ရှေးဟောင်းစစ်မြေပြင်နယ်မြေ
Vol. 6 Ch. 68
ဒီလိုနေရင်း တစ်နှစ်ခွဲလောက် ကုန်လွန်ခဲ့တယ်။ ဒီကြားထဲ ကျင့်ကြံမှုကို ဖိဖိစီးစီး အားစိုက်ခဲ့လို့ ချီစုစည်းခြင်း ဆဋ္ဌမအဆင့် ရောက်ရှိခဲ့တယ်။ ဒါပေမယ့် စတုတ္ထအဆင့်မှာပဲ ဖိနှိပ်ဖော်ထုတ်ထားတယ်။ ဒီတိုးတက်နှုန်းက အလောင်းနတ်ဆိုးဂိုဏ်းမှာ ပျှမ်းမျှထက် သာလွန်ပြီး ထူးချွန်အဆင့် ဝင်တယ်။ စုန့်ဝမ်က လူသိမခံလို့သာ မထင်ပေါ်တာ။ ဖုတ်ကောင်အသွင်ပြောင်းဖြစ်စဥ်လည်း အရင်ထက် ပိုဆိုးလာတယ်။ ဝိညာဥ်စွမ်းအင်က ကျင့်ကြံဆင့်ထက် မြင့်မားနေလို့သာ ပြန်ထိန်းနိုင်တာ၊ မဟုတ်ရင် ဒုက္ခရောက်ပြီ။
ဒီနေ့တော့ ထောက်ပံ့ကြေးထုတ်ရက် ဖြစ်နေလို့ အလောင်းခွဲစိတ်တာ မြန်မြန်လက်စသတ်ခဲ့တယ်။ ယွမ်ချန်ဆီ သိုလှောင်အိတ်တွေ အပ်ပြီးတာနဲ့ ဖုတ်ကောင်အသွင်ပြောင်းကိစ္စ ဖြေရှင်းဖို့ ခွင့်တစ်လ တောင်းတယ်။ ယွမ်ချန်က စုန့်ဝမ် ဖြစ်နေတာ မျက်မြင်ဆိုတော့ ရှောရှောရှူရှူပဲ ခွင့်ပြုလိုက်တယ်။ ဒါတွေက သူ့အတွက်တော့ ရိုးနေပြီ၊ အလောင်းခွဲစိတ်ဂူမှာ ဒီပြဿနာ ဖြေရှင်းဖို့ ခွင့်ယူသွားသူ မနည်းဘူး၊ အောင်အောင်မြင်မြင် ဖြေရှင်းပြီး ပြန်လာနိုင်သူ ဆယ်ယောက်မှာ တစ်ယောက်လောက်ပဲ ရှိတယ်။ စုန့်ဝမ်လို ကျင့်ကြံမှုအဆင့်နိမ့်သူဆို ပြန်လာနိုင်တာ တစ်ယောက်မှ မရှိဖူးဘူး။ အခွင့်အလမ်း ရှာရင်း သေသူ သေ၊ နတ်ဆိုးစွဲကပ်ပြီး ဖုတ်ကောင်အလာင်းဖြစ်သူဖြစ်နဲ့ ဇတ်သိမ်းကြတာချည်းပဲ။
အလောင်းခွဲစိတ်လိုဏ်ဂူက ထွက်တာနဲ့ ရေမိုးချိုးပြီး ခန်းမမှာ ထောက်ပံ့ကြေး သွားထုတ်တယ်။ ချီစုစည်းခြင်း အလယ်အဆင့် ရောက်တည်းက ထောက်ပံ့ကြေး တိုးမြှင့်ခံစားခွင့်ရလို့ အဆင့်နိမ့်ဝိညာဥ်ကျောက် ၃၀ ရနေပြီ။ ထုတ်ပြီးတာနဲ့ လိုဏ်ဂူဆီ ပြန်လာတယ်။ လိုအပ်တဲ့ပစ္စည်းတချို့ ထုပ်ပိုးပြီး တောင်ခြေစျေးဆီ ထွက်လာခဲ့တယ်။
လမ်းဘေးက လူသူကင်းရှင်းတဲ့နေရာတစ်ခုမှာ ကျင့်ကြံမှုအဆင့် ဖိနှိပ်ထားတာ ဖယ်ရှားပြီး၊ ချီစုစည်းခြင်း ဆဋ္ဌမအဆင့်အင်အားကို အပြည့်အဝ ထုတ်ဖော်တယ်။ ဂိုဏ်းဝတ်စုံ ချွတ်ပြီး သာမန်ဝတ်စုံ လဲလှယ်တဲ့အပြင်၊ ဝတ်ရုံရှည် ခြုံပြီး၊ တစ္ဆေမျက်နှာဖုံးပါ တပ်လိုက်တယ်။ ဖြူဖျော့ဖျော့လူငယ်အသွင်ပါ ပြောင်းထားလိုက်တယ်။
စိတ်ချရလောက်အောင် ပြင်ဆင်ပြီးတာနဲ့ တောင်ခြေစျေးဆီ ဆင်းခဲ့တယ်။ ဒီတစ်ခေါက် သူ့ရည်ရွယ်ချက် တောင်ခြေစျေးထဲမှာ လျှို့ဝှက်ဖွင့်လှစ်ထားတဲ့ မြေအောက်တစ္ဆေစျေး။ ဒီစျေးက လူတိုင်း ဝင်ထွက်လို့ မရဘူး၊ အရင်းအမြစ် ကြွယ်ဝသလို အဆက်အသွယ် ရှိတဲ့သူမှ ဝင်ခွင့်ရတာ။ စုန့်ဝမ်ကို မိတ်ဆက်လမ်းညွှန်ပေးတာ ဂိုဏ်းတူအကိုရှု။ မြေအောက်တစ္ဆေစျေးက အလောင်းနတ်ဆိုးဂိုဏ်း ဘိုးဘေးတွေထဲက တစ်ယောက်ဖြစ်တဲ့ ဝိညာဥ်သန္ဓေတည်အဆင့် ကျင့်ကြံသူက ဦးစီးဖွင့်လှစ်ထားတာ။
စုန့်ဝမ် စျေးထဲရောက်တာနဲ့ ဧည့်ဂေဟာတစ်ခုထဲ ဝင်ခဲ့တယ်။ ခန်းမအဆောင်တချို့ ဖြတ်ကျော်ပြီး နောက်ဖက်ခြံဝင်းထဲက ကောက်ရိုးမိုးထားတဲ့အိမ်ငယ်ဆီ ဆက်လျှောက်လာတယ်။ အိမ်ရှေ့ရောက်တော့ အစောင့်ဆီ ဝင်ခွင့်တံဆိပ် ထုတ်ပေးတယ်။ အစောင့်က စစ်ဆေးပြီးတာနဲ့ ဝင်ခွင့်ပြုလိုက်တယ်။
စုန့်ဝမ်လည်း ကောက်ရိုးအိမ်ထဲ ဝင်ပြီး အသင့်ဖွင့်ထားတဲ့ လှေကားကျဥ်းလေးအတိုင်း ဆင်းလာခဲ့တယ်။ ပေငါးဆယ်လောက် ဆင်းပြီးတာနဲ့ အတော်လေး ကျယ်ဝန်းတဲ့ မြေအောက်လိုဏ်ဂူဆီ ရောက်လာတယ်။ လိုဏ်ဂူကြီးထဲမှာ လိုဏ်ဂူငယ်တွေ အစီအရီ ရှိနေတယ်။ အထဲမှာ လေလွင့်ကျင့်ကြံသူတွေ၊ ဂိုဏ်းတပည့်တွေနဲ့ စည်ကားနေတယ်။ အားလုံးက စုန့်ဝမ်လိုပဲ ကိုယ့်ရုပ်ရည်ကို ဖုံးကွယ်ထားကြတယ်။
မြေအောက်တစ္ဆေစျေးမှာက တောင်ခြေစျေးမှာ မရနိုင်တဲ့ ရင်းမြစ်ပစ္စည်းနဲ့ သတင်းအချက်အလက်တွေ ဝယ်ယူနိုင်တယ်။ ဒါပေမယ့် ဘယ်သူကမှ အာမခံချက် မပေးဘူး။ ကိုယ်တိုင် စစ်ဆေးဆုံးဖြတ်ရမှာ။ ဒါကြောင့် တခြားနေရာမှာ ရှာမရတာတွေ ဝယ်ယူချင်တဲ့သူ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူတွေပဲ လာကြတယ်။ လိုဏ်ဂူအလယ်မှာ စက်ဝိုင်းပုံကောင်တာတစ်ခု ရှိပြီး သက်ကြီးပိုင်း ကျင့်ကြံသူတွေ ထိုင်နေတယ်။ သူတို့က မြေအောက်တစ္ဆေစျေးကို စီမံသူတွေ ဖြစ်သလို ဝယ်ယူသူတွေကို လမ်းညွှန်ပေးတဲ့ပွဲစားလည်း ဖြစ်တယ်။
စုန့်ဝမ်လည်း အားနေတဲ့စီမံသူတစ်ယောက်ဆီ ဝင်ခွင့်တံဆိပ် ပေးလိုက်တယ်။ စီမံသူက စစ်ဆေးပြီး စုန့်ဝမ် လိုချင်တာကို သိတာနဲ့ ဂူငယ်တစ်ခုဆီ လမ်းပြခေါ်ဆောင်သွားတယ်။ အဲဒီဂူငယ်လေးထဲ သတင်းအချက်အလက်ရောင်းတဲ့ ကျင့်ကြံသူအဘိုးအိုတစ်ယောက် ထိုင်နေတယ်။
စုန့်ဝမ်လည်း အဆင့်နိမ့်ဝိညာဥ်ကျောက် ၁၂ လုံး အကုန်ခံပြီးမှာ ခေါင်းပွချီကာဒါသစ်သားရဲ့ ခိုင်မာတဲ့သတင်းအချက်အလက် ရခဲ့တယ်။ သတင်းအရဆို ကျင့်ကြံသူတစ်ယောက်က ရှေးဟောင်းစစ်မြေပြင်မှာ ရှိတဲ့ လိုဏ်ဂူတစ်ခုမှာ သက်တမ်းရင့် ခေါင်းပွချီကာဒါသစ်သားအော်ရာကို မြင်ခဲ့တယ်၊ ဒါပေမယ့် အဲဒီဝန်းကျင်မှာ အစွမ်းထက်တဲ့ အငြိုးကြီးတစ္ဆေတစ်ကောင် စောင့်ကြပ်နေလို့ မဝင်နိုင်ကြဘူးလို့ ဆိုတယ်။ ရှေးဟောင်းစစ်မြေပြင်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီကာလ လမ်းမှန်နဲ့ နတ်ဆိုးဂိုဏ်းတွေကြား ကြီးမားတဲ့ ရင်ဆိုင်တိုက်ပွဲကြီး ဖြစ်ပွားခဲ့တဲ့နေရာတဲ့။ တိုက်ပွဲအရှိန်အမြင့်ဆုံးအချိန်မှာ နတ်ဆိုးဂိုဏ်းတွေက မရေမတွက်နိုင်တဲ့ သေမျိုးတွေရဲ့ သွေးနဲ့ဝိညာဥ်ကို အသုံးချပြီး သွေးနတ်ဘုရားအစီအရင်ကို တည်ဆောက်တိုက်ခိုက်ခဲ့တယ်။ ဒီအစီအရင်ကြောင့် သေမျိုးနဲ့ လမ်းမှန်ကျင့်ကြံသူ မရေမတွက်နိုင်အောင် သေဆုံးခဲ့ပြီး သွေးမြစ်တွေတောင် စီးဆင်းခဲ့တယ်လို့ ဆိုကြတယ်။
စစ်ပွဲကြီးအကြောင်း အပြည့်အစုံ မသိကြတော့ပေမယ့် ရှေးဟောင်းစစ်မြေပြင်ကတော့ လူသူမနေထိုင်တဲ့ တစပြင်ကြီးလို ဖြစ်ကျန်ရစ်ခဲ့တယ်။ အဲဒီနယ်မြေအနှံ့ ပြန့်ကျဲနေတဲ့အရိုးစုတွေ၊ လွင့်မျောနေတဲ့ လမ်းပျောက်ဝိညာဥ်တွေ၊ ဖုတ်ကောင်တွေ ပြည့်နေပြီး ယင်ဓာတ်က ထူထူထပ်ထပ် ဖုံးလွှမ်းနေတယ်။ တိုင်းဆမရအောင် အန္တရာယ် ကြီးမားပေမယ့် ရှားပါးရတနာတွေ အမြောက်အများ ရှိနေလို့ ကျင့်ကြံသူတွေ စွန့်စားသွားလာပြီး ကံစမ်းလေ့ရှိကြတယ်။ အဆင့်မြင့်ဝိညာဥ်ရတနာတွေ၊ ကျင့်ကြံမှုပညာတွေ၊ အဆင့်မြင့်ဝိညာဥ်ဆေးပင်တွေတောင် ရသွားသူတွေ မနည်းမနောပဲ။
ဒါပေမယ့် ခုခေတ်မှာတော့ ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူတွေပဲ ကျတ်စားတဲ့နေရာ ဖြစ်နေပြီ။ ခေတ်အဆက်ဆက် အဆင့်မြင့် ကျင့်ကြံသူတွေ မွှေနှောက်ရှာဖွေခဲ့တာကြောင့်၊ တန်ဖိုးကြီးအရာတွေ ကုန်သလောက်ရှိပြီး၊ ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူတွေနဲ့ ကိုက်ညီတာလောက်ပဲ ကျန်တော့တယ်။
............
သတင်းအချက်အလက် ရပြီးတာနဲ့ ရှေးဟောင်းစစ်မြေပြင်ဆီ သွားမယ့်သူတွေ ရှိလား စုံစမ်းရသေးတယ်။ တစ်ယောက်တည်း သွားလို့ကတော့ သေဖို့ ကျိန်းသေပဲ။
စျေးစီမံခန့်ခွဲသူကပဲ စုန့်ဝမ်ကို ဂူငယ်တစ်ခုဆီ ခေါ်သွားပြီး ရှေးဟောင်းစစ်မြေပြင် သွားဖို့ လူစုနေတဲ့အဖွဲ့နဲ့ ချိတ်ပေးတယ်။ အထဲမှာ အမျိုးသားသုံးယောက်နဲ့ အမျိုးသမီးတစ်ယောက် ရှိနေတယ်။
စုန့်ဝမ် ဝင်လာတာနဲ့ ပြင်းထန်တဲ့တစ္ဆေအော်ရာ ထုတ်လွှတ်ထားသူ သက်လတ်ပိုင်းအမျိုးသားက စူးစိုက်ကြည့်ပြီး မေးလာတယ်။
“မင်းက လှေပျံရှိတဲ့သူလား”
စုန့်ဝမ် ခေါင်းပဲညိမ့်ပြလိုက်တယ်။
“ကောင်းပြီ၊ လူစုံပြီဆိုတော့ မိတ်ဆက်ကြရအောင်”
ခန္ဓာကိုယ်ထွားကြိုင်းတဲ့ အမျိုးသားတစ်ယောက်က စုန့်ဝမ်ကို စိုက်ကြည့်ရင်း ခေါင်းခါပြတယ်။
“ငါနူတင်းက မျက်နှာမပြရဲသူတွေနဲ့ ဘယ်တော့မှ အလုပ်မလုပ်ဘူး၊ ဒီလိုလူတွေက ယုံကြည်လို့ မရဘူး”
ကျန်တဲ့သူတွေလည်း စုန့်ဝမ်ကို ဘယ်လိုလဲဆိုတဲ့အကြည့်နဲ့ ကြည့်လာတယ်။ အခုမှပဲ ဒီအဖွဲ့ထဲမှာ ဘယ်သူမှ မျက်နှာကို ဖုံးကွယ်မထားတာ စုန့်ဝမ် သတိထားမိသွားပြီး တစ္ဆေမျက်နှာဖုံးကို ဆွဲချွတ်လိုက်တယ်။
စုန့်ဝမ်မျက်နှာပြလိုက်မှ နူတင်းဆိုသူက ကျေနပ်သွားတယ်။
“ငါက နူတင်း၊ ချီစုစည်းခြင်း သတ္ထမအဆင့်”
“ရွှမ်ယဲ့၊ ချီစုစည်းခြင်း သတ္ထမအဆင့်”
သက်လတ်ပိုင်းလူလည်း သူ့ကိုယ်သူ မိတ်ဆက်လာတယ်။
စုန့်ဝမ် အလှည့် ..
“ကောထောင်၊ ချီစုစည်းခြင်း ဆဋ္ဌမအဆင့်”
နာမည်အမှန် မပြောဘဲ၊ ကောထောင်နာမည် ယူသုံးလိုက်တယ်။ တခြားသူတွေလည်း နာမည်ရင်းမှ မဟုတ်တာ။ ဒါမျိုးကိစ္စဆို နတ်ဆိုးကျင့်ကြံသူလောကမှာ နာမည်ရင်းနဲ့ လှုပ်ရှားတဲ့သူ မရှိသလောက်ပဲ။
နောက်ဆုံး အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ပဲ မိတ်ဆက်ဖို့ ကျန်တော့တယ်။ သူတို့နှစ်ယောက် ရပ်နေပုံအရ သိကျွမ်းရင်းနှီးသူတွေဆိုတာ သေချာတယ်။ နှစ်ယောက်အဖွဲ့ဖြစ်လို့ ဒီအုပ်စုထဲမှာ သူတို့က အားသာချက် ရှိနေတယ်။ စုန့်ဝမ်တို့တွေ သူတို့ကို သေချာအကဲခတ်နေတယ်။
အမျိုးသားက သာမန်ရုပ်ရည်ပဲ၊ ရပ်နေပုံအရ အမျိုးသမီးကို လေးစားတဲ့အသွင် ပေါ်နေတယ်။ လင်မယားစုံတွဲ မဟုတ်နိုင်ဘူး။ အမျိုးသမီးက တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ဆွဲဆောင်မှု အားကောင်းတယ်။ ရုပ်ချောပေမယ့် အေးစက်စက်နဲ့ မာနကြီးပုံ အထင်းသား ပေါ်နေတယ်။
အမျိုးသမီးက နှုတ်ဆိတ်နေလို့ အမျိုးသားဖြစ်သူကပဲ ပြောလာတယ်။
“ကျနော်က လောင်ချွန်း၊ ချီစုစည်းခြင်း ဆဋ္ဌမအဆင့်။ သူက ဂိုဏ်းတူအစ်မဇီယီ၊ ချီစုစည်းခြင်း အဋ္ဌမအဆင့်”
အဖွဲ့သားအားလုံး ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးအပြီး ရွှမ်ယဲ့ကပဲ ဆက်ပြောလာတယ်။ နှုတ်သွက်တဲ့သူက ခေါင်းဆောင်လိုလို၊ ညှိနှိုင်းရေးမှူးလိုလို ဖြစ်လာတယ်။
“ရှေးဟောင်းစစ်မြေပြင်ခရီးက ဘယ်လောက် အန္တရာယ်များလဲ သိပြီးသား ဖြစ်မှာပါ။ ငါတို့ စမထွက်ခင် လူတိုင်းက ကိုယ်ဘာကို လိုချင်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောစေချင်တယ်။ ရည်မှန်းချက်တွေ ဆန့်ကျင်ဘက် မဖြစ်ရင် အကောင်းဆုံးပဲ။ ညှိမရရင်တော့ အဖွဲ့ဖွဲ့ဖို့ ပြန်စဥ်းစားရလိမ့်မယ်”
ရွှမ်ယဲ့ပြောတာ သဘာဝကျမှန်း လူတိုင်း နားလည်တယ်။ ရည်ရွယ်ချက်တူပြီး၊ အကန့်အသတ်ရှိတဲ့ပစ္စည်း ဖြစ်နေရင် ပူးပေါင်းဆောင်ရွက်လို့ မရနိုင်ဘူးလေ။ ရွှမ်ယဲ့က အဖွဲ့လိုက် စွန့်စားတဲ့အတွေ့အကြုံ များတော့ ဘယ်လိုညှိနှိုင်း စီစဥ်ရမလဲ ကောင်းကောင်းသိတယ်။
“ငါကပဲ စပြောမယ်။ ငါလိုချင်တာ ရှေးဟောင်းစစ်မြေပြင် မြေအောက်လိုဏ်ဂူထဲက မြွေအကြေးခွံသစ်သီးပါ”
မြွေအကြေးခွံသစ်သီး၊ ဒါကို လူတိုင်း သိတယ်။ မြွေအကြေးခွံလို အခွံတွေပါတဲ့ ဝိညာဥ်သစ်သီးပဲ။ ပထမဆုံးအကြိမ် စားသုံးလိုက်ရင် ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူတွေ ကာလရှည် အဆင့်မတက်တဲ့ ပြဿနာကို ဖြတ်ကျော်ရာမှာ အထောက်အကူပြုတယ်။ နောက်ပိုင်း ဘယ်နှစ်ကြိမ်စားစား အာနိသင် မပြတော့ဘူး။ တစ်ခါစားပဲ။ ဒါက ရွှမ်ယဲ့တစ်ယောက် ချီစုစည်းခြင်း သတ္ထမအဆင့်မှာ ကာလရှည် ပိတ်မိနေတဲ့သဘောပဲ။
ရွှမ်ယဲ့က ဆက်ပြောလာတယ်။
“မြေအောက်ဂူမှာ မြွေအကြေးခွံသစ်သီး အတော်များများ ရှိတယ်။ တကယ်လို့များ တာအိုရောင်းရင်းတို့လည်း စိတ်ဝင်စားလို့ ယူချင်တယ်ဆိုရင် ပူးပေါင်းဆောင်ရွက်လို့ ရတယ်”
ရွှမ်ယဲ့က ပါးပါးနပ်နပ် ဖိတ်ခေါ်လိုက်တာ၊ ဒီအဖွဲ့က ရှေးဟောင်းစစ်မြေပြင်ထဲ ဝင်ရောက်ဖို့ပဲ ပူးပေါင်းထားတာ။ အထဲရောက်ရင် မတူညီတဲ့ ရည်မှန်းချက်တွေကြောင့် လူစုခွဲပြီး လှုပ်ရှားကြရမှာ။ အားလုံးမှာ ရှေးဟောင်းစစ်မြေပြင်မြေပုံ ရှိထားပြီးသား ဆိုပေမယ့် ကျယ်ဝန်းတဲ့နေရာအတွက် ခြုံငုံမိဖို့ ခဲယဥ်းတယ်။ အထူးသဖြင့် မြေအောက်ဂူပေါ့၊ လမ်းခွဲတွေ များပြီး၊ အလင်းရောင်အားနည်းတော့ မျက်စိလည်နိုင်ခြေ များတယ်။ အန္တရာယ်ကလည်း နေရာတိုင်း ရှိနေတော့ တစ်ကိုယ်တော် လှုပ်ရှားဖို့ အဆင်မပြေဘူး။ အပေးအယူနဲ့ ပူးပေါင်းလှုပ်ရှားရင် အန္တရာယ်နည်းပြီး အောင်မြင်နိုင်ခြေ များတယ်။
ရွှမ်ယဲ့ ကမ်းလှမ်းချက်ကို နူတင်းက လက်ခံလိုက်တယ်။
“ငါသွားချင်တာက ငါ့အကိုကြီးအလောင်းကို ပြန်သယ်ဖို့ပါ။ သူနဲ့အတူ သွားခဲ့တဲ့ထဲက အသက်ရှင် ကျန်ရစ်သူစကားအရဆို အကိုကြီးရုပ်အလောင်းက မြွေဂူနားမှာလို့ သိရတယ်။ ငါတို့ အတူသွားလို့ ရတယ်”
အဖော်တစ်ယောက်ရလို့ ရွှမ်ယဲ့ ဝမ်းသာသွားတယ်။
“ဒါဆို အဆင်ပြေတာပေါ့၊ ငါတို့ အတူလှုပ်ရှားမယ်”
နူတင်းအပြောကြောင့် စုန့်ဝမ် သူ့အပေါ် နည်းနည်းတော့ အကောင်းမြင်သွားတယ်။ အကို့အလောင်းကို ပြန်ယူချင်တာ ညီအကိုကောင်း ပီသတဲ့သဘောပဲ မဟုတ်လား။ ဒါပေမယ့် တစ်ဖက်မှာလည်း သံသယဝင်လာတယ်။ ဘာပဲပြာပြော နည်းနည်းတော့ အကဲပိုသလိုပဲ။ သူ့အကို ရုပ်အလောင်းမှာ အဖိုးတန်ပစ္စည်းတစ်ခုခု ရှိနေလို့ ဖြစ်နိုင်တယ်။
“ငါက ခေါင်းပွချီကာဒါသစ်သား ရှာချင်တာ”
ရှေးဟောင်းစစ်မြေပြင်မှာ ခေါင်းပွချီကာဒါသစ်သား ရှိနေတာ အတွေ့အကြုံများတဲ့ ရွှမ်ယဲ့ သိပြီးသားပါ။ ဒါကြောင့် စုန့်ဝမ်ကို မျက်ခုံးပင့်ပြီး ကြည့်လိုက်မိတယ်။
“အဲဒါက မြေအောက်ဂူထဲက အတော်နက်ရှိုင်းတဲ့နေရာမှာ ရှိတာနော်၊ အရမ်းအန္တရာယ် များတယ်။ ရဖို့ မလွယ်ဘူး”
စုန့်ဝမ် ခေါင်းညိမ့်ပြလိုက်တယ်။
“တာအိုရောင်းရင်း သတိပေးတာ ကျေးဇူးတင်ပါတယ်”
သူလည်း အန္တရာယ်များမှန်း သိပြီးသားပါ၊ ဒါပေမယ့် မရရင် ဖုတ်ကောင်ဘဝ ပြောင်းသွားနိုင်တယ်ဆိုတော့ စွန့်စားရမှာပဲလေ။
………….