တစ္ဆေအသိုက်ထဲဝင်မယ်တဲ့လား
Vol. 6 Ch. 71
တစ်နာရီလောက် လျှောက်လာပြီးချိန် ဆယ်ပေကျယ်လမ်းကနေ ပေငါးရာလောက် ကျယ်ဝန်းတဲ့ဂူကျယ်ကြီးတစ်ခုထဲ ရောက်သွားတယ်။ လိုဏ်ဂူအမိုးမှာ အရွယ်အစား အမျိုးမျိုးရှိတဲ့ ကျောက်သားအသိုက်တွေ ရာချီ ရှိနေတယ်။
နူတင်းက ခြေလှမ်းရပ်လိုက်တယ်။
“ငါ့အကိုတို့ တိုက်ခိုက်ခံရတာ ဒီနေရာဖြစ်မယ်”
ရွှမ်ယဲ့နဲ့ စုန့်ဝမ်လည်း ခြေလှမ်းရပ်သွားပြီး ခန်းမကျယ်ကြီးကို သေချာစစ်ဆေးကြည့်လိုက်တယ်။
ရွှမ်ယဲ့က အသံပို့လွှတ်နည်းစနစ်နဲ့ သတိပေးလာတယ်။
“စကားမပြောကြနဲ့၊ အသံပို့လွှတ်နည်းစနစ်နဲ့ပဲ ဆက်သွယ်မယ်။ နူတင်း .. မင်းအကိုအလောင်းကို မြန်မြန်ရှာ၊ ဆူဆူညံ့ညံ့ မဖြစ်စေနဲ့။ ဒီအသိုက်တွေက အန္တရာယ်ရှိတယ်လို့ ငါခံစားမိနေတယ်”
ချီစုစည်းခြင်း သတ္ထမအဆင့် ကျင့်ကြံသူအတွက် ဝိညာဥ်အာရုံ ဖြန့်ကြတ်နိုင်စွမ်းက ပေ ၃၀၀ ဝန်းကျင်ပဲ ရှိတယ်။ အထူးပြု လေ့ကျင့်ထားသူဆို ပေ ၄၀၀ ပေါ့။ အသိုက်တွေက ပေ ၆၀၀ နီးပါး အမြင့်မှာ ရှိနေလို့ သူတို့လက်လှမ်းမမီ ဖြစ်နေတယ်။
နူတင်းက အနီးကပ်ပြီး စစ်ဆေးဖို့ ပြင်လိုက်ချိန် စုန့်ဝမ်ဆီက သတင်းပို့ချက် ရောက်လာတယ်။
“ဘယ်ဘက်ထောင့်စွန်းက စရေတွက်ရင် ရှစ်ခုမြောက်အသိုက်မှာ ရုပ်အလောင်းတစ်ခု ရှိတယ်။ တခြားအသိုက်တွေမှာ ဘာမှ မရှိဘူး”
စုန့်ဝမ်စကားကြောင့် ရွှမ်ယဲ့နဲ့ နူတင်းတို့ လှည့်ကြည့်လိုက်မိတယ်။ ပေ ၆၀၀ အကွာက အသိုက်တွေထဲကို ချီစုစည်းခြင်း ဆဋ္ဌမအဆင့်ပဲ ရှိတဲ့သူက ဘယ်လိုစစ်ဆေးနိုင်တာလဲ။ သူက ကျင့်ကြံမှုအဆင့် ဖုံးကွယ်ထားတဲ့ နဝမအဆင့် ကျင့်ကြံသူလားဆိုပြီး တွေးမိကုန်တာ။
စုန့်ဝမ်က သူတို့သံသယကို ရိပ်စားမိတယ်။
“အများကြီး မတွေးနဲ့၊ ငါက ဝိညာဥ်စွမ်းအင် အထူးပြု ကျင့်ကြံထားလို့ ပိုသန်မာတာပဲ ရှိတယ်”
ရွှမ်ယဲ့တို့လည်း လက်ခံသွားတယ်။ လူတိုင်းမှာ ကိုယ်အားသန်ရာ အထူးပြုကျင့်ကြံတဲ့အကျင့် ရှိတာကိုး။ နူတင်းက သေချာအောင် ထပ်မေးတယ်။
“ညီလေးကော၊ မင်းပြောတာ သေချာလား”
“သေချာတယ်၊ ရုပ်အလောင်းက ဝင်ပေါက်ကနေ ၁၅ ပေအကွာမှာ ရှိတယ်။ အရပ် ၇ ပေနီးပါးရှိတဲ့ အမျိုးသားအလောင်း။ ဒါပေမယ့် ရေဓာတ်ခမ်းခြောက်လို့ ချောက်သွေ့နေပြီ”
နူတင်း ဝမ်းသာသွားတယ်။
“ဟုတ်ပြီ၊ အဲဒါ ငါ့အကိုအလောင်းပဲ”
ပြောပြီးတာနဲ့ နူတင်း အပြေးသွားဖို့ ပြင်လိုက်လို့ စုန့်ဝမ်က အမြန်တားလိုက်ရတယ်။
“တာအိုရောင်းရင်းနူ၊ သတိထား။ အဲဒီအသိုက်တွေက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတယ်။ တစ္ဆေတွေကို အာရုံခံလို့ မရသေးပေမယ့် အတော့်ကို မူမမှန်သလို ခံစားနေရတယ်။ မင်းအကိုအလောင်းကို ပြန်ယူဖို့ မလွယ်ဘူး ထင်တယ်”
ဂူထဲ ရောက်တည်းက စုန့်ဝမ် ကူပိုးကောင်တွေ စေလွှတ်ပြီး ပတ်ဝန်းကျင်ကို ကင်းထောက်ခဲ့တယ်။ လိုဏ်ဂူခန်းမထဲတော့ တစ္ဆေတွေ မတွေ့ရဘူး။ ဒါပေမယ့် အသိုက်ထဲတော့ မသိသေးဘူး။ ကူပိုးကောင်တွေ လွှတ်ပြီး ကင်းထောက်ရင် ရပေမယ့် တကယ်လို့ စွမ်းအားကြီးအရာတွေ ရှိနေပြီး ကူပိုးကောင်တွေကို သတ်ပစ်မှာ စိုးရိမ်ရတယ်။ နူတင်းက အရင်းစိုက်ပြီး ကူညီရလောက်အောင် ပတ်သတ်မှုရှိသူမှ မဟုတ်တာ။ ဘေးကင်းတဲ့ အနေအထားကပဲ ကူညီဖို့ စိတ်ကူးထားတယ်။
ရွှမ်ယဲ့ရော စုန့်ဝမ်ကပါ သတိပေးနေလို့ နူတင်း ရှေ့မတိုးရဲသေးဘဲ ရပ်သွားတယ်။
“တာအိုရောင်းရင်းရွှမ်ရော ဘာအကြံပေးစရာ ရှိသေးလဲ”
“အသိုက်တွေထဲ ဘာရှိလဲဆိုတာ ငါတို့ မသိနိုင်ဘူး။ ဒီအခြအနေမှာ ရဲရဲတင်းတင်း လှုပ်ရှားရမှာ အန္တရာယ် များတယ်။ တစ္ဆေတွေ ဘယ်လောက်ရှိလဲ၊ ဘယ်လောက် အားကောင်းလဲဆိုတာ အတည်ပြုနိုင်ဖို့ လိုတယ်”
“လွတ်မြောက်လာသူ ပြောတာက တစ္ဆေအကာင်တစ်ရာကျော် တွေ့ခဲ့တယ်။ အနည်းဆုံး အကောင်နှစ်ဆယ်က ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်ခွန်အား ရှိတယ်တဲ့”
“ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်”
ရွှမ်ယဲ့နဲ့ စုန့်ဝမ် အထိတ်တလန့် ရေရွတ်လိုက်မိတယ်။ နှစ်ယောက်သား ထွက်ပြေးချင်စိတ်တောင် ပေါက်သွားပြီ။
ဒီပမာဏက သူတို့ကို တစ်စစီ ဆွဲဖြဲဖို့ လုံလောက်တယ်။ တချိန်တည်းမှာ နူတင်းအပေါ် သံသယဝင်လာတယ်။ ဒီလောက် အန္တရာယ်များတဲ့ကြားက နူတင်း ရှေ့တိုးချင်နေတာ သူ့အကို ရုပ်အလောင်း ပြန်ယူချင်ရုံတော့ မကဘူး၊ အဖိုးတန်တာ တစ်ခုခု ရှိရမယ်။
…………
ရွှမ်ယဲ့က နောက်ဆုတ်ဖို့ စဥ်းစားနေပုံရတဲ့ စုန့်ဝမ်ကို လှမ်းကြည့်ရင်း နူတင်းအတွက် ရည်ရွယ်တဲ့ အသံလွှင့်စကားကို နှစ်ယောက်လုံးဆီ ပို့လိုက်တယ်။ ဒီအချိန်မှာ ဘာပဲပြောပြော သုံးယောက်လုံးကြားအောင် ပြောကြတာ အကောင်းဆုံးပဲ။
"တာအိုရောင်းရင်းနူ၊ အန္တရာယ်များတဲ့နေရာမှာ မင်းအကိုရုပ်အလောင်းကို ယူဖို့ လာရဲတယ်ဆိုတော့ ပြင်ဆင်ထား ရှိတယ်မလား။ ငါတို့ကို ပွင့်ပွင့်လင်းလင်း ပြောပါ။ အန္တရာယ်က ငါတို့ရင်ဆိုင်နိုင်တဲ့ပမာဏဆို ငါတို့နှစ်ယောက် ကူညီမယ်။ မဟုတ်ရင်တော့ ငါတို့ နောက်ဆုတ်ရလိမ့်မယ်"
နူတင်း ခဏလောက် တွေဝေသွားပြီးမှ ပြန်ဖြေလာတယ်။
"ပြင်ဆင်ထားတာ ရှိပေမယ့် ရာနှုန်းပြည့်တော့ မသေချာဘူး။ တာအိုရောင်းရင်းရွှမ်က တစ္ဆေကျင့်ကြံသူမလား၊ ရောင်းရင်းရဲ့ အစေခံတစ္ဆေကို သုံးပြီး၊ အသိုက်ထဲက အငြိုးကြီးတစ္ဆေတွေကို ဆွဲထုတ်ပေးဖို့ မျှော်လင့်ပါတယ်။ ဒါမှ ငါ့အကို ရုပ်အလောင်းကို ဝင်ယူလို့ရမှာ"
ရွှမ်ယဲ့က မဆိုင်းမတွ ငြင်းလိုက်တယ်။
"မဖြစ်နိုင်ဘူး၊ အငြိုးကြီးတစ္ဆေနှစ်ဆယ်ကို ငါမနိုင်ဘူး"
ရွှမ်ယဲ့ပြောတာ မမှားဘူး။ သူ့လို ချီစုစည်းခြင်း သတ္ထမအဆင့် ကျင့်ကြံသူက ဘယ်လောက်ပဲ နည်းစနစ်မျိုးစုံရှိရှိ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်ခွန်အားရှိတဲ့ အငြိုးကြီးတစ္ဆေ ၂၀ ကျော်ကို နိုင်စရာအကြောင်းမှ မရှိတာ။ နောက်ပြီး နူတင်းကလည်း ဒီခရီးထွက်မှ တွေ့ဖူးတာ၊ စွန့်စားကူညီရလောက်တဲ့ ပတ်သတ်မှုမျိုး မရှိဘူးလေ။
နူတင်းကလည်း မက်လုံးကောင်းကောင်း မပေးရင် ရွှမ်ယဲ့ကို ဆွဲဆောင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ရိပ်မိတာကြောင့် သိုလှောင်အိတ်ထဲက မှောင်အဆောင်တစ်ထပ် ဆွဲထုတ်လိုက်တယ်။
"ဒါက တစ္ဆေနှိမ်နင်းအဆောင် ၁၀ ခုနဲ့၊ နတ်ဆိုးနှင်အဆောင် ၄ ခုပါ။ ဒါတွေ ခွဲယူနိုင်ပါတယ်။ ဒီအဆောင်တွေနဲ့ဆို ဘေးကင်းကင်း လှုပ်ရှားနိုင်မှာပါ"
စုန့်ဝမ်နဲ့ ရွှမ်ယဲ့တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိတယ်။ မှောင်အဆောင်တွေ၊ အထူးသဖြင့် နတ်ဆိုးနှင်အဆောင်တွေက ပထမအဆင့် အဆင့်မြင့်အဆောင် အမျိုးအစား။ အဆင့်တူမှော်အဆောင်ထဲမှာတောင် တန်ဖိုးပိုကြီးတယ်။ တစ်ခုကို အဆင့်နိမ့်ဝိညာဥ်ကျောက်တစ်ရာလောက် တန်တယ်။ ဒါပေမယ့် ၄ ခုပဲ ရှိတယ်။ အငြိကြီးတစ္ဆေက အကောင် ၂၀ လေ။ မှော်အဆောင် အခု ၂၀ နဲ့ဆို ကူညီဖြစ်ဦးမှာ၊ ခုတော့ စုန့်ဝမ်အသာ ငြိမ်နေလိုက်တယ်။
ဘယ်သူမှ မလှုပ်လို့ နူတင်း အခက်တွေ့သွားတယ်။
"ဒီကိစ္စအတွက် အသက်စွန့်ကူညီစရာ မလိုပါဘူး။ အငြိုးကြီးတစ္ဆေတွေကို ဆွဲဆောင်ပေးရုံပါပဲ။ အဲဒီနောက် တိုက်ခိုက်တာပဲဖြစ်ဖြစ်၊ ထွက်ပြေးတာပဲဖြစ်ဖြစ် မင်းတို့သဘောပါ။ ကူညီမယ်ဆို အဆင့်နိမ့်ဝိညာဥ်ကျောက် တစ်ထောင် ပေးမယ်"
ဒီတစ်ခါတော့ ရွှမ်ယဲ့ စိတ်ဝင်စားသွားတယ်။
"သေချာစဥ်းစားဦး၊ မင်းအသိုက်ထဲဝင်ရင်း ပိတ်မိသွားရင် ပြန်ထွက်ဖို့ မလွယ်ဘူးနော်"
နူတင်းပြောသလို အငြိုးကြီးတစ္ဆေတွေကို ဆွဲထုတ်ပေးဖို့က သူ့အတွက် အခက်အခဲ မရှိဘူး။ သူမွေးထားတဲ့အထဲ ဆိတ်ခေါင်းတစ္ဆေတတစ်ကောင် ပါတယ်။ အဲဒီတစ္ဆေက အသိဥာဏ် နည်းနည်းရှိတော့ ကိုယ်တိုင်ဆုံးဖြတ်လှုပ်ရှားနိုင်စွမ်း အတန်အသင့် ရှိတယ်။ ဒီကိစ္စမျိုးဆို အဲဒီကောင်ကို ခိုင်းထားပြီး သူက အန္တရာယ်ကင်းတဲ့နေရာမှာ ရှောင်နေလို့ ရတယ်။ တန်ဖိုးလည်း သိပ်မကြီးလို့ ဆုံးရှုံးသွားလည်း နှမျောစရာ မရှိဘူး။ နူတင်း ကမ်းလှမ်းထားတဲ့ မှော်အဆောင်နဲ့ ဝိညာဥ်ကျောက် တန်ဖိုးက အများကြီး ပိုနေပြီ။
"သေခြင်းရှင်ခြင်းက ငါ့ကံကြမ္မာအတိုင်းပေါ့၊ မစိုးရိမ်ပါနဲ့"
နူတင်းက ခပ်ပြတ်ပြတ် ပြောလာတယ်။
ရွှမ်ယဲ့လည်း ဆက်ပြောမနေတော့ဘဲ မှောင်အဆောင်နဲ့ ဝိညာဥ်ကျောက်တွေ လက်ခံယူလိုက်တယ်။ ယူပြီးတာနဲ့ မှော်အဆောင်တစ်ဝက်ကို စုန့်ဝမ်ဆီ လှမ်းပေးတယ်။
စုန့်ဝမ် ခေါင်းခါငြင်းပယ်လိုက်တယ်။
"ကျနော့် ကျင့်စဥ်နည်းစနစ်နဲ့ လက်နက်တွေက တစ္ဆေတွေကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့သဘာဝ မရှိတော့ ဒီကိစ္စမှာ အကူအညီ ပေးနိုင်မယ် မထင်ဘူး။ အဲဒါတွေကို တာအိုရောင်းရင်းရွှမ်ပဲ သိမ်းထားလိုက်ပါ"
စုန့်ဝမ်သဘောထားက ရှင်းတယ်။ အကျိုးအမြတ် မယူသလို ကူညီမှာလည်း မဟုတ်ဘူး။ သူ့အတွက် အသက်က ပိုတန်ဖိုးရှိတယ်။ ငြင်းပယ်ဖို့ မသင့်တော်တဲ့ အကြောင်းကြောင့် မဟုတ်ရင် ဘယ်တန်ဖိုးနဲ့မှ အလဲအလှယ် မလုပ်နိုင်ဘူး။ ပြောပြီးတာနဲ့ ဘေးလွတ်ရာဆီ နောက်ဆုတ်ရှောင်နေလိုက်တယ်။
ရွှမ်ယဲ့ကလည်း စုန့်ဝမ် ဆုံးဖြတ်တာ နားလည်လက်ခံပြီး မှော်အဆောင်တွေကို ပြန်သိမ်းလိုက်တယ်။ ပြီးတာနဲ့ နူတင်းနဲ့ လူချင်းခွဲ နေရာယူပြီး သိုလှောင်အိတ်ထဲက ဆိတ်ဦးခေါင်းတစ္ဆေကို ထုတ်လိုက်တယ်။ ရွှမ်ယဲ့ဆီက ညွှန်ကြားချင်ရတာနဲ့ ဆိတ်ဦးခေါင်းတစ္ဆေက အသိုက်တွေဆီ တဟုန်ထိုး ချဥ်းကပ်သွားတယ်။
"ဂရား ..."
ဆိတ်ဦးခေါင်းတစ္ဆေရဲ့ အော်သံကြီးကြောင့် လိုဏ်ဂူတစ်ခုလုံး ပဲ့တင်သံတွေ ဖုံးလွှမ်းပြီး ဆူညံ့ပွက်သွားတယ်။
ရုတ်တရက် ဗြောင်းဆန်သွားတဲ့ဖြစ်ရပ်က အိပ်မောကျနေတဲ့ တစ္ဆေတွေကို လှုပ်နှိုးလိုက်သလို ဖြစ်သွားပုံ ရတယ်။ ချက်ချင်းဆိုသလို တည်ငြိမ်နေတဲ့ အသိုက်တွေ လှုပ်ခါလာတယ်။ လိုဏ်ဂူတစ်ခုလုံးလည်း ယင်စွမ်းအင်တွေ၊ တစ္ဆေအေယ်ရာတွေ ပြည့်နှက်လာတယ်။ ချက်ချင်းဆိုသလို ဂူထဲမှာ တစ္ဆေတွေ တစ်ကောင်ပြီး တစ်ကောင် ပေါ်လာတယ်။ အစွမ်းထက်တဲ့ အငြိုးကြီးတစ္ဆေတွေလည်း မနည်းလှဘူး။ မျှော်လင့်ထားပြီသား မြင်ကွင်းဆိုပေမယ့် တကယ်မြင်လိုက်ရချိန် တစ္ဆေကျင့်ကြံသူဖြစ်တဲ့ ရွှမ်ယဲ့တောင် ထိတ်လန့်သွားတယ်။
နောက်ဆုံးတော့ ရွှမ်ယဲ့ ထွက်ပြေးဖို့ ဆုံးဖြတ်ပြီး ခြေကုန်သုတ်ပြေးပြီ။ ဒါပေမယ့် အတွေ့အကြုံရှိသူပီပီ နောက်လှည့်မပြေးဘဲ မြွေအကြေးခွံသစ်သီး ရှိရာဘက်ဆီ ထွက်ပြေးခဲ့တယ်။ ဆိတ်ခေါင်းတစ္ဆေကလည်း သခင်နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါထွက်ပြေးသွားတယ်။ တစ္ဆေအုပ်စုကြီးကလည်း ရွှမ်ယဲ့ ပြေးတဲ့နောက် အုပ်လိုက်ကြီး ပြေးလိုက်သွားကြတယ်။ ခဏတာအချိန်လေးထဲမှာ ရွှမ်ယဲ့ရော၊ တစ္ဆေအုပ်စုကြီးပါ ပျောက်ကွယ်သွားတယ်။
စုန့်ဝမ်က ချန်ထားခဲ့တဲ့ ကူပိုးကောင်ကတဆင့် ဖြစ်ပျက်သမျှကို မြင်နေရတယ်။
တစ္ဆေအားလုံး ရှင်းသွားတာနဲ့ နူတင်းက ပုန်းအောင်းနေရာက ထွက်လာပြီး စုန့်ဝမ်ညွှန်ပြခဲ့တဲ့ အသိုက်ထဲ ဝင်သွားတယ်။ သိပ်မကြာခင် စုန့်ဝမ်ပြောတဲ့နေရာမှာပဲ သူ့အကိုအလောင်းကို တွေ့သွားတယ်။ အလောင်းတွေ့တာနဲ့ ဝမ်းသာအားရ ပြေးပြီး သိုလှောင်အိတ်တွေကို ဖွင့်ရှာတယ်။ ပြီးတော့ ရှာနေတဲ့အရာ မတွေ့တဲ့ဟန်နဲ့ လွှင့်ပစ်ပြီး အကျီထဲ မွှေနှောက်ရှာဖွေပြန်တယ်။ နောက်တော့ အလောင်းဘေးပတ်လည် မြေကြီးတွေထဲ မွှေနှောက်ရှာနေတယ်။
ခဏနေတော့ တစ်ခုခု အာရုံခံမိပြီး ထိတ်လန့်သွားဟန်နဲ့ သိုလှောင်အိတ်ထဲက မီးခိုးရောင်ဝတ်ရုံတစ်ခု ထုတ်ယူပြီး အမြန်ခြုံရင်း ကျောက်နံရံမှာ ကပ်နေလိုက်တယ်။ ချက်ချင်းဆိုသလို နူတင်းရဲ့အော်ရာ လုံးဝပျောက်သွားတယ်။ တည့်တည့်သာ ဝင်မတိုက်မိရင် သူရှိနေတာ သိနိုင်ဖို့ မလွယ်ဘူး။ ခဏနေတော့ နူတင်း ရပ်ခဲ့တဲ့နေရာကို အငြိုးကြီးတစ္ဆေတစ်ကောင် ရောက်လာတယ်။ တစ္ဆေက ချီစုစည်းခြင်း အဋ္ဌမအဆင့်စွမ်းအား ပိုင်ဆိုင်ထားတယ်။ တစ္ဆေလည်း နူတင်းရပ်ခဲ့တဲ့နေရာမှာ ဝေ့ဝဲရင်း ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်။ လေထဲကျန်နေသေးတဲ့ လူသားအနံ့ရပြီး လူကို ရှာမတွေ့လို့ ယောင်တောင်တောင် ဖြစ်နေပြီး ခဏနေတော့ ပြန်ထွက်သွားတယ်။
တစ္ဆေအသိုက်ထဲ ဖြစ်ပျက်နေသမျှကို ကူပိုးကောင်ကတဆင့် စုန့်ဝမ် မြင်နေရတယ်။ သူက ဝင်မပါပေမယ့် ဝေးဝေးထွက်မသွားဘဲ အနီးနားက စောင်ကြည့်နေတာ။ လျှို့ဝှက်ဆန်းကြယ်စွမ်းအားကို အသုံးချပြီး အော်ရာအလုံးစုံကို ထိန်းချုပ်ဖုံးဖိထားလို့ တစ္ဆေတွေရော၊ နူတင်းပါ အာရုံမခံနိုင်ကြဘူး။ ဒီစွမ်းအင်က နူတင်းရဲ့ ဝိညာဥ်ရတနာထက်တောင် သာတယ်။
ကြည့်ရသလောက်ဆို နူတင်းက သူ့အကိုရုပ်အလောင်း ပြန်ယူဖို့ လာတာ မဟုတ်ဘူး၊ တန်ဖိုးကြီးပစ္စည်းတစ်ခုခု လာရှာတာပဲ ဖြစ်ရမယ်။ ဒီလောက် စွန့်စားရလောက်အောင် ဘယ်လောက်ထိ အဖိုးတန်တဲ့ရတနာ ဖြစ်နေမလဲပဲ။ အခု ဝတ်ရုံကတင် တန်ဖိုးကြီးနေပြီ။ ဒီဝတ်ရုံကြောင့် နူတင်းက ရဲရဲတင်းတင်း လှုပ်ရှားရဲတာပေါ့။ ကျင့်ကြံသူလောကမှာ ဝှက်ဖဲမရှိသူ ရှိမယ် မထင်တော့ဘူး။ ချီစုစည်းခြင်း အဋ္ဌမအဆင့်ခွန်အား ပိုင်ဆိုင်တဲ့တစ္ဆေတောင် အာရုံမခံနိုင်ဘူးဆိုတော့ ကျိန်းသေပေါက် ဝိညာဥ်ရတနာတစ်ခုပဲ။
……