အသက်ထက် ပိုအရေးကြီးတာ မရှိဘူး
Vol. 6 Ch. 65
စုန့်ဝမ် အလောင်းချီ စုစည်းတဲ့အော်ရာကို ဆေးခန်းမအစောင့်တွေပါ သတိထားမိသွားတယ်။ ချီစုစည်းခြင်း တတိယအဆင့်တပည့်က ဆေးခန်းမရှေ့ ပမာမခန့် လာလုပ်တာလား တွေးမိပြီး သတိပေးဖို့ ပြင်ပေမယ့် သေချာကြည့်တော့မှ သူ့ရှေ့က စီနီယာတပည့်ကို ရင်ဆိုင်နေတာ သတိထားမိလို့ ကိုယ်ရှိန်သတ်လိုက်ကြတယ်။ ဆေးခန်းမကို ရန်မပြုရင် ဂိုဏ်းသားချင်း သတ်ကြလည်း ဝင်ပါစရာမှ မလိုတာ။
ကောထောင်က စုန့်ဝမ် သတိရှိရှိ ပြင်ဆင်နေတာနဲ့ အစောင့်တွေ စောင့်ကြည့်နေတာ ရိပ်မိလို့ ချီစုစည်းလည်ပတ်တာတောင် မလုပ်ဘဲ အေးအေးဆေးဆေးပဲ စကားစလာတယ်။
“ဂိုဏ်းတူညီလေး၊ စိတ်မပူပါနဲ့။ ငါ မင်းကို အန္တရာယ်ပြုဖို့ စိတ်ကူးမရှိဘူး။ မင်းကို လက်ဖျားနဲ့တောင် မထိဘူး၊ စိတ်ချ”
ကောထောင်က ကောင်းကောင်းမွန်မွန် ပြောနေပေမယ့် စုန့်ဝမ်က စိတ်မအေးနိုင်သေးဘူး။ ကောထောင်က ရုတ်တရက် တိုက်ခိုက်ရင် ဒုက္ခရောက်သွားနိုင်တယ် မဟုတ်လား။ ကောထောင်က သူ့ကို သတ်၊ သူက ယန်မျိုးနွယ်ဆီက လာဘ်ယူပါတယ် စွပ်စွဲတိုင်ကြားပြီး ကိုယ်လွတ်ရုန်းသွားရင် ဘာမှ တတ်နိုင်မှာ မဟုတ်ဘူးလေ။
ကောထောင်ကလည်း စိတ်ချရတဲ့အနေအထား မဟုတ်ရင် စုန့်ဝမ်နဲ့ စကားပြောလို့ရမှာ မဟုတ်မှန်း ရိပ်မိတယ်။
“ဆေးဝါးခန်းမဆောင် ပင်မခန်းမမှာ ထိန်းချုပ်ကန့်သတ်အစီအရင် တပ်ဆင်ထားတယ်။ အဲဒီမှာ စကားပြောကြမလား”
တပည့်လက်စွဲစာအုပ်မှာ အဲဒီအစီအရင်အကြောင်း ပါဝင်လို့ စုန့်ဝမ် သိတယ်။ ဒီအစီအရင်က ရွှေအမြုတေနယ်ပယ်အောက် ကျင့်ကြံသူကို ဖိနှိပ်ကန့်သတ်နိုင်တယ်။ ချီစုစည်းခြင်းနဲ့ အခြေတည်အဆင့် ကျင့်ကြံသူတွေ ပင်မခန်းမထဲရောက်ရင် ချီစွမ်းအင် သုံးမရသလို၊ မှောင်အဆောင်နဲ့ ဝိညာဥ်လက်နက်တွေပါ အသက်မသွင်းနိုင်ဘဲ ကာယခွန်အားသက်သက်ပဲ အသုံးချနိုင်တယ်။
ပင်မခန်းမထဲဆိုရင် ကောထောင် တိုက်ခိုက်မှာ စိုးရိမ်ဖို့ မလိုဘူး။
“ကောင်းပြီလေ၊ ဒါပေမယ့် ဂိုဏ်းတူအကို အရင်ဝင်ရမယ်”
“ရတယ်လေ၊ ငါအရင်ဝင်နှင့်မယ်”
ပြောပြီးတာနဲ့ ကောထောင်က တပည့်တံဆိပ်နဲ့ တာဝန်တံဆိပ် ထုတ်ပြီပြီး ဆေးခန်းမဆောင် ပင်မခန်းမထဲ ဝင်သွားတယ်။
စုန့်ဝမ်က ကောထောင်ကို စောင့်ကြည့်ပြီး ဝင်သွားတာ မြင်တော့မှ အစောင့်တွေကို တပည့်တံဆိပ်နဲ့ တာဝန်တံဆိပ် ထုတ်ပြလိုက်တယ်။
“ဂိုဏ်းတူအကို၊ ကျနော်က အပြင်စည်းတပည့်ကျိယင်ပါ။ အကြီးအကဲရှန် အမိန့်အရ ယန်မျိုးနွယ်ရဲ့ အဆိပ်ငွေ့ရွံ့နွံတောမှာ သက်တံမြက်စာရင်း စစ်ဆေးဖို့ သွားခဲ့ပါတယ်။ အခု တာဝန်ပြီးဆုံးပြီး အစီရင်ခံတင်ပြဖို့ ပြန်လာကြောင်း သတင်းပို့ပေးပါ”
အစောင့်ခေါင်းဆောင်က ခေါင်းညိမ့်ပြရင်း စုန့်ဝမ်ရဲ့ တံဆိပ်တွေ စစ်ဆေးပြီးတာနဲ့ ဝင်ခွင့်ပြုလိုက်တယ်။
ခြံဝင်းထဲ ရောက်တာနဲ့ စုန့်ဝမ် ပင်မခန်းမဆီ တန်းသွားခဲ့တယ်။ ဖွင့်ခါစဆိုတော့ ဆေးခန်းမထဲ လူသိပ်မစည်သေးဘူး။ နည်းနည်းပဲ ရှိသေးတယ်။ ကောထောင်က လူသူရှင်းတဲ့ ခန်းမထောင့်မှာ ရပ်စောင့်နေတယ်။
စုန့်ဝမ် လိုက်လာပြီး သူ့ဆီလျှောက်လာတော့မှ ကောထောင် သက်ပြင်းချနိုင်တော့တယ်။ ဂိုဏ်းထဲ လှုပ်ရှားရတာ အန္တရာယ် ကြီးမားပေမယ့်၊ လက်ရှိအခြေအနေမှာ ယန်မျိုးနွယ်က သားသတ်သမားရှေ့ လည်စင်းပေးထားရသလို ဖြစ်နေတော့ တခြားရွေးချယ်စရာ မရှိဘူး။ စုန့်ဝမ် အနားရောက်တာနဲ့ ကောထောင်က တတ်နိုင်သမျှ အသံနှိမ့်ပြီး အလျင်စလို ပြောတယ်။
“ညီလေးကျိယင်၊ တစ္ဆေသုံးပြောတာ မယုံပါနဲ့။ ယန်မျိုးနွယ်က ဘယ်တုန်းကမှ ဂိုဏ်းအပေါ် သစ္စာမဖောက်ခဲ့ဘူး”
စုန့်ဝမ် မဲ့ပြုံးပြုံးလိုက်မိတယ်။
“ဟုတ်လို့လား၊ ကျနော်တော့ အဲဒီလို မထင်ဘူး။ တစ္ဆေသုံး ပြောတာ အမှန်လို့ ထင်တယ်”
စုန့်ဝမ် ခပ်တည်တည်ပဲ ပြန်ပြောလိုက်တယ်။ ပင်မခန်းမထဲ ဝင်လာတည်းက ဖိအားတစ်ခုကြောင့် သူ့ချီစွမ်းအင် မလည်ပတ်နိုင်တာ သိလိုက်တယ်။ စမ်းကြည့်ပေမယ့် ဘယ်ကျင့်ကြံမှုနည်းစနစ်မှ အသက်သွင်းလို့ မရတော့ဘူး။ ကောထောင်လည်း ကျင့်ကြံမှုခွန်အား ထုတ်သုံးနိုင်မှာ မဟုတ်လို့ စိုးရိမ်နေစရာ မလိုတော့ဘူး။
အခြေအနေအရ လှည့်ဖျားစည်းရုံးဖို့ မဖြစ်နိုင်တဲ့အဆုံး ကောထောင်လည်း ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဖို့ ဆုံးဖြတ်လိုက်တယ်။
“ငါ့ညီ စဥ်းစားနော်၊ ယန်မျိုးနွယ်ကို စော်ကားရင် မင်းအတွက် ဘာမှအကျိုးရှိမှာ မဟုတ်ဘူး”
“မစော်ကားလည်း အကျိုးရှိမှာမှ မဟုတ်တာ။ ဂိုဏ်းကို အစီရင်ခံဖို့ ပြန်လာတော့ လမ်းမှာ ယန်မျိုးနွယ် ၆ ယောက် လိုက်သတ်တာ ခံရတယ်လေ”
အခြေအနေ ပိုဆိုးလာလို့ ကောထောင် လန့်သွားတယ်။ အသက်တောင် ခြိမ်းခြောက်ပြီးမှတော့ လွယ်လွယ်နဲ့ ညှိနှိုင်းလို့ ရတော့မယ် မထင်ဘူး။
“အဲဒါ နားလည်မှု လွဲတာပါ။ ယန်မျိုးနွယ်က ညီလေးကို တစ္ဆေသုံးနဲ့ အဆက်အသွယ် ရှိတယ်လို့ အထင်မှားခဲ့ကြတာ။ ဒါပေမယ့် ငါ့ညီ မထိခိုက်ခဲ့ဘူးမလား။ ကျေးဇူးပြုပြီး ဒီတစ်ကြိမ်တော့ ယန်မိသားစုကို မျက်နှာသာပေးဖို့ မျှော်လင့်ပါတယ်”
ဟား ဟား .. မျက်နှာသာပေးရမယ် ဟုတ်လား။ ကျနော့်မှာ အသက်ကယ်ရတနာတစ်ခု မရှိခဲ့ရင် ခုထိ အသက်ရှင်မှာ မဟုတ်ဘူး”
ကောထောင် သက်ပြင်းချလိုက်တယ်။ အသက်အန္တရာယ် ပြုပြီးပြီဆိုတော့ တန်ကြေးက ကြီးမားသွားပြီ။
“ကောင်းပြီ၊ ယန်မိသားစုက လျော်ကြေးပေးရင်ရော၊ ဝိညာဥ်ကျောက်တစ်ထောင်ကွာ”
စုန့်ဝမ်က ပြန်မဖြေဘဲ ငြိမ်နေလို့ ကောထောင် စျေးတိုးပေးတယ်။
“နည်းလို့လား၊ သုံးထောင်ဆိုရင်ရော”
စုန့်ဝမ်
“….”
ကောထောင် သက်ပြင်းချလိုက်တယ်။
“ဝိညာဥ်ကျောက် ငါးထောင်ကွာ”
စုန့်ဝမ် မနေနိုင်တော့ဘဲ သူသိချင်တာ ဗြောင်ဖွင့်မေးလာတယ်။
“နေပါဦးရေ ကျနော် သိချင်တာ အကိုကောက ယန်မိသားစုနဲ့ ဘယ်လိုပတ်သတ်နေလို့ သူတို့အတွက် ဒီလောက်ထိ လုပ်ပေးနေတာလဲ”
စုန့်ဝမ် တကယ်သိချင်နေတာ။ ကောထောင်က ယန်မျိုးနွယ်ဆိုတာ သူမသိဘူး၊ သူထင်တာက ဘယ်လောက်တန်ဖိုးကြီးကြီး ရထားလို့ လုပ်ပေးနေတာလဲပေါ့။ တကယ်ဆို ဂိုဏ်းကို အမှန်အတိုင်း သတင်းပို့ပြီး ရှောင်ထွက်လို့ ရတယ် မဟုတ်လား။ အသက်နဲ့ ရင်းရလောက်အောင် ဘာတွေရထားလို့လဲ။
ကောထောင် မျက်နှာတစ်ချက်ပျက်သွားပေမယ့် ဟန်မပျက် ပြန်ထိန်းလိုက်တယ်။
“ငါက ယန်မိသားစုနဲ့ ဘယ်လိုပတ်သတ်ရမှာလဲ။ ကြားဝင်ညှိပေးရုံပါ။ မင်းနဲ့ ယန်မိသားစုကြား ဆက်ဆံရေးက နည်းနည်းရှုပ်ထွေးနေပြီ။ အားလုံးက အလောင်းနတ်ဆိုးဂိုဏ်းကပဲ မဟုတ်လား။ တစ်ယောက်နဲ့ တစ်ယောက် ဆန့်ကျင်ဖို့ မလိုပါဘူး။ ကဲ .. ဝိညာဥ်ကျောက်ငါးထောင်ဆိုရင် ကျေနပ်မလား။ ဒီပမာဏက မင်းအတွက် ချီစုစည်းခြင်း အထွတ်အထိပ်ရောက်ဖို့ထိ လုံလောက်တယ်”
စုန့်ဝမ် ပခုံးတွန့်ပြလိုက်တယ်။
“အကြီးအကဲတွေ သိသွားရင် သေဒဏ်ကျမှာ၊ ငါးထောင်နဲ့တော့ …”
စုန့်ဝမ် ဆက်မပြောဘဲ ရပ်ပြီး ဟန်ပါပါ ကြည့်လိုက်တယ်။ သူက ကောထောင်လည်း မျိုးမျိုးမြတ်မြတ် ရမယ်လို့ ထင်ထားတော့ စျေးကောင်းကောင်း တောင်းပစ်လိုက်တာ။ တန်ရာတန်ကြေးပေး ဆိုပါတော့။
“ဝိညာဥ်ကျောက်တစ်သောင်း၊ ဒါနောက်ဆုံးစျေးပဲ”
“ကောင်းပြီ၊ လက်ခံတယ်။ ဘယ်တော့ ပေးချေမလဲ”
ကောထောင်က သိုလှောင်အိတ်တစ်ခု ထုတ်ပြီး ပစ်ပေးတယ်။
“ဒီမှာ ဝိညာဥ်ကျောက်တစ်ထောင်။ ကျန်တာ နောက်မှ ပေးမယ်”
စုန့်ဝမ် စစ်ကြည့်ပြီး သိုလှောင်အိတ်ကို သိမ်းလိုက်တယ်။
“တစ်ထောင်တည်းလား အကိုကော။ မနည်းဘူးလား”
“စိတိချပါ၊ ငါကတိတည်တယ်။ ငါ့မှာ အခု ပါမလာသေးလို့ နောက်မှ ထပ်ပေးမယ်”
“ပါသလောက် ပေးခဲ့ရင်ရော။ ကျနော်တို့ နတ်ဆိုးလမ်းစဥ်မှာ ကတိတွေ၊ သစ္စာတွေက သိပ်အလုပ်မဖြစ်ဘူးလေ”
ကောထောင်လည်း သက်ပြင်းချရင်း နောက်သိုလှောင်အိတ်တစ်လုံး ထပ်ပစ်ပေးလိုက်ရတယ်။
“အဲဒီမှာလည်း တစ်ထောင်ပါတယ်။ ငါ့မှာ ပါလာတာ ဒါအကုန်ပဲ။ ကျန်တာ နောက်မှပေးမယ်”
စုန့်ဝမ်က ဖမ်းယူသိမ်းဆည်းပြီး ကောထောင်ကို ဆက်ကြည့်နေတယ်။
လောဘလွှမ်းနေတဲ့ စုန့်ဝမ်အမူအရာကြောင့် ကောထောင် စိတ်ထဲက ကျိန်ဆဲနေမိပေမယ့် မျက်နှာက အတတ်နိုင်ဆုံး ပြုံးထားရတယ်။ အရေးကြီးဆုံးက ယန်မျိုးနွယ်ရဲ့ အရေးပေါ်ရွေ့ပြောင်းရေးအစီအစဥ် ပြီးမြောက်ချိန်ထိ တစ်လတန်သည်၊ နှစ်လတန်သည် အချိန်ဆွဲထားရမယ်။ ကောထောင် စိတ်ဒုံးဒုံးချပြီး လှေပျံလေး ထုတ်ပေးလိုက်ရတယ်။
“ဒီလှေပျံလေးကို လက်ဆောင်ပေးမယ်။ ငါ့ဝိညာဥ်အမှတ်အသား ဖျက်ပြီးပြီ။ မင်းသန့်စင်ပြီးတာနဲ့ သုံးလို့ရပြီ”
စုန့်ဝမ် ဝမ်းသာအားရ လက်ခံယူပြီး သိမ်းလိုက်တယ်။ ဒီတစ်ခါ တကယ်ဝမ်းသာသွားတာ။ လှေပျံလိုချင်တာ တစ်ပိုင်းသေနေပြီ မဟုတ်လား။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအကိုကော”
“ဒါဆို၊ ယန်မျိုးနွယ်ကိစ္စက ..”
“ဒါလား၊ အကိုကောက စစ်ဆေးရေးတာဝန်ရဲ့ တာဝန်ခံလေ။ အကိုကော ဆုံးဖြတ်တာ ကျနော် လက်ခံပါတယ်”
အခုမှ ကောထောင် နည်းနည်း စိတ်သက်သာရာ ရသွားတယ်။ ဒါပေမယ့် ရာနှုန်းပြည့်တော့ မယုံရဲသေးဘူး၊ ဝိညာဥ်ကျောက်တွေ မြန်မြန်ယူပေးဖို့ စဥ်းစားနေရတယ်။
“ကောင်းတယ် .. ကောင်းတယ်၊ ကျန်တဲ့ ဝိညာဥ်ကျောက်တွေ အမြန်ဆုံး ယူပေးမယ်”
“မြန်လေ ကောင်းလေပဲ။ ဒါနဲ့ အကိုကောကို ယုံလို့ရပါ့မလား။ အနာဂတ်မှာ အချင်းချင်း မှီခိုရမှာဆိုတော့လေ။ ကျနော်က အတွေ့အကြုံနည်းတော့ အကိုကောရဲ့ အတွေ့အကြုံနဲ့ လမ်းညွှန်မှုကို လိုအပ်လာလိမ့်မယ်။ စောင့်ရှောက်ပေးပါဦး”
“စိတ်ချ၊ မင်းမှာ အကိုတစ်ယောက် ရှိပြီလို့ သဘောထားလိုက်”
ကောထောင်က ရင်ဘတ်ကို ပုတ်ပြပြီး ခပ်ကြွားကြွား ပြောလိုက်တယ်။
.......
“ဟိုနှစ်ယောက် ကောထောင်နဲ့ ကျိယင်၊ တာဝန်ပြီးတာကို ဘာလို့ ငါ့ဆီ သတင်းလာမပို့ဘဲ ဆေးခန်းမကို လာရတာလဲ”
ရုတ်တရက် ထွက်ပေါ်လာတဲ့ အကြီးအကဲရှန်အသံကြောင့် နှစ်ယောက်သား လန့်သွားတယ်။ အကြီးအကဲရှန်လည်း အခြေတည်အဆင့်ဆိုတော့ ခန်းမအစီအရင် ဖိနှိပ်တာ ခံရတယ်။ ဒါပေမယ့် အခြေတည်အဆင့် အရှိန်အဝါက ချီစုည်းခြင်းအဆင့်ကို လွှမ်းမိုးနိုင်ဆဲပဲ။
စုန့်ဝမ်က သူရောက်ရှိကြောင်း အကြီးအကဲရှန်ဆီ သတင်းပို့ပေးဖို့ ပြောခဲ့သူပီပီ ကြောင်မသွားဘဲ ဂါရဝပြုပြီး အစီရင်ခံလိုက်တယ်။
“အကြီးအကဲကို တပည့်ကျိယင် တင်ပြစရာ ရှိပါတယ်။ ယန်မိသားစုက သစ္စာဖောက်သွားပါပြီ။ ကိုးနန်းတော်ဂိုဏ်းနဲ့ ပူးပေါင်းပြီး သက်တံမြက်တွေ ခိုးယူနေပါတယ်။ ကောထောင်က ယန်မိသားစုနဲ့ ပူးပေါင်းဖုံးကွယ်ပြီး ဂိုဏ်းကို လိမ်ညာနေပါတယ်”
ကောထောင် တုန်လှုပ်သွားတယ်။
“ကျိယင် .. မင်း .. မင်း”
ချက်ချင်းကြီး စုန့်ဝမ် ကတိဖျက်လိမ့်မယ်လို့ သူထင်မထားဘူး။ အထူးသဖြင့် ဝိညာဥ်ကျောက်ရှစ်ထောင် လက်လွတ်ခံမယ်လို့ ထင်မထားတာ။ ဒီပမာဏက အခြေတည်အဆင့်ကျင့်ကြံသူတောင် မက်မောတဲ့ပမာဏလေ။ ဝိညာဥ်ကျောက်တွေ အလီလီခွဲပေးရင်း တစ်လ၊ နှစ်လတော့ အချိန်ဆွဲနိုင်မယ် ထင်ခဲ့တာ။
စုန့်ဝမ်က လက်ထဲကငှက်ကို တန်ဖိုးထားတယ်။ ခြုံထဲကငှက်ကို လောင်းကြေးထပ်ပြီး အန္တရာယ်ဖြစ်ခံဖို့ စိတ်ကူးမရှိဘူး။ ကောထောင်သာ ယန်မိသားစုဝင်ဆိုတာ သိခဲ့ရင် ကြိုးရှည်ရှည်နဲ့ လှန်ထားဖို့ စိတ်ကူးချင် စိတ်ကူးမယ်။ မသိထားတော့ အရင်ဖွင့်ပြောမှ အပြစ်လွတ်မယ် တွက်ဆပြီး ပြောချလိုက်တာ။
စုန့်ဝမ် အသံကျယ်ကျယ် ပြောလိုက်လို့ ခန်းမအစောင့်တွေပါ သတိထားမိသွားတယ်။ အကြီးအကဲရှန်ဆီက သတ်ဖြတ်လိုစိတ် ပြင်းပြင်းပြပြ ထွက်ပေါ်လာတာ အားလုံးခံစားမိလိုက်တယ်။
“ကျိယင် .. မင်းပြောတာ သေချာလား”
“တပည့်ကျိယင် အသက်နဲ့ အာမခံပါတယ်။ အကြီးအကဲကိုယ်တိုင် စစ်ဆေးနိုင်ပါတယ်။ ယန်မိသားစုက ကိုးနန်းတော်ဂိုဏ်းနဲ့ ပေါင်းပြီး သက်တံမြက်ကို ခိုးယူပါတယ်။ ဒါကို ကောထောင်က ဖုံးဖိပေးတယ်။ ကျနော် သိသွားတော့ လူလွှတ်ပြီး သတ်ဖြတ်နှုတ်ပိတ်ခိုင်းတယ်။ ကံကောင်းထောက်မလို့သာ လွတ်မြောက်ခဲ့တာပါ”
အကြီးအကဲရှန်အကြည့်က ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေတဲ့ ကောထောင်ဆီ ရောက်သွားတယ်။
“ကောထောင် .. မင်းရော ဘာပြောချင်သေးလဲ”
အခုမှ ကောထောင် သတိပြန်ဝင်လာတယ်။ ခန်းမအစီအရင် ရှိနေတဲ့ကြားက အကြီးအကဲရှန်ရဲ့ အခြေတည်အဆင့်ဖိအားက သူ့အပေါ် သိသိသာသာ ဖိစီးလာလို့ ဒူးထောက်ချလိုက်ရတယ်။
“အကြီးအကဲ .. ကျိယင် လျှောက်ပြောနေတာပါ၊ သူ့မှာ သက်သေ မရှိပါဘူး။ ကျနော်နဲ့ ယန်မိသားစုက ဂိုဏ်းကို သစ္စာမဖောက်ပါဘူး။ မဟုတ်မမှန် စွပ်စွဲခံရတာပါ”
အကြီးအကဲရှန်က စုန့်ဝမ်ကို ပြန်ကြည့်လာတယ်။
“ကျိယင် .. မင်းက သက်သေမရှိဘဲ စွပ်စွဲတာလား”
စုန့်ဝမ် စိတ်လေသွားတယ်။ ဗီဒီယိုမှတ်တမ်းရိုက်စရာ မရှိတဲ့လောကမှာ ဘာကို သက်သေပြရမှာလဲ။
“တပည့်ပြောတာ အမှန်တရားပါ။ အကြီးအကဲ စစ်ဆေးပြီးရင် သိလာပါလိမ့်မယ်။ ဒါပေမယ့် ယန်မိသားစုက လျှို့ဝှက်ချက် ပေါက်ကြားသွားပြီဆိုတော့ ထွက်ပြေးပါလိမ့်မယ်။ အကြီးအကဲ အနေနဲ့ ကျေးဇူးပြုပြီး အမြန်ဆုံး လှုပ်ရှားသင့်ပါတယ်”
“ငါဘာလုပ်ရမယ်ဆိုတာ မင်းသင်ပေးစရာ မလိုဘူး”
တကယ်တော့ အကြီးအကဲရှန်က စုန့်ဝမ်စကားကို ယုံကြည်တယ်။ အဆင့်နိမ့်အပြင်စည်းတပည့်က ဘယ်ကသတ္တိနဲ့ အခြေတည်အဆင့် မိသားစုနဲ့ ဂိုဏ်းတူအကိုကို မဟုတ်မမှန် စွပ်စွဲရဲမှာလဲ။ စပြောတည်းက ယုံကြည်မှုအပြည့်နဲ့ တည်တည်ငြိမ်ငြိမ် ပြောနေတဲ့စုန့်ဝမ်နဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့ ကောထောင် ယှဥ်ကြည့်ရင် ဘယ်သူ အမှန်အတိုင်း ပြောနေတယ်ဆိုတာ အသိသာကြီးပဲလေ။
“အစောင့်တွေ၊ ကောထောင်ကို အကျဥ်းထောင် ပို့လိုက်”
အကျဥ်းထောင်က အလောင်းနတ်ဆိုးတောင် မြေအောက်မှာ ရှိတယ်။ ထောင်ထဲ ရောက်တာနဲ့ အသက်ရှင်လျက် ထွက်နိုင်သူ မရှိသလောက်ပဲ။ လူမဆန်တဲ့ ညှဥ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်စစ်ဆေးသလို၊ ပြစ်မှုထင်ရှားရင် အသတ်ခံရတာက အညင်သာဆုံးပြစ်ဒဏ်ပဲ။ လူဝင်စားသံသရာထဲ ဝင်ရောက်ခွင့်လေး ရနိုင်မယ်။ ကံဆိုးရင်တော့ ဝိညာဥ်ပါ သန့်စင်ခံရပြီး ဘယ်တော့မှ ဘဝကူးခွင့် မရနိုင်တော့ဘူး။
အကြီးအကဲရှန် အမိန့်ပေးလိုက်တာနဲ့ အစောင့်တွေက ကောထောင်ကို ဖမ်းဆီးချုပ်နှောင်၊ ဒန်တန်ကို စည်းပိတ်ပြီး ဆွဲခေါ်သွားတယ်။ စိတ်ဓာတ်ကျသွားတဲ့ ကောထောင်လည်း အော်ဟစ်ရုန်းကုန်တာ မရှိတော့ဘဲ အရုပ်ကြိုးပျက်နဲ့ ဆွဲခေါ်ရာ ပါသွားပါတော့တယ်။
“ကျိယင်ကို သူ့လိုဏ်ဂူအိမ် ပြန်ပို့လိုက်။ အစောင့် တင်းတင်းကြပ်ကြပ် ချထား၊ စစ်ဆေးမှုပြီးတဲ့အထိ ဘယ်သူမှ အဝင်အထွက်လုပ်ခွင့် မပြုနဲ့”
အမိန့်ပေးပြီးတာနဲ့ အကြီးအကဲရှန်လည်း အလျင်စလို ထွက်သွားတယ်။
........