← Chapters

ရှေးဟောင်းစစ်မြေပြင်ဆီသို့

Vol. 6 Ch. 69

ရှေးဟောင်းစစ်မြေပြင်ဆီသို့

Vol. 6 Ch. 69

လောင်ချွန်းနဲ့ ယီဇီပဲ ပြောဖို့ ကျန်တော့တယ်။ လောင်ချွန်းက ယီဇီကို တစ်ချက်​ကြည့်ပြီး ယီဇီ ခေါင်းညိမ့်ပြမှ ဆက်ပြောတယ်။

“ကျနော်တို့ မောင်နှမက လျန်ချောင်းဆေးမြစ် ရယူဖို့ပါ။ ကျနော့်ဆရာ၊ အစ်မယီဇီရဲ့အဖေက ကြေးနီဖုတ်ကောင်အဆိပ် မိထားလို့ အဆိပ်ဖြေဆေးဖော်ဖို့ ဒီဆေးမြစ် လိုနေတာ”

ကြေးနီဖုတ်ကောင်ဆိုတာ အခြေတည်အဆင့်အင်အား ပိုင်ဆိုင်တဲ့ ဖုတ်ကောင်တွေ။ သူတို့အဆိပ်ဖြေဖို့က မလွယ်ဘူး။ ရွှမ်ယဲ့က လျန်ချောင်းဆေးမြစ် ဘယ်မှာရှိလဲ သိထားလို့ သက်ပြင်းချလိုက်မိတယ်။

“လျန်ချောင်းဆေးပင် ပေါက်တဲ့နေရာက ခေါင်းပွချီကာဒါသစ်ထက် ပိုနက်ပြီး၊ အန္တရာယ်လည်း ပိုများတယ်။ ငါတို့ငါးယောက်လုံး အတူသွားရင်တောင် ရောက်ဖို့ ခက်တယ်”

ရွှမ်ယဲ့စကားက ယဥ်ယဥ်ကျေးကျေး ငြင်းတာပါပဲ။ သူတို့မောင်နှမနှစ်ယောက် ဘယ်သူ့အကူအညီမှ မရနိုင်တဲ့သဘော။

ဒါကို ရိပ်မိတဲ့ယီဇီဆီက ရှားရှားပါးပါး အသံထွက်လာတယ်။

“အခြေအနေကို ကျမတို့လည်း သိပါတယ်။ အကယ်၍ တာအိုရောင်းရင်း တစ်ယောက်ယောက်ကများ ကူညီမယ်ဆိုရင် ဘယ်ရလဒ်ပဲ ထွက်ပါစေ အဆင့်နိမ့်ဝိညာဥ်ကျောက် ၅၀၀ ဆုကြေး ပေးပါမယ်။ အောင်မြင်ရင် နောက်ထပ် ၅၀၀ ထပ်ဆောင်းပေးမယ်”

ကြေးက အတော်လေး မြင့်မားလို့ အားလုံး စိတ်ဝင်စားသွားတယ်။ တစ်ယောက်ကို ငါးရာ၊ အောင်မြင်ရင် တစ်ထောင်၊ အားလုံးပေါင်း သုံးထောင်။ လျန်ချောင်းဆေးမြစ် စျေးကွက်ပေါက်စျေးကလည်း သုံးထောင်ပဲဆိုတော့ ....

ယီဇီက သံသယတွေကို ရိပ်မိတယ်။

“ကျမအဖေက အဆိပ်ဒဏ် ပြင်းပြင်းထန်ထန် ခံစားနေရတော့ အချိန်မီ ကုသဖို့ လိုတယ်။ ဝယ်ဖို့ကလည်း လုံးဝရှာမရသေးတော့ ကျမတို့လည်း စွန့်စားရုံအပြင် ရွေးစရာ မရှိတော့လို့ပါ”

အခုမှပဲ စုန့်ဝမ်တို့ သုံးယောက်လုံး သံသယကင်းသွားတယ်။ သူလည်း ဒီလိုပြဿနာနဲ့ ရင်ဆိုင်နေတာပဲလေ။ သူ့မှာ ပေါက်စျေးပေးနိုင်ပေမယ့်၊ ဝယ်လို့ မရဖြစ်နေတာ။ အချိန်လည်း မရှိတော့ဘူး။ အချိန်သာ စောင့်နိုင်ရင် တစ္ဆေစျေးမှာ တန်ဖိုးကြီးတာဝန်တစ်ခု ကြေညာပြီး ထိုင်စောင့်နေရုံပဲ။ အချိန်ဖိအား​ကြောင့်သာ ကိုယ်တိုင်ထွက်ပြီး စွန့်စားနေရတာ။

ယီဇီက ပွင့်ပွင့်လင်းလင်း ကမ်းလှမ်းလာလို့ ကျန်တဲ့သူတွေလည်း ကူညီဖို့ လက်ခံလိုက်ကြတယ်။

“ပြောစရာရှိတာ ပြောပြီးပြီဆိုတော့ ကျမတို့ သွားသင့်ပြီ။ အခုပဲ ထွက်ကြရအောင်”

အားလုံးညှိနှိုင်းပြီးတာနဲ့ ယီဇီက စုန့်ဝမ်ကို ခရီးထွက်ဖို့ စကားစလာတယ်။

အဖွဲ့ထဲမှာ စုန့်ဝမ်က ကျင့်ကြံမှု အနိမ့်ဆုံးဆိုပေမယ့် လှေပျံပိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်လို့ စထွက်မယ်ဆို သူ့သဘောထားက အဆုံးအဖြတ် ဖြစ်နေတယ်။ လှေပျံနဲ့ဆို ခရီးကြာချိန် အများကြီး လျှော့ချနိုင်သလို ရှေးဟောင်းစစ်မြေပြင်ထဲ အန္တရာယ်နည်းနည်းနဲ့ ဝင်နိုင်မှာဖြစ်လို့ စုန့်ဝမ်ပါဝင်မှာကို သူတို့ လက်ခံခဲ့ကြတာ။

အားလုံးပြင်ဆင်ပြီးနေတဲ့ စုန့်ဝမ်ကလည်း မငြင်းဘူး။

“ရတယ်၊ အချိန်မရွေးပဲ”

ရှေးဟောင်းစစ်မြေပြင်နယ်မြေမှာ ခေါင်းပွချီကာဒါသစ်သား ရှိတာ သိပြီးတည်းက လိုအပ်သမျှ ပြင်ဆင်ခဲ့ပြီးသား။ နဂိုရှိရင်းစွဲ ဘေးအန္တရာယ်တွေအပြင်၊ ဓားပြအဖွဲ့တွေနဲ့ တစ်ဖွဲ့တည်းသားချင်း သစ္စာဖောက်တာတွေပါ ရင်ဆိုင်ရတတ်တယ်။ ကိုယ့်ကိုယ်ကို အားကိုးတာက စိတ်အချရဆုံးပဲ။

ဒီအတွက် ဝိညာဥ်ကျောက်တွေ ရေလိုသုံးပြီး လိုအပ်မယ်ထင်တဲ့ လက်နက်ကိရိယာတွေ ဝယ်ယူစုဆောင်းခဲ့တယ်။ ကြွယ်ဝမှုဆိုတာ အသက်ရှင်နေမှ တန်ဖိုးရှိတာမလား။ နှမျောလို့ ချွေတာနေရင်း သေသွားရင် ဘယ်နှယ့်လုပ်မလဲ။ စုန့်ဝမ် အခုဝတ်ဆင်ထားတဲ့ ခရမ်းကြေးခွံသံချပ်ကာဝတ်စုံဆို အဆင့်မြင့်ဝိညာဥ်ဝတ်စုံ ဖြစ်ပြီး ဝိညာဥ်ကျောက် ၁၈၀၀ ပေးခဲ့ရတယ်။ ဒီဝတ်စုံက ဝိညာဥ်စွမ်းအင် မထည့်သွင်းသေးရင်တောင် အဆင့်တစ်ခုထိ ခုခံကာကွယ်နိုင်စွမ်း ရှိတယ်။

ခုခံကာကွယ်ရေးအတွက် အဆင့်မြင့် ပထမအဆင့် ဝဇီရာအဆောင် ၅ ခုလည်း ဝယ်ခဲ့သေးတယ်။ အဆိပ်တစ်သောင်းခန္ဓာကျင့်စဥ်မှာ ကျွမ်းကျင်အဆင့်ထိ ရောက်နေပြီဆိုတော့ ချီစုစည်းခြင်း နဝမအဆင့်ရှိသူရဲ့ အားအင်အပြည့် တိုက်ခိုက်ချက်ကို အတိုင်းအတာတစ်ခုထိ ခံနိုင်ရည် ရှိနေပြီ။

တိုက်ခိုက်ရေးအတွက် အလယ်အလတ်အဆင့် ဝိညာဥ်လက်နက်ဖြစ်တဲ့ ဝိညာဥ်နှုတ်ဆူးချွန်တွေ ဝယ်ထားတယ်။ သားအမိအဆိပ်အပ် အားလုံးကိုလည်း ကောင်းကင်မီးအဆိပ် သုတ်လိမ်းပြင်ဆင်ထားပြီးပြီ။ ဒီကြားထဲ ဝမ်းမည်းအတောင်မာကူ တစ်ဒါဇင် ထပ်တိုးလာတယ်။ အခုဆို ကူပိုးကောင်တွေ မွေးရတာ နေ့စဥ် ဝိညာဥ်ကျောက် ၁၀ လုံး ကုန်ကျနေပြီ။ အသုံးဝင်တာ ကိုယ်တွေ့မြင်ထားရတော့လည်း အကုန်ခံ မွေးမြူနေရတယ်။ ခုထိ အဆင့်မြင့်ကူပိုးကောင် မွေးမထုတ်နိုင်သေးတာတော့ အားမလို အားမရ ဖြစ်နေသေးတယ်။ ဒါပေမယ့် ၉ ကောင်က ချီစုစည်းခြင်း ပဥ္စမအလွှာအင်အားနဲ့ ညီမျှတဲ့အထိ အားကောင်းလာနေပြီ။

အလောင်းရုပ်သေးလည်း ပြင်ဆင်ပြီးသွားလို့ အပြည့်အဝ ပြန်ကောင်းနေပြီ။ ပြုပြင်ရင်း အဆင့်မြှင့်ထားလို့ ချီစုစည်းခြင်း ဆဋ္ဌမအဆင့်အင်အား ပိုင်ဆိုင်နေပြီ။ ​ရှေးဟောင်းစစ်​မြေပြင်မှာ အများဆုံး တွေ့ရတဲ့ လေလွင့်ဝိညာဥ်တွေနဲ့ ဖုတ်ကောင်တွေကို ရင်ဆိုင်ဖို့ အလယ်အလတ်တန်း ပထမအဆင့် တစ္ဆေသုတ်သင်အဆောင်နဲ့ ဖုတ်ကောင်ရှင်းအဆောင် ဆယ်စုစီ ဝယ်ထားတယ်။

ယင်အားကြီးမိစ္ဆာတွေ နှိမ်နင်းရာမှာ အစွမ်းအထက်ဆုံးဖြစ်တဲ့ မိုးကြိုးမှော်အဆောင် ထပ်ဝယ်ချင်ပေမယ့် ဘယ်မှာမှ ရှာမရလို့ လက်ကျန်တစ်ခုကို သေရေးရှင်ရေး ရင်ဆိုင်ရတော့မှ ထုတ်သုံးဖို့ ဆုံးဖြတ်ထားတယ်။ အတွေ့အကြုံအရ လိုအပ်မယ်ထင်တဲ့ မြန်နှုန်းမြှင့်အဆောင်၊ မီးတောက်အဆောင်၊ ပျံသန်းခြင်းအဆောင်၊ ချီအားဖြည့်ဆေးလုံးနဲ့ အဆိပ်ဖြေဆေးမျိုးစုံလည်း အစုအပြုံလိုက် ဝယ်ထားတယ်။

………

အားလုံးညှိနှိုင်းပြီးတာနဲ့ တစ္ဆေစျေးက​နေ ထွက်လာခဲ့ကြတယ်။ စျေးအပြင် လူရှင်းတဲ့နေရာ ရောက်တာနဲ့ စုန့်ဝမ်က လှေပျံကို ထုတ်ယူလိုက်တယ်။ ဝိညာဥ်စွမ်းအင် ထည့်သွင်းလိုက်တာနဲ့ လက်တစ်ဝါးသာသာ လှေပျံက ချက်ချင်း ကြီးထွားလာတယ်။

ပိုင်ရှင်လည်းဖြစ်၊ ထိန်း​ကျောင်းမောင်းနှင်သူလည်းဖြစ်တဲ့ စုန့်ဝမ်က လှေပျံပဲ့ပိုင်းမှာ နေရာယူလိုက်တယ်။ ကျန်တဲ့သူတွေလည်း ခုန်တက်ပြီး နေရာယူလိုက်တယ်။ ကောထောင်နဲ့ သွားချိန်က နှစ်ယောက်တည်းဆိုတော့ ကျယ်ကျယ်ဝန်းဝန်း ရှိပေမယ့် အခု လူငါးယောက် စီးတာဆိုတော့ နည်းနည်းကျဥ်းကြပ်နေတယ်။

စုန့်ဝမ်ရှေ့မှာ ရွှမ်ယဲ့ ဝင်ထိုင်ပြီး၊ မိန်းကလေးယီဇီက ဦးပိုင်းထိပ်ဆုံးမှာ နေယူတယ်။ နူတင်းနဲ့ လောင်ချွန်းက အလယ်မှာ ဝင်ထိုင်လိုက်တယ်။

လူအ​ပြည့်နဲ့ဆိုတော့ သိပ်မြန်မြန် မပျံသန်းနိုင်ဘူး။ ဒါပေမယ့် ​မြေပြင်က သွားတာထက်တော့ အများကြီး ပိုမြန်​တယ်။ သုံးနာရီကြာ ပျံသန်းပြီးတော့ နေဝင်သွားတယ်။ စုန့်ဝမ်လည်း နေရာကောင်းတစ်ခု ရှာပြီး ညအိပ်ရပ်နားဖို့ စီစဥ်လိုက်တယ်။ ယီဇီက ညပိုင်း ခရီးဆက်ထွက်ဖို့ ပြောပေမယ့် စုန့်ဝမ်က အကျိုးအကြောင်း ရှင်းပြပြီး ငြင်းလိုက်တယ်။ လှေပျံမောင်းရတာ ဝိညာဥ်စွမ်းအင် အရမ်းကုန်တယ်။ လမ်းခရီးကလည်း မိုင်တစ်ထောင်ကျော် ဝေးတယ်။ ဆက်တိုက် ခရီးဆက်နေရင် ရှေးဟောင်းစစ်​မြေပြင်ဆီ ရောက်တာနဲ့ ခြေကုန်လက်ပန်းကျပြီး လှုပ်ရှားနိုင်မှာတောင် မဟုတ်ဘူး။

………

ပုံမှန်နှုန်းအတိုင်း ခရီးဆက်ရင်း တတိယမြောက်နေ့မှာ ရှေးဟောင်းစစ်မြေပြင်ဆီ ရောက်သွားတယ်။

စုန့်ဝမ်က အခုမှ ပထမဆုံးအကြိမ် ရောက်ဖူးတာဆိုတော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အံသြတုန်လှုပ်သွားတယ်။ နယ်မြေကြီးက မိုင်ထောင်ချီ ကျယ်ပြန့်တယ်၊ သွေးချောင်းစီးခဲ့တာ နှစ်သောင်းချီ ကြာမြင့်နေပြီ ဆိုပေမယ့် မြေပြင်တစ်ခုလုံးက သွေးတွေ စွန်းထင်းနေသလို နီရဲနေသေးတယ်။ သစ်ပင်တွေလည်း ပုပ်သိုးဆွေးမြည့်နေပြီး ခြောက်​ကပ်နေတယ်။ အရိုးတွေက နေရာအနှံ့ ပြန့်ကျဲနေပြီး၊ အဆောက်အဦးတွေက အပြိုအပျက်တွေ ဖြစ်နေပြီ။ လူ့လောကနဲ့ မတူဘဲ၊ ဒဏ္ဍာရီထဲက ငရဲပြည်အလား မှတ်ရတယ်။

ခဏနေတော့မှ စုန့်ဝမ် သတိပြန်ဝင်လာတယ်။ သူက ဒီနေရာကို အခုမှ ရောက်ဖူးတာဆိုတော့ ဘာလုပ်ရမယ် မသိသေးဘူး။ ရွှမ်ယဲ့က ၃ ခေါက်၊ နူတင်းက ၂ ခေါက် ရောက်ဖူးပြီး၊ ယီဇီတို့က အခုမှ ရောက်ဖူးတာ။ ဒီတော့ ရွှမ်ယဲ့ကို ခေါင်းဆောင်တင်ရမှာပဲ။

“တာအိုရောင်းရင်းရွှမ်၊ ဘာဆက်လုပ်ကြမလဲ”

ရွှမ်ယဲ့က အနောက်တောင်ဘက်ဆီ လက်ညိုးထိုးပြတယ်။

“အဲဒီဘက်က မိုင်လေးရာအကွာမှာ လိုဏ်ဂူတစ်ခု ရှိတယ်။ တစ်နာရီလောက် သွားရင် ရောက်ပြီ။ အခု နေစောင်းပြီဆိုတော့ မမှောင်ခင် ရောက်မှာပါ။ ညဆိုရင် တစ္ဆေတွေနဲ့ ဖုတ်ကောင်တွေ အရမ်းများလို့ လှုပ်ရှားဖို့ အဆင်မပြေဘူး။ လုံခြုံတဲ့နေရာ အနားယူပြီး မနက်စောစောမှ အလုပ်စ​ကြတာပေါ့”

ရွှမ်ယဲ့ပြောတာ ကျိုးကြောင်းဆီလျော်လို့ အားလုံး လက်ခံလိုက်တယ်။ ယီဇီကတော့ စုန့်ဝမ်ကို မကျေမနပ်နဲ့ မျက်စောင်းထိုး ကြည့်လိုက်သေးတယ်။ စုန့်ဝမ်သာ နေ့စဥ် တစ်နာရီလောက် ပိုမောင်းပေးရင် ဒီနေ့မနက်စောစော ရောက်နိုင်တယ်လို့ တွေးပြီး စိတ်ခုနေတာ။

ရွှမ်ယဲ့​ပြောတဲ့ လိုဏ်ဂူရောက်တော့ တစ်ညတာ အနားယူခဲ့တယ်။ ဘာမှ ထူးထူးခြားခြား မကြုံတွေ့ရလို့ မနက်ဖြန်အတွက် အားဖြည့်ပြင်ဆင်တာ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။

………..

နောက်နေ့ မနက်စောစော အလင်းရောင် ပေါ်တာနဲ့ လှေပျံပေါ်တက်ပြီး မြေအောက်လိုဏ်ဂူ ရှိရာဆီ ထွက်လာခဲ့တယ်။ အားလုံးရဲ့ ရည်မှန်းချက် မြေအောက်လိုဏ်ဂူမှာ ရှိနေတာဆိုတော့ လူခွဲစရာ မလိုသေးဘူး။

လှေပျံကို အတော်မြင့်မြင့်က ပျံခဲ့တာ မှန်သွားတယ်။ နေရောင် ထွက်လာပေမယ့် မြေပြင်မှာ လှည့်ပတ်သွားလာနေတဲ့ ဖုတ်ကောင်တွေနဲ့ တစ္ဆေတွေကို မြင်နေရတယ်။ ဖုတ်ကောင်တွေက မပျံသန်းနိုင်လို့ ကိစ္စမရှိပေမယ့်၊ တစ္ဆေတွေက အတိုင်းအတာတစ်ခုထိ ပျံသန်းနိုင်တော့ အနိမ့်ပျံမိရင် ပြဿနာ ရှိတယ်။ အုပ်စုလိုက် ဝိုင်းလိုက်ရင် ဖြေရှင်းရတာ အလုပ်ရှုပ်တယ်။

တစ်နာရီလောက် ပျံသန်းပြီးချိန် မြေအောက်လိုဏ်ဂူ အဝင်ဝကို ရောက်လာတယ်။ အပေါက်ဝ​က နက်ရှိုင်းတဲ့တွင်းကြီးတစ်ခု။ အထဲမှာ မှောင်မည်းနေလို့ ဘာမှ မမြင်ရဘူး။

“သွားကြစို့”

ရွှမ်ယဲ့က ပြောရင်း တွင်းပေါက်ဝထဲ ခုန်ချသွားတယ်။ တခြားသူတွေလည်း ခုန်ဆင်းသွားကြတယ်။ စုန့်ဝမ်လည်း လှေပျံကို သိမ်းပြီး ခုန်ဆင်းခဲ့တယ်။

တွင်းဝထဲ ဝင်လိုက်တာနဲ့ ထူထပ်တဲ့ ရုပ်အလောင်းစွမ်းအင်တွေ ခံစားမိလိုက်တယ်။ အဲဒီစွမ်းအင်တွေက ခန္ဓာကိုယ်ထဲ တိုးဝင်နေလို့ ရှိရင်းစွဲ ရုပ်အလောင်းစွမ်းအင်ရဲ့ ဆိုးကျိုးသက်ရောက်တာ ခံနေရတဲ့ စုန့်ဝမ်အတွက် အတော့်ကို မသက်မသာ ဖြစ်လာတယ်။ ဒါနဲ့ စီးဝင်တာ ရပ်သွားအောင် အတင်းအဓမ္မ ထိန်းချုပ်လို​က်ရတယ်။

စီးဝင်လာတာက ရုပ်အလောင်းစွမ်းအင်တင်မက ဝိညာဥ်အပိုင်းအစတွေလည်း ပါတယ်။ စစ်မြေပြင်ဟောင်းပီပီ ပြန့်ကျဲလေလွင့်နေတဲ့ ဝိညာဥ်အပိုင်းအစတွေ အရမ်းများတယ်။ စုန့်ဝမ်လည်း ဝိညာဥ်အပိုင်းအစတွေကို စုပ်ယူပြီး ဝိညာဥ်ပင်လယ်မှာ ထည့်သွင်းသန့်စင်ခဲ့တယ်။ ဒါက လမ်းတလျှောက် ဝိညာဥ်စွမ်းအင် အတော်များများ သုံးစွဲခဲ့ရတာကို ပြန်ကာမိသွားတယ်။

ရွှမ်ယဲ့က ပျံသန်းခြင်းနည်းစနစ်ကို အသက်သွင်းပြီး ဂူပေါက်ဝထဲ ဖြည်းဖြည်းချင်း ဆင်းနေတာ။ စုန့်ဝမ်တို့လည်း ပျံသန်းခြင်းနည်းစနစ် အသက်သွင်းပြီး ရွှမ်ယဲ့နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါလာခဲ့တယ်။ ပေ ၄၀၀ လောက် ဆင်းပြီးမှ အောက်ခြေကြမ်းပြင်ပေါ် ခြေချမိတယ်။

မြေအောက်လိုဏ်ဂူက အလင်းရောင် လုံးဝမရှိဘဲ မည်းမှောင်နေတယ်။ အားလုံးက ချီစုစည်းခြင်း အလယ်အဆင့် ကျင့်ကြံသူတွေဖြစ်လို့ ဝိညာဥ်စွမ်းအင် အသုံးချပြီး ပတ်ဝန်းကျင်ကို ပုံဖော်နိုင်လို့ သိပ်ပြဿနာ မရှိဘူး။ မျက်စိနဲ့ မမြင်နိုင်လို့ မသက်မသာတော့ ဖြစ်တာပေါ့လေ။

အလင်းပေးနိုင်မယ့်အရာတစ်ခု တောင့်တမိနေချိန် ရွှမ်ယဲ့ဆီက မှိန်ဖျော့ဖျော့ အဖြူရောင်အလင်းတစ်ခု ထွက်ပေါ်လာတယ်။ ရွှမ်ယဲ့လက်ထဲမှာ လက်သီးဆုပ်အရွယ်ကျောက်တုံး ကိုင်ထားပြီး လက်လွှတ်လိုက်တာနဲ့ ပျံတက်သွားပြီး သူ့ခေါင်းပေါ်တည့်တည့် ဆယ်ပေအမြင့်မှာ ရပ်နေတယ်။ အလင်းဖျော့ဖျော့ ဆိုပေမယ့် ပေနှစ်ရာဝန်းကျင်ထိ အလင်းပေးနိုင်တယ်။ ကျင့်ကြံသူတွေက အမြင်အာရုံ အားကောင်းလို့ အလင်းရောင် မှိန်ပေမယ့် ထင်ထင်ရှားရှား မြင်ရတယ်။ ဒါက အလင်းကျောက်ပဲ၊ ဝိညာဥ်စွမ်းအား နည်းနည်းထည့်လိုက်ရုံနဲ့ အချိန်အကြာကြီး အလင်းပေးနိုင်တယ်။

“ကဲ .. သွားကြစို့။ ငါတို့တွေ လမ်းခွဲရမယ့်နေရာ မရောက်ခင်ထိ အတူသွားကြမယ်။ ရှေ့လျှော​က်လည်း တတ်နိုင်သရွေ့ အချင်းချင်း ကူညီကြဖို့ မျှော်လင့်ပါတယ်"

စကားဆုံးတာနဲ့ ရွှမ်ယဲ့က လိုဏ်ဂူအတွင်းပိုင်းဆီ ဦးဆောင်ဝင်သွားတယ်။

…………..

All Chapters