← Chapters

မြေအောက်ဂူခရီးစဥ်

Vol. 6 Ch. 70

မြေအောက်ဂူခရီးစဥ်

Vol. 6 Ch. 70

စုန့်ဝမ်တို့တွေလည်း ရွှမ်ယဲ့နောက်ကနေ သတိနဲ့ လိုက်ပါလာခဲ့တယ်။ ရွှမ်ယဲ့က တတ်နိုင်သမျှ အဖွဲ့ကို စည်းစည်းလုံးလုံး ဖြစ်အောင် ကြိုးစားနေတာကြောင့် သူ့အပေါ် စုန့်ဝမ် အကောင်းမြင်ထားတယ်။ နောက်ပြီး လမ်းကျွမ်းတာ သူပဲရှိတော့ လမ်းညွှန်တဲ့နောက် လိုက်ရမှာပဲလေ။ မြေပုံကြမ်းပဲ အားကိုးနေလို့မှ မဖြစ်တာ။

ဂူအတွင်းလမ်းတွေက အတော်အတန် ကျယ်ပေမယ့် ကွေ့ကောက်ကြမ်းတမ်းပြီး၊ ဘေးနံရံတွေမှာ ချွန်ထက်နေတဲ့ ကျောက်စွယ်ကျောက်သားသားတွေက အပြည့်။ အမှောင်ထဲ ဘယ်လိုအန္တရာယ်တွေ ကွယ်ဝှက်ပုန်းအောင်နေမှန်း မသိတာကြောင့် သတိနဲ့ သွားနေရပြီး ခရီးသိပ်မတွင်ဘူး။ ရောက်ဖူးတဲ့ ရွှမ်ယဲ့တောင် သတိကြီးကြီးထားနေလို့ စုန့်ဝမ်တို့ မပေါ့ဆရဲကြဘူး။

စုန့်ဝမ်လည်း အလင်းရောင်အားနည်းတာ အခွင့်ကောင်းယူပြီး ကူပိုးကောင်ကို ဘယ်သူမှ မသိအောင် လွှတ်ပေးလိုက်တယ်။ ကူပိုးကောင်က ရှေ့ပေသုံးရာအကွာကနေ ကင်းထောက်သွားနေလို့ အန္တရာယ် ရှိ၊မရှိ ကြိုသိနေရတယ်။ သိပ်မကြာခင် ပေခြောက်ရာအကွာမှာ ဖုတ်ကောင်တစ်ဒါဇင်လောက် ရှိနေတာ သိလိုက်ရတယ်။ သိပ်တော့ အားမကြီးဘူး၊ ချီစုစည်ခြင်း အလယ်အဆင့်ခွန်အားလောက်ပဲ ရှိမယ်။ သူတို့ကိုယ်ပေါ်မှာရှိတဲ့ အလောင်းအဆိပ်က ပြင်းထန်ပေမယ့် အလောင်းချီနဲ့ကျင့်ကြံတဲ့ သူ့အတွက်တော့ သိပ်ပြဿနာ မရှိဘူး။

တစ်ခုကောင်းတာက မြေအောက်ဂူပတ်ဝန်းကျင်မှာ ကူပိုးကောင်က လှုပ်ရှားနိုင်စွမ်း ပိုမြင့်မားနေတာပဲ။ ပုန်းကွယ်ကင်းထောက်တာမှာ ထူးချွန်တဲ့ အတောင်မာကူတွေက မှောင်မည်းပြီး တစ္ဆေအော်ရာ ထူထပ်သိပ်သည်းတဲ့ ဒီလိုဏ်ဂူထဲမှာ ရှာမတွေ့နိုင်လောက်အောင် လှုပ်ရှားနိုင်စွမ်း ရှိနေတယ်။ ရေထဲမှာ နဂါးတစ်ကောင် လှုပ်ရှားသလိုကို အစွမ်းပြနေတာ။

ပေသုံးရာလောက် လျှောက်လာပြီးချိန် ရှေ့နားမှာ ဖုတ်ကောင်တွေ ရှိနေတာ ရွှမ်ယဲ့ သတိထားမိသွားတယ်။

“သတိထား၊ ဖုတ်ကောင်တွေ ရှိတယ်”

ရွှမ်ယဲ့ သတိမပေးခင်တည်းက နူတင်းနဲ့ ဇီယီတို့က ဖုတ်ကောင်ကို အာရုံခံမိပြီး တိုက်ခိုက်ဖို့ အသင့်​ဖြစ်နေပြီ။

“ထိပ်တိုက်တိုးရင် အမြန်ဆုံး ရှင်း၊ အားပြင်းတဲ့မှော်ပညာတွေ မသုံးနဲ့။ တခြားကောင်တွေကို ဆွဲဆောင်သလို ဖြစ်သွားမယ်”

ရွှမ်ယဲ့ သတိပေးပြီးတာနဲ့ သူ့ရှေ့မှာ ချီစုစည်းခြင်း ဆဋ္ဌမအဆင့် ခွန်အားပိုင်ဆိုင်တဲ့တစ္ဆေတစ်ကောင် ပေါ်လာတယ်။ အရပ် ၆ ပေကျော် မြင့်မားပြီး၊ ထွားကြိုင်းတဲ့တစ္ဆေက စုတ်ပြတ်နေတဲ့ သံချပ်ကာဝတ်စုံ ဝတ်၊ ဓားရှည်ကိုင်ထားတာ ဝါရင့်စစ်သည်အလား ထင်မှတ်ရတယ်။

လောင်ချွန်းနဲ့ ဇီယီက ဓားတိုတစ်ချောင်းစီ အသင့်ကိုင်ထားပုံအရ အနီးကပ်တိုက်ခိုက်မှု အားသန်သူတွေဖြစ်တာ သိသာတယ်။ နူတင်းက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်တာနဲ့ ကြွက်သားတွေ ဖောင်းကြွလာပြီး လက်ဗလာနဲ့ ရှေ့တိုးသွားတယ်။ ဒီလူက ရှားပါးတဲ့ ခန္ဓာကိုယ်ကျင့်ကြံသူပဲ။

စုန့်ဝမ်လည်း အလောင်းရုပ်သေးကို ထုတ်ယူပြီး အကာအကွယ် ယူထားလိုက်တယ်။ အဲဒီအချိန်မှာ တစ္ဆေက ဖုတ်​​ကောင်အုပ်ကို တရှိန်ထိုး ဝင်တိုက်ပါတော့တယ်။ ပထမဓားချက်နဲ့တင် ဖုတ်ကောင်တစ်ကောင် ထက်ပိုင်းပြတ်ပြီး အနက်ရောင်အရည်တွေ ပန်းထွက်ကုန်တယ်။ နူတင်းက ခုန်ဝင်ပြီး ဖုတ်ကောင်တစ်ကောင် ခေါင်းကို ထိုးချလိုက်တာ၊ ဖုတ်ကောင်ခေါင်း ပေါက်ကွဲသွားတယ်။ လောင်ချွန်းနဲ့ ဇီယီက ဖုတ်​ကောင်တွေ တိုက်ခိုက်နေတဲ့ကြားက မြွေတစ်ကောင်လို လူးလွန့်ဝင်သွားပြီး ဓားတိုလေးတွေနဲ့ ချက်ကောင်းကို ထိုးချလိုက်တာ တစ်ကောင် တစ်ချက်နဲ့တင် ပွဲသိမ်းသွားတယ်။

စုန့်ဝမ် အနားရောက်လာတော့ ဖုတ်ကောင်အုပ်စုက ကုန်လုနီးပါး ဖြစ်နေပြီ။ အချောင်ခိုရာ မရောက်အောင် အလောင်းရုပ်သေးကို အနီးဆုံးက ဖုတ်ကောင်ဆီ စေလွှတ်တိုက်ခိုက်လို​က်တယ်။ ဖုတ်ကောင်က သဘာဝအတိုင်း ဖြစ်တာဆိုတော့ အားဖြည့်ထားတဲ့ အလောင်းရုပ်သေးကို မယှဥ်နိုင်ဘူး။

အလောင်းရုပ်သေးက ဖုတ်ကောင် တိုက်ခိုက်တာကို အလွယ်တကူ ရှောင်ရှားပြီး ဘယ်လက်နဲ့ ထိုးချလိုက်တာ ဖုတ်ကော​င်ရင်ဘတ်ကို ထုတ်ချင်းခတ် ပေါက်ထွက်သွားတယ်။ ဒါပေမယ့် ဖုတ်ကောင်က ငြိမ်ကျမသွားဘဲ အလောင်းရုပ်သေးပခုံးကို ဖမ်းကိုင်ပြီး လည်ပင်းကို ​ကိုင်ဖြတ်ဖို့ ကြိုးစားလာတယ်။ အလောင်းရုပ်သေးက ညာလက်နဲ့ ဖုတ်ကောင်ခေါင်းကို ဖမ်းကိုင်ပြီး လည်ပင်းကို ကိုက်ချလိုက်တယ်။

ရက်စက်ကြမ်းကြုတ်တဲ့ အပြန်အလှန် တိုက်ခိုက်ပုံကြောင့် စုန့်ဝမ် အံအားသင့်သွားတယ်။ ပြောရရင် အလောင်းရုပ်သေးနဲ့ ဖုတ်ကောင်က ဖန်တီးထားတာနဲ့ သဘာဝအတိုင်း ဖြစ်တာကလွဲရင် မျိုးရင်းတူလို့ ဆိုနိုင်တယ်။ လူသေကနေ ဖြစ်လာကြတာလေ။ ဒါလည်း မျိုးတူခြင်းပါမ​ရှောင် သတ်ကြတာပဲလား။ ကြည့်ရတာ သဘာဝအတိုင်း ဖြစ်တည်လာတဲ့ ဖုတ်ကောင်တွေက သူတို့ချင်းပဲ မတိုက်ခိုက်တာ၊ လူဖန်တီးထားတဲ့ အလောင်းရုပ်သေးကို မျိုးတူလို့ မယူဆတဲ့သဘောပဲ။

တခြားသူတွေ ဖုတ်​ကောင်အုပ်ကို အပြတ်ရှင်းပြီးချိန်ထိ စုန့်ဝမ်က တစ်ကောင်တည်းကို လက်စမသတ်နိုင်သေးဘူး။ အလောင်းရုပ်သေး ကိုက်တဲ့ဒဏ်ကြောင့် ဖုတ်ကောင်က အကြောဆွဲပြီး အသက်ငင်နေပေမယ့် ပွဲမသိမ်းသေးဘူး။

အဲဒီအချိန် စုန့်ဝမ်ရပ်နေတဲ့မြေပြင် ရုတ်တရက် လှုပ်ရှားလာပြီး အထဲက တစ်ခုခု ထွက်လာသလို ပေါက်ကွဲထွက်လာတယ်။ စုန့်ဝမ် ခုန်ထွက်ရင်း ငုံ့ကြည့်တော့ ဖုတ်ကောင်တစ်​ကောင် ခုန်ထွက်လာတာ တွေ့လိုက်ရတယ်။ အစတည်းက အလောင်းတစ်ခုရှိတာ သိပေမယ့် မြေကြီးထဲ မြုပ်နေလို့ ဖုတ်ကောင်လို့ မထင်မိဘဲ သာမန်အလောင်းလို့ ထင်ခဲ့တာ။ ဂူထဲမှာ အလောင်းနဲ့ တစ္ဆေအော်ရာ ပြည့်နှက်နေလို့ သာမန်အလောင်းလား၊ ဖုတ်ကောင်လားဆိုတာ ခွဲရခက်နေတာ။

တခြားသူတွေက ဖုတ်ကောင်တွေ ရှင်းပြီးကုန်လို့ စုန့်ဝမ်အဖြစ်ကို သေချာမြင်ကြတယ်။ ရွှမ်ယဲ့က လျစ်လျူရှုပြီး ရပ်နေတယ်။ နူတင်းက ကူညီဖို့ ဟန်ပြင်လိုက်ပေမယ့် ဝေးနေလို့ မမီတော့ဘူး။ လောင်ချွန်းက ဓားနဲ့ပစ်ပေါက်ဖို့ ပြင်လိုက်ပေမယ့် ယီဇီရဲ့ အေးစက်စက်အကြည့်ကြောင့် လက်ပြန်ရုပ်သွားတယ်။

ဖုတ်ကောင်က သိပ်အစွမ်းမထက်လို့ စုန့်ဝမ်အတွက် အခက်အခဲ မရှိခဲ့ဘူး။ ဖုတ်ကောင်ရဲ့ လက်သည်းတွေ ခုန်ရှောင်လိုက်တဲ့ သူ့ခြေထောက်အောက်က ဖြတ်သွားတာနဲ့ ခြေစုံချရပ်ရင်း ဖုတ်ကောင်ခေါင်းကို လက်သီးနဲ့ ထိုးချလိုက်တယ်။

“ခွပ် ..”

“ဖောက် ..”

ခပ်တိုးတိုး ပေါက်ကွဲသံနဲ့အတူ ဖုတ်ကောင်ခေါင်းလည်း ဖရဲသီးလို ပေါက်ကွဲသွားတယ်။

မကျေမချမ်းဟန်နဲ့ နှုတ်ခမ်းတင်းတင်းစေ့ပြီး ကြည့်နေတဲ့ ယီဇီက လွဲရင် ကျန်သူတွေက ဘာအမူအရာမှ မပြကြဘူး။ အဲဒီအချိန် ပွဲသိမ်းပြီးသွားတဲ့ အလောင်းရုပ်သေးက စုန့်ဝမ်အနား ပြန်ရောက်လာတယ်။

ဖုတ်ကောင်အုပ်စုကို အပြတ်ရှင်းပြီးတာနဲ့ ရှေ့ဆက်ခဲ့ကြတယ်။ လမ်းမှာ ဖုတ်ကောင်အုပ်စုနှစ်စု၊ တစ္ဆေအုပ်စုတစ်စုနဲ့ တွေ့ပေမယ့် အကောင်ရေ မများသလို၊ အားလည်း သိပ်မကြီးကြလို့ လွယ်လင့်တကူ ကျော်ဖြတ်နိုင်ခဲ့တယ်။

လမ်းတလျှောက် လမ်းခွဲတွေ အများကြီး တွေ့ခဲ့ရလို့ ရွှမ်ယဲ့သာ မပါရင် မြေပုံကိုင်ပြီး လမ်းပျောက်နေမှာ သေချာတယ်။

.........

ဖြည်းဖြည်းချင်း သွားနေရင်း ရွှမ်ယဲ့က စုန့်ဝမ်ဘေး ကပ်လာတယ်။

“ညီလေးကော .. ရှေ့မှာ လမ်းခွဲတစ်ခု ရှိတယ်။ ငါနဲ့ နူတင်းက မြွေဂူရှိရာ ဘယ်ဘက်လမ်းက သွားမယ်။ ခေါင်းပွချီကာဒါသစ်နဲ့ လျန်ချောင်းဆေးမြစ်က ညာဘက်လမ်းမှာ ရှိတယ်။ အဲ့တော့ကွာ၊ မင်းက ငါတို့နှစ်ယောက်နဲ့အတူ လိုက်ပြီး မြွေအကြေးခွံသစ်သီးကို အရင်ယူဖို့ ဖိတ်ခေါ်ချင်တယ်။ ပြီးရင် ငါကိုယ်တိုင် ခေါင်းပွချီကာဒါသစ် ရှိတဲ့နေရာထိ လိုက်ပို့ပေးမယ်။ ဘယ်လိုသဘောရလဲ”

“ကျနော့်ကို ဟုတ်လား၊ ဘာလို့လဲ”

စုန့်ဝမ် အံသြတဲ့စိတ်ကို မထိန်းနိုင်ဘဲ ပြန်မေးလိုက်မိတယ်။ သူက ချီစုစည်းခြင်း ဆဋ္ဌမအဆင့်လေ၊ အကူအညီ တောင်းမယ်ဆိုရင် အဋ္ဌမအဆင့်ရှိသူယီဇီကို တောင်းရမှာ မဟုတ်ဘူးလား။

“ငါထင်တာ မမှားရင် ညီလေးကောက ခန္ဓာကိုယ်ကျင့်ကြံသူ ဖြစ်ရမယ်၊ ဟုတ်တယ်မလား”

စုန့်ဝမ် ခေါင်းညိမ့်ပြလိုက်တယ်။

“အေး .. အဲဒါကြောင့်ပဲ။ မြွေအကြေးခွံသစ်သီး ရဖို့ဆိုရင် ခန္ဓာကိုယ်ကျင့်ကြံသူတွေ အကူအညီ လိုတယ်။ ငါနဲ့ နူတင်း ပေါင်းလိုက်ရင် ၆၀ ရာခိုင်နှုန်း အခွင့်အရေး ရှိတယ်။ မင်းပါ ပါဝင်မယ်ဆိုရင် ၈၀ ရာခိုင်နှုန်း သေချာတယ်”

စုန့်ဝမ် ဘာပြန်ဖြေရမှန်း မသိလို့ တွေဝေနေတာ​ကြောင့် ရွှမ်ယဲ့က အသံပို့နည်းစနစ်နဲ့ ဆက်ပြောလာတယ်။

“ညီငယ်ကော .. သေချာစဥ်းစားပါ။ ခေါင်းပွချီကာဒါသစ်သားကို အရင်သွားယူချင်ရင် ယီဇီတို့နဲ့ မင်းတစ်ယောက်တည်း သွားရမှာနော်”

ရွှမ်ယဲ့က ပြောရင်း ယီဇီကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်တယ်။ ယီဇီက စုန့်ဝမ်ကို သိပ်မကြည်ဘူးဆိုတာ သူရိပ်မိတယ်။ သူတို့သာ အတူသွားမယ်ဆို စုန့်ဝမ်ကို အန္တရာယ်ပြုနိုင်ကြောင်း မသိမသာ သတိပေးလိုက်တယ်။ ကျင့်ကြံမှုအဆင့် ကွာရတဲ့အထဲ နှစ်ယောက်တစ်ယောက် ဖြစ်နေတယ် မဟုတ်လား။

စုန့်ဝမ် သေချာစဥ်းစားနေရပြီ၊ သူ့အနေနဲ့ ယီဇီတို့ မောင်နှမ ရန်ပြုမှာကို သိပ်မကြောက်ဘူး။ သွေးလွတ်​မြောက်နည်းစနစ်နဲ့ ထွက်​ပြေးရင်ကို လွတ်တယ်၊ ပတ်ဝန်းကျင် အခြေအနေကလည်း ထွက်ပြေးပုန်းရှောင်သူက အားသာချက် ရှိတယ်။ ဒါပေမယ့် ခေါင်းပွချီကာဒါသစ်ကို တစ်ယောက်တည်း စမ်းတဝါးဝါး ရှာတာထက်၊ နယ်မြေကျွမ်းကျင်တဲ့ ရွှမ်ယဲ့ဆီက အကူအညီယူပြီး ရှာရတာက ပိုကောင်းတယ်လို့ တွေးမိတယ်။

“ကောင်းပြီ၊ ကျနော် ခင်ဗျားတို့နဲ့ အတူလိုက်ပြီး မြွေအကြေးခွံသစ်သီး အရင်လိုက်ယူပေးမယ်။ ပြီးရင် ကျနော့်ကို ပြန်ကူညီပေးပါ”

ရွှမ်ယဲ့ ဝမ်းသာသွားတယ်။

“စိတ်ချ ညီလေးကော၊ မြွေအကြေးခွံသစ်သီး ယူပြီးတာနဲ့ လိုက်ပို့ပေးမယ်”

.........

သိပ်မကြာခင် ရွှမ်ယဲ့ပြောတဲ့ လမ်းခွဲနေရာကို ရောက်လာတယ်။ ရွှမ်ယဲ့တို့အုပ်စု ဘယ်ဘက်လမ်းကို သွားမယ်ဆိုတာ သိပြီးသားဖြစ်လို့ ယီဇီတို့က နှုတ်ဆက်ပြီး ညာဘက်လမ်းထဲ ဝင်သွားကြတယ်။ သူလည်း အဖေဖြစ်သူ အဆိပ်ဒဏ်က အရမ်းပြင်းထန်လို့ အချိန်မဖြုန်းဘဲ အလျင်စလို လုပ်နေရတယ်။

စုန့်ဝမ်တို့အဖွဲ့လည်း ဘယ်ဘက်လမ်းသွယ်ထဲ ဝင်လာခဲ့တယ်။ လမ်းကြောင်းပေါ် ရောက်တာနဲ့ ရွှမ်ယဲ့က နူတင်းကို လှည့်မေးတယ်။

“နူတင်း .. မင်းအကိုရုပ်အလောင်း ဘယ်မှာရှိတယ်ဆိုတာ ပြောလို့ရပြီမလား”

“ငါ့အကိုအဖွဲ့ထဲက အသက်ရှင်ကျန်ရစ်သူတွေ ပြောတဲ့အတိုင်းဆို သူတို့​လည်း မြွေအကြေးခွံသစ်သီး ယူဖို့ လာခဲ့တာပဲ။ မြွေဂူ မရောက်ခင်လေးတင် တစ္ဆေအုပ်စုတစ်စု တိုက်ခိုက်တာ ခံရတယ်။ အဲဒီတစ္ဆေအုပ်စုမှာ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်ခွန်အားရှိတဲ့ အငြိုးကြီးတစ္ဆေတွေပါတော့ ထွက်ပြေးကြရတယ်။ ငါ့အကိုက ထွက်မပြေးနိုင်ခဲ့ဘူး”

ရွှမ်ယဲ့ သက်ပြင်းချလိုက်တယ်။ တစ္ဆေတွေက သား​ကောင်ရဲ့ ဝိညာဥ်နဲ့ အသက်ဓာတ်ကိုပဲ စားတာ။ ဖုတ်ကောင်တွေက အသားစားတာဆိုတော့ အရိုးတောင် တစ်စစီ ပြန်ကောက်ရမှာ။

“တစ္ဆေအုပ်စုလက်ချက်ဆို သူ့ရုပ်အလောင်းတော့ ကျန်မှာပဲ။ ဖုတ်ကောင်တွေနဲ့ဆို ပြန်ရမှာ မဟုတ်ဘူး။ ဒါနဲ့ မင်းအစ်ကို မတော်တဆဖြစ်တာ ဘယ်လောက်ကြာပြီလဲ”

“တစ်လ”

ရွှမ်ယဲ့ ခေါင်းညိမ့်လိုက်တယ်။ ရုပ်အလောင်း ရှာဖို့က လွဟ်တယ်၊ စိတ်ပူစရာ မလိုဘူး။ သူစိတ်ဝင်စားတာ သတင်းအချက်အလက်။ နူတင်းအကို သွားခဲ့တာ သူနဲ့လမ်းကြောင်းတူတယ်။ မြွေဂူဆီပဲ။ နူတင်းအကိုက ချီစုစည်းခြင်း အဋ္ဌမအဆင့်ဆိုတာ သူသိပြီးသား။ ဒီလိုလူနဲ့ သူ့အဖွဲ့တောင် လမ်းမှာ တစ္ဆေအုပ်စုနဲ့ ထိပ်တို​က်တိုးပြီး ခံလိုက်ရတယ်ဆိုတော့၊ သူတို့သုံးယောက်သာ အဲဒီတစ္ဆေအုပ်စုနဲ့ တိုးရင် အန္တရာယ်​ကြီးတယ် မဟုတ်လား။ တစ်လကြာပြီဆိုတော့ အဲဒီတစ္ဆေအုပ်စု ထွက်သွားလောက်ပြီလို့ မျှော်လင့်ရတာပဲ။

………….

All Chapters