← Chapters

မြွေအကြေးခွံသစ်သီး

Vol. 6 Ch. 73

မြွေအကြေးခွံသစ်သီး

Vol. 6 Ch. 73

စုန့်ဝမ်နဲ့ ရွှမ်ယဲ့လည်း မြွေနက်အုပ်စု ဖုတ်ကောင်တွေကို တွင်းထဲ ဆွဲသွင်းသွားတဲ့အထိ စောင့်ဆိုင်းပြီးမှ မြွေတွင်းအနား ချဥ်းကပ်လာတယ်။ မြွေနက်တွေ သတိမထားမိအောင် အလင်းကျောက်ကို ပြန်သိမ်းပြီး၊ ပေ ၂၀၀ ကျော်အကွာကနေ ဝိညာဥ်အာရုံနဲ့ ဖြန့်ကြတ်စစ်ဆေးတယ်။ စုန့်ဝမ်က ကူပိုးကောင် စေလွှတ်ပြီး သေချာအောင် စစ်ဆေးတယ်။

မြွေတွင်းရှိတဲ့ဂူက ပေနှစ်ရာလောက် မြင့်တယ်။ ဂူထဲမှာ ကြမ်းပြင်ကနေ မျက်နှာကျက်ထိ မြင့်မားတဲ့ လျှောစောက်ပုံစံ ကျောက်ဆောင်ကြီး ရှိတယ်။ ကျောက်ဆောင်မှာ အပေါက်တွေ အရွယ်အစား အမျိုးမျိုး ရှိတယ်။ အသေးဆုံး လက်မအရွယ်ကနေ၊ အကြီးဆုံးက လက်မောင်းလုံးလောက် ရှိတယ်။ ကျောက်ဆောင်ပေါ်မှာ မြွေနက်တွေ ရာနဲ့ချီ ရှိနေတယ်။ အပေါက်တွေထဲ ဝင်လိုက်၊ ထွက်လိုက်နဲ့ ရှုပ်ယှက်ခပ်နေတော့ ဘယ်လောက်ရှိလဲ မှန်းဆလို့ မရဘူး။

လျှောစောက်ဖြစ်နေတဲ့ ကျောက်ဆောင်အလယ်လောက်မှာ ၆ ပေ အမြင့်ရှိတဲ့အပင်တစ်ပင် ပေါက်နေတယ်။ နေရောင်မထိတွေ့တဲ့ အပင်ဆိုတော့ အရွက်တွေက မီးခိုရောင် သမ်းနေတယ်။ အပင်ထိပ်မှာ လက်သီးဆုပ်အရွယ် အနီရောင်သစ်သီး ၃ လုံး ရှိနေတယ်။ အသီးတွေက ဝိညာဥ်စွမ်းအား ပြည့်လျှံနေတာ အဝေးကတောင် ခံစားမိနေတယ်။ အနံ့လည်း အရမ်းမွှေးတယ်။ ပတ်လည်မှာ မြွေနက်တွေ ပြည့်နေပေမယ့်၊ ဘယ်​ကောင်မှ အပင်နား မကပ်ရဲကြဘူး။

“တာအိုရောင်းရင်းရွှမ်၊ ဘယ်လိုလုပ်မယ် စိတ်ကူးလဲ”

“စလှုပ်ရှားတာနဲ့ အစေခံတစ္ဆေတစ်​ကောင် စေလွှတ်ပြီး မြွေနက်တွေ အာရုံပြောင်းအောင် လုပ်လိုက်မယ်။ ပြီးရင် မီးတောက်မန္တန် ပစ်မယ်။ ညီငယ်ကောက အဲဒီမီးရောင် မငြိမ်းခင် အစီအရင်အလံတွေ သတ်မှတ်နေရာထဲ ပစ်ပေါက်နေရာချပေးရင် ရပြီ”

ပြောပြာဆိုဆို ရွှမ်ယဲ့က အစီအရင်အလံတစ်ခု ထုတ်ပြတယ်။

အစီအရင်အလံက နှစ်ပေလောက်ရှည်ပြီး၊ အနီရောင်တံခွန်တစ်ခု ပါတယ်။ ရိုးတံက ကျောက်သားထဲ​ထိ ထိုးစိုက်နိုင်အောင် မာကျောချွန်ထက်တဲ့သံမဏိနဲ့ သွန်းလုပ်ထားတာ။ တံခွန်နဲ့ လက်ကိုင်ရိုးတလျှောက် တိမ်ပုံသဏ္ဍာန်တွေ ပြည့်နေပြီး မီးလျှံတွေက အဲဒီကြားထဲ စီးဆင်းနေဟန် ရေးဆွဲထားတယ်။

“ဒီအလံတွေက ပေါင်တစ်ရာလောက် လေးတယ်။ မင်းရဲ့ ခန္ဓာကိုယ်အင်အားနဲ့ သတ်မှတ်နေရာတွေဆီ တိတိကျကျ ပစ်ပေါက်နိုင်ဖို့ လိုတယ်။ လုပ်နိုင်မလား”

ရွှမ်ယဲ့က စိုးရိမ်ပူပန်တဲ့ဟန်နဲ့ မေးလာတယ်။ သူက ချီစုစည်းခြင်း သတ္ထမအဆင့်ပေမယ့်၊ ခန္ဓာကိုယ်ကျင့်ကြံသူ မဟုတ်လို့ သိပ်မသန်မာဘူး။ ပေသုံးရာကျော်ရင် တိတိကျကျ မပစ်နိုင်ဘူး။ အစီအရင်ဆိုတာကလည်း တစ်လက်မမှ မလွဲအောင် နေရာချမှ အောင်မြင်မှာဆိုတော့၊ မလွဲမရှောင်သာ ခန္ဓာကိုယ်ကျင့်ကြံသူကို ရှာနေရတာ။ အဲဒီလိုလူတွေက ကြံ့ခိုင်ပြီး ခွန်အားကြီးတော့ ပေသုံးရာမကတဲ့ အကွာအဝေးထိ တိတိကျကျ ပစ်လွှတ်နိုင်တယ်။

စုန့်ဝမ်က အစီအရင်အလံကို သေချာကိုင်တွယ် ချိန်ဆကြည့်ပြီး ခေါင်းညိမ့်ပြလိုက်တယ်။

“ပြဿနာ မရှိပါဘူး။ ဒါပေမယ့် ခွန်အား အားကိုးပြီး အလံတစ်ခုစီ ပစ်ပေါက်နေရာချတာ အလုပ်ရှုပ်ပြီး၊ အချိန်ကုန်တယ်။ မြွေနက်တွေ သိသွားပြီး တိုက်ခိုက်လာရင် တလွဲတချော် ဖြစ်သွားနိုင်တယ်”

ရွှမ်ယဲ့လည်း စုန့်ဝမ်ကို မျက်ခုံးပင့်ကြည့်လိုက်မိတယ်။

“မင်းမှာ ပိုကောင်းတဲ့နည်းလမ်း ရှိလား”

“ကျနော့် ဝိညာဥ်စွမ်းအားက မြွေတွင်းဧရိယာတစ်ခုလုံးကို လွှမ်းခြုံနိုင်တယ်။ တကယ်လို့ ကျနော်သာ အစီအရင်အလံတွေကို သန့်စင်ခွင့်ရမယ်ဆို ဝိညာဥ်စွမ်းအင် အသုံးချပြီး အလံရှစ်ခုလုံး တပြိုင်တည်း နေရာချလို့ရမယ်”

စုန့်ဝမ်က ကူပိုး​ကောင်တွေ ထိန်းချုပ်ရာက အသုံးချပုံအသစ်တွေ ပိုပိုသိလာတယ်။ ကူပိုး​ကောင်တွေက ဝိညာဥ်စွမ်းအင် သက်ရောက်တဲ့ဧရိယာကို တိုးချဲ့နိုင်ရုံမက အဲဒီနေရာမှာ ရှိနေတဲ့ ​မှော်ပစ္စည်းတွေကိုပါ ထိန်းချုပ်နိုင်တယ်။ အလုံးစုံ ထိန်းချုပ်ဖို့ မစွမ်းသာပေမယ့် အစီအရင်အလံ ၈ ခုကို ထိန်းချုပ်ဖို့လောက်တော့ စွမ်းနိုင်မယ်လို့ သူ့ကိုယ်သူ ယုံ​ကြည်မှု ရှိတယ်။

…………

စုန့်ဝမ်စကားကြောင့် ရွှမ်ယဲ့ အံအားသင့်သွားတယ်။ ခန္ဓာကိုယ်ကျင့်ကြံသူလည်းဖြစ်၊ ဝိညာဥ်စွမ်းအင် အထူးပြုကျင့်ကြံသူလည်းဖြစ်တဲ့ စုန့်ဝမ်ကို မဟာမိတ်ဖွဲ့ခဲ့တာ ကံကောင်းခြင်းတစ်ရပ်ပဲ။

“ညီလေး​ကောရဲ့ ပါရမီက ထူးခြားပါပေတယ်”

စုန့်ဝမ်က ရွှမ်ယဲ့ရဲ့ ချီးကျူးစကားကို ထူးထူးခြားခြား မခံစားရဘူး။

“ဒါပေမယ့် အစီအရင်အလံတွေကို ကျနော်သန့်စင်လိုက်ရင် တာအိုရောင်းရင်းရဲ့ အစီအစဥ်ကို ထိခိုက်သွားမလား မသိဘူး”

ရွှမ်ယဲ့က ကပျာကယာ ခေါင်းခါရင်း အစီအရင်ပြားတစ်ခု ထုတ်ပြတယ်။

“ပြဿနာ မရှိဘူး။ ညီငယ်ကောက အစီအရင်အလံတွေကို သန့်စင်ထိန်းချုပ်ပြီး နေရာချလိုက်ပါ။ အလံတွေ နေရာကျတာနဲ့ အစီအရင် လည်ပတ်တာကို ဒီအစီအရင်ပြားကပဲ အလိုအလျောက် ထိန်းချုပ်လည်ပတ်သွားမှာ။ ငါက နည်းနည်းထိန်းပေးရုံပဲ ရှိတယ်။ ညီငယ်ကောသာ အလံတွေကို ဝိညာဥ်စွမ်းအားနဲ့ နေရာပြောင်းတာ မလုပ်ရင် ဘာမှမထိခိုက်ဘူး”

စုန့်ဝမ် ခေါင်းညိမ့်လိုက်တယ်။

“ကောင်းပြီလေ၊ ဒါဆို အဲဒီလိုပဲ လုပ်ကြတာပေါ့”

“ညီလေးကော၊ ငါ့နော​က်လိုက်ခဲ့ပါ။ အစီအရင်အလံတွေ နေရာချတတ်အောင် ယန်မီးတောက်အစီအရင်အကြောင်း သင်ပေးမယ်”

တစ်နေ့လုံး စုန့်ဝမ်တစ်ယောက် ယန်မီးတောက်အစီအရင် သင်ယူရင်း၊ အစီအရင်အလံတွေ သန့်စင်ရင်း အလုပ်ရှုပ်နေတယ်။

……..

နောက်တစ်နေ့မနက် ရောက်တော့ စုန့်ဝမ်နဲ့ ရွှမ်ယဲ့တို့ အလုပ်စတယ်။ ရွှမ်ယဲ့ လှုပ်ရှားတာနဲ့ ခေါင်းပြတ်တစ္ဆေတစ်ကောင် မြွေတွင်းအစွန်မှာ ရုတ်တရက် ပေါ်လာပြီး ကျယ်လောင်တဲ့အသံနဲ့ အော်ဟစ်လိုက်တယ်။ မှောင်မိုက်တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ အသားကျနေတဲ့ မြွေနက်အုပ်စုကြီး ဝရုန်းသုန်းကား ဖြစ်သွားတယ်။ ခေါင်းမရှိတဲ့တစ္ဆေဆီက စူးရှတဲ့အော်သံ ထွက်ပေါ်လာလို့ စုန့်ဝမ် ကြောင်သွားတယ်၊ ပါးစပ်မပါတဲ့ ခေါင်းပြတ်ကြီးက ဘယ်ကနေ အသံထွက်လာတာလဲပေါ့။ သူ့ကိုယ်သူ ၂၁ ရာစု ဂြိုဟ်ပြာကြီးမှာ မဟုတ်တော့ဘဲ ကျင့်ကြံမှုလောကထဲ ရောက်နေပြီဆိုတာ ပြန်သတိပေးလိုက်ရတယ်။ မသိရင်၊ မဆိုင်ရင် မစဥ်းစားနဲ့။

မြွေငယ်တွေက ယောက်ယက်ခပ်နေပြီး တချို့ကောင်တွေက နည်းနည်းဥာဏ်​ကောင်းပုံ ရတယ်၊ မြွေတွင်းထဲ ဝင်ပြေးကြတယ်။ မြွေနက်ကြီးတွေကတော့ အသံလာရာ​ဆီ ပါးစပ်ကျယ်ကျယ်ဖွင့်ပြီး အစွယ်တဖွေးဖွေးနဲ့ ရန်စောင်နေကြတယ်။ ခဏနေတော့ အသံလာရာကို မှန်းဆမိသွားပြီး၊ ခေါင်းပြတ်တစ္ဆေ ရှိရာဆီ တဟုန်ထိုး ပြေးဝင်လာကြတယ်။

တိုက်ခိုက်ဟန့်တားနိုင်တဲ့ မြွေနက်အကြီးစားတွေ တစ်နေရာတည်း စုပြုံရောက်သွားတာနဲ့ စုန့်ဝမ်လည်း အစီအရင်အလံ ၈ ခုကို သတ်မှတ်နေရာတွေဆီ ပစ်လွှတ်လိုက်တယ်။

“ရွှီး .. ရွှီး”

“ဒုတ် .. ဒုတ်”

မြွေနက်ကြီးတွေ မတားဆီးနိုင်တော့ဘဲ အစီအရင်အလံတွေ သတ်မှတ်နေရာတွေမှာ စိုက်ဝင်သွားတာနဲ့ တပြိုင်နက် ရွှမ်ယဲ့က ချက်ချင်း လှုပ်ရှားလိုက်တယ်။

“အစီအရင် အသက်ဝင်စေ”

ရွှမ်ယဲ့က လေးနက်တည်ကြည်တဲ့မျက်နှာနဲ့ လက်ဟန်မျိုးစုံ ပုံဖော်နေတယ်။ အစီအရင်ပြားက သူ့ရှေ့တည့်တည့်မှာ ဝဲပျံရင်း တောက်ပတဲ့အလင်းရောင်တွေ တောက်ပလာတယ်။ အစီအရင်ပြား ပတ်လည်မှာ လက်သီးဆုပ်အရွယ် ဝိညာဥ်ကျောက် ၈ လုံးက လိုက်ပါလည်ပတ်ရင်း ထူထပ်သိပ်သည်းတဲ့ ဝိညာဥ်စွမ်းအင်ကို ဖြည့်သွင်းပေးနေတယ်။

ဘေးကရပ်ကြည့်နေတဲ့ စုန့်ဝမ် အံအားသင့်သွားတယ်။ ဒါက အလယ်အလတ်အဆင့် ဝိညာဥ်ကျောက်တွေလေ။ ရွှမ်ယဲ့က အရင်းအနှီး ကြီးကြီးမားမား ရင်းထားတာပဲ။ ဒါက အဆင့်နိမ့်ဝိညာဥ်ကျောက် ရှစ်ရာနဲ့ ညီမျှတယ်။ အစီအရင်ကလည်း စျေးကြီးပေးရမှာ သေချာတယ်။ သူနဲ့အတူ မြေအောက်လိုဏ်ဂူထဲ ဝင်လာသူတိုင်း ကြွယ်ဝချမ်းသာပြီး နောက်ခံတောင့်တင်းတာ အခုမှ စုန့်ဝမ် သတိထားမိလိုက်တယ်။ ဒီလူတွေ အန္တရာယ်ကြားထဲ စွန့်စားဝင်ရောက်လာတာ အသက်နဲ့ ရင်းရလောက်တဲ့အ​ကြောင်း ရှိနေကြလို့ပဲ။ ရွှမ်ယဲ့ဆို မြွေအကြေးခွံသစ်သီး မရရင် ချီးစုစည်းခြင်း သတ္ထမအဆင့်မှာ ထာဝရ ပိတ်မိနေမယ့်အဖြစ်မျိုးပေါ့။

အသက်နှစ်ရှိုက်စာအချိန်အတွင်း အစီအရင်အလံ ၈ ခုဆီက ဖောက်ထွင်းမြင်နိုင်တဲ့ အနီရောင်အလင်းလွှာတစ်ထပ် ပေါ်လာပြီး မြွေတွင်းပတ်လည်ကို ဝန်းရံလိုက်တယ်။ ချက်ချင်းဆိုသလို မြေပြင်ကနေ မီးလျှံတွေ ပေါက်ကွဲထွက်ပြီး အပူချိန် တရှိန်ထိုး တက်လာတယ်။ မြွေနက်တွေလည်း ကြောက်လန့်ပြီး ဦးတည်ရာမဲ့ ပြေးလွှားကုန်ကြတယ်။ အတော်များများက မီးလောင်ခံရပြီး ပြာမှုန့်တွေ ဖြစ်ကုန်တယ်။

သိပ်မကြာခင် မြေပြင်ပေါ်က မြွေနက်တွေ မီးလောင်ကျွမ်းပြီး ပြာမှုန့်ဖြစ်ကုန်သလို၊ တွင်းထဲ ပြူတစ်ပြူတစ် လုပ်နေတဲ့ အကောင်တွေလည်း အပူရှိန်လွတ်ရာ မြေနက်ပိုင်းထဲ ဝင်ပြေးကုန်တယ်။ လက်မောင်းလုံးလောက် လုံးပတ်ရှိတဲ့ မြွေကြီးတွေကတော့ မသေသေးဘူး။ ပြင်းထန်တဲ့အပူရှိန်ကြောင့် အကြေးခွံ​တွေ ကြွေကျနေတဲ့ကြားက အားကုန်သုံးပြီး အစီအရင်နံရံကို တိုက်ခိုက်နေကြတယ်။ ပြင်းထန်တဲ့ တိုက်ခိုက်မှုကြောင့် အစီအရင်နံရံတောင် တစ်ချက် တစ်ချက် ယိုင်သွားတယ်။ ဒါပေမယ့် ပြိုကွဲမယ့်အနေအထားတော့ မရှိဘူး။

ဒီအချိန် စုန့်ဝမ် တွေးမိတာ တစ်ခုတည်းရယ်၊ မြွေကြေးခွံသစ်သီးကို ဘယ်လိုခူးမလဲပေါ့။ မီးပင်လယ်ထဲ ကြာကြာထားရင် အပင်ပါ ပြာဖြစ်သွားနိုင်တယ်လေ။ ဒါပေမယ့် ခဏနေတော့ အစီအရင်ထဲ ပိတ်မိနေတဲ့ ခေါင်းပြတ်တစ္ဆေ ကျောက်ဆောင်ပေါ်တက်ပြီး အပင်ဆီ ဦးတည်သွားနေတာ မြင့်တော့မှ ရွှမ်ယဲ့အကြံကို စုန့်ဝမ် ရိပ်မိသွားတယ်။ ခေါင်းပြတ်တစ္ဆေက မြွေဆိပ်တွေ သက်ရောက်မှု ကြီးကြီးမားမား မခံရဘဲ လှုပ်ရှားနိုင်သေးတယ်။

ခေါင်းပြတ်တစ္ဆေ အပင်နား ရောက်သွားတာ အချိန်မီလေးပဲ။ မီးအရှိန်ကြောင့် အရွက်တွေ အဝါရောင် ပြောင်းကုန်ပြီး အောက်ခြေက အရွက်တချို့ မီးစစွဲနေပြီ။ မြွေအကြေးခွံသစ်သီးတွေ အထိအခိုက်တော့ မရှိသေးဘူး။ ခေါင်းပြတ်တစ္ဆေက အပင်ကို ထက်ပိုင်းချိုးပြီး အသီးပါတဲ့အပေါ်ပိုင်းကို သယ်ဆောင်ရင်း ရွှမ်ယဲ့ရှိရာဘက်ဆီ ပျံသန်းလာတယ်။ မြွေအကြေးခွံသစ်သီး ခိုးပြေးတာ သိသွားတဲ့ မြွေနက်တွေလည်း ရူးသွပ်သလို ဖြစ်ကုန်ပြီး နာကျင်တဲ့ဝေဒနာတောင် အမှုမထားတော့ဘဲ ခေါင်းပြတ်တစ္ဆေ ထွက်ပြေးတဲ့နောက် တရှိန်ထိုး လိုက်လာပါတော့တယ်။ ခေါင်းပြတ်တစ္ဆေ အစီအရင် အကာအရံနား ရောက်တာနဲ့ အပေါက်တစ်ပေါက် ပွင့်လာတယ်။ ခေါင်းပြတ်တစ္ဆေလည်း အဲဒီအပေါက်ကနေ လွတ်မြောက်လာတယ်။ အပေါက်က ချက်ချင်းလိုလို ပြန်ပိတ်သွားပေမယ့် ခုန်ပျံလာတဲ့ မြွေနက်တစ်ကောင် လွတ်ထွက်လာတယ်။

စုန့်ဝမ် ရွှမ်ယဲ့ကို ကြည့်လိုက်တော့ ရွှမ်ယဲ့က တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘူး။ အစီအရင်ကို အားကုန်သုံး ထိန်းနေရလို့ ဝိညာဥ်စွမ်းအင် ကုန်ခမ်းလုနီးနီး ဖြစ်နေပြီ။ ထွက်လာတဲ့ မြွေနက်က ချီစုစည်းခြင်း သတ္ထမအဆင့်ခွန်အား ပိုင်ဆိုင်ထားလို့ စုန့်ဝမ် အခက်တွေ့သွားတယ်။ ပြေးရင် လွတ်နိုင်ပေမယ့် ရွှမ်ယဲ့က ကျိန်းသေပေါက် သေမယ်။ ဒါဆို လမ်းပြမယ့်သူ မရှိဖြစ်ပြီး၊ ခေါင်းပွချီကာဒါသစ်သား ရယူဖို့ ပိုခက်သွားမယ်။ မြွေကြေးခွံသစ်သီးလည်း လက်လွှတ်ရမယ်။ ချရုံပဲ ရှိတော့တယ်။

စုန့်ဝမ် ခါးမှာချိတ်ထားတဲ့ သိုလှောင်အိတ်ကို တစ်ချက်ပုတ်ပြီး အလောင်းရုပ်သေးကို ထုတ်လိုက်တယ်။ အ​လောင်းရုပ်သေးလည်း ခြေချမိတာနဲ့ လက်သည်းအစုံနဲ့ ကုတ်ချပြီး မြွေနက်ကြီးကို တိုက်ခိုက်လိုက်တယ်။ မြွေနက်ကြီးက ချက်ချင်း အရှိန်သတ်ပြီး အမြီးနဲ့ လှည့်ရိုက်ချလိုက်တာ အလောင်းရုပ်သေး လွင့်စင်သွားတယ်။ အဲဒီအချိန် သံမဏိအပ်တစ်ခု ဘယ်ဘက်မျက်လုံးဆီ တိုးဝင်လာလို့ မြွေနက်ကြီးလည်း ခေါင်းကိုယိမ်းပြီး ​ရှောင်လိုက်ရတယ်။

“ချွမ်”

စုန့်ဝမ် ပစ်လွှတ်လိုက်တဲ့ ဝိညာဥ်နှုတ်ဆူးချွန်က မြွေနက်ကြီး ခေါင်းကိုပဲ ထိမှန်သွားတယ်။ အကြေးခွံက မာကျောလွန်းလို့ စိုက်ဝင်မသွားဘဲ ချော်ထွက်သွားတယ်။ မြွေနက်ကြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် မရလိုက်ပေမယ့်၊ အကြေးခွံတစ်ခု ကွာကျပြီး အသားစိုင်​တွေ ပေါ်လာတယ်။

မြွေနက်ကြီး အာရုံများနေချိန် အလောင်းရုပ်သေးက ပြန်ထလာပြီး အမြီးကနေ ဆွဲကိုင်ရင်း မြေကြီးနဲ့ ကိုင်ရိုက်ဖို့ ကြိုးစားပြန်တယ်။ မြွေနက်ကြီးက ကိုင်မြှော​က်မခံရအောင် အလောင်းရုပ်သေးကို ကိုယ်လုံးနဲ့ ရစ်ပတ်ပြီး အဆိပ်တွေနဲ့ မှုတ်ထုတ်လိုက်တယ်။ အဆိပ်မသင့်ပေမယ့် အဆိပ်ရည်တွေ တိုက်စားသွားလို့ နဂိုတည်းက ရုပ်ဆိုးနေတဲ့ အလောင်းရုပ်သေးမျက်နှာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတယ်။

စုန့်ဝမ်လည်း အပိုင်တိုက်ခိုက်ဖို့ ချောင်းနေတယ်။ မြွေကိုယ်လုံးနဲ့ ရစ်ပတ်ခံထားရလို့ လှုပ်မရဖြစ်နေတဲ့ အလောင်းရုပ်သေးက ကြံရာမရတဲ့အဆုံး မြွေရဲ့ အပျော့ပြောင်းဆုံးဖြစ်တဲ့ ဝမ်းဗိုက်နေရာကို အစွယ်တွေနဲ့ ကိုက်ချလိုက်တယ်။ မြွေနက်ကြီးလည်း နာနာကျင်ကျင် ရုန်းကန်ရင်း အလောင်းရုပ်သေးကို ခါထုတ်ပစ်လိုက်တယ်။ ဒါပေမယ့် အသားစိုင်ကြီးတစ်ခု ပဲ့ပါသွားလို့ ဆက်မတိုက်ခိုက်နိုင်တော့ပဲ ထွက်ပြေးပါတော့တယ်။

စုန့်ဝမ်လည်း စုတ်ပြတ်နေတဲ့ အလောင်းရုပ်သေးကို ပြန်သိမ်းလိုက်တယ်။ အဲဒီအချိန် တစ္ဆေခေါင်းပြတ်ဆီက မြွေအကြေးခွံသစ်သီးတွေ ရွှမ်ယဲ့က သိမ်းလိုက်ပြီ။

ရည်မှန်းချက်တော့ အောင်မြင်ပြီ။ ရွှမ်ယဲ့က စုန့်ဝမ်ကို ခေါင်းညိမ့်ပြီး အချက်ပြတယ်။

“တာအိုရောင်းရင်း​ကော၊ အစီအရင် ရပ်တော့မယ်”

ပြောပြီးတာနဲ့ ရွှမ်ယဲ့က ရှုပ်ထွေးတဲ့လက်ဟန်တွေ ပြုလုပ်ပြီး အစီအရင်ပြားကို သိမ်းလိုက်တယ်။ အသက်တစ်ရှိုက်စာအတွင်း မီးတောက်တွေ ငြိမ်းပြီး၊ အကာအရံအလွှာလည်း ကွယ်ပျောက်သွားတယ်။ စုန့်ဝမ်လည်း လက်ဝေ့ယမ်းပြီး အစီအရင်အလံတွေ သိမ်းလိုက်တယ်။

အစီအရင် သိမ်းလိုက်တာနဲ့ ချက်ချင်းဆိုသလို မြေအောက်ဂူ အနက်ပိုင်းထဲက မြွေတွန်သံတွေ ဆူညံ့ပြီး တွင်းဝ​တွေကနေ မြွေနက်တွေ အုံလိုက်ကျင်းလိုက် ထွက်လာပါတော့တယ်။

စုန့်ဝမ်လည်း အသင့်ကိုင်ထားတဲ့ မြန်နှုန်းမြှင့်အဆောင်ကို အသက်သွင်းပြီး တချိုးတည်း ပြေးပါတော့တယ်။ ဝိညာဥ်စွမ်းအင် ကုန်လုနီးနီး ဖြစ်နေတဲ့ ရွှမ်ယဲ့က မပြေးနိုင်တော့ဘူး။ သိုလှောင်အိတ်ထဲက အသားအရေ ဖြူဖွေးနေပြီး ရောင်စုံအဝတ်တွေ ဝတ်ဆင်ထားတဲ့ တစ္ဆေငယ် ၅ ကောင်ကို ထုတ်ယူလိုက်တယ်။ တစ္ဆေငယ်တွေက ရွှမ်ယဲ့ကို ပက်လက်လှန် ထမ်းပိုးပြီး ခြေကုန်သုတ် ပြေးလိုက်တာ ခဏလေးနဲ့ စုန့်ဝမ်ကို ကျော်တက်သွားတယ်။

“သောက်ကျိုးနည်း၊ ဘာကောင်တွေလဲဟ"

နောက်က မြွေနက်​အုပ်စုကြီး တရှိန်ထိုး လိုက်လာတဲ့ အသံကြောင့် စုန့်ဝမ်လည်း သွေးလွတ်မြောက်နည်းစနစ် အသက်သွင်းပြီး အသက်လု ပြေးလိုက်တာ ရွှမ်ယဲ့ကို ကျော်သွားပြန်တယ်။

All Chapters