သူ့လက်ရှိ အမြန်နှုန်းနှင့် ထွက်ပြေးနိုင်မည် မဟုတ်ပေ။ သေခြင်းတရား ကသာ သူ့အား ဆီးကြို နေလိမ့်မည်။
"ကောင်းကင် နတ်ဆိုး ပိုးချည်"
သူ့စိတ်ထဲမှ အကြံတစ်ခု ရလာကာ အော်ဟစ် လိုက်သည်။ ကောင်းကင် နတ်ဆိုး ပိုးချည်သည် ကောင်းကင်အဆင့် ဖြစ်ပြီး လျှိုလောင်နှင့် ကျိလောင်၏ အတွင်းအားများ ကပင် ၎င်းအား ထိခိုက်အောင် မလုပ်နိုင်ပေ။ အဲဒါက ဒီတိုက်ခိုက်မှုကို တားဆီး နိုင်လောက်တယ် မလား …
"ဘန်း"
သူမှန်သွားခဲ့သည် …
ကောင်းကင် နတ်ဆိုး ပိုးချည်သည် လျှပ်စီး အလျင်နှင့် ပျံသန်း သွားခဲ့ပြီး ငွေလ ဝံပုလွေ၏ ရှေ့တွင် ကာဆီး ထားလိုက်လေသည်။ အတွင်းအား တိုက်ခိုက်မှုသည် ကောင်းကင် နတ်ဆိုး ပိုးချည်ထက် ကျရောက် သွားပြီးနောက် ရေပြင်ပေါ် ထိုးလိုက်သော လက်သီးအလား ကောင်းကင် နတ်ဆိုး ပိုးချည်သည် အဖြူရောင် အလင်းတစ်ချက်သာ လက်သွားခဲ့ပြီး မည်သည်မှ ဆက်မဖြစ်တော့ပေ။
"ဟား … ဟား ... ဟား"
ကျန်းရီ တစ်ယောက် ဝမ်းသာအားရ အော်ရယ် လိုက်သည်။ ကောင်းကင် နတ်ဆိုး ပိုးချည်သည် ရန်သူကို ချုပ်နှောင် နိုင်ရုံသာမက အကာအကွယ် ပစ္စည်း အဖြစ်လည်း သုံး၍ ရသေးသည်။ ကောင်းကင် နတ်ဆိုး ပိုးချည် ရှိနေသရွေ့ သူသည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များ၏ အတွင်းအား တိုက်ခိုက်မှုကို မှုစရာ မလိုတော့ပေ။
"ဝှစ်"
ကျန်းရီသည် ငွေလဝံပုလွေကို ထိန်းချူပ်ကာ အရှိန်နှင့် ပြေးလွှား စေလိုက်သည်။ ငွေလ ဝံပုလွေကြီးသည် မြန်ဆန်လွန်းရာ ခရမ်းရောင် နန်းတော်ရှင် အဆင့်များသည် အရိပ်တစ်ရိပ် ဖြတ်သွားသည် ကိုသာ မြင်လိုက် ရလေသည်။ သူတို့ လက်နက်များနှင့် မတိုက်ခိုက်ရ သေးခင် ငွေလ ဝံပုလွေသည် သူတို့အား ကျော်ဖြတ် သွားပေပြီ။
ကျန်းရီသည် ငွေလ ဝံပုလွေအား ထိုလူများကို ပတ်ပြေးရန် ထိန်းချုပ်ကာ နတ်ဘုရား သတ်ဖြတ်ခြင်း မြားများဖြင့် ရန်သူ၏ ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်များကို ပစ်သတ် နေလေသည်။ ကျန်းရီသည် လူတစ်စုက ဝိုင်း၍ ကာကွယ် ထားသော ခြေတစ်ဖက် ကျိုးနေသည့် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်လူအား ပစ်မရသောကြောင့် ကြိတ်မနိုင် ခဲမရ ဖြစ်နေလေသည်။
သူ့နောက်မှ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်သည် ဆေဘာ ဓားချက်များကို ဆက်တိုက် ထုတ်ဖော်၍ ဓားအလင်းများ ပစ်လွှတ် နေလေသည်။ ကျန်းရီသည် ငွေလ ဝံပုလွေကို နောက်ပြန် လှည့်ခိုင်းရန် စိတ်ကူး မရှိသေးရာ ကောင်းကင် နတ်ဆိုး ပိုးချည်အား ဓားအလင်း များကို တားဆီး ခိုင်းထား လိုက်လေသည်။ ဆေဘာ ဓားအလင်းနှင့် ကောင်းကင် နတ်ဆိုး ပိုးချည်တို့ ထိတွေ့ သွားကြတိုင်း ရေပြင်ကို လက်သီးနှင့် ထိုးသည့်အလား ကောင်းကင် နတ်ဆိုး ပိုးချည်သည် အဖြူရောင် အလင်းတစ်ချက်သာ လက်သွားပြီး အနည်းငယ် တုန်ခါ သွားရုံသာ ရှိလေသည်။
အချိန် အနည်းငယ် ကြာသွားပြီးနောက် ခြေကျိုးနေသော စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်သည် အတွင်းအားများ မပစ်လွှတ်ရဲတော့ ပါချေ။ ကျန်းရီသည် ငွေလ ဝံပုလွေကြီးကို ခရမ်းရောင် နန်းတော်ရှင် အဆင့်များ အကြား လှည့်ပတ် ပြေးခိုင်း နေခဲ့သည်။ သူတို့ လူများသည် နေရာတိုင်း၌ ရှိနေရာ ကိုယ့်လူကိုယ် မတော်တဆ သတ်မိ သွားနိုင်လေသည်။
"အားလုံး ငါ့အနား လာခဲ့ကြ ... ဝုကန်း ... မင်းငါ့ကို ကာကွယ် မနေနဲ့တော့ ... လနတ်ဆိုး ဓားသွားကို သုံးပြီး အဲဒီကောင်ကိုသတ်"
ဆံပင်ပြာနှင့် လူငယ်လေးက အမိန့်ပေးလိုက်ရာ လူတိုင်း တုန်လှုပ် သွားကြသည်။ သူတို့သည် ကျန်းရီအား ပြေးလိုက် နေခြင်းကို ရပ်တန့်လိုက်ကာ အနှီသခင်လေးထံ ပြေးသွားကြသည်။ ဆံပင်ပြာနှင့် သခင်လေးအား ကာကွယ် ပေးနေသည့် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်သည် အံကြိတ်၍ လနတ်ဆိုး ဓားသွားကို ယူကာ ပြေးလာခဲ့သည်။
သူ လှုပ်ရှားလိုက်ရုံပင် ရှိသေး သူ့ကိုယ်သည် ချက်ချင်း နောက်ဆုတ် လိုက်မိသည်။ ကျန်းရီသည် သူ့ထံသို့ ပြေးလာသော စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်အား ကောင်းကင် နတ်ဆိုး ပိုးချည်ဖြင့် ချည်နှောင်ရန် လုပ်လိုက်ခြင်းကြောင့် ဖြစ်လေသည်။
လူတိုင်းသည် နောက်ဆုတ် သွားကြပြီး ထိုလူတစ်ယောက်သာ သူ့ထံ ပြေးလာနေရာ သူသည် အားနာ မနေတော့ပေ။ သူသည် ငွေလ ဝံပုလွေအား ထိုလူထံ ဦးတည် ခိုင်းလိုက်ကာ လူသား ဖက်ထုပ် အဖြစ် ချည်နှောင် ခိုင်းလိုက်လေသည်။ ထိုလူတွင် ဓားရှည်တစ်ချောင်း ရှိသော်လည်း ကောင်းကင်အဆင့် မဟုတ်ရာ ပိုးချည်အား မထိခိုက်စေနိုင်ပေ။
"ဝှစ်"
ငွေလ ဝံပုလွေကြီးသည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်ထံ ချဉ်းကပ် သွားခဲ့ပြီး ဆယ်ကီလိုမီတာခန့် အဝေးသို့ ရောက်သော အခါ ကျန်းရီသည် ရုတ်တရက် ငွေလဝံပုလွေ ထက်မှ ခုန်ဆင်း လိုက်သည်။ ငွေလ ဝံပုလွေကြီး ပျောက်ကွယ် သွားခဲ့ပြီး ကောင်းကင် နတ်ဆိုး ပိုးချည် သည်လည်း မီးဝိညာဉ် ပုလဲအတွင်း ပြန်ရောက် သွားခဲ့လေပြီ။
"အမ်"
ထိုစိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်သည် ဘေးပတ်လည်ကို ကြည့်၍ ရုတ်တရက် ပျောက်ကွယ် သွားသော ကောင်းကင် နတ်ဆိုး ပိုးချည်ကို ကြောင်တက်တက် အမူအရာနှင့် လိုက်ရှာ နေလေသည်။ သူသည် တစ်ကိုယ်လုံး မီးတောက်များ လွှမ်းလျက် သူ့ထံ ပြေးလာနေသော ကျန်းရီအား မြင်လိုက်ရသော အခါ သူ့ကြောင်တောင်တောင် အမူအရာသည် ထိတ်လန့် သွားသော အမူအရာ အဖြစ် ပြောင်းလဲ သွားခဲ့သည်။ ထိုလူသည် မတိုက်ခိုက်ရ သေးမီ မီးတောက်များ၏ ဝါးမျိုခြင်း ခံလိုက် ရလေသည်။
"ပြေး"
အပြာရောင် ဆံပင်နှင့် သခင်လေး အနားမှ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်သည် ပြာဖြစ်သွားသော သူ့အဖွဲ့သားအား တွေ့လိုက်ရသော အခါ သခင်လေးကို လက်တစ်ဖက်မှ ဆွဲမ၍ လျင်မြန်စွာ နောက်ဆုတ် တော့သည်။
ကျန်လူတစ်ရာကျော် သည်လည်း ထွက်ပြေး ကြတော့သည်။ သူတို့သည် တစ်ဖက်တည်းသို့ မပြေးဘဲ အဘက်ဘက်သို့ လူခွဲ၍ ပြေးကြလေသည်။ ခြေကျိုး နေသူအားလည်း သယ်ဆောင် သွားကြသည်။
"လိုက်"
ကျန်းရီသည် ငွေလ ဝံပုလွေကို ဆင့်ခေါ်ပြီး ပြေးလိုက်သော်လည်း ဆံပင်ပြာနှင့် သခင်လေးနောက် ပြေးမလိုက် သွားတော့ပေ။ သူ့ဘေးတွင် ရှိနေသော စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်တွင် လနတ်ဆိုး ဓားသွား ရှိနေသည်။ သူသည် ကောင်းကင် နတ်ဆိုးပိုးချည် ပျက်စီး သွားမည်ကို စိုးရိမ်သောကြောင့် အခြားလူများ နောက်သို့သာ လိုက်လံ သတ်ဖြတ်လေသည်။ ထို့နောက် သူသည် အလျင်အမြန် ပြန်လာ၍ တိုက်ပွဲမှ ကျန်ရစ်သော ပစ္စည်းများ၊ တံဆိပ်ပြား များကို သိမ်းဆည်း နေလေသည်။
"အမ် ... ဒါကဘာလဲ"
သူတံဆိပ်ပြား များကို သိမ်းဆည်းပြီးသော အခါ မည်းတူး နေသော ပိုးကောင် သေးသေးလေး များကို တွေ့လိုက် ရသောကြောင့် အံ့အား သင့်သွား ခဲ့လေသည်။ သူသံသယ ဝင်လာ၍ မျက်တောင် တခတ်ခတ် ဖြစ်သွားခဲ့သည်။ ပိုးကောင်များသည် အစိမ်းရောင် အငွေ့များ ထွက်နေ၍ ကမ္ဘာ့မီးလျှံ များနှင့် လောင်ကျွမ်း ခံထားသည်မှာ ထင်ရှားလေသည်။
ပြဿနာသည် ကမ္ဘာ့မီးလျှံ များသည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် တစ်ယောက်ကိုတောင် ပြာဖြစ်သွားသည် အထိ လောင်ကျွမ်း စေနိုင်သော်လည်း အနှီပိုးကောင် များသည် မည်းရုံသာ မည်းသွားခဲ့သည်။ ထို့ပြင် သူသည် ထိုပိုးကောင်များကို စောစောက မမြင်မိပဲ ယခုမှသာ တွေ့ခြင်း ဖြစ်လေသည်။ သူသည် မည်သည့် မှော်ဆရာကိုမှ မတွေ့မိပေ။ အန်းနီ၏ လူများတွင်လည်း မှော်ပညာ တတ်မြောက် ထားသူ မရှိပေ။
"မှော်ဆရာ"
ထိုအကြောင်းကို စဉ်းစားမိသော အခါ ကျန်းရီ၏ကိုယ် ဆတ်ခနဲ ဖြစ်သွား ခဲ့သည်။ သူ့မျက်လုံးများ ကျဉ်းမြောင်း သွားခဲ့ပြီး မြေပေါ်မှ တံဆိပ်ပြားများကို အမြန် သိမ်းဆည်း လိုက်ကာ အော်ဟစ် လိုက်သည်။
"ကမ္ဘာ့မီးလျှံ ... ထွက်လာခဲ့"
"ဟူး … ဟူး"
မီးဝိညာဉ် ပုလဲတွင်းမှ ကမ္ဘာ့မီးလျှံများ ထွက်ပေါ်လာခဲ့ပြီး ကျန်းရီသည် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ သူ့အနီးမှ ပိုးကောင် နှစ်ကောင် ထပ်ပေါ် လာခဲ့ပြီး မည်းတူး သွားခဲ့လေသည်။
"မမြင်ရတဲ့ ပိုးကောင်တွေ ... တစ်ယောက်ယောက် ငါ့ကို ခြေရာခံ နေတာလား ... မှော်ဆရာ တစ်ယောက် ယောက်လား"
ကျန်းရီသည် ထိုအကြောင်းကို တွေးမိသော အခါ မျက်နှာ ပျက်သွားခဲ့သည်။ ထိုမှော်ဆရာ၏ စုန်းအတတ်သည် ထူးဆန်း လွန်းလှသည်။ ကမ္ဘာ့မီးလျှံများ ကြောင့်သာ မဟုတ်လျှင် သူ ထိုပိုးကောင် များကို သတိထားမိမည် မဟုတ်ဘဲ သေသွားလျှင်တောင် ဘာမှ သိလိုက်မည် မဟုတ်ပေ။
"ပြေးတော့"
ကျန်းရီသည် ငွေလ ဝံပုလွေကြီးကို ဆင့်ခေါ်၍ လျင်မြန်စွာ ပြေးတော့သည်။ ကီလိုမီတာ ရာပေါင်းများစွာ ရောက်သည် အထိ မိနစ် သုံးဆယ်ကျော် ပြေးပြီးနောက် သူ ကမ္ဘာ့မီးလျှံအား ထုတ်ဖော် ကြည့်သောအခါ နောက်ထပ် ည်းတူးနေသော ပိုးကောင် နှစ်ကောင်အား တွေ့လိုက် ရပြန်သည်။
သူ့တည်နေရာအား ယွင်ဟဲ၏ ရှေးဟောင်း မျိုးနွယ် အဆိပ်ရှိ ပိုးစိမ်းကောင် များက ခြေရာ ခံမိသွားလေပြီ။
***