← Chapters

နောက်ဆုံးခရီးသည်

Vol. 26 Ch. 378

နောက်ဆုံးခရီးသည်

Vol. 26 Ch. 378

“မှတ်တိုင်တစ်ခုစီတိုင်းမှာ လူတစ်ယောက်ပဲ ဆင်းသွားဖို့လိုတာလေ ၊ ဒီအတိုင်းသာဆိုရင် ငါတို့ နောက်ဆုံးမှတ်တိုင်ကိုရောက်ဖို့ ခရီးသည်အလုံအလောက်မရှိတော့ဘူးဆိုတာ မင်းတွေးမိရဲ့လား၊ မင်းရဲ့ ဆုံးဖြတ်ချက်က လူတိုင်းရဲ့ စတေးမှုတွေကို အလဟသဖြစ်သွားစေမှာနော်”

ပန်းချီဆရာကောင်းမင်သည် ကြင်နာတတ်သော ကောင်းမင်က သူ့အား ဘတ်စ်ကားပေါ်မှဆင်းရန် ဖိအားပေးလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူတို့အားလုံး ကောင်းမင်တွေ မဟုတ်ဘူးလား။

“တကယ်လို့ အဲဒီလိုဖြစ်လာခဲ့ရင်တောင် အကျိုးဆက်တွေကို ငါလက်ခံဖို့ ဆန္ဒရှိတယ် ၊ အပြစ်အားလုံးကို ငါ့အပေါ် ပုံချလိုက်ပါ ၊ ငါ့ကို ကျိန်ဆဲပြီး အဆိုးဆုံးကံကြမ္မာကို ခံစားခိုင်းလိုက်ပါ”

ကြင်နာတတ်သော ကောင်းမင်က ပြုံးလိုက်သည်။ သူ၏ကြင်နာမှုမှာ မျက်စိစုံမှိတ်ကြင်နာနေခြင်း မဟုတ်ပေ။ သူ့ကြင်နာမှုကို အခြားလူများအား အတင်းအကျပ် လက်ခံခိုင်းနေခြင်းလည်း မဟုတ်ပေ။ သူ၏ကြင်နာမှုသည် ကြင်နာခြင်း၏အကျိုးဆက်များကို လက်ခံရန်ဆန္ဒရှိခြင်းဟု ဆိုလိုသည်။

ဘတ်စ်ကားပေါ်ရှိ မည်သူကမှ ပန်းချီဆရာကောင်းမင်ဘက် မပါကြပေ။ ကြင်နာတတ်သော ကောင်းမင်က အခြေအနေကို ထိန်းချုပ်ထားခဲ့ပြီး ဖြစ်သည်။ သူသည် ကိုယ့်ကိုယ်ကိုယ် စတေးရန် စီစဉ်ခဲ့ပြီး သူ၏တစ်ခုတည်းသော တောင်းဆိုချက်မှာ ပန်းချီဆရာကောင်းမင်အား သူ့နောက် လိုက်ပါစေရန်ဖြစ်သည်။ ပန်းချီဆရာကောင်းမင်၏ ပြဿနာများကို သတိပြုမိခဲ့သော ကောင်းမင်အချို့သည် ကြင်နာတတ်သော ကောင်းမင်ဘက်မှ ပါဝင်ခဲ့ကြသည်။ အကယ်၍ သူ ဘတ်စ်ကားပေါ်မှ မဆင်းချင်ပါက သူတို့က ‘ကူညီ’ ၍ ဆင်းစေမည်ဖြစ်သည်။

“မင်းတို့ ဒီလို အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေတဲ့ အခြေအနေမှာတောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လိမ့်မယ်လို့ ငါမထင်ခဲ့ဘူး”

ပန်းချီဆရာကောင်းမင်က ချိတ်ပိတ်ခံထားရသော သူ့ကံကြမ္မာကို လက်ခံလိုက်ဟန်ဖြင့် ကြင်နာတတ်သော ကောင်းမင်ဘက်သို့ လျှောက်သွားလိုက်သည်။

“မင်းက တော်တော်အထင်ကြီးစရာပဲ”

တံခါးပွင့်သွားပြီး ကြင်နာတတ်သော ကောင်းမင်က ပန်းချီဆရာကောင်းမင်ကို ဆွဲခေါ်ကာ မှတ်တိုင်ကို ကျော်၍ မှောင်မိုက်သော ဆေးရုံထဲသို့ နှစ်ဦးသား ဝင်ရောက်သွားကြသည်။ မည်သည့်အသံမှ မရှိသလို ဆေးရုံအတွင်း မည်သည့်အရာများ ရှိနေသည်ကိုလည်း ဘယ်သူမှမသိကြပေ။ ကြင်နာတတ်သော ကောင်းမင်နှင့် ပန်းချီဆရာကောင်းမင်တို့သည် ထိုနည်းအတိုင်း ပျောက်ကွယ်သွားခဲ့ကြသည်။

“လီစန်းဆေးရုံက ငါတို့အတိတ်ရဲ့ တခြားသော့ချက်တစ်ခု ဖြစ်လိမ့်မယ် ၊ အဲဒီမှာ ငါတို့ ဘာတွေဖြစ်ခဲ့တာလဲ ၊ ဘာလို့ ငါတို့ရဲ့ ကြင်နာမှုကို အဲဒီမှာ ဆုံးရှုံးခဲ့ရတာလဲ”

ပုံမှန်ကောင်းမင်သည် သူ့လက်ချောင်းများကို ပြတင်းပေါက်ပေါ် တင်လိုက်သည်။ မိုးရေများက မြင်ကွင်းကို မှုန်ဝါးသွားစေသဖြင့် ထွက်ခွာသွားသူများကို သူ မမြင်နိုင်တော့ပေ။

ကြောက်တတ်သောကောင်းမင် ထွက်ခွာသွားပြီးနောက် ဘတ်စ်ကားသည် ရှေ့သို့ ဆက်လက် ရွေ့လျားနေခဲ့သည်။

ခံစားတတ်သောကောင်းမင် သူ့ကိုယ်သူ အဆုံးစီရင်ပြီးနောက် ခရီးသည်များ ပိုအလေးအနက်ဖြစ်လာကြသည်။

ကြင်နာတတ်သောကောင်းမင် ဘတ်စ်ကားပေါ်မှ ဆင်းသွားပြီးနောက် ဘတ်စ်ကားသည် အလွန်တိတ်ဆိတ်သွားသည်။ ဘယ်သူမှ စကားမပြောကြတော့ပေ။

“ဘယ်မှာလဲ…အတိတ်ရဲ့ အဆုံးသတ်က ဘယ်မှာလဲ... တကယ်ပဲ အဆုံးသတ်ဆိုတာ ရှိပါ့မလား”

ပုံမှန်ကောင်းမင် ခေါင်းငုံ့လိုက်သည်။ အခြေအနေများ ထိုသို့ဖြစ်လာလိမ့်မည်ဟု သူမထင်ခဲ့မိပေ။ နောက်ဘာဆက်လုပ်ရမလဲဆိုတာ သူမသိတော့။ ဘတ်စ်ကားသည် ရပ်လိုက် သွားလိုက်ဖြင့် စတင်နေသည်။ မှတ်တိုင်တိုင်း၏နောက်ကွယ်တွင် မှုန်ဝါးဝါး အဆောက်အအုံတစ်ခုရှိပြီး ယင်းတို့သည် အတိတ်ကမမေ့ဖျောက်နိုင်သော မှတ်ဉာဏ်တစ်ခုနှင့် ဆက်စပ်နေကြသည်။

တစ်ချိန်က အေးစက်မှုကို မုန်းတီးခဲ့တဲ့ငါ ။ တစ်ချိန်က ပျော်ရွှင်မှုကို ခံစားခဲ့ဖူးတဲ့ငါ။ တစ်ချိန်က နှလုံးသားပွင့်မတတ် ငိုကြွေးခဲ့ဖူးတဲ့ငါ။ တစ်ချိန်က ဒီလှပတဲ့ မြင်ကွင်းကို မြင်ခဲ့ဖူးတဲ့ငါ…

တစ်ချိန်က ငါ့ကိုချစ်တဲ့ မိသားစုရှိခဲ့ဖူးတဲ့ငါ။ တစ်ချိန်က အရမ်းကြိုးစားခဲ့ဖူးတဲ့ငါ။ တစ်ချိန်က ကံကောင်းသည်ဟု ခံစားခဲ့ဖူးတဲ့ငါ။ တစ်ချိန်က စိုးရိမ်ပူပန်မှုဒဏ်ကို ခံစားခဲ့ဖူးတဲ့ငါ…

ခရီးသည်ဦးရေသည် ပို၍ ပို၍လျော့နည်းလာပြီး ထိုင်ခုံလွတ်များမှာ ပို၍ ပို၍ များပြားလာလေသည်။

မတူညီသော ကောင်းမင်များသည် အတိတ်တွင် ကျန်ရစ်ခဲ့ကြသည်။ ဘတ်စ်ကားပေါ်တွင် ကျန်နေခဲ့သေးသော ကောင်းမင်များအပေါ် နာကျင်မှုများ ကျရောက်လာသည်။ မုန်တိုင်းက လမ်းမကို မှုန်ဝါးဝါးဖြစ်နေစေသည်။ မိုးခြိမ်းသံများ ကြားရသော ညတွင် တံခါးကတစ်ဖန် ပွင့်လာလေသည်။ မှတ်တိုင်သည် ထူးဆန်းစွာပင် ကြောက်မက်ဖွယ် ကောင်းနေသည်။ ခရီးသည်များကို ကျောပေးထားသပြီး ခန္ဓာကိုယ်ပုံပျက်နေသည့် အမျိုးသားတစ်ဦးသည် မြေပြင်ပေါ် ဒူးထောက်နေလေသည်။ သူ့ရှေ့တွင် ကျား/မ မသိရသော အလောင်းတစ်လောင်းရှိနေသည်။ ဘတ်စ်ကားတံခါး ပွင့်သွားသည်ကို ကြားလိုက်သောအခါ ထိုအမျိုးသား လှည့်ကြည့်လာသည်။ သွေးများဖုံးလွှမ်းနေသော မျက်နှာက ခရီးသည်အားလုံး၏မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်သည် ပုံမှန်ထက် များစွာပိုရှည်သည်။ ခြေလက်များမှာ ပိန်ပါးပြီး ရှည်လျားသည်။ သူသည် စုတ်ပြဲနေသောမိုးကာအင်္ကျီတစ်ထည်ကို ဝတ်ဆင်ထား၏။ သူသည် လွန်ခဲ့သောအချိန်များက ကောင်းမင် ဆုံတွေ့ခဲ့ဖူးသော မိုးသည်းညလူသတ်သမား ချီယန် နှင့် ဆင်တူနေ၏။

လူသတ်သမားသည် အလောင်းကို စွန့်ပစ်လိုက်ပြီး သွေးများပေကျံနေသော ဓားဖြင့် ခရီးသည်များကို တိုက်ခိုက်ရန် ပြေးလာတော့သည်။

ဘတ်စ်ကားသည် တံခါးကို ပြန်ပိတ်ရန် ရည်ရွယ်ချက်ရှိပုံမပေါ်ပေ။ လူသတ်သမား ဘတ်စ်ကားပေါ် တက်ရန် ပြင်နေစဉ် ထောင့်တွင် ထိုင်နေပြီး စကားတစ်ခွန်းမျှ မပြောဖူးသော ကောင်းမင်တစ်ဦး ရုတ်တရက် ခုန်ထလာလေသည်။ အခြားကောင်းမင်များထက် ရှည်လျားနေသော သူ့ဆံပင်များက သူ့မျက်လုံးများကို ဖုံးအုပ်နေသည်။ ချီယန်၏ခြေထောက် ဘတ်စ်ကားပေါ် နင်းလိုက်သည်နှင့် ချီယန်အား ပြေးဆောင့်လိုက်သည်။ သူသည် ချီယန်ကို လည်ပင်းညှစ်ထားရင်း ရူးသွပ်စွာရယ်မောလိုက်၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖြူဆွတ်နေသောအရေပြားများတွင် ကိုယ့်ကိုယ်ကိုယ် ဓားနှင့်လှီးထားသော အမာရွတ်များ ပေါ်လွင်နေလေသည်။ သူ၏ သွားများမှာ ညီညာခြင်းမရှိပေ။ တရားမဝင်ဆေးဝါးများကို အချိန်ကြာမြင့်စွာ သုံးစွဲခဲ့ခြင်းကြောင့် သူ၏လက်မောင်းကြွက်သားများမှာ ပုံမှန်မဟုတ်ဘဲ ကြီးမားပြန့်ကားနေလေသည်။ ဤကောင်းမင်သည် မည်သည့်အရာကိုမျှ ဂရုမစိုက်ပုံရသည်။ သူသည် မည်သူနှင့်မျှ စကားမပြောခဲ့ပေ။ သူသည် မှတ်ဉာဏ်တစ်ခုကြောင့် နိုးဆွခံလိုက်ရသည်အထိ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

ဓားသွားက သူ့ခန္ဓာကိုယ်ကို လှီးဖြတ်သည်။ အရူးကောင်းမင်သည် နာကျင်မှု ခံစားရပုံမရပေ။ သူက တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ချီယန်၏လည်ပင်းကို ကိုက်ချလိုက်သည်။ မိုးရေစက်များက သွေးများကို ဆေးကြောပေးနေသည်။ လူနှစ်ယောက်သည် ရှေးဦးနည်းလမ်းဖြင့် လုံးထွေးတိုက်ခိုက်နေကြသည်။ တံခါးသည် ဖြည်းညှင်းစွာ ပိတ်သွားခဲ့သည်။ ပုံမှန်ကောင်းမင်သည် ပြတင်းပေါက်မှတစ်ဆင့် သူတို့ကို ကြည့်ရှုနေခဲ့သည်။ ဤမှတ်တိုင်အား 'တစ်ချိန်က ရူးသွပ်မှုထဲ နစ်မွန်းခဲ့ဖူးတဲ့ငါ' ဟု ခေါ်တွင်သည်။

ဘတ်စ်ကားပေါ်တွင် ခရီးသည် အနည်းငယ်သာ ကျန်ရှိတော့သည်။ သို့သော်လည်း ယာဉ်သည် ဆက်လက် ရွေ့လျားနေဆဲဖြစ်သည်။ အဆုံးသတ်သည် ဘယ်တော့မှ မရောက်နိုင်တော့မည် ဖြစ်သကဲ့သို့ပင်။ နောက်ပြန်ရွေ့လျားနေသော အီလက်ထရောနစ်နာရီသည် သုညသို့ ရောက်လုနီးပါး ဖြစ်နေသော်လည်း ရှေ့သို့ဦးတည်နေသောလမ်းမှာ အမှောင်ထုမှုများဖြင့် ဖုံးလွှမ်းနေဆဲသာ ဖြစ်သည်။

“နောက်တစ်မှတ်တိုင်က ငါ့အလှည့်လား”

စက္ကန့်အနည်းငယ်ကြာပြီးနောက် ဘတ်စ်ကားက ရုတ်တရက် အရှိန်နှေးသွားသည်။ မှတ်တိုင်တွင် သူတို့ကို လက်ပြနေသော လူများရှိနေကြသည်။ မှတ်တိုင်တွင် ထောင်စောင့်နှစ်ဦး ရပ်နေကြသည်။ သူတို့ဘေးတွင် ထောင်သားအချို့ ဒူးထောက်နေ၏။ သူတို့၏ လက်နှင့် ခြေထောက်များတွင် သံကြိုးများ ခတ်ထားသည်။ အချို့မှာ လူနာဝတ်စုံများ ဝတ်ဆင်ထားပြီး အချို့မှာ လုံးဝ ကိုယ်လုံးတီး ဖြစ်နေကြသည်။ သူတို့နှင့်မလှမ်းမကမ်းတွင် အကျဉ်းထောင်ဗင်ကားတစ်စီး ရှိနေလေသည်။ ဘေးတစ်ဖက်တွင် ဟန်ရှန်းအကျဉ်းထောင်ဟူသော စာသားများရှိသည်။

“မဖြစ်ဘူး! ငါတို့ ဒီမှာ ရပ်လို့မရဘူး!”

ရှေ့ဆုံးတွင်ထိုင်နေသော ကောင်းမင်သည် အပြင်ဘက်ကို တစ်ချက်သာကြည့်လိုက်ပြီး ယာဉ်မောင်းခန်းကို ထခုန်၍ ဆောင့်ရိုက်လိုက်သည်။ သို့သော်လည်း ယာဉ်မောင်းက တုံ့ပြန်ခြင်း မရှိပေ။

“ထောင်စောင့်နှစ်ယောက်က ထောင်သားတွေရဲ့ ဖိနပ်တွေကို ဝတ်ထားတာ၊ သူတို့က အတုတွေပဲ!”

ကောင်းမင်ဘာပြောပြော ဘတ်စ်ကားသည် မှတ်တိုင်တွင် ရပ်တန့်နေဆဲ ဖြစ်သည်။ ထောင်သားများ ဘတ်စ်ကားပေါ် တက်မလာစေရန် ကောင်းမင်က တံခါးဝတွင် ပိတ်ရပ်လိုက်သည်။ တံခါးပွင့်လာသည်နှင့် သူသည် တံခါးကို သူ့ခန္ဓာကိုယ်ဖြင့် ပိတ်ဆို့ထားလိုက်သည်။ ကျောပိုးအိတ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အိတ်အတွင်းမှ စိတ်ရောဂါကုသမှုဆိုင်ရာ စာအုပ်များမှာ မိုးရေများဖြင့် စိုစွတ်သွားတော့သည်။

“တံခါးကို အခုပိတ်လိုက်တော့!”

စက္ကန့်အနည်းငယ်အတွင်း ထောင်သားများ မတုံ့ပြန်မီတွင် ဘတ်စ်ကားက ပြန်စတင်လိုက်သည်။ ပုံမှန်ကောင်းမင်သည် ထောင်သားများ ဖမ်းဆီးထားသောကောင်းမင်ကို မြင်လိုက်ရသည်။ သူကား မြေပြင်ပေါ်သို့ အတင်းဖိချခံထားရသည်။ ထိုမှတ်တိုင်အား 'တစ်ချိန်က ရောဂါများကို ကုသရန် ကြိုးစားခဲ့ဖူးတဲ့ငါ' ဟု ခေါ်သည်။

စိတ်ဆရာဝန်တစ်ယောက် ဖြစ်လာရန်မှာ ကောင်းမင်၏အိပ်မက် ဖြစ်သည်။ သို့သော် သူ ထိုလမ်းကြောင်းပေါ်သို့ အမှန်တကယ်လျှောက်မိသောအခါ သူ့အိပ်မက်ကိုပင် ဆုံးရှုံးသွားခဲ့ရသည်။ မိုးသံသည် သူ့နားထဲတွင် ရှင်းလင်းပြတ်သားစွာ ရှိနေသည်။ ပုံမှန်ကောင်းမင်သည် စွန့်ပစ်ခံလိုက်ရသော ကောင်းမင်ကိုမြင်သောအခါ ကြောက်ရွံ့ပြီး အကူအညီမဲ့နေခဲ့သည်။ သူသည် အခြားသူများ၏ ပရိယာယ်ကို မြင်နိုင်လောက်အောင်ထိ မထက်မြက်ခဲ့။ သူ့ကိုယ်သူ ကာကွယ်ရန်အတွက်လည်း မရဲရင့်ခဲ့။ သူ့ကိုယ်သူ စတေးရန်အထိလည်း မကြင်နာတတ်ခဲ့ပေ။

မှတ်တိုင်များ တစ်ခုပြီးတစ်ခု ကုန်ဆုံးသွားသည်။ အချိန်များစွာ မကျန်တော့ပေ။

“ငါ ဘာလုပ်သင့်လဲ”

“ဟေး”

တစ်စုံတစ်ယောက်က သူ့ပခုံးကို ပုတ်လိုက်သည်။ ပုံမှန်ကောင်းမင် ခေါင်းမော့လိုက်ရာ ဆုတောင်းစာများ ဖုံးလွှမ်းနေသော လက်တစ်ဖက်နှင့် ကျိန်စာများ ရေးထွင်းထားသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။

“ဘတ်စ်ကားပေါ်မှာ ငါတို့နှစ်ယောက်ပဲ ကျန်တော့တယ်နော်”

အသားကောင်းမင်သည် တစ်စုံတစ်ခုကို အတည်ပြုပုံရပြီး ပုံမှန်ကောင်းမင်၏ ပခုံးကို ပုတ်လိုက်သည်။

“ပုံမှန်မင်းဟာ အခု မင်းဖြစ်လာမယ်လို့ ဘယ်သူကထင်မှာလဲ”

“မင်းဘာကိုဆိုလိုမှန်း ငါမသိဘူး”

ပုံမှန်ကောင်းမင်က သူ့အား အူကြောင်ကြောင်ဖြင့် ကြည့်လိုက်သည်။

“ဒီဖြစ်စဉ်ကြီးက အရမ်းနာကျင်ခဲ့ရမှာပဲ ၊ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်ကွာ”

အသားကောင်းမင်က ပြုံးလိုက်သည်။

“ဒါ ငါ့မှတ်တိုင်ပဲ ၊ ကျန်တဲ့လမ်းကို မင်းတစ်ယောက်တည်း ခရီးဆက်ရတော့မယ်”

ပုံမှန်ကောင်းမင် ထရပ်လိုက်သည်။ ထိုအခါမှသာ မူလက လူအပြည့်ဖြစ်နေသော ဘတ်စ်ကားသည် ယခုအခါ ဗလာဖြစ်နေပြီကို သူသတိထားမိလိုက်သည်။ ဘတ်စ်ကားတံခါး ပွင့်သွားသည်။ အသားကောင်းမင် ဘတ်စ်ကားပေါ်မှ ထွက်သွား၏။ မှတ်တိုင်တွင် မျက်နှာပေါ်၌ နဂါးတက်တူးရှိသော သက်လတ်ပိုင်းအရွယ် ဆရာဝန်တစ်ဦး ရှိနေခဲ့သည်။ ပုံမှန်ကောင်းမင်သည် ထိုဆရာဝန်နှင့်ပတ်သက်၍ မည်သည့်မှတ်ဉာဏ်မှ မရှိပေ။ သို့သော် ဆရာဝန်၏မျက်နှာကို မြင်လိုက်ရသည်နှင့် သူ့နှလုံးသားထဲတွင် လုဇန်ဟူသော အမည်တစ်ခုပေါ်လာလေသည်။

“မင်း အဆုံးသတ်ကို ရောက်ပါလိမ့်မယ်”

အသားကောင်းမင်သည် သူ့အား ပြုံးပြရင်း လက်ပြလိုက်သည်။ ဘတ်စ်ကား ပြန်စတင်သည်။

ဘတ်စ်ကားပေါ်တွင် တစ်ယောက်တည်း ထိုင်နေရင်း ပုံမှန်ကောင်းမင်က ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်သည်။

ငါတို့သည် ငါတို့ကိုယ်တိုင်နဲ့ အမြဲတမ်း နှုတ်ဆက်နေခဲ့ကြရသည်။ ငါတို့ ရပ်တန့်လိုက်ပြီး နောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါ အတိတ်ကို မမြင်ရတော့ပါလေ။

All Chapters