အနားယူရင်း အားဖြည့်မယ်
Vol. 6 Ch. 66
စုန့်ဝမ်လည်း အစောင့်တွေနဲ့အတူ လိုဏ်ဂူအိမ်ဆီ ပြန်ခဲ့တယ်။ သူဝင်ပြီးတာနဲ့ အပြင်ကနေ အစီအရင်တစ်ခုနဲ့ စည်းပိတ်ပြီး အစောင့်နှစ်ယောက်ပါ ချထားလိုက်တယ်။
အကျယ်ချုပ်နေရတာ သဘောမကျပေမယ့် လက်ရှိအခြေအနေမှာ ဒါက အန္တရာယ်အကင်းဆုံးဖြစ်တာ ငြင်းမရဘူး။ ယန်မိသားစု မပျက်စီးသရွေ့ ဂိုဏ်းထဲမှာ သူတို့သူလျှိုတွေ ရှိနိုင်သေးတယ်။ အခြေအနေကို မပြောင်းလဲနိုင်ရင်တောင် လက်စားချေဖို့ ကြိုးစားလာနိုင်တယ်။
ဂိုဏ်းက လုံခြုံရေး ချပေးထားတာကြောင့် စုန့်ဝမ် အနားယူရင်း အရှုံးအမြတ်စာရင်း ပြန်စစ်နေတယ်။ မှော်အဆောင်အများစု ကုန်သွားပေမယ့်၊ ကောထောင်ဆီက ဝိညာဥ်ကျောက်နှစ်ထောင် ပြန်ရလိုက်တော့ ကာမိပါတယ်။ အလောင်းရုပ်သေးကတော့ အခြေအနေ အတော်ဆိုးသွားတယ်။ ဒါပေမယ့် အသုံးဝင်တာ သိလိုက်ရတာကြောင့် အကုန်ကျခံ ပြန်ပြင်ဆင်ဖို့ ဆုံးဖြတ်ခဲ့တယ်။
လှေပျံကတော့ လုံးဝကို မျှော်လင့်မထားတဲ့ဆုလာဘ်ပဲ။ ဝိညာဥ်ကျောက် ရှိရင်တောင် ဝယ်ယူဖို့ သိပ်မလွယ်တဲ့အရာလေ။ ယန်ဖုန်းတို့ သိုလှောင်အိတ်တွေကလည်း အတော်မြတ်တယ်။ ဝိညာဥ်ကျောက်နှစ်ထောင်ကျော် ပါတယ်၊ မြန်နှုန်းမြှင့်အဆောင်နဲ့ ပျံသန်းခြင်းအဆောင် အတော်များများ ရလိုက်လို့ သုံးခဲ့သမျှ ပြန်ကာမိသွားတယ်။ အများစုကတော့ မီးတောက်အဆောင်၊ ဘာပဲပြောပြော အပင်ပန်းခံ ရေးဆွဲနေစရာ မလို့တော့ဘူးပေါ့။
ဆေးလုံးတွေက အတော်များတယ်၊ ၁၂ ပုလင်းတောင် ရှိတယ်။ ယန်မိသားစုက အဆိပ်ပြင်းသတ္တဝါတွေ ကျတ်စားရာ အဆိပ်ငွေ့ရွံ့နွံတောမှာ နေထိုင်ကြတာဆိုတော့ တစ်ဝက်လောက်က အဆိပ်ဖြေဆေးနဲ့ အနာကျတ်ဆေးတွေ ဖြစ်နေတယ်။ ချီစုစည်းဆေးက အလုံး ၂၀၊ ဝိညာဥ်အားဖြည့်ဆေးက ၁၀ လုံး။ ထူးထူးခြားခြား အဆိပ်သန့်စင်ဆေးဆိုတဲ့ ဆေးတစ်မျိုးလည်း ပါတယ်။ ဘာဆေးမှန်း မသိလို့ ပြန်သိမ်းထားလိုက်တယ်။
ကျင့်ကြံနည်းစနစ် ၂ ခုလည်း တွေ့တယ်။ လျှို့ဝှက်အဆိပ်ကျမ်းက ယန်မိသားစုရဲ့ ပင်မကျင့်ကြံမှုနည်းစနစ် ဖြစ်မယ်။ အဆိပ်အခြေခံ ချီသန့်စင်နည်းစနစ်ဖြစ်ပြီး အခြေတည်အဆင့်ထိ ကျင့်ကြံနည်းပဲ ပါဝင်တယ်။ အဆိပ်အကြောင်း နားမလည်တဲ့စုန့်ဝမ်က လုံးဝ စိတ်မဝင်စားဘူး။ လက်ရှိ ကျင့်ကြံနေတဲ့ အလောင်းဘုရင်သွေးသန့်စင်နည်းစနစ်က တစ်ခုခု ထူးခြားနေသလို ခံစားမိပေမယ့် စွန့်လွှတ်ဖို့ စိတ်ကူးမရှိဘူး။ စွန့်လွှတ်လို့လည်း မဖြစ်ဘူး။ ဂိုဏ်းထဲရှိနေသရွေ့ အကြီးအကဲရှီရှို့နဲ့ တစ်နေ့နေ့ တွေ့ရမှာပဲ။ သူပေးခဲ့တဲ့နည်းစနစ်ကို မကျင့်ကြံရင် ပြဿနာ ရှိနိုင်တယ်။
လျှို့ဝှက်အဆိပ်ကျမ်းက အခြေတည်အဆင့်ထိ ကျင့်ကြံဖို့ ပြည့်စုံတဲ့နည်းစနစ်တွေ ပါဝင်လို့၊ ရောင်းချရင် ဝယ်ယူချင်တဲ့ လေလွင့်ကျင့်ကြံသူ မနည်းလောက်ဘူး။
နောက်တစ်ခုကိုတော့ စုန့်ဝမ် စိတ်ဝင်စားသွားတယ်။ နာမည်က အဆိပ်တစ်သောင်းခန္ဓာကျင့်စဥ်တဲ့။ ခန္ဓာကိုယ်သန့်စင်တဲ့ပညာ။ ပြင်းထန်တဲ့အဆိပ်တွေကို အသုံးပြုပြီး ခန္ဓာကိုယ်ကို သန့်စင်ရမှာ။ ဒီနည်းစနစ်က ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်သလို၊ အဆိပ်ဒဏ်ခံနိုင်ရည်ကိုပါ မြှင့်တင်ပေးနိုင်တယ်လို့ ဆိုထားတယ်။ အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံ့နိုင်ရင် ဒဏ္ဍာရီလာအဆိပ်တွေတောင် မတိုးတော့တဲ့အထိ ခံနိုင်ရည် မြင့်တယ်တဲ့။ နည်းနည်းချဲ့ကားရာ ရောက်တယ်ဆိုပေမယ့် စိတ်ဝင်စားစရာ ကောင်းတယ်။
အဆိပ်အကြောင်း ဘာမှမသိတဲ့ စုန့်ဝမ်အတွက် အဆိပ်ဒဏ် ခံနိုင်တယ်ဆိုတာကတင် အများကြီး အကျိုးဖြစ်စေတယ်။ ဆက်ဖတ်ကြည့်တော့ ခုနတွေ့ထားတဲ့ အဆိပ်သန့်စင်ဆေးဆိုတာ အဆိပ်တစ်သောင်းခန္ဓာကျင့်စဥ် ကျင့်ကြံဖို့အတွက် ယန်မိသားစုက အထူးထုတ်လုပ်ထားတဲ့အဆိပ်ဆေး ဖြစ်နေတယ်။ တခြားအဆိပ်တွေနဲ့လည်း ကျင့်ကြံနိုင်တယ်။ အဆိပ်သန့်စင်ဆေးနဲ့ အဆိပ်တစ်သောင်းခန္ဓာကျင့်စဥ်က ယန်ဖုန်းရဲ့သိုလှောင်အိတ်မှာ တွေ့ရတာ။ အဲဒီမှာပဲ အဆိပ်တစ်သောင်းခန္ဓာကျင့်စဥ် ကျင့်ကြံတဲ့ အတွေ့အကြုံတွေ မှတ်တမ်းတင်ထားတဲ့ ကျောက်စိမ်းပြားလေးပါ တွေ့ရတယ်။
သေချာဖတ်ကြည့်ပြီးမှပဲ ယန်ဖုန်း သူ့နောက်ကို အမီလိုက်နိုင်တာ၊ မိုးကြိုးအဆောင်ထိမှန်တာတောင် ဘာဖြစ်လို့ ချက်ချင်း မသေလဲဆိုတာကို စုန့်ဝမ် သဘောပေါက်သွားတယ်။ အဆိပ်တစ်သောင်းခန္ဓာကျင့်စဥ်က ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အမြန်နှုန်းကို အဆင့်ကြီးတစ်ဆင့်ကျော်ပြီး မြှင့်တင်ပေးနိုင်တာကိုး။
ဝိညာဥ်လက်နက် ၉ ခုလည်း တွေ့ပေမယ့်၊ စွမ်းအားအပြည့် သုံးနိုင်ဖို့က အဆိပ်နည်းပညာနဲ့ ပေါင်းစပ်မှ ဖြစ်နိုင်မှာဆိုတော့ အဆိပ်ကျင့်ကြံသူ မဟုတ်တဲ့ သူ့အတွက် အသုံးမဝင်ဘူး။ ဒီထဲက သားအမိအဆိပ်အပ်ဆိုတဲ့ အလယ်အလတ်အဆင့် ဝိညာဥ်လက်နက်ကိုပဲ ရွေးထုတ်ခဲ့တယ်။ အပ်က ၆ ချောင်းပါပြီး၊ ခြောက်လက်မလောက် ရှည်တယ်။ အပ်အတွင်းထဲမှာ ဆံချည်မျှင်တမျှ ပါးလွှာတဲ့အပ်ငယ် ၁၀ ချောင်း ထည့်ထားတယ်။ ပစ်ခတ်ပြီးလို့ ပစ်မှတ်နားနီးရင်း ဝိညာဥ်စွမ်းအင်နဲ့ ပင်မအပ်ကို ဖောက်ခွဲပြီး၊ အပ်ငယ်တွေကို ထပ်ဆင့်ပစ်လွှတ်နိုင်တယ်။ အနီးကပ်မှ ဖောက်ခွဲပစ်ခတ်ရင် ခုခံဖို့ မလွယ်ဘူး။ ဒီလက်နက်က ကောက်ကျစ်အောက်တန်းကျပေမယ့် နတ်ဆိုးကျင့်ကြံသူအတွက် ဘာမှထူးမသွားဘူးလေ။ အဆိပ်နည်းစနစ် မသုံးတတ်ပေမယ့် အပ်မှာ အဆိပ်သုတ်ပြီး သုံးဖို့ စိတ်ကူးထားတယ်။
..........
စုန့်ဝမ် သာယာနေချိန် အပြင်လောကမှာ အကြီးအကျယ် ဂယက်ရိုက်နေပြီ။ အလောင်းနတ်ဆိုးဂိုဏ်းက သစ္စာဖောက်သွားတဲ့ ယန်မိသားစုကို မျိုးနွယ်တစ်ခုလုံး သုတ်သင်ဖျက်စီးခဲ့တယ်။ ကျင့်ကြံသူတင်မက သေမျိုးပါမချန်၊ မွေးကင်းစကနေ သက်ကြီးရွယ်အိုထိ လူပေါင်းရှစ်သောင်းကျော် သုတ်သင်ခဲ့တယ်။ စုန့်ဝမ် သတင်းပေးတာ မြန်သွားလို့ အရေးပေါ် ရွေ့ပြောင်းရေးအစီအစဥ် စဖို့တောင် အချိန်မရခဲ့ဘူး။ အခြေတည်ဘိုးဘေးယန်ထျန်းဖုန်းရော၊ မိသားစုခေါင်းဆောင် ယန်ကျန့်ဖျင်ပါ သုတ်သင်ခံလိုက်ရတယ်။ ယန်မျိုးနွယ်စုတစ်ခုလုံး အမြစ်ပြတ်သုတ်သင်တဲ့သတင်းက ထို့ချန်တောင်တန်းဒေသတခွင် တုန်လှုပ်သွားစေခဲ့တယ်။
အမှန်တော့ ယန်မျိုးနွယ် မျိုးပြုတ်သုတ်သင်ခံရတာထက် ကိုးနန်းတော်ဂိုဏ်း ပါဝင်ပတ်သတ်လို့ ထိတ်လန့်ကုန်ကြတာ။ လမ်းမှန်ဂိုဏ်းဖြစ်တဲ့ ကိုးနန်းတော်ဂိုဏ်းက ထို့ချန်တောင်တန်းဒေသ အပြင်ဘက်ထိပါ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အင်အားကြီးဂိုဏ်းတစ်ခု။ ထို့ချန်တောင်တန်းဒေသကြီးက လမ်းမှန်ဂိုဏ်းတွေနဲ့ နတ်ဆိုးဂိုဏ်းတွေ ယှဥ်တွဲတည်ရှိပြီး အားပြိုင်နေတဲ့ဒေသ။ ကိုးနန်းတော်ဂိုဏ်းရဲ့ အလောင်းနတ်ဆိုးဂိုဏ်းအာဏာစက်ကို ထိပါးစွက်ဖက်တာက လမ်းမှန်နဲ့ နတ်ဆိုးကျင့်ကြံသူတွေကြား စစ်ပွဲကြီးကို တစ်ဖန်ပြန်မီးမွှေးသလိုဖြစ်မှာ စိုးရိမ်နေကြတယ်။ အလောင်းနတ်ဆိုးဂိုဏ်းက ထို့ချန်တောင်တန်းဒေသ အစွန်အဖျားမှာရှိတဲ့ အလောင်းနတ်ဆိုးတောင်ကို အခြေပြုပြီး၊ လမ်းမှန်ဂိုဏ်းတွေနဲ့ နယ်နမိတ်အရ ကျယ်ကျယ်ပြန့်ပြန့် ထိစပ်နေလို့ လမ်းမှန်ဂိုဏ်းနဲ့ နတ်ဆိုးဂိုဏ်းတွေကြား စစ်ဖြစ်တိုင်း ပြဿနာအစပြုရာ ရှေ့တန်းစစ်မျက်နှာ ဖြစ်လာလေ့ ရှိတယ်။
ဒီတစ်ခေါက်မှာ အလာင်းနတ်ဆိုးဂိုဏ်းက ကိုးနန်းတော်ဂိုဏ်းကို ဆွဲသွင်းရန်စတာ မရှိသလို၊ ကိုးနန်းတော်ဂိုဏ်းကလည်း ယန်မိသားစုကို ဝင်ကူညီတာ မရှိလို့ စစ်မဖြစ်ဘဲ ပြီးသွားတယ်။
ယန်မိသားစု အပြစ်ရှိကြောင်း အတည်ပြုပြီး သုတ်သင်ရှင်းလင်းရေး လက်စသတ်ပြီးတာနဲ့ စုန့်ဝမ်လည်း အပြင်ထွက်ခွင့် ပြန်ရခဲ့တယ်။ ထွက်ခွင့်ရတာနဲ့ စုန့်ဝမ်လည်း အကြီးအကဲရှန်ဆီ တန်းပြေးပြီး အခြေအနေ သွားစုံစမ်းတယ်။
စုန့်ဝမ်သတင်းပို့ချက်ကို အသိအမှတ်ပြုတဲ့ အကြီးအကဲရှန်က ဖြစ်စဥ်အသေးစိတ်ကို အသိပေးတယ်။ ယန်မိသားစု အကုန်နီးပါး သုတ်သင်နိုင်ခဲ့ပေမယ့်၊ လက်တစ်ဆုပ်စာ လူငယ်ပါရမီရှင်တချို့ လွတ်သွားတယ်။ အဲဒီထဲမှာ ယန်ယဲ့ဝမ် ပါဝင်ပြီး ကိုးနန်းတော်ဂိုဏ်းမှာ အတွင်းစည်းတပည့် ဖြစ်သွားတယ်ဆိုတာ သိလိုက်ရလို့ စုန့်ဝမ် စိတ်မောသွားတယ်။
စုန့်ဝမ်အတွက်တော့ ကမ္ဘာမကျေရန်သူတစ်ယောက် ရလိုက်တာပဲ။ ယန်ယဲ့ဝမ် အောင်မြင်လာတဲ့တစ်နေ့ အလောင်းနတ်ဆိုးဂိုဏ်းက ရန်သူနံပါတ်တစ်ဆို၊ သူက နံပါတ်နှစ်ဖြစ်မှာ ကျိန်းသေးတယ်။ ဒါပေမယ့် အဲဒါက အဝေးကြီး လိုပါသေးတယ်။ ယန်ယဲ့ဝမ် ရွှေအမြုတေအဆင့် မရောက်သရွေ့ အလောင်းနတ်ဆိုးဂိုဏ်းကို ကျူးကျော်ထိပါးနိုင်မှာ မဟုတ်ဘူး။
သတင်းကောင်းကတော့ ယန်မိသားစု လုံးဝမျိုးပြုတ်ပြီဆိုတာပဲ။ ရွှေအမြုတေအဆင့် အကြီးအကဲတစ်ယောက်က ယန်ထျန်းကုန်းရဲ့ သွေးအနှစ်နဲ့ အစီအရင်တစ်ခု ဖန်တီးပြီး ဂိုဏ်းထဲမှာ ရှိရှိသမျှ ယန်မိသားစုသွေးဆက်တွေကို ဖော်ထုတ်ဖယ်ရှားခဲ့တယ်။ အခုဆို စုန့်ဝမ်အတွက် ရန်သူ မရှိတော့ဘူး။
အကြီးအကဲရှန် ရှင်းပြမှ ယန်မိသားစု ဘာဖြစ်လို့များ စွန့်စွန့်စားစား လုပ်ခဲ့လဲဆိုတာ စုန့်ဝမ် သဘောပေါက်သွားတယ်။ ယန်ထျန်းကုန်း သက်တမ်းကုန်ရင် ယန်မိသားစုမှာ အခြေတည်အဆင့် ကျင့်ကြံသူ မရှိတော့ဘူး။ အဆိပ်ငွေ့ရွံ့နွံတောက အလောင်းနတ်ဆိုးဂိုဏ်းက အခြေတည်အဆင့်မိသားစု ထိန်းချုပ်ခွင့်ရနေရာတွေထဲက တစ်ခု။ ယန်ထျန်းကုန်း ကွယ်လွန်တာနဲ့ တခြားမိသားစုတွေ လုယက်တာ ခံရပြီး၊ နတ်ဆိုးကျင့်ကြံမှုလောက ဖြစ်ရိုးဖြစ်စဥ်အတိုင်းဆို နာလန်မထူအောင် ချေမှုန်းခံရနိုင်တယ်။ မြောက်များစွာသော ရန်ငြိုးတွေလည်း ရှိနေတော့ အမြစ်ပြတ်ရှင်းလင်း ခံရနိုင်ခြေလည်း ရှိတယ်။ ဒါကြောင့် အခြေတည်အဆင့်ဆေးလုံး ရယူနိုင်ဖို့နဲ့ တိမ်းရှောင်ခိုလှုံခွင့်ရဖို့ ကိုးနန်းတော်ဂိုဏ်းဆီ သက်တံမြက်နဲ့ အပေးအယူ လုပ်ခဲ့တာ။
အခြေအနေ ရှင်းပြပြီးတော့ အကြီးအကဲရှန်က ဆုကြေးအဖြစ် ဝိညာဥ်ကျောက် ၅၀၀ ပေးတယ်။ စုန့်ဝမ် အကြီးအကဲရှန်ဆီက ပြန်ထွက်လာတာနဲ့ တောင်ခြေစျေးဆီ ဆင်းလာခဲ့တယ်။ စျေးမှာ ရခဲ့သမျှပစ္စည်းတွေထဲက အသုံးမလိုတာတွေ ရောင်းထုတ်တယ်။ ကျင့်စဥ်စာလိပ်တွေ၊ လျို့ဝှက်အဆိပ်နည်းစနစ်နဲ့ သိုလှောင်အိတ် ရောင်းတာကနေ ဝိညာဥ်ကျောက် ၁၆၅၀ ရတယ်။ စာလိပ် ၈ ခုက ၈၅၀၊ သိုလှောင်အိတ် ၈ လုံးက ၂၀၀၊ လျှို့ဝှက်အဆိပ်နည်းစနစ်က ၆၀၀။ တိုက်ပွဲဆုလာဘ်က အတော်တွက်ခြေကိုက်သားပဲ။
စျေးနှုန်းက သိပ်မမြင့်ပေမယ့် ကိုယ်တိုင်ရောင်းရင် စျေးကောက် ပေးရမှာ၊ အချိန်ကုန်မှာနဲ့စာရင် တန်ပါတယ်။ အားလုံး ရောင်းပြီးချိန် ဝိညာဥ်ကျောက် ၆၀၀၀ ထိ စုမိသွားတယ်။ ဒီပမာဏက ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူအတွက်ဆို များလွန်းနေတယ်။
အိတ်ဖောင်းပြီဆိုတော့ ကျင့်ကြံမှုမြှင့်တင်နိုင်ဖို့ အရင်းအမြစ်တွေ လိုက်ဝယ်ခဲ့တယ်။ ချီစုစည်းဆေးလုံးနဲ့ အလောင်းချီဆေးတွေ ဝယ်တယ်၊ ဝမ်းမည်းအတောင်မာကူအတွက် ငွေသတ္ထုကျောက်၊ ခရမ်းလသစ်ခွနဲ့ အစိမ်းရောင်ဝိညာဥ်မြက်တွေ ဝယ်ယူတယ်။ ဒီတစ်ခေါက် တိုက်ပွဲမှာ ကူပိုးကောင်တွေ အသုံးဝင်ပုံကို မျက်ဝါးထင်ထင် မြင်ခဲ့ရတော့ အဆင့်မြင့်ကူ မွေးမြူနိုင်ဖို့ စိတ်အားထက်သန်လာတယ်။ အဆိပ်တစ်သောင်းခန္ဓာ ကျင့်ကြံဖို့ အဆိပ်ဆေးပင်တွေလည်း လိုရမယ်ရ ဝယ်ခဲ့သေးတယ်။
အဆိပ်တစ်သောင်းခန္ဓာကျင့်စဥ်က စတင်ခြင်း၊ ကျွမ်းကျင်ခြင်း၊ အသေးစားပြီးမြောက်ခြင်းနဲ့ ပြီးပြည့်စုံခြင်းဆိုပြီး အဆင့် ၄ ဆင့် ရှိတယ်။ ယန်ဖုန်းက ကျွမ်းကျင်ခြင်းအဆင့် ရောက်နေလို့ အဆိပ်ဆေးလုံးတွေ တိုက်ရိုက်သောက်ပြီး ကျင့်ကြံနိုင်တယ်။ စုန့်ဝမ်က အခုမှ စတင်လေ့ကျင့်မှာဆိုတော့ အဆိပ်ရေချိုးခြင်းက စရမယ်။ ဒီအတွက် အကောင်းဆုံးက ကြေးဝါမီးဖိုဆိုပေမယ့် စျေးနှုန်းက အရမ်းမြင့်နေလို့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ သံနက်ခေါင်းတလားပဲ ဝယ်ခဲ့လိုက်တယ်။ အခေါင်းကို ရေစည်လို သုံးလည်း ဖြစ်တာပဲလေ။ ဂိုဏ်းမှာ အလောင်းရုပ်သေးသန့်စင်သူ အရမ်းများတော့ ခေါင်းတလားတွေက အမျိုးအစားအစုံ ရှိသလို၊ စျေးလည်း သက်သာတယ်။
မိုးကြိုးအဆောင်လို သက်ကယ်ရတနာတစ်ခု ရလိုရငြား ရှာကြည့်ပေမယ့် မတွေ့ရဘူး။ ဒါမျိုးက ကျင့်ကြံသူတိုင်းအတွက် ဝှက်ဖဲဖြစ်နေတော့ ရှာရခက်တယ်၊ ကံကောင်းပါမှ တွေ့တတ်တာ။ နောက်ဆုံးတော့ အလောင်းရုပ်သေးသန့်စင်တဲ့ပစ္စည်းတချို့ ဝယ်ယူပြီး ပြန်လာခဲ့တယ်။ အလောင်းရုပ်သေးက ပျက်စီးလုနီးနီး ထိခိုက်ခဲ့တာဆိုတော့ အကြီးစားပြင်ဆင်ဖို့ လိုနေပြီ။ အားလုံးဝယ်ခြမ်းပြီးချိန် ဝိညာဥ်ကျောက် ၆၀၀ ပဲ ကုန်သေးတယ်။
လိုဏ်ဂူအိမ် ပြန်ရောက်တာနဲ့ အလောင်းရုပ်သေးကို မူလအခေါင်းထဲ ပြန်ထည့်ပြီး ပြပြင်ဖို့ နေရာချတယ်။ အဝါရောင်ယင်မြေဆီ၊ ယင်မင်မြက်ပင်၊ အလောင်းချီဆေးရည်နဲ့ ထောက်ကူပစ္စည်းတွေအပြင် အလောင်းခွဲစိတ်လိုဏ်ဂူက ခိုးခဲ့တဲ့ သွေးအနှစ်ပါ ထည့်ဖြည့်သွင်းခဲ့တယ်။ အားလုံး အသင့်ဖြစ်တာနဲ့ အလောင်းရုပ်သေးသန့်စင်နည်းပညာ စတင်လည်ပတ်လိုက်တယ်။ ခဏနေတော့ အနီရောင်ခေါင်းတလားထဲ အနက်ရောင်အလောင်းချီ ထွက်ပေါ်လာပြီး အလောင်းရုပ်သေးကို ဖုံးလွှမ်းသွားတယ်။
တစ်နာရီကြာအောင် ပြုပြင်ပြီးတာနဲ့ ရပ်နားပြီး ခေါင်းတလားကို အဖုံးပိတ် သိမ်းဆည်းလိုက်တယ်။ ဒီလုပ်ငန်းစဥ်က တစ်ကြိမ်တည်းနဲ့ အပြီးသတ်လို့ မရဘူး၊ အချိန်ယူပြီး ထပ်တလဲလဲ သန့်စင်ရမှာဆိုတော့ တစ်နေ့ တစ်နာရီဆို လုံလောက်တယ်။
အလောင်းရုပ်သေး သန့်စင်ပြီးတာနဲ့ သံနက်ခေါင်းတလား ထုတ်ယူပြီး အဆိပ်တစ်သောင်းခန္ဓာကျင့်စဥ်ပါ လမ်းညွှန်အတိုင်း ဝိညာဥ်အဆိပ်ဆေးပင်တွေ ရောစပ်လောင်းထည့်တယ်။ ဆေးရည် စပ်ပြီးတာနဲ့ ခေါင်းတလားအောက် မီးမွှေးပြီး အဆိပ်ရည်တွေကို ပွက်ပွက်ဆူအောင် ပြုတ်တယ်။ ၄၅ မိနစ်လောက် ပြုတ်ပြီးတော့ ပွက်ပွက်ဆူလာပြီး လိုဏ်ဂူအိမ်တစ်ခုလုံး အဆိပ်ငွေ့တွေ ဖုံးလွှမ်းလာတယ်။
ဆေးရည် အသင့်ဖြစ်တာနဲ့ စုန့်ဝမ် မီးငြိမ်းသတ်လိုက်တယ်။ ပြီးတော့ အဝတ်တွေ ချွတ်ချပြီး အငွေ့တထောင်းထောင်းထနေတဲ့ ဆေးရည်အိုးထဲ ခုန်ဝင်လိုက်ပါတော့တယ်။
…………