← Chapters

တစ်ချိန်က အရာအားလုံးကိုပိုင်ဆိုင်ခဲ့ဖူးတဲ့ ငါ

Vol. 26 Ch. 377

တစ်ချိန်က အရာအားလုံးကိုပိုင်ဆိုင်ခဲ့ဖူးတဲ့ ငါ

Vol. 26 Ch. 377

“သူက ငါ့အတွက် အရမ်းအရေးကြီးတဲ့လူတစ်ယောက် ဖြစ်ရမယ် ၊ငါ ဘာလို့ သူ့ကို မမှတ်မိရတာလဲ”

ခံစားတတ်သော ကောင်းမင်က လက်သီးဆုပ်ကိုင်လိုက်သည်။ သေခြင်းတရားနှင့် နှိုင်းယှဉ်လျှင် မှတ်ဉာဏ်ဆုံးရှုံးခြင်းမှာ ပို၍ပင် စိတ်ပျက်အားငယ်စရာ ကောင်း၏။ အနီရောင်ထီးလေးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထိုလှပသော အမျိုးသမီး၏ အရေပြားပေါ်တွင် အမာရွတ်များ ထွက်ပေါ်လာသည်။ သူမကောင်းမင်ကို ကယ်တင်ခဲ့စဉ်က ထိုဒဏ်ရာများကို ခံစားခဲ့ရခြင်း ဖြစ်သည်။ သူမ၏ စိတ်ပျက်အားငယ်မှုမှာ အလွန်နက်ရှိုင်းလွန်းသဖြင့် သူမ၏မျက်လုံးများပင် မီးခိုးရောင် ဖြစ်နေ၏။ သူမသည် အိတ်ထဲမှ ဓားတစ်ချောင်းကို ထုတ်ယူလိုက်သည်။

“ငါ ဆင်းမယ်”

ခံစားတတ်သော ကောင်းမင်က အခြားသူများကို ကြည့်လိုက်သည်။

“မင်းတို့ အဆုံးကို ရောက်အောင် သွားရမယ်! သူ့ကို ဘယ်တော့မှ မမေ့ပါနဲ့!”

အမျိုးသမီး မှတ်တိုင်သို့ ရောက်ရှိလာသောအခါ ကောင်းမင်သည် တုံ့ဆိုင်းမနေတော့ဘဲ ဘတ်စ်ကားပေါ်မှ ဆင်းလိုက်သည်။ ဘတ်စ်ကားတံခါး ပိတ်သွားသည်။ ဘတ်စ်ကားက ရှေ့ဆက်မောင်းနှင်သွား၏။ အခြားကောင်းမင်များက ပြတင်းပေါက်မှ အပြင်ဘက်သို့ ကြည့်လိုက်ကြသည်။ သူတို့သည် ခံစားတတ်သော ကောင်းမင် မြေပြင်ပေါ်သို့ လဲကျသွားသည်ကို မြင်လိုက်ရသည်။ သူ့အတွက်တော့ အမျိုးသမီးနှစ်ဦးလုံးကို မနာကျင်စေရန် တစ်ခုတည်းသော နည်းလမ်းမှာ သူ့ကိုယ်သူ နာကျင်အောင် လုပ်ခြင်းဖြစ်ပေလိမ့်မည်။

“ကြောက်တတ်တဲ့ ကောင်းမင်က မိသားစုနဲ့ ပေါင်းစပ်သွားပြီ ၊ ခံစားတတ်တဲ့ ကောင်းမင်ကတော့ အချစ်အတွက် သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့ပြီ ၊ တကယ့်ကောင်းမင်က သူ့ကိုယ်ပိုင်ဘဝကို ပိုင်ဆိုင်ဖို့အတွက် အများကြီး စတေးခဲ့ရပုံရတယ်”

ကြင်နာတတ်သော ကောင်းမင်မှာ ရင်နာနေခဲ့ရသည်။ သူ ထိုအကြောင်းကို ဆက်မစဉ်းစားချင်တော့ပေ။ ကားပေါ်မှ ဆင်းသွားခဲ့သူများမှာ နာကျင်မှုများစွာ မခံစားခဲ့ကြရပေ။ အကြီးမားဆုံးသော နာကျင်မှုသည် ခရီးအဆုံးသတ်ထိ နေခဲ့သူအပေါ်တွင်သာ ရှိနေမည်ဖြစ်သည်။

“ခရီးဆုံးကို ရောက်ဖို့အတွက် ငါတို့ဟာ အရာအချို့ကို စွန့်ပစ်ရလိမ့်မယ် ၊ ငါတို့ဟာ ကံကြမ္မာကို ဆန့်ကျင်ပြီး ယှဉ်ပြိုင်နေတာ ဖြစ်တဲ့အတွက် ဘယ်ဝန်ထုပ်ဝန်ပိုးမဆို ငါတို့ကို အရာအားလုံး ဆုံးရှုံးသွားစေနိုင်တယ်”

ပန်းချီဆရာကောင်းမင်က ခပ်ပေါ့ပေါ့ မှတ်ချက်ပေးသည်။

“အဲဒီ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ခရီးအဆုံးထိ နေဖို့ အသင့်တော်ဆုံးသူက ငါပဲ”

ကြင်နာတတ်သော ကောင်းမင်က ပန်းချီဆရာကောင်းမင်ကို ဖျတ်ခနဲကြည့်လိုက်သည်။ အစောပိုင်းက ခံစားတတ်သော ကောင်းမင်အား ဘတ်စ်ကားပေါ်မှ ဆင်းရန် စကားလုံးများဖြင့် တွန်းအားပေးခဲ့သူမှာ ပန်းချီဆရာကောင်းမင်ပင် ဖြစ်သည်။

“ငါတို့ အားလုံးက ကောင်းမင်တွေချည်းပဲ၊ ဒါပေမဲ့ မင်းကတော့ မတူဘူး”

ကြင်နာတတ်သော ကောင်းမင်သည် ပန်းချီဆရာကောင်းမင်၏ ခန္ဓာကိုယ်ပေါ်ရှိ ထူးဆန်းသော ပန်းချီပုံများကို စေ့စေ့ကြည့်လိုက်သည်။

“မင်းက… တကယ်ပဲ ဘယ်သူလဲ”

“ငါလား ၊ ငါက ကောင်းမင်ပဲလေ!”

ပန်းချီဆရာကောင်းမင်က ပြုံးလိုက်သည်။

“ငါ့ဝိညာဉ်က မင်းတို့နဲ့ အတူတူပဲနော်!”

“မင်းရဲ့ ဒိုင်ယာရီထဲမှာ ဘာတွေရေးထားလဲ ငါ့ကို ပြောလို့ ရမလား”

မိုးရေစက်များက ဘတ်စ်ကားကို ရိုက်ခတ်လျက်ရှိသည်။ ကြင်နာတတ်သော ကောင်းမင်က ပန်းချီဆရာကောင်းမင်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

“ငါ့ ဒိုင်ယာရီ မှတ်တမ်းတိုင်းက ပန်းချီပုံတွေချည်းပဲ ၊ ငါ ဆွဲထားတာလေ”

ပန်းချီဆရာကောင်းမင်က နွေးထွေးသော အပြုံးတစ်ခု ပြုံးပြသည်။ သူ ဘာတွေးနေမှန်း ဘယ်သူမှ မခန့်မှန်းနိုင်ပေ။

“ပန်းချီပုံတွေချည်းပဲလား ၊ နောက်ဆုံး မှတ်တမ်းအပါအဝင်လား”

ကြင်နာတတ်သော ကောင်းမင်က အသေးစိတ်အချက်အလက်တစ်ခုကို ထောက်လိုက်သည်။

“မှန်တယ်”

“နောက်ဆုံး ပန်းချီပုံက ဘာပုံလဲ”

ထိုမေးခွန်းကို ရင်ဆိုင်ရသောအခါ ပန်းချီဆရာ ကောင်းမင်က တိုက်ရိုက် မဖြေခဲ့ပေ။ သူသည် မျက်လုံးများမှေးကျဉ်း၍ တခဏအကြာတွင် ပြန်ဖြေသည်။

“ကိုယ့်ပုံကိုယ် ပြန်ဆွဲထားတဲ့ ပုံတူပဲ”

ပန်းချီဆရာ ကောင်းမင်၏ အဖြေကြောင့် အခြားသူအချို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။ ကောင်းမင်အချို့သည် သီးသန့် အပြန်အလှန် စကားပြောဆိုခဲ့ပြီး ဖြစ်သည်။ သူတို့၏ ဒိုင်ယာရီ မှတ်တမ်းများသည် မတူညီနိုင်သော်လည်း နောက်ဆုံး မှတ်တမ်းကတော့ ကျောင်းပြင်ပ အဖြစ်အပျက်တစ်ခုတွင် ပါဝင်ရန် ဘတ်စ်ကားစီးခြင်းအကြောင်း အမြဲတမ်း ဖြစ်နေတတ်သည်။ နောက်ဆုံး မှတ်တမ်းသည် ကောင်းမင်အားလုံး၏ ကံကြမ္မာ ဆုံမှတ် ဖြစ်သည်။ လေထုက ပြောင်းလဲသွားသည်။ မည်သူမျှ မှတ်ချက် မပေးတော့ပေ။ ဘတ်စ်ကား ထပ်မံ ရပ်တန့်သည်အထိ လူတိုင်း တိတ်ဆိတ်စွာ ထိုင်နေခဲ့ကြသည်။

မိုးသည် မှတ်တိုင်ဆိုင်းဘုတ်ကို ရိုက်ခတ်နေသည်။ ဤမှတ်တိုင်ကို ' တစ်ချိန်က စိတ်အားထက်သန်ပြီး အပြစ်ကင်းခဲ့တဲ့ ငါ' ဟု ခေါ်သည်။

လေအေးများက ခရီးသည်တိုင်း၏ နှလုံးသားကို ပွတ်သပ်နေ၏။ နောက်ထပ်မှတ်တိုင် ဘယ်လောက် ကျန်သေးလဲဆိုတာ ဘယ်သူမှ မသိပေ။

“တောင်းပန်ပါတယ်”

တုပိုင်၏အသံက ပြတင်းပေါက်အပြင်ဘက်မှ ထွက်ပေါ်လာသည်။ သူ့မိသားစုသည် ဆင်းရဲသည်။ သူသည် အရပ်ရှည်ပြီး ပိန်ပိန်ပါးပါးဖြစ်သည်။ ကျောင်းဝတ်စုံမှလွဲ၍ သူ့တွင် ကောင်းမွန်သော အဝတ်အစားများ မရှိပေ။

ကျောင်းကျောပိုးအိတ်ကား ရွှံ့ထဲသို့ ပစ်ချခံထားရသည်။ တုပိုင်၏ကျောင်းဝတ်စုံမှာ ဆုတ်ဖြဲခံထားရသည်။ သူသည် မှတ်တိုင်နောက်ဘက်ရှိ လမ်းကြားလေးထဲတွင် ဒူးထောက်လျက်ရှိပြီး အမှိုက်ပုံးတစ်ပုံးနောက်တွင် ကပ်နေ၏။ သူ၏ မူလအဖြူရောင်ဖြစ်သော ယူနီဖောင်းသည် ယခုအခါ ရွှံ့များ စွန်းထင်းနေလေပြီ။ အတန်းကြီးသော အထက်တန်းကျောင်းသား အနိုင်ကျင့်သူတချို့က သူ့လမ်းကို ပိတ်ဆို့ထားခြင်းဖြစ်သည်။

“မင်း ဒီလောက်တောင် စိတ်ဓာတ်ပြင်းပြနေတာလား၊ ငါတို့က မင်းဆီကနေ တစ်ခါပဲ ငွေနည်းနည်း ချေးခဲ့တာပါ ၊ မင်းရဲ့ အဘွားကို ကျောင်းမှာလာတိုင်ခိုင်းဖို့ လိုလို့လားကွ”

အနိုင်ကျင့်သူခေါင်းဆောင်၏ မျက်လုံးတစ်ဝိုက်တွင် ပတ်တီးစည်းထားသည်။

“မင်းကြောင့် ငါတို့ အားလုံး အဆူခံရတယ်ကွ ၊ အိမ်ပြန်ရောက်တော့လည်း ငါ့မိသားစုက ငါ့ကို ရိုက်သေးတယ် ၊ မင်း ငါ့ကို ဘယ်လိုလျော်ကြေးပေးဖို့စီစဉ်ထားလဲ”

“ကျွန်… ကျွန်တော် အဘွားကို ကျောင်းလာဖို့ မပြောခဲ့ပါဘူး”

“မင်းအဘွားက ဒီလောက်တောင် အိုနေပြီ ၊ သူဒေါသထွက်ပြီး သေသွားမှာ မကြောက်ဘူးလား”

အနိုင်ကျင့်သူများက ဂရုမစိုက်ကြပေ။ သူတို့ တဟားဟား ရယ်မောကြသည်။

“မင်း မရှက်ရင်တောင် ငါတို့က မင်းအတွက် ရှက်တယ်ကွ ၊ မင်းရဲ့ အဘွား ရုံးခန်းထဲမှာ ငိုယိုပြီး ကြမ်းပေါ်မှာ လူးလှိမ့်နေတာတောင် ငါတို့ ကြားလိုက်သေးတယ်”

တုပိုင်သည် သူ့အဘွားနှင့်သာ ကြီးပြင်းလာခဲ့ခြင်းဖြစ်သည်။ သူမသည် အိုမင်းနေပြီဖြစ်ပြီး ယဉ်ကျေးမှု မရှိသူ ဖြစ်သည်။ အားနည်းသောလူတစ်ယောက်သည် အခြားအားနည်းသောလူတစ်ယောက်ကို ကာကွယ်ချင်သောအခါ သူတို့၏စွမ်းအားရှိသမျှ အရာအားလုံးကို လုပ်ဆောင်ကြမည်ဖြစ်သည်။

“ဘာလို့ စကားမပြောတော့တာလဲ”

အနိုင်ကျင့်သူက ဆေးလိပ်မီးခိုးကို မှုတ်ထုတ်ကာ တုပိုင်၏ ရင်ဘတ်ကို ကန်လိုက်သည်။

“ဒီနေ့ အိမ်ပြန်ဖို့ မတွေးနဲ့တော့ ၊ ငါတို့နဲ့အတူနေပြီး ကစားကြမယ်”

အနိုင်ကျင့်မှုသည် လမ်းကြားထဲတွင် ဖြစ်ပွားနေခဲ့သည်။ အနိုင်ကျင့်သူများသည် အားနည်းသူများကို စိုးမိုးခြယ်လှယ်ခြင်းမှ ပျော်ရွှင်မှုကို ရရှိကြသည်။ တုပိုင် မရှိခဲ့လျှင်ပင် သူတို့သည် အခြား ပစ်မှတ်တစ်ခုကို ရှာကြဦးမည်သာ ဖြစ်သည်။

ဘတ်စ်ကားပေါ်က ခရီးသည်များသည် ယင်းကိုမြင်သောအခါ အချို့က စိတ်မဝင်စားကြသော်လည်း အချို့ကတော့ လက်ပိုက်ကြည့်မနေချင်ကြပေ။ မည်သူမျှ ထမရပ်သည်ကို မြင်သောအခါ ကြင်နာတတ်သောကောင်းမင်က တုံ့ဆိုင်းသွားပြီး တံခါးဆီသို့ လျှောက်သွား၏။

“ငါလုပ်မယ်”

ပုန်ကန်တတ်သော ကောင်းမင်က သူ့ဂျာကင်ကို ချွတ်လိုက်ပြီး ကြင်နာတတ်သောကောင်းမင်၏ ပခုံးပေါ်သို့ လက်တင်လိုက်သည်။

“မင်းက ငါ့ထက် ပိုတော်တော့ အခြေအနေကို ပိုနားလည်မယ်လို့ ငါ ယုံကြည်တယ် ၊ မင်းက ကျန်တဲ့ ငါတို့ကို လမ်းပြဖို့ နေခဲ့သင့်တယ်”

“မင်း…”

ဤသည်မှာ ကြင်နာတတ်သော ကောင်းမင်အတွက်မူ ပုန်ကန်တတ်သော ကောင်းမင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းပင် ဖြစ်သည်။ နောက်ဆုံးသူ့ခန္ဓာကိုယ်သည် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေ၏။

“ငါလဲ အကြမ်းဖက်တတ်တဲ့သူတစ်ယောက်ပဲ ၊ ဒါပေမဲ့ အားနည်းသူတွေကို အနိုင်မကျင့်ဘူး တစ်ခုခုဆိုရင် ငါက အနိုင်ကျင့်တတ်တဲ့သူတွေကိုပဲ အမြဲ ပစ်မှတ်ထားတယ်၊ သူတို့ကို သူတို့ရဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့ပဲ ငါကိုင်တွယ်တတ်တယ် ၊ ငါ့မှာ ကိုယ်ကျင့်သိက္ခာတွေ ဒါမှမဟုတ် ဥပဒေကို ကြောက်ရွံ့တာတွေ မရှိဘူး ၊ သူတို့ထက် အားနည်းသူတွေကို အနိုင်ကျင့်တတ်တဲ့သူ ဘယ်သူမဆို ငါ ဖြုတ်ချပစ်မယ် ၊ အများဆုံးဆိုရင် ငါ သေရုံပဲလေ!”

ပုန်ကန်တတ်သော ကောင်းမင်သည် ဘတ်စ်ကားပေါ်မှ ခုန်ဆင်းလိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ မိုးစက်များက သူ့ခန္ဓာကိုယ်ကို စိုစွတ်နေစေသော်လည်း သူဂရုမစိုက်ပေ။ သူ ဘတ်စ်ကားကို နှုတ်ဆက်လိုက်ပြီး ကျောက်တုံးတစ်တုံးကို ကောက်ကာ နောက်ဘက်လမ်းကြားထဲသို့ ပြေးဝင်သွားတော့သည်။

ပုန်ကန်တတ်သော ကောင်းမင်သည် ရန်ပွဲထဲသို့ ဝင်ရောက်သွားသည်။ နောက်ဆုံးတွင် သူတို့အားလုံး အမှောင်ထု၏ ဝါးမျိုခြင်းခံလိုက်ရတော့သည်။

ဘတ်စ်ကားသည် လူတစ်ယောက်ထွက်ခွာသွားခြင်းကြောင့် ရပ်တန့်မသွားခဲ့ပေ။ ခရီးသည်များ တဖြည်းဖြည်း လျော့နည်းလာလေသည်။ မှတ်တိုင်တိုင်းတွင် ကောင်းမင်တစ်ယောက် ဆင်းသွားခဲ့ရသည်။ ကြင်နာတတ်သောကောင်းမင်က ပိုမို တိတ်ဆိတ်လာသည်။ တံခါးနောက်မှ လောကကြီးသည် သူထင်ထားသည်ထက် ပို၍အန္တရာယ်များပေသည်။ ပုံမှန်အားဖြင့် လူတစ်ဦးတည်းသည် စိတ်ပျက်အားငယ်ဖွယ်ရာ အတိတ်အားလုံးကို စုဆောင်းနိုင်ခြင်းမရှိပေ။

ဘတ်စ်ကားထဲတွင် အချိန်များ ကုန်လွန်သွားသည်။ မှတ်တိုင်အချို့ ကျော်ဖြတ်လာပြီးနောက် ဘတ်စ်ကားသည် ဆေးရုံတစ်ခုဘေးတွင် ရပ်တန့်လိုက်သည်။ ဆေးရုံသည် လီစန်းပုဂ္ဂလိကဆေးရုံနှင့်တူ၏။ ဘတ်စ်ကားမှတ်တိုင်အား 'တစ်ချိန်က ကြင်နာမှုပိုင်ဆိုင်ခဲ့တဲ့ ငါ' ဟု ခေါ်လေသည်။

ကြင်နာတတ်သော ကောင်းမင်သည် တစ်ခုခုကို နားလည်သွားပုံရသည်။ သူသည် ဝမ်းနည်းနေသော အကြည့်များဖြင့် မှတ်တိုင်ကို ကြည့်လိုက်သည်။

‘ကောင်းမင်၊ မင်းရဲ့ နှလုံးသားထဲက ကြင်နာမှုကို စွန့်လွှတ်ဖို့အတွက် ဘာတွေများ ခံစားခဲ့ရတာလဲ’

တံခါး ရွေ့လျားသွားသည်။ ကြင်နာတတ်သော ကောင်းမင် ဆင်းမသွားမီ ပန်းချီဆရာကောင်းမင်ဘက်သို့ လှည့်လိုက်သည်။

“အားလုံးပဲ ၊ ငါ ဒီမှတ်တိုင်မှာ ဆင်းလိုက်မယ် ဒါပေမဲ့ ငါမသွားခင် မေတ္တာရပ်ခံစရာ တစ်ခုတော့ ရှိတယ်”

ပန်းချီဆရာကောင်းမင်က မကောင်းသော ခံစားချက်တစ်ခု ခံစားလိုက်ရသည်။

“ပန်းချီဆွဲရတာကြိုက်တဲ့ ဒီကောင်းမင်ကိုပါ ငါနဲ့အတူလိုက်ခဲ့ဖို့ မင်းတို့ကို ငါအကူအညီ တောင်းချင်တယ်”

သူ့ကို အကူညီတောင်းမည့်အစား ကြင်နာတတ်သော ကောင်းမင်သည် ကျန်သူများကို နောက်ဆုံးအကြိမ် ကူညီလိုခဲ့သည်။ ပန်းချီဆရာ ကောင်းမင်သည် ပုန်းကွယ်နေသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။ သူသည် ထိုခြိမ်းခြောက်မှုကို ဖယ်ရှားရန် သူ၏အသက်ကို အသုံးပြုချင်ခဲ့ခြင်း ဖြစ်သည်။

All Chapters