မှတ်ဉာဏ်မှတ်တိုင်
Vol. 26 Ch. 376
ကြင်နာတတ်သောကောင်းမင်သည် သူတို့၏လက်ရှိအခြေအနေကို အခြားကောင်းမင်များအား ရှင်းပြရန် စွမ်းအင်အများအပြား သုံးလိုက်ရသဖြင့် မောပန်းသွား၏။ကောင်းမင်တစ်ဦးချင်းစီမှာ ခြားနားစွာတုန့်ပြန်ကြသည်။ယင်းမှာ သူတို့၏ မတူညီသောအတိတ်နှင့် မတူညီသောအတွေ့အကြုံတို့ကြောင့် ဖြစ်သည်။
“တကယ်တော့ ငါတို့ စိုးရိမ်စရာမလိုပါဘူး ၊ ငါတို့သိထားတဲ့ အချက်အလက်အရ ငါတို့ရဲ့ မူလခန္ဓာကိုယ်ကို နတ်ဘုရားတွေက ချုံခိုတိုက်ခိုက်ခဲ့တာပဲ ၊ ပြီးတော့ ငါတို့ကို မတွေ့ဆုံနိုင်အောင် မတူညီတဲ့ အခန်းတွေထဲမှာ ပိတ်လှောင်ထားခဲ့တာ ၊ ပုံမှန်ဆို ငါတို့အတူတူ စုဝေးသွားဖို့ အခွင့်အရေး မရှိဘူး ၊ ငါတို့အတွက် ဒီအခွင့်အရေးကို ဖန်တီးပေးခဲ့တဲ့သူကတော့ ဒီရဲရင့်တဲ့ ကောင်းမင်ပါပဲ”
တချို့ကမကျေမနပ် ပြောဆိုသံများကြားသောအခါ ကြင်နာတတ်သော ကောင်းမင်က ပုံမှန်ကောင်းမင်အား ကာကွယ်ပြောဆိုလိုက်သည်။ ပုံမှန်ကောင်းမင်က မည်သည့်စကားမှ မဆိုဘဲ ခါးသီးသော အပြုံးဖြင့်သာ ခေါင်းငုံ့နေခဲ့သည်။ သူသည် ရဲရင့်သူမဟုတ်ကြောင်း ကောင်းကောင်းသိ၏။ သူသည် သာမန်အဖြစ်ဆုံးသူသာ ဖြစ်သည်။ သူ့ကိုယ်ပွားဗားရှင်းသည် အခြားသူများနှင့် ယှဉ်နိုင်ခြင်း မရှိပေ။
“ဒီအသုံးမဝင်တဲ့ ကိစ္စတွေနဲ့ အချိန်မဖြုန်းကြစမ်းနဲ့”
ပန်းချီဆရာကောင်းမင်သည် ကောင်းမင်အုပ်စုကြားမှ ထရပ်လိုက်သည်။ သူ၏စုတ်တံကို ကိုင်ထားရင်း ကောင်းမင်အားလုံး၏ မျက်နှာများကို စူးစိုက်ကြည့်လိုက်ပြီး သူ့အကြည့်များက ယာဉ်မောင်းထိုင်ခုံဆီသို့ ရောက်သွား၏။
“ဒီဘတ်စ်ကားပေါ်က ခရီးသည်တိုင်းဟာ ကောင်းမင်တွေချည်းပဲ ၊ ဒီဘတ်စ်ကားပေါ်မှာ ငါတို့ပဲ ရှိတယ် ၊ ဒါပေမဲ့…”
ပန်းချီဆရာကောင်းမင်သည် ယာဉ်မောင်းခန်းဆီ လျှောက်သွားပြီး မှန်တံခါးကို ပြင်းထန်စွာ ရိုက်လိုက်သည်။
“ဘယ်သူ မောင်းနေတာလဲ ၊ သူကရော နောက်ထပ် ကောင်းမင်ပဲလား ၊ ဒီလိုဆိုရင် ငါတို့ မဟုတ်ဘဲ ဘာလို့ သူကဘတ်စ်ကားမောင်းခွင့် ရနေရတာလဲ”
အားလုံးသည် သူ့စကားကြောင့် စိတ်ဝင်တစား ဖြစ်သွားပြီး ယာဉ်မောင်းခန်းဆီသို့ လှည့်ကြည့်လိုက်ကြသည်။ ခေါင်းကို မည်မျှပင် ဆန့်ကြည့်စေကာမူ သူတို့သည် ယာဉ်မောင်း၏ နောက်ကျောကိုသာ မြင်ရသည်။ နောက်ကျောမှကြည့်လျှင် ယာဉ်မောင်းသည်လည်း အထက်တန်းကျောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ကောင်းမင်နှင့် ဆင်တူနေလေသည်။ သူသည် နောက်ထပ် ကောင်းမင်တစ်ယောက် ဖြစ်ရမည်။
“ဒီကောင်းမင်က ဘာလို့ ခရီးသည်မဟုတ်တာလဲ”
ပန်းချီဆရာကောင်းမင်သည် ယာဉ်မောင်းအား ကားရပ်ခိုင်းရန် တံခါးကို ထပ်ခါထပ်ခါ ခေါက်လိုက်သည်။ သို့သော် ယာဉ်မောင်းက ထိုသို့လုပ်ဆောင်ရန် ရည်ရွယ်ထားပုံ မရပေ။ ကြင်နာတတ်သော ကောင်းမင်က လျှောက်သွားလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ယာဉ်မောင်းက နောက်ထပ်ကောင်းမင်တစ်ယောက်လား။ သူက ဘာလို့ယာဉ်မောင်း ဖြစ်လာပြီး သူတို့ရဲ့အတိတ်ကို ထိန်းချုပ်ထားနိုင်ရတာလဲ။
အခြားကောင်းမင်များက နားမလည်ကြပေ။ ပုံမှန်ကောင်းမင်သာလျှင် သူ၏စိတ်ထဲတွင် ပြတ်တောက်နေသော မှတ်ဉာဏ်အပိုင်းအစအချို့ ရှိနေခဲ့သည်။ သူသည် ဥမင်လှိုဏ်ခေါင်းတစ်ခုထဲသို့ ကြိမ်ဖန်များစွာ လျှောက်ဝင်နေခဲ့သည်ကို မြင်နေရသည်။ သူသည် နောက်ကျောဘက်မှ အမြဲတမ်း အသတ်ခံနေရသည်။ သူသည် လူသတ်သမား၏ မျက်နှာကို တစ်ခါမျှ မမြင်ခဲ့ရ။ ၎င်းလူသတ်သမားသည် မှုန်ဝါးနေသော အရိပ်တစ်ခုပမာသာ ဖြစ်သည်။
“သူက… လူသတ်သမားလား”
ညလေပြေက ဘတ်စ်ကားပြတင်းပေါက်မှ တိုက်ခတ်ဝင်ရောက်လာသည်။ အေးစက်စက် လေစီးကြောင်းကြောင့် ပုံမှန်ကောင်းမင် တုန်ယင်သွားသည်။ သူ ထိုင်ချလိုက်ပြီး အတွေးနက်သွား၏။ ပြတင်းပေါက်အပြင်ဘက်ရှိ အဆောက်အအုံများ၏ပုံသဏ္ဌာန်များမှာ ပိုမို ရှင်းလင်းလာလေသည်။ တစ်မိနစ်ခန့်အကြာတွင် ဘတ်စ်ကားသည် အဆောက်အအုံတစ်ခုရှေ့တွင် ရပ်တန့်လိုက်သည်။
“ဘတ်စ်ကား ရပ်သွားတာလား”
ခရီးသည်များက အပြင်ဘက်သို့ ကြည့်လိုက်ကြသည်။ ဘတ်စ်ကားမှတ်တိုင်တွင် နွေးထွေးသော အလင်းရောင်များ ဖြာကျနေသည်။ မှတ်တိုင်၏ နာမည်ကလည်း ထူးဆန်း၏။
'တစ်ချိန်က နွေးထွေးမှုကို ခံစားခဲ့ရဖူးတဲ့ငါ'။
မှတ်တိုင်နောက်တွင် ထာဝရဘဝအိမ်ရာ မဟုတ်သော်လည်း ကောင်းမင်အားလုံးအတွက် ရင်းနှီးနေသော လူနေအဆောက်အအုံတစ်ခု ရှိနေခဲ့သည်။
“ဒါက ငါတို့ အိမ်လား ၊ ဒါက ငါတို့ရဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကအိမ် မဟုတ်ဘူးလား”
ပြတင်းပေါက်ဘေးတွင် သူတို့၏မိသားစုများ ပေါ်လာခဲ့သည်။ မိသားစုသည် ဟင်းပွဲများစွာ ချက်ပြုတ်ထားပြီး ကောင်းမင်အိမ်ပြန်လာရန် စောင့်ဆိုင်းနေကြသည်။ လောကကြီးထဲရှိ နွေးထွေးသောအလင်းရောင်ဟူသည်မှာ အိမ်အလင်းရောင်သာပင်။ ယင်းသည် သူတို့အတွက် အိမ်ပြန်လမ်းကို ဖော်ဆောင်ပေးနေသောအရာဖြစ်သည်။
“ဘယ်သူမှ မဆင်းဘူးဆိုရင် ဘတ်စ်ကားက ပြန်စမှာ မဟုတ်ဘူး”
ကြင်နာတတ်သော ကောင်းမင်သည် ဆက်လက်ရွေ့လျားနေသည့် အီလက်ထရောနစ်နာရီကို ကြည့်လိုက်သည်။
“ငါ အခု နားလည်သွားပြီ ထင်တယ် ၊ ဒီဘတ်စ်ကားက အဖွဲ့တစ်ခေါင်းဆောင် မြင်ခဲ့ရတဲ့ ကော်ရစ်ဒါတွေနဲ့ ဆင်တူတယ် ၊ ဘတ်စ်ကားမှတ်တိုင်တိုင်းဟာ စိတ်ပျက်အားငယ်စရာ မှတ်ဉာဏ်တွေရှိနေတဲ့ ရုံးခန်းတွေနဲ့ တူတယ် ၊ နောက်မှတ်တိုင်ကို သွားဖို့ ငါတို့ဟာ ဘတ်စ်ကားပေါ်က ဆင်းပြီး ငါတို့အတိတ်ဆီက စိတ်ပျက်အားငယ်စရာ မှတ်ဉာဏ်တွေကို စုဆောင်းရမယ်”
ပန်းချီဆရာကောင်းမင်က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
“ဆိုလိုတာက အဆုံးသတ်ကိုရောက်ဖို့ ငါတို့က မှတ်တိုင်တစ်ခုချင်းစီကနေ မှတ်ဉာဏ်တွေအားလုံးကို စုဆောင်းရမှာလား!”
“မင်းတို့ ဘာတွေ ပြောနေလဲ ငါစိတ်မဝင်စားဘူး ၊ ငါ ဒီဘတ်စ်ကားပေါ်က ဆင်းသွားချင်ပြီ”
ကြောက်တတ်သော ကောင်းမင်က သူ့ဘေးနားက အလောင်းသည် သူ့အား ကြည့်နေသလို ခံစားနေရသည်။ သို့သော် သူ၏ကိုယ်ပွားများ အပြည့်ပါသော ဘတ်စ်ကားတစ်စီး၏ ဝန်းရံခြင်းကို ခံနေရခြင်းက ပို၍ပင် ကြောက်မက်ဖွယ်ကောင်း၏ ။ အိမ်ပြန်လမ်းဆီသို့ ပြသနေသည့် အလင်းရောင်ကို မြင်လိုက်ရပြီးနောက် သူသည် နောက်ထပ်တစ်စက္ကန့်ပင် မနေနိုင်တော့ပေ။
ကြောက်တတ်သော ကောင်းမင်သည် ဘတ်စ်ကားပေါ်မှ ခုန်ဆင်းလိုက်ပြီး မှတ်တိုင်ကိုကျော်ဖြတ်၍ အလင်းရောင်ဖြင့် ဖုံးလွှမ်းနေသောလမ်းတစ်လျှောက် ပြေးဆင်းသွားသည်။ သူသည် သူ့အိမ်တံခါးကို ခေါက်ရန်ပင် စောင့်မနေနိုင်တော့ပေ။ ဘတ်စ်ကားပေါ်ရှိ ခရီးသည်များသည် အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ တံခါးဖွင့်လာသော်လည်း မိသားစုပုံရိပ်များက ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။ သို့သော်လည်း ထိုကောင်းမင်ကတော့ သတိမထားမိပုံရသည်။ သူသည် အလင်းရောင်များ ပျောက်ကွယ်သွားသည်အထိ အိမ်တွင် ဆက်နေခဲ့လိုက်သည်။ တံခါးသည်လည်း တစ်ဖန် ပြန်ပိတ်သွားခဲ့သည်။
ဘတ်စ်ကားအင်ဂျင်ကို ပြန်နှိုးလိုက်သည်။ ကြောက်တတ်သော ကောင်းမင်သည် ထိုအိမ်တွင် ထာဝရ နေထိုင်သွားပြီး ဤနေရာ၏တစ်စိတ်တစ်ပိုင်း ဖြစ်သွားခဲ့ပြီဖြစ်သည်။ သို့သော် သူသည် အခြားရှင်သန်သူများအား ပထမမှတ်တိုင်မှ လွတ်မြောက်ရန် အောင်မြင်စွာ ကူညီပေးနိုင်ခဲ့သည်။
“အဆုံးသတ်ကို ရောက်ဖို့အတွက် ငါတို့ဟာ လှပပုံရိပ်ယောင်တွေရဲ့လှည့်စားတာကို ခံနေလို့မဖြစ်ဘူး ၊ ငါတို့တွေက အရာအားလုံးကို အဆိုးဆုံးဘက်ကနေလည်း ကြည့်ထားရမယ်”
ပန်းချီဆရာကောင်းမင်က ခေါင်းယမ်းလိုက်သည်။ သူသည် သူ့နေရာသို့ ပြန်သွားပြီး ပုံစဆွဲတော့သည်။ ဒီလိုဖြင့် ကောင်းမင်တစ်ယောက် ပျောက်ကွယ်သွားခဲ့သည်။ သူ့နေရာ အလွတ်ကြီးမှာ ထင်ရှားနေလေ၏။ ဘတ်စ်ကား ထပ်မံရပ်တန့်သွားသောအခါ လူများသည် ဆုံးရှုံးမှုမှ ပြန်သက်သာလာခြင်း မရှိသေးပေ။
တံခါးပွင့်သွားသည်။ ကြင်နာတတ်သော ကောင်းမင်က မှတ်တိုင်ကို ကြည့်လိုက်၏။ ထိုမှတ်တိုင်အား 'ငါ တစ်ချိန်က ကြိုက်ခဲ့သောသူ' ဟု ခေါ်သည်။
ပြတင်းပေါက်အပြင်ဘက်တွင် မိုးဖွဲဖွဲလေး ရွာသွန်းနေသည်။ ပြတင်းပေါက်နှင့် မှတ်ဉာဏ်များက မှုန်ဝါးလာသည်။ ခရီးသည်များ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ဘတ်စ်ကားပေါ်မှ ဆင်းသွားရန် ဘယ်သူမှ မဝံ့ရဲကြပေ။
မိုးက ပိုမိုသည်းထန်လာလေသည်။ ရုတ်တရက် ပုံရိပ်လေးတစ်ခုသည် အမှောင်ထဲမှ မှတ်တိုင်ဆီသို့ ပြေးထွက်လာခဲ့သည်။ သူမသည် ကောင်းမင်နှင့် ကျောင်းဝတ်စုံဆင်တူကို ဝတ်ဆင်ထားပြီး စာအုပ်တစ်အုပ်အား ရင်ဘတ်တွင် ပိုက်ထား၏။
“လျိုယီလား”
ကောင်မလေး၏ ဆံပင်များက မိုးရေဖြင့် စိုရွှဲနေခဲ့သည်။ သူမ၏ မျက်နှာပေါ်မှ မိုးရေများ စီးကျနေ၏။ သူမသည် အလှဆုံးသူ မဟုတ်သည့်တိုင် အခန်း ၁၃ မှ ကျောင်းသားများစွာသည် နှစ်များစွာကြာပြီးနောက်တွင်ပင် သူမ၏အပြုံးကို မှတ်မိနေကြဦးမည်ဖြစ်သည်။
လရောင်အလင်းတန်းတစ်ခုက မှောင်မည်းနေသော မှတ်တိုင်ကို ထိုးဖောက်လာခဲ့သည်။ လူတစ်ယောက်၏ ပေါ်ထွက်လာမှုကြောင့် ပုံမှန်ညတစ်ညသည်ပင် မေ့မရနိုင်သော မှတ်ဉာဏ်တစ်ခု ဖြစ်လာနိုင်ပေသည်။
နောက်ဆုံးတန်း ဒုတိယတန်းတွင် ထိုင်နေသော တိတ်ဆိတ်နေသည့် ကောင်းမင်က ထရပ်လိုက်သည်။ သူသည် ပင်ပန်းနွမ်းနယ်နေပုံရသည်။ သူ လျိုယီကို ကြည့်နေသည့် ပုံစံသည် ထူးခြား၏။ ၎င်းသည် တုံ့ဆိုင်းမှု၊ အပြစ်ရှိသလိုခံစားမှုများနှင့် အကူအညီမဲ့မှုများ ရောထွေးနေသည်။
“နာရီက ဆက်ရွေ့နေတုန်းပဲ ၊အချိန်မကုန်ခင် အဆုံးသတ်ကို မရောက်နိုင်ဘူးဆိုရင် ငါတို့ ဒီနေရာမှာ ထာဝရပိတ်မိနေတော့မှာပဲ”
ပန်းချီဆရာ ကောင်းမင်သည် ယာဉ်မောင်းခန်းကို ဖွင့်မရနိုင်သောကြောင့် ထိုအတွေးကို လက်လျှော့လိုက်သည်။ သူသည် ထရပ်လိုက်သော ကောင်းမင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ဆင်းချင်တယ်ဆိုရင် အခုပဲ ဆင်းလိုက်တော့ ၊ ဒီမှတ်တိုင်ကို လွဲချော်သွားရင် မင်းသူ့ကို နောက်ထပ် ဘယ်တော့မှ မြင်ရတော့မှာ မဟုတ်ဘူး!”
မှတ်တိုင်နှင့် ဘတ်စ်ကားကြားတွင် ရေများ အိုင်ထွန်းနေခဲ့သည်။ တိတ်ဆိတ်နေသော ကောင်းမင်သည် လက်ရန်းကို ကိုင်ထားပြီး ဘတ်စ်ကားအတွင်းမှနေ၍ လျိုယီကို ကြည့်နေခဲ့သည်။
မိုးခြိမ်းသံများ ထွက်ပေါ်လာ၏။ မှတ်တိုင်အပြင်ဘက်တွင် ထီးနီတစ်လက် ပေါ်လာလေသည်။
ဒေါက်မြင့်ဖိနပ်က ရေပြင်ပေါ်နင်းဖြတ်သွားသည်။ အလွန်လှပသော အမျိုးသမီးတစ်ဦးသည် မှတ်တိုင်အား တိတ်ဆိတ်စွာ စိုက်ကြည့်နေလေသည်။
ကောင်းမင်သည် ထိုအမျိုးသမီးနှင့် ပတ်သက်၍ မည်သည့်မှတ်ဉာဏ်မျှ မရှိပေ။ သို့သော်လည်း ထိုအမျိုးသမီးက ကောင်းမင်အား စိတ်ပျက်နေသည့်အကြည့်ဖြင့် ကြည့်လိုက်သောအခါ ကောင်းမင်သည် ပြင်းထန်သောနာကျင်မှုကို ခံစားလိုက်ရလေသည်။