ကြက်လည်းမော၊ ယာလည်းညက်
Vol. 6 Ch. 72
အငြိုးကြီးတစ္ဆေ ပြန်ထွက်သွားတာနဲ့ နူတင်းက ဝတ်ရုံကို ပြန်ချွတ်သိမ်းပြီး ရုပ်အလောင်းနား ပြန်ကပ်လာတယ်။ ဒီတစ်ခါတော့ ခြောက်ကပ်မာတောင့်နေတဲ့ အလောင်းကို ဂရုတစိုက် ရှာဖွေနေတယ်။ ဝမ်းဗိုက်နေရာရောက်တော့ နူတင်းမျက်လုံးက အရောင်လက်သွားတယ်။ လက်နဲ့ အားစိုက်ဖိလိုက်တော့ ဝမ်းဗိုက်ပေါက်သွားပြီး ကြက်ဥအရွယ်ရှိတဲ့ သွေးနီရောင်ကျောက်တုံးတစ်တုံး ပေါ်လာတယ်။
နူတင်းလည်း ဝမ်းသာအားရ ကောက်ယူပြီး သိုလှောင်အိတ်ထဲ ထည့်မယ်အလုပ်၊ အလောင်းရင်ဘတ် ပေါက်ကွဲထွက်လာပြီး အထဲက ကလေးပေါက်စအရွယ် တစ္ဆေတစ်ကောင် ထွက်ပေါ်လာတယ်။ နူတင်း တုံ့ပြန်ဖို့ အချိန်မရလိုက်ခင် တစ္ဆေက သူ့မျက်နှာနား ရောက်လာတယ်။ တစ္ဆေပုံစံကို မြင်လိုက်တော့ နူတင်း ရင်ထိတ်သွားတယ်။ တစ္ဆေကလေးငယ်ပဲ။
တစ္ဆေကလေးငယ်က နူတင်း အငိုက်မိပြီး မခုခံနိုင်တာကို အခွင့်ကောင်း ယူသွားတာ။ ခုန်ထွက်လာရင်း ပါးစပ်ကို တဆုံးထိဟပြီး နူတင်းခေါင်းကို ကိုက်ချလိုက်တယ်။
“အား..”
နာနာကျင်ကျင် အော်ဟစ်ရင်း နူတင်းခေါင်း တစ်ခုလုံး တစ္ဆေပါးစပ်ထဲ ရောက်သွားတယ်။ ခန္ဓာကိုယ်ကျင့်ကြံသူဖြစ်လို့ ခေါင်းပြတ်ပါမသွားပေမယ့် ချွန်ထက်တဲ့သွားတွေက နေရာအနှံ့ ကိုက်ဖြတ်တာ ခံနေရသလို၊ ကြမ်းရှရှလျှာနဲ့ အသားတွေကို ခြစ်ယူနေလို့ အဖြူရောင်ခေါင်းခွံ ပေါ်လာတဲ့အထိ ခံလိုက်ရတယ်။
နူတင်းလည်း တောင့်ခံရင်း နတ်ဆိုးနှင်အဆောင် ထုတ်ယူပြီး တစ္ဆေကလေးငယ်ကို ရိုက်ချလိုက်တယ်။ ထိမိတာနဲ့ မှော်အဆောင်ကနေ တောက်ပတဲ့အလင်းနဲ့အတူ ဝိညာဥ်စွမ်းအင် ထွက်ပေါ်လာတယ်။
တဖျစ်ဖျစ် မြည်သံနဲ့အတူ ဝိညာဥ်စွမ်းအင်က တစ္ဆေကလေးငယ် ခန္ဓကိုယ်ကို တိုက်စားသွားတာ ခန္ဓာကိုယ်တစ်ဝက်လောက် ပျောက်သွားတယ်။
“ဂရား ..”
တစ္ဆေကလေးငယ်လဲ ဝမ်းခေါင်းသံကြီးနဲ့ နာနာကျင်ကျင် အော်ဟစ်ရင်း နူတင်းကို လွှတ်ပြီး အသိုက်ထဲကို ကျန်နေသေးတဲ့ ခြေတစ်ဖက်နဲ့ ခုန်ဆွခုန်ဆွလုပ် ပြေးဝင်သွားပါတော့တယ်။
အသက်ဘေးက လွတ်တာနဲ့ နူတင်းလည်း အသက်ကို အသည်းအသန် ရှူသွင်းနေရတယ်။ အသက်ပါမသွားပေမယ့် လူက စုတ်ပြတ်သွားပြီ။ မျက်နှာတခြမ်းက အရိုးပေါ်နေပြီး အသားရော၊ မျက်လုံးပါ မရှိတော့ဘူး။ နောက်တစ်ခြမ်းလည်း အရေခွံ မရှိတော့ဘဲ နီရဲတဲ့အသားစိုင်တွေ ပေါ်နေပြီ။ သူ့ပုံစံက တစ္ဆေသရဲထက်တောင် ပိုဆိုးနေပြီ။
နာကျင်တာကို အံကြိတ်ခံရင်း နူတင်းလည်း ထွက်ပြေးဖို့ အသိုက်အပေါက်ဝဆီ အမြန်ပြေးသွားတယ်။ ကံဆိုးချင်တော့ အသိုက်အဝနား ရောက်ချိန် တစ္ဆေကလေးငယ် ပြန်ပေါ်လာပြီး သူနဲ့အတူ အငြိးကြီးတစ္ဆေ ၆ ကောင်နဲ့ သာမန်တစ္ဆေအုပ်လိုက်ကြီး ပါလာတယ်။
နူတင်းလည်း ကျိန်ဆဲရင်း ခုန်ထွက်လိုက်ပေမယ့် သူ့ထက်မြန်တဲ့ အငြိုးကြီးတစ္ဆေတွေက လေထဲမှာတင် အမိဖမ်းပြီး အသိုက်ထဲ ပြန်ဆွဲခေါ်သွားတယ်။
အဲဒီနောက်တော့ စုန့်ဝမ် လုံးဝမျှော်လင့်မထားတဲ့ အနီးကပ်တိုက်ပွဲကို မြင်လိုက်ရပါတော့တယ်။ လုံးထွေးသတ်ပုတ်ရင်း မှောင်အဆောင် ပေါက်ကွဲမှုတွေ၊ ကိုက်ဖြတ်ဆွဲဖြဲတာတွေနဲ့ ကမ္ဘာပျက်နေသလိုပဲ။ ခဏနေတော့မှ ငြိမ်ကျသွားတယ်။ ပွဲပြီးတော့ နူတင်းအလောင်း တစ်စစီ ဖြစ်နေသလို၊ အငြိုးကြီတစ္ဆေတွေလည်း ဒဏ်ရာကိုယ်စီနဲ့ စုတ်ပြတ်ကုန်တယ်။ သာမန်တစ္ဆေတွေကတော့ ပြာမှုန့်ဖြစ်သွားတာ ကုန်လုနီးပါးပဲ။
အားလုံးပြီးသွားတော့မှ ခေါင်းနဲ့ခန္ဓာတစ်ဝက်ပဲ ကျန်တော့တဲ့ တစ္ဆေကလေးငယ်က နူတင်းအလောင်းကို စားသောက်ပြီး အပြောင်ရှင်းလိုက်တယ်။ ၁၅ မိနစ်လောက် စားပြီးတော့ တခြားတစ္ဆေတွေနဲ့အတူ အသိုက်အတွင်းပိုင်းထဲ ဝင်သွားတယ်။
နူတင်းဇတ်သိမ်းသွားတာ ကြည့်ရင်း စုန့်ဝမ်က ရွှမ်ယဲ့ လွတ်ပါ့မလား စိတ်ပူနေတယ်။ ရွှမ်ယဲ့ သေသွားလို့ လမ်းပြမယ့်သူ မရှိရင် ခေါင်းပွချီကာဒါသစ်သား ရှာတွေ့ဖို့ အရမ်းခက်သွားမယ်။ လမ်းတလျှောက် အတွေ့အကြုံအရ မြေပုံက သုံးစားမရတာ သူသိနေပြီ မဟုတ်လား။
တိုက်ပွဲပြီးသွားတာနဲ့ စုန့်ဝမ် အမြတ်ထုတ်ဖို့ စီစဥ်တယ်။ နူတင်းရဲ့ သိုလှောင်အိတ်နှစ်လုံး၊ ဖုံးကွယ်ဝတ်ရုံနဲ့ သွေးနီရောင်ကျောက်တုံး မြေပြင်ပေါ်မှာ ဒီအတိုင်း ကျနေခဲ့တယ်။ ဒီအရာတွေက မြေအောက်ဂူမှာနေတဲ့ တစ္ဆေတွေအတွက် အသုံးမဝင်ဘူး။
စုန့်ဝမ်ဆီက ညွှန်ကြားချက်ရတာနဲ့ ကူပိုးကောင်က ပုန်းနေတဲ့ မြေကြီးထဲက ထွက်လာပြီး၊ ပစ္စည်းတွေကို သွားစစ်တယ်။ သိုလှောင်အိတ်တွေက စိတ်ဝင်စားစရာပစ္စည်း မရှိတော့ဘူး။ ဖုံးကွယ်ဝတ်ရုံကို လိုချင်ပေမယ့်၊ ဆွဲယူမယ်ဆိုရင် ဟိုငြိဒီငြိနဲ့ အသံထွက်ပြီး တစ္ဆေတွေကို ဆွဲဆောင်မိမှာ စိုးရိမ်လို့ လက်လျှော့လိုက်ရတယ်။
နောက်ဆုံးတော့ သွေးနီရောင်ကျောက်တုံးပဲ အရယူဖို့ ဆုံးဖြတ်လိုက်တယ်။ ကူပိုးကောင်က စုန့်ဝမ်ခိုင်းတဲ့အတိုင်း သူ့ကိုယ်လုံးနဲ့ ဖြည်းဖြည်းချင်း အသိုက်အဝထိ တွန်းလာတယ်။ အဝရောက်တော့ တွန်းချပြီး မြေကြီးထဲ ဝင်ပုန်းနေသေးတယ်။ မြေသားကပျော့တော့ ပြုတ်ကျတဲ့အသံက သိပ်မကျယ်ဘူး။ အတန်ကြာတဲ့အထိ အသိုက်တွေထဲက လှုပ်လှုပ်ရှားရှား တုံ့ပြန်တာ မရှိတော့မှ ပျံသန်းပြီး သွေးကျောက်တုံးဆီ ဆင်းလာတယ်။
သွေးကျောက်တုံးနား ရောက်တာနဲ့ ခြေခြောက်ချောင်းလုံး အသုံးချ ဆွဲမရင်း သယ်ဆောင်ပျံသန်းသွားတယ်။ စုန့်ဝမ်က သူရှိရာ ယူမလာခိုင်းဘဲ ရွှမ်ယဲ့ ဝင်ပြေးသွားတဲ့ လမ်းကြောင်းအတိုင်း သယ်သွားခိုင်းတာ။ ဝမ်းမည်းအတောင်မာကူက သာမန်ကူတွေထက် အရွယ်ကြီးပေမယ့် ကြက်ဥအရွယ် သွေးကျောက်တုံးကို မနိုင်မနင်း သယ်နေရလို့ မြေပြင်က တစ်ထွာသာသာ အမြင့်ကနေပဲ ဖြည်းဖြည်းချင်း ပျံနေရတယ်။
တစ်မိုင်လောက် ပျံသန်းပြီးမှ အက်ကွဲကြောင်းတစ်ခုထဲ သွေးကျောက်တုံးကို ထည့်ပြီး စုန့်ဝမ်ကို စောင့်နေခဲ့တယ်။ စုန့်ဝမ်လည်း တောက်လျှောက်စောင့်ကြည့်နေချိန် တစ္ဆေအသိုက်က ဘာမှ လှုပ်ရှားတာ မတွေ့ရလို့ ပုန်းအောင်းရာက ထွက်ပြီး ရွှမ်ယဲ့ ပြေးသွားတဲ့လမ်းကြောင်းဆီ လိုက်သွားဖို့ ပြင်လိုက်တယ်။
စထွက်တာနဲ့ တစ္ဆေအသိုက်ရှေ့က ဖြတ်ရမှာဆိုတော့ မြန်နှုန်းမြှင့်အဆောင်ကို သုံး၊ သွေးလွတ်မြောက်နည်းစနစ် အသက်သွင်းပြီး ဖြတ်ပြေးခဲ့တယ်။
သွေးကျောက်တုံး ဖွတ်ထားတဲ့ဆီ ရောက်တာနဲ့ သွေးကျောက်တုံးရော၊ ကူပိုးကောင်ပါ ပြန်သိမ်းပြီး လမ်းအတိုင်း ဆက်ပြေးလာခဲ့တယ်။
ဆယ်မိုင်လောက် ပြေးပြီးတော့မှ ရွှမ်ယဲ့ ပုန်းအောင်းနေတဲ့ ဂူငယ်လေးဆီ ရောက်လာတယ်။ ရွှမ်ယဲ့က တစ္ဆေအုပ်လက်ကနေ အလွယ်တကူ လွတ်လာပုံ ရတယ်။ တိုက်ခိုက်ထားတဲ့လက္ခဏာ မတွေ့ရဘူး။ ဒီလူက သုံးကြိမ်တောင် ဝင်ထွက်ဖူးတာဆိုတော့ အံသြစရာ မရှိပါဘူး။
ရွှမ်ယဲ့က စုန့်ဝမ် ရောက်လာတော့ နည်းနည်း စိတ်သက်သာရာ ရသွားတယ်။
“ညီငယ်ကော၊ မင်းကို ပြန်တွေ့ရတာ ဝမ်းသာတယ်ကွာ။ နူတင်းရော ဘယ်လိုလဲ၊ တွေ့မိသေးလား”
စုန့်ဝမ် ခေါင်းခါပြလိုက်တယ်။ အသေးစိတ်တော့ ပြောမနေဘူး။
“နူတင်း တစ္ဆေအသိုက်ထဲက ပြန်ထွက်လာတာ မတွေ့ရဘူး။ အဆိုးဆုံး အခြေအနေ ကြုံသွားပြီ ထင်တယ်”
“နှမျောစရာပဲ၊ ငါတို့ သုံးယောက်အတူဆို မြွေအကြေးခွံသစ်သီး အရယူနိုင်မှာ သေချာတယ်။ ခုတော့ …”
“အခု ဘာဆက်လုပ်ကြမလဲ”
“ငါတို့ပဲ ဆက်လုပ်ရတော့မှာပေါ့။ အခုချိန်ဆို အပြင်မှာ ညရောက်နေပြီ။ မြေအောက်ဂူမှာ နေ့၊ည မရှိပေမယ့် ဘာကြောင့်လဲတော့ မသိဘူး၊ ဖုတ်ကောင်နဲ့ တစ္ဆေတွေက ညအချိန်ဆို ပိုအားကောင်းပြီး လှုပ်ရှားတာ များတယ်။ မနက်ရောက်တော့မှ စလှုပ်ရှားတာပေါ့”
“ကောင်းပြီလေ၊ မနက်ရောက်တော့မှ လှုပ်ရှားကြတာပေါ့”
စုန့်ဝမ်လည်း တစ်ညတာ အနားယူဖို့ ဂူငယ်တစ်ခုထဲ ဝင်ခဲ့တယ်။
စုန့်ဝမ်နေရာက ရွှမ်ယဲ့နေရာနဲ့ ပေတစ်ရာလောက် ဝေးတယ်။ သူစိမ်းနှစ်ယောက်ကြား အကွာအဝေးတစ်ခု ခွဲနေတာက နှစ်ယောက်လုံး လုံခြုံမှု ရှိသလို ခံစားရတယ် မဟုတ်လား။
……………………..
နောက်တစ်နေ့မနက်၊
ခန္ဓာကိုယ်က အကျင့်ဖြစ်နေတဲ့အတိုင်း နိုးလာပေမယ့် မြေအောက်လိုဏ်ဂူက မှောင်မည်းနေလို့ နေ့နဲ့ည ခွဲမရဘူး။ စလှုပ်ရှားတာနဲ့ လမ်းသိတဲ့ရွှမ်ယဲ့က ရှေ့ကနေ သွားတယ်။
နှစ်နာရီလောက်နေတော့ စုန့်ဝမ် တုန့်ခနဲ ရပ်လိုက်ရင်း ရွှမ်ယဲ့ပခုံးကို ပုတ်ပြီး ရပ်ဖို့ အချက်ပြလိုက်တယ်။
“တာအိုရောင်းရင်းရွှမ်၊ မြွေတွင်းက မဝေးတော့ဘူးမလား”
“ညီလေးကော၊ ရောက်ဖူးတာလား။ ဟုတ်တယ်၊ သိပ်မဝေးတော့ဘူး။ ရောက်ခါနီးပြီ”
စုန့်ဝမ် ခေါင်းခါလိုက်တယ်။
“ကျနော် ရှေးဟောင်းစစ်မြေပြင်ကို တစ်ခါမှ မရောက်ဖူးဘူး။ ရှေ့က ပေ ၆၀၀ ကျော်လောက်မှာ ဖုတ်ကောင် ၆ ကောင်ကို ဆွဲပြီး သွားနေတဲ့မြွေအုပ်စု ရှိတယ်”
စုန့်ဝမ်ရဲ့ ဝိညာဥ်အာရံ ဖြန့်ကြတ်နိုင်စွမ်းကို သိထားပြီးသားဖြစ်တဲ့ ရွှမ်ယဲ့က သူ့စကားကို သံသယ မရှိဘူး။
“မြွေတွေက ဘယ်လိုပုံစံလဲ”
“အနက်ရောင်၊ အရွယ်အစားက အမျိုးမျိုးပဲ။ အသေးဆုံးကောင် လုံးပတ်က လက်မလောက်ပဲ၊ အကြီးဆုံးကောင်က လက်မောင်းလုံးလောက် ရှိတယ်”
“ဟုတ်ပြီ၊ အဲဒါ မြွေတွင်းထဲက မြွေနက်တွေပဲ။ သူတို့ အမဲလိုက်နေကြတာ”
“အမဲလိုက်တာလား ..”
စုန့်ဝမ် အံအားသင့်သွားတယ်။ ဖုတ်ကောင်ကို အစားအဖြစ် စားသောက်တဲ့မျိုးစိတ် ရှိမယ်လို့ ထင်မထားမိဘူးလေ။
“ဟုတ်တယ်၊ ဂူထဲမှာ အစားအစာ ရှားတယ်။ သားရဲတွေနဲ့ ဖုတ်ကောင်တွေ အချင်းချင်း အမဲလိုက်တာ မထူးဆန်းပါဘူး”
“ဒါဆို ဘာလုပ်ကြမလဲ”
“ဒီကောင်တွေကို မနှောင့်ယှက်ဘဲ၊ မြွေတွင်းထဲ ယူသွားပစေ။ နောက်တစ်ဆင့် မြွေအကြေးခွံသစ်သီး ခူးရင်တော့ ညီငယ်ကောကို အားကိုးရတော့မှာပဲ”
“ပြဿနာ မရှိပါဘူး။ ဒါက ငါတို့သဘောတူပြီးသားပဲလေ။ အသေးစိတ် အစီအစဥ်ကို အခု ပြောပြသင့်ပြီမလား”
စုန့်ဝမ်က ပွင့်ပွင့်လင်းလင်း မေးလိုက်တယ်။ ရွှမ်ယဲ့က အစီအစဥ်မှာ ခန္ဓာကိုယ်ကျင့်ကြံသူတွေဆီက အကူအညီ လိုအပ်တယ်လို့ ပြောခဲ့ပေမယ့် အစီအစဥ်ကို တိတိကျကျ မပြောခဲ့ဘူးလေ။
“မြွေနက်တွေက မြေအောက်လိုဏ်ဂူထဲမှာ တစ်သက်လုံး နေလာတာ။ အစာကလည်း ဖုတ်ကောင်တွေပဲ ရှိတယ်။ သူတို့က အမှောင်မှာ နေသားကျပြီး ယင်စွမ်းအင်ကို နှစ်သက်တယ်။ မီးနဲ့ ယန်စွမ်းအင်ကို ကြောက်တယ်။ ဒါကြောင့် ယန်မီးတောက်အစီအရင် ဝယ်လာခဲ့တယ်။ အဲဒီအစီအရင်မှာ အစီအရင်အလံ ၈ ခု ပါဝင်တယ်။ အလံ ၈ ခု နေရာချပြီး၊ အစီအရင်ပြားကို အသက်သွင်းလိုက်ရင် အစီအရင်ဧရိယာကို မီးပင်လယ်အသွင် ပြောင်းပစ်ပြီသား ဖြစ်သွားမယ်။ အပူချိန် အရမ်းမြင့်ပြီး၊ ယန်စွမ်းအင်လည်း ပါတော့ အကုန်မသေရင်တောင် မြွေတွင်းထဲက အနက်ရှိုင်းဆုံးနေရာထိ ပြေးပုန်းကြလိမ့်မယ်။ ဒါဆို မြွေအကြေးခွံသစ်သီးကို အလွယ်လေး ယူလိုက်ရုံပဲ”
စုန့်ဝမ် မျက်မှောင်ကြုတ်ပြီး သေချာစဥ်းစားနေတယ်။ အစီအစဥ်က ထောင့်စေ့ပေမယ့် တကယ်လုပ်ဖို့က မလွယ်ဘူး။ အစီအရင်အလံ နေရာချဖို့တင် အတော်ကြိုးစားရမှာ။ မြွေနက်တွေက သူတို့နယ်မြေထဲ လူသားတစ်ယောက် လာလှုပ်ရှားတာကို ထိုင်ကြည့်နေရလောက်အောင် သဘောကောင်းမယ် မထင်ဘူး။
“အရင်ဆုံး မြွေတွင်းအခြေအနေကို ကြည့်ရအောင်၊ ပြီးမှ ဘယ်လို ဆက်လုပ်မယ်ဆိုတာ ဆုံးဖြတ်တာပေါ့”
“ကောင်းတယ် .. ညီငယ်ကော ပြောသလို လုပ်တာပေါ့”
အစီအစဥ် ဆွဲထားပေမယ့် မြေပြင်အနေအထား လေ့လာဖို့ လိုသေးတာကို အတွေ့အကြုံများတဲ့ ရွှမ်ယဲ့ နားလည်တယ်။
…….