← Chapters

တစ္ဆေလိုက်လို့ပြေးရပြီ

Vol. 6 Ch. 74

တစ္ဆေလိုက်လို့ပြေးရပြီ

Vol. 6 Ch. 74

စုန့်ဝမ်နဲ့ ရွှမ်ယဲ့တို့ တစ်နာရီနီးပါး ခြေကုန်သုတ် ပြေးလိုက်တော့မှ မြွေနက်အုပ်စု မျက်ခြေပြတ်ပြီး ကျန်ခဲ့တယ်။ စိတ်ချရတော့မှ လုံခြုံတဲ့ လိုဏ်ဂူငယ်တစ်ခု ရှာပြီး အနားယူကြတယ်။

“တာအိုရောင်းရင်းကော၊ ဒီမှာ မြွေအကြေးခွံသစ်သီး ၃ လုံး ရှိတယ်။ ဘယ်လိုခွဲဝေချင်လဲ”

မြွေအကြေးခွံသစ်သီးက အဆင့်တစ်ခုမှာ ကြာရှည်ပိတ်မိနေတဲ့ ချီစုစည်းခြင်းနယ်ပယ် ကျင့်ကြံသူတွေ အဆင့်တက်ဖို့ တစ်ခါသုံးဆေးဖြစ်တော့ တန်ဖိုးကြီးတယ်။ ရှားလည်း ရှားပါးသလို၊ စျေးလည်းကြီးတယ်။ စုန့်ဝမ်အတွက်က အရေးတကြီး အသုံးမလိုဘူး၊ သူ့ကျင့်ကြံမှုက ချောချောမွေ့မွေ့ တိုးတက်နေတာ၊ ထစ်ငေါ့ပိတ်ဆို့တာ မရှိဘူး။ ဒါပေမယ့် အလုပ်လုပ်ပြီးမှတော့ အကျိုးအမြတ်မယူလို့ ဘယ်ဖြစ်ပါ့မလဲ။

“ငါ့ကို တစ်လုံးပဲပေး”

ရွှမ်ယဲ့က ခေါင်းညိမ့်ပြီး မြွေအကြေးခွံသစ်သီးတစ်လုံးကို အသင့်ဆောင်လာတဲ့ ကျော​က်စိမ်းဗူးထဲ ထည့်ပြီး လှမ်းပေးတယ်။

“ဒီတစ်ခေါက် ကူညီပေးတဲ့အတွက် တာအိုရောင်းရင်းကောကို ကျေးဇူးတင်ပါတယ်”

စုန့်ဝမ်လည်း ကျောက်စိမ်းဗူးကို ယူပြီး သိမ်းဆည်းလိုက်တယ်။

“ဒါက အလုပ်သဘော ပူးပေါင်းတောင်ရွက်တာပါ၊ ကျေးဇူးတင်စရာ မလိုပါဘူး။ ခေါင်းပွချီကာဒါသစ်သား ရယူဖို့ လိုက်ပို့မယ်ဆိုတဲ့ကတိ တည်ဖို့တော့ မျှော်လင့်ပါတယ်"

“စိတ်ချပါ၊ အခု ပင်ပန်းနေပြီဆိုတော့ အနားယူရအောင်၊ မနက်ဖြန်မှ ထွ​က်ကြတာပေါ့”

....

နောက်နေ့မနက်ရောက်တော့ စုန့်ဝမ်နဲ့ ရွှမ်ယဲ့လည်း ယီဇီတို့နဲ့ လမ်းခွဲခဲ့တဲ့လမ်းဆုံဆီ ပြန်ရောက်လာပြီး ညာဘက်လမ်းအတိုင်း ဝင်လာခဲ့ကြတယ်။ လမ်းတလျှောက်မှာ ဘယ်ဘက်လမ်းကြောင်းနဲ့ မတူဘဲ အပင်တွေ အများကြီး ပေါက်နေတာကြောင့် စုန့်ဝမ် အံအားသင့်နေတယ်။ အပင်တွေက စိုထိုင်းတဲ့နေရာတွေမှာ ပေါက်နေပြီး၊ မှိန်ဖျော့ဖျော့အလင်းကို ထုတ်လွှတ်ပေးနေတယ်။ ဝိညာဥ်စွမ်းအင် နည်းပါးလို့သာ အသုံးဝင်ဆေးပင် မဖြစ်တာ။

ဟိုကြည့်ဒီကြည့် သွားနေရင်း စုန့်ဝမ် ရုတ်တရက် ရပ်သွားတယ်။

“ရှေ့နားက လမ်းခွဲမှာ လူနှစ်ယောက် ဂူငယ်တစ်ခုထဲ ပုန်းနေတယ်”

စုန့်ဝမ်ရဲ့ ဝိညာဥ်စွမ်းအင် အားကောင်းပုံကို သိနေတဲ့ ရွှမ်ယဲ့က မအံသြတော့ဘူး။

“ဘယ်လိုလူတွေလဲ”

“အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်။ နှစ်ယောက်လုံး ကျင့်ကြံမှုအဆင့်နိမ့်တယ်။ ချီစုစည်းခြင်း စတုတ္ထအဆင့်နဲ့ တတိယအဆင့်။ အမျိုးသားက ဒဏ်ရာရနေတယ်”

ဒီလောက် ကျင့်ကြံမှုအဆင့်လေးနဲ့ ရှေးဟောင်းစစ်မြေပြင်က မြေအောက်လိုဏ်ဂူထဲ ဝင်လာရဲတာ စုန့်ဝမ် အံသြနေတယ်။

အတွေ့အကြုံရင့်တဲ့ ရွှမ်ယဲ့က မအံသြဘူး။

“ဒါဆို ကင်းထောက်အဖြစ် အတင်းအကြပ် ခေါ်ခံလာရသူတွေ ဖြစ်မယ်”

ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတွေတောင် ဝိညာဥ်အာရုံကို ပေရာဂဏန်းနည်းနည်းပဲ လွှတ်ထုတ်နိုင်တဲ့ ဒီပတ်ဝန်းကျင်မှာ ကင်းထောက်ခိုင်းစေဖို့ အဆင့်နိမ့်ကျင့်ကြံသူကို အတင်းအဓမ္မ ​ဖမ်းဆီးစေခိုင်းတာမျိုးက ဖြစ်လေ့ဖြစ်ထ ရှိတယ်။ အဆိပ်တို့၊ ဝိညာဥ်အမှတ်အသားပြု ထိန်းချုပ်တာတို့ လုပ်ခံရရင် ပြန်ခုခံဖို့ အခွင့်အရေး မရှိဘူးလေ။

ရွှမ်ယဲ့က အဲဒီလူတွေဆီက သတင်းအချက်အလက် ရယူချင်တာကြောင့် သွားတွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။

“သွားကြည့်ရအောင်”

စုန့်ဝမ်လည်း အကြောင်းရှိလို့ ရွှမ်ယဲ့ ဆုံးဖြတ်တယ်ဆိုတာ နားလည်လို့ ဘာမှမမေးဘဲ လိုက်သွားတယ်။ ခဏနေတော့ လူနှစ်ယောက် ပုန်းအောင်းနေတဲ့ဂူငယ်လေးဆီ ရောက်လာတယ်။

ရုတ်တရက် လူစိမ်းနှစ်ယောက် ပေါ်လာလို့ ပုန်းနေသူတွေ ထိတ်လန့်သွားတယ်။ အမျိုးသားက အမျိုးသမီးရှေ့က ရပ်ပြီး ကာကွယ်လိုက်တယ်။

အမျိုးသားက အသက် ၄၀ အရွယ်၊ ဝတ်စားထားပုံအရ လေလွင့်ကျင့်ကြံသူပဲ။ ခါးမှာ ဒဏ်ရာကြီးကြီးမားမား ရထားတယ်။ ထိခိုက်ထားတာ ကြာလောက်ပြီ၊ ပတ်တီးစည်းထားတဲ့ဒဏ်ရာက သွေးထွက်တာ ရပ်နေပြီ။ အမျိုးသမီးက အသက် ၂၀ အရွယ်၊ ပုံစံက သာမန်ပါပဲ။

ရွှမ်ယဲ့က အေးစက်စက်လေသံနဲ့ မေးခွန်းထုတ်လိုက်တယ်။

“မင်းတို့က ဘယ်သူလဲ၊ ဒီမှာ ဘာလာလုပ်တာလဲ”

“ကျနော်တို့က ထျန်းယွမ်စျေးက လေလွင့်ကျင့်ကြံသူ သားအဖပါ။ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူသုံးယောက်က ဖမ်းဆီးတာ ခံရပြီး၊ ဒီရောက်လာတယ်။ နောက်တော့ သမီးအသက်နဲ့ ခြိမ်းခြောက်ပြီး သူတို့အတွက် ဂူတွေထဲမှာ ရှာဖွေပေးဖို့ ခိုင်းစေခံရတာပါ”

ရောက်လာတဲ့သူစိမ်းနှစ်ယောက်က ကျင့်ကြံမှုအဆင့် မြင့်မားတာ ရိပ်မိလို့ အမျိုးသားဖြစ်သူက ရိုရိုကျိုးကျိုး ပြန်ဖြေလာတယ်။

ထျန်းယွမ်စျေးက ရှေးဟောင်းစစ်မြေပြင်နယ်မြေနားမှာ လေလွင့်ကျင့်ကြံသူတွေ စုပေါင်းတည်ထောင်ထားတဲ့စျေးတစ်ခု။ ရွှမ်ယဲ့က ဆက်ပြီး စစ်မေးနေတယ်။

“မင်းတို့ ဘယ်လိုလွတ်လာတာလဲ”

“ဂူတစ်ခု ရှာဖွေနေရင်း ပေတစ်ရာမကမြင့်တဲ့ အရိုးပုံကြီးတစ်ပုံ တွေ့ခဲ့ပါတယ်။ အရိုးပုံထိပ်မှာ ကျောက်စိမ်းအရောင်ရှိတဲ့ ဝိညာဥ်သစ်ပင်နှစ်ပင် တွေ့တယ်၊ တစ်ပင်က အမြင့်သုံးပေ ကျော်တယ်။ ပြန်သတင်းပို့ဖို့ လုပ်နေတဲ့အချိန် အရိုးပုံထဲကနေ အငြိုးကြီးတစ္ဆေနှစ်ကောင် ခုန်ထွက်လာတယ်။ သူတို့ဆီက ထွက်လာတဲ့ လေလှိုင်းနဲ့ ရိုက်မိပြီး ကျနော်လည်း လွင့်ထွက်သွားတယ်။ ဂူနံရံနဲ့ တိုက်မိပြီး သတိလစ်သွားပြီး ၁၅ မိနစ်လောက်နေလို့ ပြန်သတိရတော့ ဒီဒဏ်ရာ ရနေပြီ။ ဒါနဲ့ သမီးကို စိုးရိမ်ပြီး ထွက်ရှာခဲ့တာ။ လမ်းတလျှောက် တိုက်ပွဲဖြစ်ထားတဲ့ လက္ခဏာတွေ တွေ့တယ်။ နောက်တော့ ဒီနေရာမှာ ပုန်းနေတဲ့သမီးနဲ့ ပြန်ဆုံခဲ့ပါတယ်။ သူ​က ဟိုလူတွေနဲ့ အငြိုးကြီးတစ္ဆေနှစ်​​ကောင် တိုက်ခိုက်နေချိန် ထွက်ပြေးခဲ့တာပါ”

ကျောက်စိမ်းရောင်ဝိညာဥ်သစ်ပင်ဆိုလို့ စုန့်ဝမ်နဲ့ ရွှမ်ယဲ့တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိတယ်။ အဲဒါက သူတို့ရှာနေတဲ့ ခေါင်းပွချီကာဒါသစ်ပင်ပဲ။ ဒီလူ ပြောပြပုံအရဆို သူတို့ကို ခိုင်းစေသူတွေခည်း အငြိုးကြီးတစ္ဆေနှစ်​ကောင်ကို ရှုံးနိမ့်သွားပုံ ရတယ်။ တော်သေးတယ်၊ မဟုတ်ရင် ခေါင်းပွချီကာဒါသစ်ပင် ပါသွားမှာ။

ဒီသားအဖနှစ်ယောက်က အငြိုးကြီးတစ္ဆေလက်က လွတ်လာပေမယ့် ဘာမှထူးထူးခြားခြား အစွမ်းတွေ၊ ဝိညာဥ်လက်နက်တွေ မတွေ့ရဘူး။ တစ်ခုပဲ၊ ကောင်းကင်အလိုလို့ ဆိုရမလား၊ ကံကြမ္မာကောင်းတယ် ဆိုရမလား၊ ဒါပါပဲ။

အဲဒီအချိန် သူလွှတ်ထားတဲ့ ကူပိုးကောင်ဆီ​က သတင်းဝင်လာတယ်။

“တခြားသူတွေ လာနေပြီ”

ရွှမ်ယဲ့ မျက်လုံးပြူးသွားတယ်။ ဒီအချိန်မှာ ဘယ်သူပဲလာလာ သတင်းကောင်းတော့ မဖြစ်နိုင်ဘူး။

”ဘယ်သူတွေလဲ”

“လူသုံးယောက်၊ နှစ်ဖွဲ့ဖြစ်မယ်။ အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက်က တစ်ဖွဲ့။ သူတို့နောက်မှာ ချီစုစည်းခြင်း အဋ္ဌမအဆင့် အမျိုးသားတစ်ယောက် ပါတယ်။ သူလည်း ပြေးနေတာပဲ။ သူ့ပုံစံက နည်းနည်းထူးခြားတယ်”

ရွှမ်ယဲ့ ကြောင်သွားတယ်။

“တိုက်ခိုက်နေကြတာလား”

စုန့်ဝမ် မျက်နှာပျက်သွားတယ်။

“မဟုတ်ဘူး .. ပြေးနေကြတာ။ သူတို့နောက်မှာ အငြိုးကြီးတစ္ဆေ ၂ ကောင် လိုက်နေတာ။ သေပြီဟေ့ .. ငါတို့ဆီ တည့်တည့်လာနေပြီ။ ပြေးကြဟေ့”

​သတိပေးပြီးတာနဲ့ စုန့်ဝမ်လည်း မြန်နှုန်းမြင့်အဆောင်နဲ့ သွေးလွတ်မြောက်နည်းစနစ် အသက်သွင်းပြီး မှုန်နေအောင် ပြေးပါတော့တယ်။ ပြေးနေတဲ့ ၃ ယောက်မှာ တစ်ယောက်က ချီစုစည်းခြင်း အဋ္ဌမအဆင့် ယီဇီ၊ နောက်ကလူကလည်း အဋ္ဌမအဆင့်ပဲ။ သူတို့တောင် ခွေးပြေးဝက်ပြေး ပြေးနေရမှတော့ ဘာသိက္ခာစောင့်နေရမှာလဲ။ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲ။

မြေအောက်ဂူထဲ ၃ ကြိမ်ဝင်ဖူးပြီး ပြေးနေကျဖြစ်တဲ့ ရွှမ်ယဲ့လည်း နောက်ကျကျန်မနေဘဲ စုန့်ဝမ်နဲ့ ရင်ဘောင်တန်းပြီးကို ပြေးတာ။ ဖမ်းခေါ်ခံလာရတဲ့ သားအဖလည်း အသက်လုပြေးကြတယ်။ ကံကြမ္မာက အကြိမ်တိုင်း ​ကောင်းနေမယ်လို့ ဘယ်သူ အာမခံလို့လဲ။

ပြေးနေတဲ့သူတွေက စုန့်ဝမ်ပြောသလို ယီဇီတို့ မောင်နှမနဲ့ သားအဖနှစ်ယောက်ကို ဖမ်းခေါ်လာတဲ့အထဲက ကျင့်ကြံသူတစ်ယောက်။ လောင်ချွန်းက တစ်ဆင့်နိမ့်ပေမယ့် မြန်နှုန်းမြှင့်အဆောင်တွေ ဆက်တိုက်သုံးနေသလို ယီဇီကလည်း တွဲခေါ်နေလို့ နှစ်ယောက်သား ရင်ဘောင်တန်း ပြေးနိုင်နေတယ်။ နောက်ကပြေးနေသူက ဒဏ်ရာ​ရထားတော့ သူတို့ကို အမီမလိုက်နိုင်ဘူး။

သူတို့လည်း စုန့်ဝမ်တို့ ထွက်ပြေးသံကြားလို့ အဖော်ရှိမှန်းသိပြီး အားတက်သွားတယ်။

“ရှေ့က တာအိုရောင်းရင်းတို့ နေကြပါဦး။ ငါတို့ အတူပေါင်းပြီး ရင်ဆိုင်ကြရအောင်။ ပြေးနေတာက အဖြေမဟုတ်ဘူး၊ အကုန်သေကုန်လိမ့်မယ်”

ဘယ်လိုခေါ်ခေါ် စုန့်ဝမ်နဲ့ ရွှမ်ယဲ့က တုံ့ဆိုင်းမသွားဘဲ အသားကုန် ဆက်ပြေးနေကြတယ်။ ရပ်ရအောင် အရူးမှ မဟုတ်တာ၊ ခုခံရင် ခုခံတဲ့ကောင် သေမှာ၊ ဒီထဲမှာ ပူးပေါင်းတိုက်ခို​က်ဖို့ နေနေသာသာ အချိန်ဆွဲပေးခို​က် လုံ့လစိုက်ဆိုပြီး ပြေးမယ့်ကောင်ချည်းပဲ။

ကံမကောင်းစွာနဲ့ပဲ ကျင့်ကြံမှုအနိမ့်ဆုံးဖြစ်တဲ့ သားအဖနှစ်ယောက် မလွတ်တော့ဘူး။ ယီဇီတို့တွေက ကျော်တက်သွားတယ်။

…..

သိပ်မ​ကြာခင် ရှေ့ဆုံးက ပြေးနေသလို ဝိညာဥ်အာရုံလည်း အဝေးဆုံး ဖြန့်ကြတ်နိုင်တဲ့ စုန့်ဝမ်အော်သံက အားလုံးရဲ့နားထဲ ငှက်ဆိုးထိုးသံအလား ဝင်လာပါတော့တယ်။

“သွားပြီဟေ့၊ ရှေ့မှာ လမ်းပိတ်နေပြီ”

ခဏနေတော့ ထွက်ပေါက်မရှိတဲ့ လိုဏ်ဂူကြီးထဲ ရော​က်သွားတာ အားလုံးသိလိုက်ရတယ်။ ကူပိုးကောင်တွေဆီက ထွက်ပေါက်ဆိုလို့ ခွေးတိုးပေါက် မပြောနဲ့ သူတို့တောင် ထွက်လို့ရတဲ့အပေါက် မရှိကြောင်း သတင်းပို့ချက်ရလို့ စုန့်ဝမ် စိတ်ညစ်သွားတယ်။

ခဏနေတော့ နောက်ကသုံးယော​က် ရောက်လာတယ်။ လောင်ချွန်းက ခေါင်းညိမ့်ပြပြီး စုန့်ဝမ်တို့နဲ့ အပြန်အလှန် နှုတ်ဆက်လို​က်တယ်။ ယီဇီကတော့ စုန့်ဝမ်ကို ကြည့်ရင်း ငိုချင်လာတယ်။ လှေပျံပေါ်မှာတည်းက ဒီကောင်နဲ့ တွေ့တိုင်း အဆင်မ​ပြေ ဖြစ်နေတာ၊ ခုတော့ အတူသေရမလိုပါ ဖြစ်နေပြီလေ။

ဝမ်းသာနေတာက နောက်ဆုံးမှ ရောက်လာတဲ့ ချီစုစည်းခြင်း အဋ္ဌမအဆင့် ကျင့်ကြံသူ။

“ဟား ဟား .. ​ကောင်းကင်က ငါယန်ကူကို ပစ်မထားဘူးပဲ။ ဒီလိုအချိန်မှာမှ တာအိုရောင်းရင်းလေးယောက်နဲ့ ဆုံပေးသေးတယ်။ ငါသေကံ မပါသေးဘူးကွ။ ကဲ … အားလုံးပဲ မသေချင်ရင် ဒီတစ်ခါတော့ ပူးပေါင်းလိုက်ကြရအောင်”

အားလုံးက ဆဲချင်သွားပေမယ့် သူပြောတာ မှန်နေတော့ တိုက်ခိုက်ဖို့ ပြင်ဆင်ရပါတော့တယ်။ ယီဇီနဲ့ လောင်ချွန်းက မြေပုံအတိုင်း သွားရင်း မျက်စိလည်နေချိန်၊ ထွက်ပြေးနေတဲ့ ယန်ကူနဲ့ တိုးပြီး သူတို့ပါ ပြေးနေရတာ။

ယန်ကူကတော့ အားလုံးကို အားပေးစကား ပြောရှာပါတယ်။

“တာအိုရောင်းရင်းတို့ မကြောက်ကြနဲ့။ အငြိုးကြီးတစ္ဆေက နှစ်ကောင်တည်းပါ။ ငါနဲ့ ငါ့လူနှစ်ယာက်ကို တိုက်ခိုက်ရင်း သူတို့ရဲ့ ယင်စွမ်းအင် တစ်ဝက်လောက် ကုန်နေပြီ။ ငါတို့သာ လူညီရင် သူတို့ကို အ​သေသတ်ဖို့ အခွင့်အရေး ရှိတယ်”

အားလုံးက အသက်လုတိုက်ပွဲအတွက် ကြိုပြင်ဆင်ကြတယ်။ စုန့်ဝမ်က ဝိညာဥ်ဖြိုခွဲဆူးချွန်ကို အသင့်ပြင်ထားတယ်။ ဒီဆူးချွန်က နာမည်အတိုင်း တစ္ဆေတွေကို ရင်ဆိုင်ဖို့ အထူးထုတ်လက်နက်။ ရွှမ်ယဲ့က အား​ကောင်းတဲ့ သိုးခေါင်းတစ္ဆေနဲ့ တစ္ဆေဗိုလ်ချုပ်ကို ထုတ်လို​က်တယ်။ ဇီယီနဲ့ လောင်ချွန်းတို့က အလောင်းရုပ်သေး တစ်ရုပ်စီ ထုတ်လိုက်တယ်။ သူတို့လည်း အလောင်းချီကျင့်ကြံသူ ဖြစ်နေတာလား။ ဒါဆို အလောင်းနတ်ဆိုးဂိုဏ်းသားလား၊ ဂိုဏ်းရဲ့သြဇာခံမိသားစုတစ်ခုခုကလား။

အားလုံး အံသြသွားတာက ယန်ကူရဲ့လက်နက်၊ လူခေါင်းခွံ ၁၈ လုံးပါ ပုတီးကို လည်ပင်းမှာ ဆွဲလို​က်ပြီး၊ လူအရိုးနဲ့ ထွင်းထုထားတဲ့ သစ်သားငါးအရုပ်ကို ကိုင်ထားတယ်။ ဒီလူက ကျင့်ကြံမှုလောကမှာ အရှားပါးဆုံး မိစ္ဆာဘုရားလမ်းစဥ် ကျင့်ကြံသူပဲ။ သူတို့က မဟာယနလမ်းစဥ် ကျင့်ကြံရာက စိတ်နတ်ဆိုး လွှမ်းမိုးခံရပြီး နတ်ဆိုးလမ်းစဥ်ပေါ် တစ်စိတ်တစ်ပိုင်း ရောက်လာသူတွေ။

ခဏနေတော့ သားအဖနှစ်ယောက် ရောက်လာတယ်။ သူတို့က ဝင်မတိုက်ရဲဘဲ ထောင့်တစ်နေရာမှာ ပုန်းနေကြတယ်။

ခဏနေတော့ အေးအေးဆေးဆေး လာနေတဲ့ အငြိုးကြီးတစ္ဆေနှစ်ကောင်ကို ဝိုးတဝါး မြင်တွေ့ကြရပါတော့တယ်။

All Chapters