← Chapters

ဖုတ်​ကောင်ဖြစ်တော့မှာလား

Vol. 6 Ch. 67

ဖုတ်​ကောင်ဖြစ်တော့မှာလား

Vol. 6 Ch. 67

“ဗွမ်း”

“အား ...”

စုန့်ဝမ် ငယ်သံပါအောင် အော်လိုက်မိတယ်။ ဆေးရည်က ပူနေသေးတော့ အသားတွေ နီရဲလာပြီး အရှင်လတ်လတ် အပြုတ်ခံရတဲ့ပုစွန်လို ဖြစ်သွားတယ်။ ကျင့်ကြံမှုအရှိန်ကြောင့် ခံနိုင်ရည်မြင့်နေလို့သာ တော်သေးတယ်၊ မဟုတ်ရင် လူသားစွပ်ပြုတ် ဖြစ်သွားနိုင်တယ်။

စပြီးမှတော့ အဆုံးထိ ဆက်သွားရုံပေါ့၊ စုန့်ဝမ် လေကို အဝရှူပြီး အဆိပ်ဆေးရည်ထဲ တစ်ကိုယ်လုံးမြုပ်အောင် ငုပ်လျှိုးလိုက်တယ်။ မြင့်မားတဲ့အပူရှိန်နဲ့ ပြင်းထန်တဲ့ အဆိပ်အာနိသင်ကြောင့် အသားတွေ စုတ်ပြဲပြီး၊ အဆိပ်ဆေးရည်တွေ စိမ့်ဝင်လာတယ်။ သေလုမတတ် နာကျင်နေတဲ့ကြားက သတိမလွတ်အောင် ထိန်းထားရင်း အဆိပ်တစ်သောင်းခန္ဓာကျင့်စဥ်အတိုင်း အဆိပ်အာနိသင်ကို ချီစွမ်းအင်နဲ့ ထိန်းချုပ်ပြီး သတ်မှတ်လမ်းကြောင်းအတိုင်း လည်ပတ်စေတယ်။

ငါးမိနစ်လောက်နေတော့ မခံမရပ်နိုင်အောင် နာကျင်မွန်းကြပ်လာလို့ ဆေးရည်မျက်နှာပြင်ပေါ် ခေါင်းဖော်ပြီး ပြန်တက်လိုက်ရတယ်။ လေကို အဝရှူပြီးတာနဲ့ ဆေးရည်ထဲ နောက်တစ်ကြိမ် ပြန်ငုပ်လျှိုးလိုက်တယ်။

နာရီဝက်လောက် ငုပ်လိုက်၊ ပြန်တက်လိုက် လုပ်နေရင်း အစိမ်းပုပ်ရောင်ဆေးရည်တွေ ကြည်လင်ပြီး အပူရှိန် ပျောက်သွားတယ်။ ဒီတစ်ခေါက်တော့ အောင်မြင်ပြီ။

ခေါင်းတလားထဲက ပြန်ထွက်လာတဲ့ ဒဏ်ရာဒဏ်ချက်အပြည့်၊ သွေးအလူလူးနဲ့ စုန့်ဝမ်ပုံစံက အလောင်းရုပ်သေးထက်တောင် ဆိုးရွားနေတယ်။ ဆေးရည်ကို ပြန်ကြည့်တဲ့ စုန့်ဝမ်မျက်လုံးမှာ တုန်လှုပ်တဲ့ အရိပ်အယောင်တွေ ဖုံးနေသေးတယ်။ ကျင့်ကြံမှုလောကမှာ ဘာဖြစ်လို့ ခန္ဓာကိုယ်သန့်စင်နည်းစနစ်တွေ ကျင့်ကြံသူ နည်းပါနေတာလဲဆိုတာ ကိုယ်တိုင်ခံလိုက်ရမှ သဘောပေါက်သွားတယ်။ ဒါက ကိုယ့်ကိုယ်ကို သတ်သေတယ် ပြောရင်တောင်၊ လူလိူသူလို သတ်သေတဲ့နည်းမှ မဟုတ်တာ။

အလောင်းဘုရင်သွေးသန့်စင်ပညာ ကျင့်ကြံချိန် အတော်လေး နာကျင်ခံစားရတယ် မှတ်နေတာ၊ အဆိပ်တစ်သောင်းခန္ဓာကျင့်စဥ် ကျင့်တော့မှ ပိုဆိုးနေတယ်။ အလူးအလဲ ခံစားရပြီးတဲ့နောက် ဒီနေ့အဖို့ ဒီလောက်ပဲလို့ စုန့်ဝမ် ဆုံးဖြတ်လိုက်ရတယ်။ ဆက်လုပ်ရင် အသက်ပါ ပါသွားနိုင်တယ်။ အားစိုက်ကျင့်ကြံလိုက်၊ အနားယူလိုက်နဲ့ ဟန်ချက်ညီမှ အန္တရာယ်ကင်းကင်းနဲ့ ခရီးပေါက်မှာ မဟုတ်လား။ ရုပ်ပိုင်းကန့်သတ်ချက်ကို လျစ်လျူရှုလို့ ထိခိုက်သွားရင် နောင်ကျင့်ကြံမှုလမ်းတလျှောက် အခက်ကြုံမှာ စိုးရိမိရတယ်။

အနားယူနေရင်း ကုန်ကျစရိတ်ပါ ပြန်တွက်ရင်း မှားသွားသလား တွေးမိခဲ့သေးတယ်။ ခုနက ထည့်လိုက်တဲ့ဝိညာဥ်ဆေးပင် အားလုံးပေါင်းရင် ဝိညာဥ်ကျောက် ၈ လုံး တန်တယ်။ ချန်ယီတို့ဆို တစ်လမှ ဝိညာဥ်ကျောက် ၁၀ လုံးပဲ ရတာလေ။

အနာကျတ်ဆေး သောက်ပြီးတာနဲ့ ဒဏ်ရာတွေ ပျောက်ကင်းပြီး သက်သာစေဖို့ အလောင်းဘုရင်သွေးသန့်စင်ပညာ လည်ပတ်ပြီး အခြေအနေ ပြန်ထိန်းညှိလိုက်ရတယ်။ အားလုံးအဆင်ပြေတာနဲ့ ကျင့်ကြံမနေတော့ဘဲ အနားယူ အိပ်စက်ခဲ့တယ်။ စိတ်ပင်ပန်းရင် အိပ်တာက အကောင်းဆုံးအနားယူနည်းပဲ မဟုတ်ပါလား။

.............

နောက်တစ်နေ့မနက် အလုပ်ပြန်ဝင်ဖို့ အလောင်းခွဲစိတ်လိုဏ်ဂူဆီ ထွက်လာခဲ့တယ်။ ဂိုဏ်းတာဝန် ထမ်းဆောင်ပြီးရင် မူလအလုပ် ပြန်လုပ်ရဦးမယ်။

စုန့်ဝမ်ကို မြင်တာနဲ့ ယွမ်ချန်က ပုံမှန်နှုန်းအတိုင်း အလောင်း ၁၅၀ ထုတ်ပေးတယ်။ အလုပ်မဆင်းတာ ရက်ကြာသွားပေမယ့် ဘာလုပ်နေလဲ တစ်ခွန်းမှ မမေးဘူး။

နေ့တဓူဝ အလောင်းခွဲစိတ်လိုက်၊ ကျင့်ကြံလိုက် လုပ်နေရင်း တစ်နှစ်ခွဲလောက် အချိန်ကုန်သွားတယ်။

ဒီနေ့လည်း တခြားနေ့ရက်တွေလိုပါပဲ။ အလောင်းခွဲစိတ်လိုဏ်ဂူကို စောစောရောက်တယ်။ အလောင်းတွေ ခွဲစိတ်တယ်။ ပထမဆုံး ခွဲစိတ်ရတာ အခြေတည်အဆင့် အမျိုးသမီးကျင့်ကြံသူအလောင်း၊ အဝတ်တွေ ဖယ်ရှားပြီး ခန္ဓာကိုယ်ကို စခွဲလိုက်ချိန် ရုတ်တရက် စုန့်ဝမ် သတိလွတ်​၊ စိတ်ရိုင်းဝင်ပြီး အလောင်းကို တစ်စစီ ဖျက်ဆီးလိုက်မိတယ်။

“အား ...”

မပီမသ အော်သံကြီးနဲ့အတူ စုန့်ဝမ်အသားအရေ နက်ပြာရောင် ပြောင်းသွားတယ်။ လက်သည်းတွေ ချွန်ထက်ပြီး ရှည်ထွက်လာသလို၊ ပါးစပ်ထောင့်ကနေ အစွယ်နှစ်ချောင်း တဖြည်းဖြည်း ထွက်ပြူလာတယ်။ အသက်ရှူ အရမ်းမြန်လာပြီး ရုပ်အလောင်းအော်ရာတွေ ထူထူထပ်ထပ် ဖုံးလွှမ်းလာတယ်။

မျက်စိတစ်မှိတ်အတွင်း ငယ်ရွယ်နုပျိုတဲ့ကောင်လေးပုံစံကနေ သက်တမ်းရင့်ဖုတ်ကောင်အသွင် ကူးပြောင်းသွားခဲ့ပြီ။ မျက်လုံးတွေ လှန်နေပြီး အမူအရာက ရူးသွပ်သလို ဖြစ်နေတယ်။ ပုံပြောင်းတာနဲ့ အပိုင်းပိုင်းပြတ်နေတဲ့အလာင်းကို ကိုက်ချလိုက်တယ်။

ရုတ်တရက် ပြောင်းလဲသွားတဲ့ စုန့်ဝမ်အဖြစ်​က ဂူထဲမှာရှိတဲ့ တခြားအလောင်းခွဲစိတ်သူတွေအာရုံကို ဆွဲဆောင်သလို ဖြစ်သွားတယ်။ တချို့က တစ်ချက်လှမ်းကြည့်ပြီး လျစ်လျူရှုလိုက်တယ်၊ တချို့က သနားသလို ကြည့်ပြီး မျက်နှာလွှဲသွားတယ်၊ တချို့က စိတ်ဝင်စားစရာတစ်ခုလို ဆက်စောင့်ကြည့်နေကြတယ်။

တခြားသူတွေ အာရုံစူးစိုက်တာ ခံစားမိသွားတဲ့ စုန့်ဝမ် ရုတ်တရက် ခေါင်းကိုမော့ပြီး ဟိန်းဟောက်လိုက်တယ်။

“ဂရား”

သူ့ပုံစံနဲ့ အသံက အစာကို ကာကွယ်တဲ့သားရဲအလားပဲ။

ယွမ်ချန်က သူ့လိုဏ်ဂူငယ်ထဲက ထွက်လာပြီး ချီစုစည်းရင်း စောင့်ကြည့်နေတယ်။

စုန့်ဝမ်အနီးနားက အလောင်းခွဲစိတ်သူ ခပ်ဝဝမိန်းမကြီးက တောက်ပတဲ့မျက်လုံးအစုံနဲ့ စုန့်ဝမ်ကို အားပါးတရ ကြည့်နေတယ်။

“ဟီး ဟီး .. ဒီ​လောက် အေးဆေးတည်ငြိမ်တဲ့ ကျိယင်မှာ ဒီလိုဆွဲဆောင်မှုမျိုး ရှိလိမ့်မယ် ထင်မထားဘူး။ ငါတော့ သဘောကျတယ်၊ ဆက်လုပ် ဂိုဏ်းတူမောင်လေးရေ ဟီး ဟီး”

အမျိုးသမီးရဲ့ ကြမ်းရှရှအသံက စုန့်ဝမ်နားထဲ မိုးကြိုးပစ်နေသလို ဝင်ရောက်လာတယ်။ ဒေါသထွက်နေတဲ့ သားရိုင်းတစ်ကောင်လို စုန့်ဝမ် ပေါက်ကွဲထွက်လုမတတ် ဖြစ်လာချိန်၊ တခြားသူတွေက ပြပွဲကြည့်သလို ကြည့်နေချိန်၊ ယွမ်ချန်က တိုက်ခိုက်ထိန်းချုပ်ဖို့ ပြင်နေချိန် ......

ချက်ချင်းဆိုသလို စုန့်ဝမ် မျက်စိတွေ ကြည်လင်လာပြီး လက်သည်းနဲ့ အစွယ်တွေ ချက်ချင်းပျောက်သွားတယ်။ အသားအရောင်လည်း မူလအတိုင်း ပြန်ဖြစ်သွားတယ်။ ထူထပ်နေတဲ့ ရုပ်အလောင်း​အော်ရာလည်း မှိန်ဖျော့ပျောက်ကွယ်ပြီး အရာရာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။

ကြည့်နေတဲ့ အလောင်းခွဲစိတ်သူတွေ စိတ်ပျက်သွားတယ်။ ဒီလို နတ်ဆိုးစွဲကပ်ပြီး စိတ်ဖော​က်ပြန်သွားတဲ့ဖြစ်စဥ်မျိုးက ငြီးငွေ့စရာ ကောင်းလွန်းလှတဲ့ အလောင်းခွဲစိတ်သူအလုပ်မှာ ရှားရှားပါးပါး တွေ့ရတတ်တဲ့ ဖျော်ဖြေရေးတစ်ခုလေ။ အားလုံး​က တွေးမိနေပြီ၊ ဒီတစ်ကြိမ်မှာ ကောင်လေး ရုန်းထွက်နိုင်ပေမယ့် သိပ်မကြာခင် ထပ်ဖြစ်ဦးမှာပဲ။ အကြိမ်တိုင်း ပိုအားကောင်းလာပြီး တစ်ကြိမ်မှာတော့ ဖုတ်​ကောင်ဖြစ်သွားမှာပဲ။ ဒါက ချီစုစည်းခြင်း အလယ်အဆင့်တောင် ရုန်းထွက်ရခက်တဲ့ အလောင်းခွဲစိတ်အလုပ်ရဲ့ ဘေးထွက်ဆိုးကျိုးလေ။

အခြေအနေ တည်ငြိမ်သွားတာကြောင့် ယွမ်ချန်လည်း လိုဏ်ဂူငယ်ထဲ ပြန်ဝင်သွားတယ်။ ခပ်ဝဝအမျိုးသမီးကတော့ အလုပ်လုပ်ရင်း စုန့်ဝမ်ကို လှမ်းလှမ်းကြည့်နေတယ်။ စုန့်ဝမ်လည်း အဲဒီမိန်းမနဲ့ အ​ကြည့်ချင်းဆုံချိန် တုန်လှုပ်သွားတဲ့စိတ် ပေါ်လာလို့ ထပ်မကြည့်ရဲတော့ဘူး။ အလုပ်ကိုပဲ ဖိလုပ်နေခဲ့တယ်။

ဒါပေမယ့် စိတ်က အလုပ်ပေါ်မှာ မရှိဘူး။ လက်အကျင့်ပါနေလို့ ချောချောမွေ့မွေ့ လည်ပတ်နေပေမယ့် စိတ်က တခြားအကြောင်း တွေးနေတယ်။ ခုနက ဖြစ်ခဲ့တဲ့ ဖုတ်ကောင်အသွင်ပြောင်းဖြစ်စဥ်က အများထင်သလို နတ်ဆိုးစွဲကပ်တာ၊ လိုဏ်ဂူထဲက မသန့်ရှင်းတဲ့ စွမ်းအင်တွေကြောင့် မဟုတ်တာ သူပဲသိတယ်။

ဒီဖြစ်ရပ်က အလောင်းဘုရင်သွေးသန့်စင်ပညာ​ကြောင့် ဖြစ်နေတာ။ ဒီနည်းစနစ်ကို ရေရှည်လေ့ကျင့်လာတာနဲ့အမျှ ရုပ်ခန္ဓာပိုင်း တိုးတက်လာပေမယ့် ဖုတ်ကောင်အသွင်ပြောင်းဖြစ်စဥ် ကြုံလာရတယ်။ ဒါက နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူတိုင်း ကြုံတတ်တဲ့ ဘေးထွက်ဆိုးကျိုးမျိုး ဆိုနိုင်ပေမယ့် ဒါကြီးက အတော်လေး လွဲချော်နေသလို ခံစားမိနေတယ်။ ဝိညာဥ်စွမ်းအင်သာ ချီစုစည်းခြင်း အဋ္ဌမအဆင့်လောက် ရှိမနေရင် သတိပြန်ထိန်းနိုင်မှာ မဟုတ်ဘူး။

ရှေ့မှာ ကျင့်ကြံရင်း နှစ်ခါကြုံခဲ့သေးတယ်။ ဒီလောက်ထိတော့ မဆိုးဘူး၊ ခုတစ်ခေါက်က အခြေတည်အဆင့်အလောင်းဆီက အော်ရာကြောင့်လည်း ပါတယ်၊ သွေးဆာလောင်စိတ်ကို ထိန်းမရတော့ဘဲ လုံးဝနီးပါး အထိန်းအချုပ် လွတ်သွားတာ။

နတ်ဆိုးပညာရပ်တိုင်း ကျင့်ကြံမှုကို လျင်လျင်မြန်မြန် တိုးတက်စေပေမယ့် ဘေးထွက်ဆိုးကျိုးအဖြစ် ထူးခြားဆန်းကြယ် လက္ခဏာတွေ ပေါ်လာတတ်တယ်။ ဒါပေမယ့် အချိန်တစ်ခုရောက်မှ ပေါ်တတ်တာ။ ခုဟာက စောလွန်းနေတယ်။ အခြေတည်အဆင့် နှောင်းပိုင်း မရောက်ခင် ဖုတ်ကောင်အသွင်ပြောင်းဖြစ်စဥ် ရင်ဆိုင်ရမယ်ဆို အလာင်းဘုရင်သွေးသန့်စင်ပညာ ကျင့်ရဲသူ တစ်ယောက်မှ ရှိမှာတောင် မဟုတ်ဘူး။

သူရထားတဲ့ ကျင့်စဥ်လမ်းညွှန်မှာ ဖုတ်ကောင်အသွင်ပြောင်းတာ ရင်ဆိုင်ရနိုင်ကြောင်း ရေးထားပေမယ့်၊ ဘယ်လိုဖြေရှင်းရမယ်လို့ ဖော်ပြမထားဘူး။ အဖြေမရှိရင် ကျင့်စဥ်ရယ်လို့ ဖြစ်လာမှာ မဟုတ်ဘူး။ နတ်ဆိုးပညာရပ်တွေကလည်း အသက်ရှည်၊ အစွမ်းထက်မြက်စေပြီး အင်မော်တယ်အဆင့်ထိ ရည်မှန်းထားတဲ့ ကျင့်ကြံမှုနည်းစနစ်တွေ ဖြစ်ပေမယ့်၊ ဒီနည်းစနစ်ကျတော့မှ အသက်တိုစေတဲ့ပညာ ဖြစ်နေတာ လုံးဝမူမမှန်ဘူး။

တွေးရင်း တွေးရင်းနဲ့ စုန့်ဝမ်အတွေးထဲ ကျိုးယင်မျက်နှာ ပေါ်လာတယ်။

“အကြီးအကဲရှီကရော ဆရာကျိုးယင်လို လူစားမျိုးပဲလား။ ငါ့ကို ဒီပညာ လေ့ကျင့်ခိုင်းတာ ရည်ရွယ်ချက်တစ်ခုခု ရှိနေမလား”

စုန့်ဝမ် မကျေမနပ် ဖြစ်သွားပေမယ့် ဒါက ရှောင်လွှဲလို့ မရနိုင်တဲ့ ဖြစ်ပြီးသားကိစ္စ ဖြစ်ခဲ့ပြီဆိုတာ နားလည်တယ်။ နောင်ဖြစ်လာမှာ အသာထား၊ အရေးကြီးတာ ဖုတ်ကောင်အသွင်ပြောင်းပြဿနာကို ဖြေရှင်းနိုင်ဖို့ပဲ။ ကြည့်ရတာ ဒီဖြေရှင်းနည်းက မူရင်းကျမ်းထဲမှာ ပါပေမယ့် အကြောင်းတစ်ခုကြောင့် ချန်လှပ်ထားတဲ့အပိုင်းထဲ ပါသွားပုံရတယ်။ အကြီးအကဲရှီရှို့ဆီက ချန်ထားတဲ့အပိုင်း သွားတောင်းဖို့က လုံးဝမဖြစ်နိုင်ဘူး။ တခြားနည်းလမ်း ရှာရမယ်။

ဒီပြဿနာက အလောင်းချီကို အလွန်အမင်း အမှီသဟဲပြု သန့်စင်ရာက ဖြစ်တာဆိုတော့ ရုပ်အလောင်းစွမ်းအင်ကို ကိုယ်နဲ့ သဟဇာတဖြစ်အောင် ထိန်းညှိနိုင်ရင် ရပြီ။

.....

နောက်နေ့ကစပြီး စုန့်ဝမ် ဒီအကြောင်းကို စုံစမ်းတယ်။ အဖြေရှိနိုင်မယ် ထင်ရတဲ့ ဆေးခန်းမကို အဓိက စုံစမ်းကြည့်တယ်။ နောက်ဆုံးတော့ ဝိညာဥ်ကျောက် ပမာဏကြီးကြီး ကျခံပြီးမှ၊ ချန်ယီနဲ့ ကျန်းရှောင်ဖန်းကတဆင့် ရွှေအမြုတေအဆင့် အကြီးအကဲဆီက သတင်းအချက်အလက် ရလာတယ်။

ခေါင်းပွချီကာဒါသစ်သားဆိုတဲ့ ဝိညာဥ်သစ်ပင်ဆေးမြစ်က ရုပ်အလောင်းစွမ်းအင်ကို ထိန်းညှိရမှာ အသုံးဝင်တယ်တဲ့။ ဒါပေမယ့် ဆေးဝါးက ရေတိုဖြေရှင်းနည်းပဲ ဖြစ်တယ်၊ ရောဂါလက္ခဏာကို ကုသပြီး၊ အချိန်ဆွဲရုံပဲ စွမ်းနိုင်တယ်။ လုံးဝဖြေရှင်းဖို့က ကျင့်စဥ်မှာပဲ အဖြေရှိမယ်လို့ သိရတယ်။

ကျင့်စဥ် အပြည့်အစုံရဖို့က မဖြစ်နိုင်သေးတော့ ဆေးမြီးတိုနဲ့ပဲ အရင်ထိန်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကလည်း သိပ်မလွယ်ဘူး။ ခေါင်းပွချီကာဒါသစ်သားက နှစ်တစ်ရာကို ခြောက်လက်မလာက်ပဲ ကြီးထွားနှုန်းရှိလို့ အတော်လေး ရှားပါးတယ်။ လိုအပ်နေတာက အနည်းဆုံး အနှစ်သုံးရာသက်တမ်းရှိသစ်သား။

......

နောက်နေ့တွေမှာ အချိန်ရတိုင်း စျေးတခွင် ပြဲပြဲစင်အောင် ရှာပေမယ့် သတင်းအစအနတောင် မရခဲ့ဘူး။ လေးလလောက် ရှာပြီးချိန် ဂိုဏ်းပိုင်ဝိညာဥ်ဆေးဆိုင်ကြီးတစ်ဆိုင်က လေလံပွဲမှာ လေလံတင်တယ် ကြားမိတော့ ရောက်သွားတယ်။ ပစ္စည်းက ရှိတယ်၊ နှစ်လေးရာသက်တမ်းရှိ ခေါင်းပွချီကာဒါသစ်သား။ ဒါပေမယ့် လေလံပွဲလည်း စရော၊ အလောင်းနတ်​ဆိုးဂိုဏ်းက အခြေတည်အဆင့် အကြီးအကဲတစ်ယောက်က ဝိညာဥ်ကျောက် ၂၃၀၀ နဲ့ ဝယ်သွားတယ်။ သူဝင်လာတာနဲ့ ဘယ်သူမှ စျေးပြိုင်လိုက်မပေးရဲတော့ဘူး။

စုန့်ဝမ်က စွန့်စားကြည့်ဖို့ စိတ်ကူးမိပေမယ့် ယှဥ်ပြိုင်ဖို့ သတ္တိမရှိဘူး။ အပြိုင်ဝယ်နိုင်ရင်တောင် ထိန်းသိမ်းနိုင်မှာမှ မဟုတ်တာ။ စျေးနယ်မြေမှာ တိုက်ခိုက်တာ တားမြစ်ထားပေမယ့် အခြေတည်အဆင့် အကြီးအကဲက ချိုးဖောက်ရင် ဘယ်သူတားနိုင်မှာလဲ။ စီနီယာ အကြီးအကဲတွေက အပြစ်ပေးလည်း စတိပေါ့။ ချီစုစည်းခြင်းအဆင့် အပြင်စည်းတပည့်အတွက် အခြေတည်အဆင့် အကြီးအကဲကို လဲဖို့ဆိုတာ နတ်ဆိုးဂိုဏ်း မပြောနဲ့၊ လမ်းမှန်ဂိုဏ်းတွေတောင် လုပ်လိမ့်မယ် မထင်ဘူး။

.....

နောက်နေ့မှာ စုန့်ဝမ် ထုံးစံအတိုင်း အလောင်းခွဲစိတ်ရင်း အလုပ်ရှုပ်နေတယ်။ မကြာသေးခင်က ဖြစ်ခဲ့တဲ့ ဖုတ်ကောင်အသွင်ပြောင်းဖြစ်စဥ်မှာ သူ့ဆီက ရုပ်အလောင်းစွမ်းအင် အတော်များများ ကုန်ခမ်းခဲ့တာ သတိပြုမိတယ်။ ဖုတ်​ကောင်အသွင်ပြောင်းဖြစ်စဥ်ကို ထိန်းချုပ်ဖို့ဆိုရင် ရုပ်အလောင်းစွမ်းအင် ပြန်ဖြည့်ဆည်းဖို့ လိုအပ်တယ်။ ဒါက တစ်လခွဲလောက် ကြာနိုင်တယ်။

..............

All Chapters